News @ M-Media
Blog
  • စိတ်မချမ်းမြေ့ဖွယ် ပဲခူးရေကြီးမှု နှင့် စိတ်ကြည်နူးဖွယ် ရေဘေးကူညီစောင့်ရှောက်မှုများ
    ၂ဝ၁၁ ခုနှစ် ဇူလိုင်လတွင် ပဲခူးမြို့ရေဘေးသတင်းကို စိတ်မချမ်းမြေ့ဖွယ် ကြားသိခဲ့ရပြီးနောက်မှာတော့ နောက်ဆက်တွဲသတင်းအဖြစ် ကြည်နူးဖွယ် ပဲခူးမြို့မွတ်စ်လင်မ် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်မှုသတင်းကို ဆက်လက်သိရှိရမှာဖြစ်ပါတယ်…
    နှစ်စဉ်နီးပါး ရေကြီးလျှက်ရှိသော ပဲခူးမြို့ဟာ ယခုနှစ်မှာလည်း အစဉ်အလာမပျက် ဇူလိုင်၂၁ရက်နေ့ကစပြီး ရေကြီးလာပါတယ်။ တစ်မြို့လုံးတော့ရေကြီးတာမဟုတ်ပါဘူး။ ပဲခူးမြို့ရှိ အနိမ့်ပိုင်းနေရာများဖြစ်တဲ့ ကျွန်းသာယာ၊ ခေါင်းဆေးကျွန်း၊ စက်ပိုင်း၊ မဇင်း၊ အိုးလေးစု၊ ပြည်တော်သာ၊ ကလျာဏီ၊ ဇိုင်းတောင်/မြောက်၊ ကျောက်ကြီးစု စသောရပ်ကွက်များတွင်မိုးကြီးရေလျှံမှု့ကြောင့် ရေဘေးနစ်မြုပ်ခြင်း ဖြစ်ခဲ့ပါသည်။
    အရေးပေါ်ရေဘေး ကယ်ဆယ်ရေးဋ္ဌာနများအဖြစ် ပဲခူးမြို့ရှိ သာသနာ့ဗိမ္မာန်၊ ဘုန်းကြီးကျောင်းများနှင့် အစ္စလာမ်ဘာသာဝင်များ၏ ဒါရ်ဂါ၊ ဗလီ စသောနေရာများတွင် ဖွင့်လှစ်ပြီး ကယ်ဆယ်စောင့်ရှောက်မှုများ  ပြုလုပ်ခဲ့ကြပါသည်။
    ပဲခူးမြို့ရှိ မွတ်စလင်မ်ရေဘေးကယ်ဆယ်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရာတွင် ပဲခူးမြို့ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၎ဖွဲ့၊ ပန်းလှိုင်ဗလီ၊ မဇင်းဗလီ၊ ဒါရ်ဂါဗလီ၊ ၅လမ်းဂျာမေဗလီ ဂေါပကဝင်များနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ကော်မတီဖွဲ့စည်းကာ ရံပုံငွေ စုဆောင်းခြင်းများကို အရေးပေါ်ပြုလုပ်ခဲ့ကြပါတယ်။
    ရေဘေးဒုက္ခသည်များအတွက် မနက်ထမင်းထုတ် ၁၅၀၀၊ ညနေ၁၅၀၀…တစ်နေ့ အထုတ် ၃၀၀၀ကို ၄ ရက်တိုင် ဝေငှခဲ့ကြပါတယ်။ ထမင်းဟင်းများကို ပဲခူးမြို့ ဒါရ်ဂါဗလီဝတ်ကျောင်းတော်မှ တာဝန်ယူချက်ပြုတ်၍ အထုတ်များပြင်ဆင်ထုတ်ပိုးကာ ရပ်ကွက်များသို့အိမ်တိုင်ရာရောက် လှေများဖြင့် တာဝန်ခံများမှ လိုက်လံပို့ပေးခြင်းဖြင့် လှူဒါန်းမှုပြုခဲ့ကြပါတယ်။
    ပဲခူးမြို့မှတာဝန်သိအစ္စလာမ်သာသနာဝင်များသည် ယခုအခါတွင် လူမှုရေးထောက်ပံ့ကူညီမှု ကော်မတီ၊ သွေးလှူရှင်များအဖွဲ့၊ ပညာရေးနှင့်ဒအ်ဝဟ်ရေးရာမိသားစု၊ ပညာရေး ကူညီစောင့်ရှောက်မှုကော်မတီ များဖွဲ့ကာ ကျန်းမာရေနှင့်ပညာရေးအတွက် ထောက်ပံ့ငွေများထုတ်ပေးခြင်း ပညာရေးကဏ္ဍတွင်လည်း ကျောင်းအပ်နှံရေးကိစ္စများကို ငွေကြေးစိုက်ထုတ်သုံးစွဲခြင်း၊ ၁ဝတန်းအခမဲ့ကျူရှင်ဖွင့်လှစ်သင်ကြားခြင်း၊ ၁ဝတန်းအောင်ကျောင်းသားများအား ဂုဏ်ပြုဆုပေးပွဲကျင်းပခြင်း၊ ဘာသာရေးနှင့်ပက်သက်၍ နှစ်စဉ်နွေရာသီ အစ္စလာမ်ဘာသာရေး၊ ယဉ်ကျေးမှု နှင့် စာရိတ္တမြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ အာရ်ဘီ(သဂ်ျဝီးဒ်) ကုရ်အာန်အဖတ်သင်တန်း၊ အာရ်ဘီသဒ္ဒါသင်တန်း နှင့် စကားပြောသင်တန်း များဖွင့်လှစ်ခြင်းစသော အလ္လာဟ်နှစ်မြို့သောလုပ်ငန်းများကို စုပေါင်းဆောင်ရွက်နေကြကာ နောင်မကြာမီကာလတွင်လည်း လူမျိုးဘာသာမရွေး ကျန်းမာရေး ကူညီမှုလုပ်ငန်းများ ဆောင်ရွက်ရန် စိုင်းပြင်းလျှက် ရှိပါတယ်။
