News @ M-Media

Blog

  • ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဗုဒ္ဓဘုန်းတော်ကြီး ဒလိုင်လာမား၏ နှိုးဆော်သံ

    ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဗုဒ္ဓဘုန်းတော်ကြီး ဒလိုင်လာမား၏ နှိုးဆော်သံ

    ဘုန်းတော်ကြီး ဒလိုင်လာမား

    ဘုန်းဘုန်းရဲ့ မူစလင်မိတ်ဆွေရောင်းရင်းတွေက အလ္လာဟ်အရှင်မြတ်သည် မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အနန္တကရုဏာတော်ရှင်အဖြစ်

    ဂုဏ်တော်ထွန်းတော်မူသောကြောင့် စစ်မှန်စွာယုံကြည်သူ မူစလင်များသည် စကြဝဠာခပ်သိမ်းဆိုင်ရာ သနားကြင်နာခြင်း မေတ္တာထားခြင်းဆိုတဲ့ တရားတော်ကို

    တကယ့်ကိုပဲ ပြည့်ဝစွာ ကျိုးနွံနာခံအကောင်အထည်ဖော်ကျင့်သုံးကြရတယ်လို့ ရှင်းပြဖူးပါတယ်။ အဲ့ဒီလိုနာခံကျင့်သုံးခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့

    အနန္တကရုဏာတော်ဟာ ယုံကြည်သူတွေရဲ့ အပေါ်မှာ လွှမ်းခြုံကျရောက်နေမှာပါ။ အဲ့ဒီကျင့်သုံးမှုဟာ မိမိတို့ရဲ့ စိတ်ကို သန့်စင်စေတဲ့ နည်းတစ်နည်းဆိုတာကတော့

    ရှင်းပါတယ်။ မိမိတို့ဘဝကို မေတ္တာတရား၊ ကိုယ့်ကျင့်တရားနဲ့ ရှင်သန်နေထိုင်ဖို့ အရေးကြီးကြောင်း ဗုဒ္ဓကိုယ်တော်တိုင် သွန်သင်ခဲ့မှုနဲ့လည်း သဟဇတဖြစ်ပါတယ်။

    ဒါကြောင့် ဗုဒ္ဓဘာသာရဲ့ ရှုထောင့်ကနေကြည့်မယ်ဆိုရင် အစ္စလာမ်သာသနာရဲ့ ကျင့်သုံးမှုဟာ ဘဝလွတ်မြောက်ရေးအတွက် နာမ်ပိုင်းဆိုင်ရာ လမ်းစဉ်တစ်ခုပဲဆိုတာ

    အင်မတန်မှ ထင်ရှားလှပါတယ်။

    အခြားဘာသာတရားကြီးတွေမှာလိုပဲ မေတ္တာတရားဟာ အစ္စလာမ်မှာရော ဗုဒ္ဓဘာသာမှာပါ ပင်မသွန်သင်ချက်ဆိုတာ ရှင်းပါတယ်။ ဒီတူညီတဲ့

    အခြေခံတရားဖြစ်တဲ့ မေတ္တာတရားကို နားလည်သဘောပေါက်လက်ခံကြခြင်းဟာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာအကြား နားလည်မှုလွဲမှားခြင်းများကို ပယ်ပျောက်စေပြီး

    ပိုမို လေးနက်သော အကျိုးဖြစ်ထွန်းသော ယုံကြည်မှုနှင့် နွေးထွေးဖော်ရွေမှုတည်ဆောက်ရန်အတွက် အဓိကအုတ်မြတ်အနေနဲ့ဖြစ်လိမ့်မယ်လို့ ဘုန်းဘုန်းအနေနဲ့

    ရင်ထဲအသည်းထဲကနေကို ယုံကြည်မျှော်လင့်မိပါတယ်။ အခုဆိုရင် မေတ္တာတရားလွှမ်းခြုံထားပြီး ပိုမိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတည်ဆောက်ရန်အတွက်

    ကမ္ဘာ့ဘာသာတရားကြီးတွေရဲ့ နောက်လိုက်ဘာသာဝင်ညီနောင်များအားလုံး အတူတကွ လက်တွဲ အကောင်အထည်ဖော်ဖို့အချိန် ကျရောက်နေပါပြီ။