    “(အို-မွတ်စလင်မ်အပေါင်းတို့) အသင်တို့သည် မိမိတို့နှစ်သက်ကြကုန်သော ဥစ္စာပစ္စည်းများအနက်မှ၊ လှူဒါန်းသုံးစွဲခြင်း မပြုသမျှ ကာလပတ်လုံး၊ မြင့်မြတ်သော ကိုယ်ကျင့်တရားကို အစစ်အမှန်(၏အကျိုးကျေးဇူး)ကို မည်သည့်နည်းနှင့်မျှ ရယူနိုင်မည် မဟုတ်ပေ။’’ စူရာဟ် ၃ အာယတ် ၉၂
    “ဆာလောင်နေသောဝမ်းခေါင်းကိုဖြည့်စွမ်းပေးခြင်းသည် အမွန်မြတ်ဆုံးသောအလှူဒါနဖြစ်သည်” ဆိုသည့်တမန်တော်မြတ်ကြီးရဲ့ ဟဒီးစ်တော် နှင့်
    “လူသားအကျိုးဆောင်ရွက်သူသည်အကောင်းဆုံးသောသူဖြစ်သည်”
    ဆိုသည့်ဟဒီးစ်တော်များအရ…အထက်ပါကူညီစောင့်ရှောက်မှုများအား ကာယအား၊ ဉာဏအား၊ ဓနအား တို့ဖြင့်ကူညီစောင့်ရှောက်သူများအား အရှင်မြတ်ဖက်တော်မှ နှစ်သက်ကျေနပ်မှုရရှိလိမ့်မည်ဟု မျှော်လင့်မိပါသည်။
  • ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဗုဒ္ဓဘုန်းတော်ကြီး ဒလိုင်လာမား၏ နှိုးဆော်သံ
    ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဗုဒ္ဓဘုန်းတော်ကြီး ဒလိုင်လာမား၏ နှိုးဆော်သံ
    ဘုန်းတော်ကြီး ဒလိုင်လာမား
    ဘုန်းဘုန်းရဲ့ မူစလင်မိတ်ဆွေရောင်းရင်းတွေက အလ္လာဟ်အရှင်မြတ်သည် မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အနန္တကရုဏာတော်ရှင်အဖြစ်
    ဂုဏ်တော်ထွန်းတော်မူသောကြောင့် စစ်မှန်စွာယုံကြည်သူ မူစလင်များသည် စကြဝဠာခပ်သိမ်းဆိုင်ရာ သနားကြင်နာခြင်း မေတ္တာထားခြင်းဆိုတဲ့ တရားတော်ကို
    တကယ့်ကိုပဲ ပြည့်ဝစွာ ကျိုးနွံနာခံအကောင်အထည်ဖော်ကျင့်သုံးကြရတယ်လို့ ရှင်းပြဖူးပါတယ်။ အဲ့ဒီလိုနာခံကျင့်သုံးခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့
    အနန္တကရုဏာတော်ဟာ ယုံကြည်သူတွေရဲ့ အပေါ်မှာ လွှမ်းခြုံကျရောက်နေမှာပါ။ အဲ့ဒီကျင့်သုံးမှုဟာ မိမိတို့ရဲ့ စိတ်ကို သန့်စင်စေတဲ့ နည်းတစ်နည်းဆိုတာကတော့
    ရှင်းပါတယ်။ မိမိတို့ဘဝကို မေတ္တာတရား၊ ကိုယ့်ကျင့်တရားနဲ့ ရှင်သန်နေထိုင်ဖို့ အရေးကြီးကြောင်း ဗုဒ္ဓကိုယ်တော်တိုင် သွန်သင်ခဲ့မှုနဲ့လည်း သဟဇတဖြစ်ပါတယ်။
    ဒါကြောင့် ဗုဒ္ဓဘာသာရဲ့ ရှုထောင့်ကနေကြည့်မယ်ဆိုရင် အစ္စလာမ်သာသနာရဲ့ ကျင့်သုံးမှုဟာ ဘဝလွတ်မြောက်ရေးအတွက် နာမ်ပိုင်းဆိုင်ရာ လမ်းစဉ်တစ်ခုပဲဆိုတာ
    အင်မတန်မှ ထင်ရှားလှပါတယ်။
    အခြားဘာသာတရားကြီးတွေမှာလိုပဲ မေတ္တာတရားဟာ အစ္စလာမ်မှာရော ဗုဒ္ဓဘာသာမှာပါ ပင်မသွန်သင်ချက်ဆိုတာ ရှင်းပါတယ်။ ဒီတူညီတဲ့