    ဗုဒ္ဓဘာသာဝင် တိဗက်ဘုန်းတော်ကြီး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒလိုင်လာမား

    ဇန်နဝါရီလ၊ ၂၁ရက်၊ ၂၀၁၀။

    ဘုန်းဘုန်းရဲ့ မူရင်းအမှာစာ

    ကိုး- Common Ground between Islam & Buddhism

    peaceforthewholeuniverse မှတဆင့်

  • ဆရာ(ဦး)ကံချွန် (ကာတွန်း၊ ပန်းချီ၊ စာရေးဆရာ)အမှတ်တရနေ့

    ဆရာ(ဦး)ကံချွန် (ကာတွန်း၊ ပန်းချီ၊ စာရေးဆရာ)အမှတ်တရနေကျင်းပမည်။

    မန္တလေးသားစစ်စစ် ဆရာကံချွန်၏ အမှတ်တရနေ့ (Saya U Kan Chon’s Memorial Day) ကို Myanmar Muslim Education & Cultural Society မှ ကြီးမှူး၍ မန္တလေးမြို့၊ ကီးမားတင်ဝင်းခန်းမ၌ ၂၀.၈.၂၀၁၁ (စနေနေ့) ညနေ(၅)နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။ “ဆရာ့အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲလေးကိုလုပ်ဖို့ ပြီးခဲ့တဲ့နှစ်ထဲက စဉ်းစားခဲ့ကြ တာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပွဲမစီစဉ်နိုင်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ မဖြစ်ဖြစ်အောင် စီစဉ်မှာဆိုပြီး လုပ်ကြတာပါ။

    ဒီပွဲမှာ ဆရာမိတ်ဆွေအပေါင်းအသင်းတွေထဲက ဆရာနဲ့ ပတ်သက် တဲ့ပြန်ပြောင်းအောက်မေ့ဖွယ်စကားများကို ပြောကြားကြမှာဖြစ်သလို ဆရာ့ပန်းချီကားတွေနဲ့ ဆရာကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေလည်း ပြသထားမှာဖြစ်ပါတယ်။

    ဒါပြင် ဆရာ့မိတ်ဆွေသူငယ်ချင်းများ စုပေါင်းရေးသားထားတဲ့ “ ကံချွန်အမှတ်တရ စာစုများ ” လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဆရာ့ပုံ ကောက်ကြောင်းပါတဲ့ တီရှပ်လည်း စီစဉ်နေပါတယ်”ဟု MMECS ရဲ့ တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ကိုဇော်မင်းထွန်း (Tip Top Education) က ရှင်းပြပါတယ်။

    ဆရာကံချွန်ရဲ့ မိတ်ဆွေအပေါင်းအသင်းများမှဖြစ်စေ၊ ဆရာ့ပရိသတ်ထဲမှဖြစ်စေ၊ ဆရာနဲ့ ပတ်သက်တဲ့ အားတက်ဂုဏ်ယူဖွယ်အကြောင်းအရာများကို ဒီပွဲလေးမှာ ၀င်ရောက် ပြောကြားလိုလျှင် (၁၈.၈.၂၀၁၁) နေ့ နောက်ဆုံးထားပြီး ကိုခင်မောင်ထွန်း (09-91010655)၊ ကိုဇော်မင်းထွန်း (09-91001818)၊ ကိုညီညီကျော်(09-91018753)သို့ဖြစ်စေ email: myanmarmuslim.ecs@gmail . com သို့ဖြစ်စေ ကြိုတင်အကြောင်းကြားပေးစေလိုပါသည်။

  • ဟိုအရွက်ဒီအရွက် ကပ်တဲ့မျက်စိ သတိတော့ပြုပါ

    ရှားစောင်းလက်ပတ်နဲ့ ကွမ်းရွက်တွေ ကပ်တဲ့ အခါမှာ သေချာမဆေးကြောပဲ ကပ်မိရင် မျက်လုံးထဲ ပိုးဝင်ပြီး ထိခိုက်နိုင်တယ်လို့ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးတင်ဝင်းထံက သိရပါတယ်။
    မျက်လုံးကို ထိတွေ့တဲ့ အရာဝတ္ထုမှန်သမျှက သန့်ရှင်းဖို့ လိုပါတယ်။ မျက်စိဆိုတာက အထိခိုက်မခံတဲ့ နေရာ ဖြစ်တဲ့အတွက် လက်လွတ်စပယ် မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ နယ်မြို့တစ်ခုမှာ ရှားစောင်းလက်ပတ် နေ့တိုင်းကပ်ရာက မျက်စိကွယ် သွားတယ်ဆိုတဲ့ ဖြစ်ရပ်လည်း ရှိကြောင်း သိရတယ်။
    ဒေါက်တာဦးတင်ဝင်းက ‘ရှားစောင်းလက်ပတ်တွေ၊ ကွမ်းရွက်တွေ ကပ်တာများလို့ အခိုးပွင့်တာ များပြီး မျက်စိကွယ်တာ မဖြစ်နိုင်ပါဘူး၊ မျက်စိနဲ့ပတ်သက်ပြီး ပြဿနာ တစ်ခုခု ဖြစ်လို့ တိုက်ဆိုင်ပြီး မျက်လုံးကွယ်တာပဲ ဖြစ်နိုင်တယ်၊ နောက်တစ်မျိုး ဖြစ်နိုင်တာက ကပ်တဲ့ ရှားစောင်းလက်ပတ်ကို သေချာစင်အောင် မဆေးလို့ မျက်လုံးထဲ ပိုးဝင်ပြီး ထိခိုက်သွားတာလဲ ဖြစ်နိုင်တယ်။ ဒီရှားစောင်းလက်ပတ်တွေ၊ ကွမ်းရွက်တွေက ရေနဲ့စင်အောင် သေချာဆေးပေမယ့်လဲ ရောဂါကင်းမယ်လို့ မပြောနိုင်ဘူး။ ကပ်ထားလို့ ရှိရင် မျက်လုံးကို မှိတ်ထားသင့်တယ်’ လို့ ရှင်းပြပါတယ်။
    မျက်လုံးက တစ်ခုခုထိခိုက်မိရင် နီလာပြီး နီ၊ ကိုက်၊ မှုန်ဆိုတဲ့လက္ခဏာတွေ ဖြစ်တာ များတယ်လို့ သိရတယ်။ အဲသည်လိုတွေ ဖြစ်လာရင် ချက်ချင်းလုပ်လက်စ အလုပ်တွေကို ခဏနားပြီး အမှိုက်ဝင်နေရင်လည်း အမှိုက်ထွက်သွားအောင် မျက်လုံးကိုရေနဲ့ သေချာ ဆေးဖို့လိုပါတယ်။ ပဋိဇီဝ မျက်စဉ်းဆေးတွေ ထည့်တာလည်း ဂရုတစိုက် လုပ်သင့်တယ်လို့ ဆရာဦးတင်ဝင်းက အကြံပြုပါတယ်။

    Safdari Akbar


  • အစ္စလာမ်ဘာသာနှင့် မြန်မာနိုင်ငံ

    A Burmese-style mosque with an elaborately carved minaret in Amarapura during the Konbaung dynasty.