    အခြေခံတရားဖြစ်တဲ့ မေတ္တာတရားကို နားလည်သဘောပေါက်လက်ခံကြခြင်းဟာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာအကြား နားလည်မှုလွဲမှားခြင်းများကို ပယ်ပျောက်စေပြီး
    ပိုမို လေးနက်သော အကျိုးဖြစ်ထွန်းသော ယုံကြည်မှုနှင့် နွေးထွေးဖော်ရွေမှုတည်ဆောက်ရန်အတွက် အဓိကအုတ်မြတ်အနေနဲ့ဖြစ်လိမ့်မယ်လို့ ဘုန်းဘုန်းအနေနဲ့
    ရင်ထဲအသည်းထဲကနေကို ယုံကြည်မျှော်လင့်မိပါတယ်။ အခုဆိုရင် မေတ္တာတရားလွှမ်းခြုံထားပြီး ပိုမိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတည်ဆောက်ရန်အတွက်
    ကမ္ဘာ့ဘာသာတရားကြီးတွေရဲ့ နောက်လိုက်ဘာသာဝင်ညီနောင်များအားလုံး အတူတကွ လက်တွဲ အကောင်အထည်ဖော်ဖို့အချိန် ကျရောက်နေပါပြီ။
    ဗုဒ္ဓဘာသာဝင် တိဗက်ဘုန်းတော်ကြီး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒလိုင်လာမား
    ဇန်နဝါရီလ၊ ၂၁ရက်၊ ၂၀၁၀။
    ဘုန်းဘုန်းရဲ့ မူရင်းအမှာစာ
    ကိုး- Common Ground between Islam & Buddhism
    peaceforthewholeuniverse မှတဆင့်
  • ဆရာ(ဦး)ကံချွန် (ကာတွန်း၊ ပန်းချီ၊ စာရေးဆရာ)အမှတ်တရနေ့
    ဆရာ(ဦး)ကံချွန် (ကာတွန်း၊ ပန်းချီ၊ စာရေးဆရာ)အမှတ်တရနေကျင်းပမည်။
    မန္တလေးသားစစ်စစ် ဆရာကံချွန်၏ အမှတ်တရနေ့ (Saya U Kan Chon’s Memorial Day) ကို Myanmar Muslim Education & Cultural Society မှ ကြီးမှူး၍ မန္တလေးမြို့၊ ကီးမားတင်ဝင်းခန်းမ၌ ၂၀.၈.၂၀၁၁ (စနေနေ့) ညနေ(၅)နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။ “ဆရာ့အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲလေးကိုလုပ်ဖို့ ပြီးခဲ့တဲ့နှစ်ထဲက စဉ်းစားခဲ့ကြ တာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပွဲမစီစဉ်နိုင်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ မဖြစ်ဖြစ်အောင် စီစဉ်မှာဆိုပြီး လုပ်ကြတာပါ။
    ဒီပွဲမှာ ဆရာမိတ်ဆွေအပေါင်းအသင်းတွေထဲက ဆရာနဲ့ ပတ်သက် တဲ့ပြန်ပြောင်းအောက်မေ့ဖွယ်စကားများကို ပြောကြားကြမှာဖြစ်သလို ဆရာ့ပန်းချီကားတွေနဲ့ ဆရာကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေလည်း ပြသထားမှာဖြစ်ပါတယ်။
    ဒါပြင် ဆရာ့မိတ်ဆွေသူငယ်ချင်းများ စုပေါင်းရေးသားထားတဲ့ “ ကံချွန်အမှတ်တရ စာစုများ ” လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဆရာ့ပုံ ကောက်ကြောင်းပါတဲ့ တီရှပ်လည်း စီစဉ်နေပါတယ်”ဟု MMECS ရဲ့ တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ကိုဇော်မင်းထွန်း (Tip Top Education) က ရှင်းပြပါတယ်။