    အစ္စလာမ်ဘာသာစတင်ဝင်ရောက်ပုံ

    အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀)ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်း နှစ်ဦးချင်းအားဖြင့်လည်းကောင်း ပျံ့နှံ့ဝင်ရောက်ခဲ့ပါသည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ်ဘာသာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို့ လာရောက်သာသနာပြုသဖြင့် ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။
    မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာရောက်ရှိလာပုံနှင့်ပတ်သက်၍ အောက်ပါ သမိုင်းမှတ်တမ်း အထောက်အထားများအရ လေ့လာသိရှိပါသည်။
    အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များမှတစ်ဆင့် အာရဗ်ကုန်သည်များသည် မြိတ်မြို့သို့ ရောက်ရှိနေကြပြီးဖြစ်သည်။ (ဦးခင်မောင်ကြီး မြန်မာပြန်၊ မောရစ်ကောလစ်ရေး Into Hidden Burma စာ-၂၁၁)
    အေဒီ ၇၀၀ နှင့် ၁၅၀၀ အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှင်းကုန်သည်နှင့် ရောမကုန်သည်တို့သည် မိမိတို့ ပင်ရင်းတိုင်းပြည်များမှ ရွက်သင်္ဘောများဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကိုလည်းကောင်း၊ ယင်းကိုကျော်လွန်ကာ အရှေ့ဘက် တရုတ်ပြည် ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။ ရမ်းဗြဲကျွန်းအနီး ပျက်စီးသော အာရဗ်သင်္ဘောရှိ မွတ်စလင်မ်တို့သည် ထိုအခါကပင် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း တွေ့ရပေသည်။ ရခိုင်ဘုရင် မဟာတိုင်စန္ဒ လက်ထက် အေဒီ ၇၈၈-၈၁၀ တွင် ရမ်းဗြဲကျွန်းအနီး သင်္ဘောများစွာပျက်စီးခဲ့ကြောင်း အစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးခဲ့ကြောင်း တွေ့ရ၏။ မြန်မာနိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများပျက်ပြားခြင်းဆိုင်ရာ အကြောင်းအရာများမှာ အချိန်ကာလစောစွာကပင် ရှိခဲ့သည်။ မွန်နှင့်မြန်မာ ရာဇ၀င်များနှင့် အချို့သော ဘုရားသမိုင်းများတွင် သင်္ဘောပျက်စစ်သားများ၊ ကုန်သည်များ၊ သင်္ဘောသားများအကြောင်း ရေးသားထားသည်ကို တွေ့ရှိရပါသည်။
    ထို့ကြောင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါများခေါ် သူတော်စင်များ၏ ဂူဗိမာန်များက သက်သေခံနေသည်။ (၁၈၇၉-ခုနှစ် ဗြိတိသျှဘားမား ဂေဇက်ကို ကိုးကား၍ ဆရာချယ်ရေး ဗမာမွတ်စလင်မ် ရှေးဟောင်း အတ္ထုပ္ပတ္တိ စာ-၁၆) သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရဗ်ကုန်သည်များ ရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများသည် အနောက်ဘက် ဒမတ်စတကတ်ကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်မအထိ အာရဗ်များ ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ (ဦးကြည်၊ ဘီအေ၊ ရာဇ၀င်ဂုဏ်ထူးရေး၊ မြန်မာရာဇ၀င်မှသိကောင်းစရာများ၊ စာ ၁၅၆-၁၅၇) တပင်ရွှေထီးလက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလားပန်းသေးတို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်(ဒုတိယတွဲ) စာ ၁၈၆) အရလည်းကောင်း သမိုင်းသုတေသီ ပညာရှင်များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ ရောက်ရှိ အခြေချ နေထိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

    ပြန့်နှံ့ပုံ
    မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစုအတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျားပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများသို့လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယပြည်၌ ရှာဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်ထောင် ကြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မမင်းအား ကတိမတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေးသည်တော်)တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
    စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာသော ကမန်တို့အား ရမ်းဗြဲကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ်စလင်မ်တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြသော အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်။
    ၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ကို ၀င်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန်လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်းမှ ရောက်ရှိလာသော သင်္ဘောများမှ မွတ်စလင်များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်တို့၌လည်းကောင်း နေရာချထားခဲ့ကြောင်း တွေ့ရသည်။
    ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန်လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ ၀င်ရောက်လာသော မွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက်ဖော်ပြပါ ၁၂-နေရာ၌ နေရာချထားခဲ့ကြောင်းတွေ့ရသည်။
    (၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့တွင် ဖြစ်သည်။
    အထက်ဖော်ပြပါအတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက် နေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်းရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ရေကြည်ရာ မြက်နုရာသို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။ ၁၉၉၃-ခုနှစ် ကောက်ယူရရှိသည့် သန်းခေါင်းစာရင်းအရ အစ္စလာမ်ဘာသာဝင်များမှာ မြန်မာနိုင်ငံ ပြည်နယ် တိုင်းများတွင် လူဦးရေ ၁၆,၂၀,၂၃၃ ဦး ရှိသဖြင့် မြန်မာနိုင်ငံ လူဦးရေ၏ ၃ ဒဿမ ၇၉ % မျှရှိလေသည်။
    အစ္စလာမ်ဘာသာဝင်များ တစ်နေ့ ငါးကြိမ် ၀တ်ပြုနိုင်ရန် ရန်ကုန်မြို့တွင် ဗလီကျောင်း ၁၇၁-ကျောင်းနှင့် တစ်နိုင်ငံလုံးတွင် ဗလီဝတ်ကျောင်းပေါင်း ၂,၂၆၆ ခန့်ရှိပါသည်။

    (သာသနာရောင်ဝါထွန်းစေဖို့စာအုပ်၊ စာမျက်နှာ ၆၅-၆၈)မှ ထုတ်နှုတ်ပါသည်။

  • Avoid the Unhappy and Unlucky

    အိုင်ယာလန်မှာမွေးဖွားခဲ့တဲ့ မေရီဂီးဘတ် ဟာ ကချေသည် အဖြစ် အသက်မွေးရန် ၁၈၄၀ မှာ ပဲရစ်သို့ရောက်လာသည်။ လိုလာမွန်တက်စ် ဟူသော နာမည်ကိုယူကာ သူ့ကိုယ်သူ စပိန် အကမယ်အဖြစ် ကြေငြာခဲ့လေသည်။ သို့သော် ကချေသည်အဖြစ် မအောင်မြင်ပေ။ သူ့ကိုကယ်တင်နိုင်သူမှာတစ်ယောက်သာရှိသည်။ ထိုသူမှာ ပဲရစ်တွင် အအောင်မြင်ဆုံး သတင်းစာပိုင်ရှင်ဖြစ်ပြီး အနုပညာဝေဖန်ရေးသမားလည်းဖြစ်သည်။ သူ့နာမည်က အလက်ဇန်းဒါဒူဂျရီယာ။ လိုလာမွန်းတက်စ် ကသူ့ကို ချဉ်းကပ်ရန်ဆုံးဖြတ်ခဲ့သည်။ ဒူဂျရီယာမှာ မနက်တိုင်း မြင်းဆီးထွက်လေ့ရှိသည်။ လိုလာ ကိုယ်တိုင်လည်း ကျွမ်းကျင်သော မြင်းစီးသမားတစ်ယောက်ဖြစ်ရာ တနေ့တွင် ဒူဂျရီယာ စီးလာသောမြင်းနှင့် “မတော်တဆ” ၀င်တိုက်မိလေ၏။ နောက်နေ့များတွင် လိုလာနှင့် ဒူဂျရီယာတို့သည် အတူတကွ မြင်းစီးထွက်ကြလေတော့သည်။ သိတ်မကြာခင်မှာပဲ လိုလာမွန်းတက်စ် သည် ဒူဂျရီယာ၏ အခန်းသို့ပြောင်းသွားလေ တော့သည်။ ဒူဂျရီယာ၏ အကူအညီ ဖြင့် သူမ၏ ကချေသည်ဘ၀ သည်လည်းအတော်အသင့်အောင်မြင်လာလေသည်။ အဆင့်အတန်းချင်းမတူသော်လည်း ဒူဂျရီယာ သည် လိုလာ့ကို နွေဦးပေါက်တွင် လက်ထပ်မည်ဟုဆိုလေသည်။ သို့သော် တခြားတဘက်တွင်လည်း ဒူဂျရီယာ ကိုသူ့အသိုင်း အ၀ိုင်းက ၀ိုင်းပယ်လာကြသည်။ သူ့စီးပွားရေးလုပ်ငန်းများမှာလည်းကျဆင်းလာသည်။ တရက်တွင် ပဲရစ်မြို့၏ လူကုံထံတစ်ဦး တည်ခင်းသော ဧည့်ခံပွဲကိစ္စနှင့်ပတ်သတ်၍သူတို့နှစ်ဦး ပထမဆုံးအကြိမ် ရန်ဖြစ်ကြလေသည်။ လိုလာ က ထိုဧည့်ခံပွဲသို့ လိုက်ချင်သည်။ ဒူဂျရီယာက လိုလာ့ကို မခေါ်လိုပဲ တစ်ယောက်တည်းသွားခဲ့သည်။ ဧည့်ခံပွဲတွင် အလွန်အကျွံမူးနေသော ဒူဂျရီယာသည် လိုလာ့ကိစ္စနှင့် ပတ်သတ်ပြီး ဝေဖန်ရေးသမား တစ်ဦးနှင့်စကားများကြလေသည်။  နောက်ဆုံး သေနတ်ချင်းယှဉ်ပစ်ရန်စိန်ခေါ်သည့်အခြေအနေထိရောက်လာသည်။ နောက်နေ့မနက်တွင် သေနတ်ချင်းယှဉ်ပစ်ကြရာ သေနတ်မှန်၍ ဒူဂျရီယာ သေဆုံးသွားလေတော့သည်။ လိုလာသည်လည်း ပဲရစ်မှ စွန့်ခွာကာ မြူးနစ် မြို့သို့ရောက်လာသည်။