    ဆရာကံချွန်ရဲ့ မိတ်ဆွေအပေါင်းအသင်းများမှဖြစ်စေ၊ ဆရာ့ပရိသတ်ထဲမှဖြစ်စေ၊ ဆရာနဲ့ ပတ်သက်တဲ့ အားတက်ဂုဏ်ယူဖွယ်အကြောင်းအရာများကို ဒီပွဲလေးမှာ ၀င်ရောက် ပြောကြားလိုလျှင် (၁၈.၈.၂၀၁၁) နေ့ နောက်ဆုံးထားပြီး ကိုခင်မောင်ထွန်း (09-91010655)၊ ကိုဇော်မင်းထွန်း (09-91001818)၊ ကိုညီညီကျော်(09-91018753)သို့ဖြစ်စေ email: myanmarmuslim.ecs@gmail . com သို့ဖြစ်စေ ကြိုတင်အကြောင်းကြားပေးစေလိုပါသည်။
  • ဟိုအရွက်ဒီအရွက် ကပ်တဲ့မျက်စိ သတိတော့ပြုပါ
    ရှားစောင်းလက်ပတ်နဲ့ ကွမ်းရွက်တွေ ကပ်တဲ့ အခါမှာ သေချာမဆေးကြောပဲ ကပ်မိရင် မျက်လုံးထဲ ပိုးဝင်ပြီး ထိခိုက်နိုင်တယ်လို့ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးတင်ဝင်းထံက သိရပါတယ်။
    မျက်လုံးကို ထိတွေ့တဲ့ အရာဝတ္ထုမှန်သမျှက သန့်ရှင်းဖို့ လိုပါတယ်။ မျက်စိဆိုတာက အထိခိုက်မခံတဲ့ နေရာ ဖြစ်တဲ့အတွက် လက်လွတ်စပယ် မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ နယ်မြို့တစ်ခုမှာ ရှားစောင်းလက်ပတ် နေ့တိုင်းကပ်ရာက မျက်စိကွယ် သွားတယ်ဆိုတဲ့ ဖြစ်ရပ်လည်း ရှိကြောင်း သိရတယ်။
    ဒေါက်တာဦးတင်ဝင်းက ‘ရှားစောင်းလက်ပတ်တွေ၊ ကွမ်းရွက်တွေ ကပ်တာများလို့ အခိုးပွင့်တာ များပြီး မျက်စိကွယ်တာ မဖြစ်နိုင်ပါဘူး၊ မျက်စိနဲ့ပတ်သက်ပြီး ပြဿနာ တစ်ခုခု ဖြစ်လို့ တိုက်ဆိုင်ပြီး မျက်လုံးကွယ်တာပဲ ဖြစ်နိုင်တယ်၊ နောက်တစ်မျိုး ဖြစ်နိုင်တာက ကပ်တဲ့ ရှားစောင်းလက်ပတ်ကို သေချာစင်အောင် မဆေးလို့ မျက်လုံးထဲ ပိုးဝင်ပြီး ထိခိုက်သွားတာလဲ ဖြစ်နိုင်တယ်။ ဒီရှားစောင်းလက်ပတ်တွေ၊ ကွမ်းရွက်တွေက ရေနဲ့စင်အောင် သေချာဆေးပေမယ့်လဲ ရောဂါကင်းမယ်လို့ မပြောနိုင်ဘူး။ ကပ်ထားလို့ ရှိရင် မျက်လုံးကို မှိတ်ထားသင့်တယ်’ လို့ ရှင်းပြပါတယ်။
    မျက်လုံးက တစ်ခုခုထိခိုက်မိရင် နီလာပြီး နီ၊ ကိုက်၊ မှုန်ဆိုတဲ့လက္ခဏာတွေ ဖြစ်တာ များတယ်လို့ သိရတယ်။ အဲသည်လိုတွေ ဖြစ်လာရင် ချက်ချင်းလုပ်လက်စ အလုပ်တွေကို ခဏနားပြီး အမှိုက်ဝင်နေရင်လည်း အမှိုက်ထွက်သွားအောင် မျက်လုံးကိုရေနဲ့ သေချာ ဆေးဖို့လိုပါတယ်။ ပဋိဇီဝ မျက်စဉ်းဆေးတွေ ထည့်တာလည်း ဂရုတစိုက် လုပ်သင့်တယ်လို့ ဆရာဦးတင်ဝင်းက အကြံပြုပါတယ်။
    Safdari Akbar
  • အစ္စလာမ်ဘာသာနှင့် မြန်မာနိုင်ငံ
    A Burmese-style mosque with an elaborately carved minaret in Amarapura during the Konbaung dynasty.
    အစ္စလာမ်ဘာသာစတင်ဝင်ရောက်ပုံ
    အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀)ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်း နှစ်ဦးချင်းအားဖြင့်လည်းကောင်း ပျံ့နှံ့ဝင်ရောက်ခဲ့ပါသည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ်ဘာသာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို့ လာရောက်သာသနာပြုသဖြင့် ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။
    မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာရောက်ရှိလာပုံနှင့်ပတ်သက်၍ အောက်ပါ သမိုင်းမှတ်တမ်း အထောက်အထားများအရ လေ့လာသိရှိပါသည်။
    အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များမှတစ်ဆင့် အာရဗ်ကုန်သည်များသည် မြိတ်မြို့သို့ ရောက်ရှိနေကြပြီးဖြစ်သည်။ (ဦးခင်မောင်ကြီး မြန်မာပြန်၊ မောရစ်ကောလစ်ရေး Into Hidden Burma စာ-၂၁၁)
    အေဒီ ၇၀၀ နှင့် ၁၅၀၀ အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှင်းကုန်သည်နှင့် ရောမကုန်သည်တို့သည် မိမိတို့ ပင်ရင်းတိုင်းပြည်များမှ ရွက်သင်္ဘောများဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကိုလည်းကောင်း၊ ယင်းကိုကျော်လွန်ကာ အရှေ့ဘက် တရုတ်ပြည် ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။ ရမ်းဗြဲကျွန်းအနီး ပျက်စီးသော အာရဗ်သင်္ဘောရှိ မွတ်စလင်မ်တို့သည် ထိုအခါကပင် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း တွေ့ရပေသည်။ ရခိုင်ဘုရင် မဟာတိုင်စန္ဒ လက်ထက် အေဒီ ၇၈၈-၈၁၀ တွင် ရမ်းဗြဲကျွန်းအနီး သင်္ဘောများစွာပျက်စီးခဲ့ကြောင်း အစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးခဲ့ကြောင်း တွေ့ရ၏။ မြန်မာနိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများပျက်ပြားခြင်းဆိုင်ရာ အကြောင်းအရာများမှာ အချိန်ကာလစောစွာကပင် ရှိခဲ့သည်။ မွန်နှင့်မြန်မာ ရာဇ၀င်များနှင့် အချို့သော ဘုရားသမိုင်းများတွင် သင်္ဘောပျက်စစ်သားများ၊ ကုန်သည်များ၊ သင်္ဘောသားများအကြောင်း ရေးသားထားသည်ကို တွေ့ရှိရပါသည်။
    ထို့ကြောင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါများခေါ် သူတော်စင်များ၏ ဂူဗိမာန်များက သက်သေခံနေသည်။ (၁၈၇၉-ခုနှစ် ဗြိတိသျှဘားမား ဂေဇက်ကို ကိုးကား၍ ဆရာချယ်ရေး ဗမာမွတ်စလင်မ် ရှေးဟောင်း အတ္ထုပ္ပတ္တိ စာ-၁၆) သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရဗ်ကုန်သည်များ ရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများသည် အနောက်ဘက် ဒမတ်စတကတ်ကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်မအထိ အာရဗ်များ ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ (ဦးကြည်၊ ဘီအေ၊ ရာဇ၀င်ဂုဏ်ထူးရေး၊ မြန်မာရာဇ၀င်မှသိကောင်းစရာများ၊ စာ ၁၅၆-၁၅၇) တပင်ရွှေထီးလက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလားပန်းသေးတို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်(ဒုတိယတွဲ) စာ ၁၈၆) အရလည်းကောင်း သမိုင်းသုတေသီ ပညာရှင်များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ ရောက်ရှိ အခြေချ နေထိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
    ပြန့်နှံ့ပုံ
    မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစုအတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျားပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများသို့လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယပြည်၌ ရှာဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်ထောင် ကြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မမင်းအား ကတိမတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေးသည်တော်)တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
    စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာသော ကမန်တို့အား ရမ်းဗြဲကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ်စလင်မ်တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြသော အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်။
    ၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ကို ၀င်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန်လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်းမှ ရောက်ရှိလာသော သင်္ဘောများမှ မွတ်စလင်များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်တို့၌လည်းကောင်း နေရာချထားခဲ့ကြောင်း တွေ့ရသည်။
    ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန်လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ ၀င်ရောက်လာသော မွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက်ဖော်ပြပါ ၁၂-နေရာ၌ နေရာချထားခဲ့ကြောင်းတွေ့ရသည်။
    (၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့တွင် ဖြစ်သည်။
    အထက်ဖော်ပြပါအတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက် နေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်းရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ရေကြည်ရာ မြက်နုရာသို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။ ၁၉၉၃-ခုနှစ် ကောက်ယူရရှိသည့် သန်းခေါင်းစာရင်းအရ အစ္စလာမ်ဘာသာဝင်များမှာ မြန်မာနိုင်ငံ ပြည်နယ် တိုင်းများတွင် လူဦးရေ ၁၆,၂၀,၂၃၃ ဦး ရှိသဖြင့် မြန်မာနိုင်ငံ လူဦးရေ၏ ၃ ဒဿမ ၇၉ % မျှရှိလေသည်။
    အစ္စလာမ်ဘာသာဝင်များ တစ်နေ့ ငါးကြိမ် ၀တ်ပြုနိုင်ရန် ရန်ကုန်မြို့တွင် ဗလီကျောင်း ၁၇၁-ကျောင်းနှင့် တစ်နိုင်ငံလုံးတွင် ဗလီဝတ်ကျောင်းပေါင်း ၂,၂၆၆ ခန့်ရှိပါသည်။
    (သာသနာရောင်ဝါထွန်းစေဖို့စာအုပ်၊ စာမျက်နှာ ၆၅-၆၈)မှ ထုတ်နှုတ်ပါသည်။