    မြူးနစ်တွင် လိုလာသည် ဘာဗေးရီးယားဘုရင် လဒ်ဝစ် အားစည်းရုံးသိမ်းသွင်းပြန်သည်။ လဒ်ဝစ် မှာကပ်စည်းနည်းသူတစ်ယောက်ဖြစ်သော်လည်း လိုလာ့အား မြူးနစ်မြို့၏ အကောင်းဆုံးတိုက်ခန်းတွင်ထားရုံမက အမျိုးမျိုးသော လက်ဆောင် များကိုလည်း ပေးလေသည်။ သို့သော်လိုလာ၏ မူလအကျင့်များက ပြန်ပေါ်လာပြန်သည်။ တနေ့တွင် လိုလာမြင်းစီးထွက်ရာလမ်း၌ အဘိုးကြီးတစ်ဦးလမ်းဖြတ်ကူးလေရာ နှေးသည်ဆို၍ မြင်းစီးကြာပွတ်ဖြင့် အဘိုးကြီးအား ရိုက်လေသည်။ တခါကလည်း လိုလာသည် သူ့ခွေးနှင့်လမ်းလျှောက်ထွက်လာရာ ခွေးမှာ တခြားလမ်းလျှောက်သူတစ်ဦးအား ကိုက်လေတော့သည်။ ခွေးကိုက်ခံရသူကို ကူညီရမည့်အစား လိုလာသည် ထိုသူ့ကို ခွေးလည်ပတ်ကြိုးဖြင့် ရိုက်လေသည်။ ဘာဗေးရီးယား ပြည်သူတို့မှာ လိုလာ့အား အကြီးအကျယ်မုန်းတီးလာလေတော့သည်။ သို့သော် လဒ်ဝစ်မှာ ထိုကိစ္စများကို လျှစ်လျူရူ့ထားရုံမက လိုလာ့ အား အပြစ်တင်သူများကိုပင် ရာထူးမှချထားခြင်း၊ အပြစ်ပေးခြင်းများပြုလုပ်လေသည်။ အရင်တုန်းက ချစ်ခင်ရိုသေ ခြင်းကိုခံခဲ့ရသော လဒ်ဝစ် မှာ ယခုအခါ ပြည်သူတွေရဲ့ မုန်းတီးခြင်းကိုခံလာရသည်။ နောက်ဆုံးမှာတော့ တိုင်းပြည့်အနှံ့တွင် မကျေမနပ် ဆန္ဒပြမှု့များ ပေါ်ပေါက်လာသည်။ တခါတုန်းက ငြိမ်းချမ်းသာယာခဲ့တဲ့ တိုင်းပြည်ဟာ အခုတော့ ပြည်တွင်းစစ်နှုတ်ခမ်းကိုရောက်လာသည်။ ၁၈၄၈ခု ဖေဖော်ဝါရီလမှာတော့ လဒ်လ၀စ်ဟာ ပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူရူ့လို့ မရတော့ပါဘူး။ လိုလာမွန်းတက်စ် ကိုတိုင်းပြည်ကနေ ချက်ချင်းထွက်သွားဖို့ အမိန့်ထုတ်လိုက်သည်။ သို့သော် ပြည်သူတွေရဲ့ဒေါသက ဒီမှာပြီးမသွားပါဘူး။ နောက်ဆုံးမှာ ဘုရင်လဒ်ဝစ် ကိုယ်တိုင် ထီးနန်းကိုစွန့်လိုက်ရပါတော့သည်။

    လိုလာမွန်းတက်စ်ဟာလည်း အင်္ဂလန်ကို ထွက်သွားပါသည်။ အင်္ဂလန်မှာ စစ်ဗိုလ်လေး ဂျော့ထရက်ဖက်ဟီးလ် နှင့်တွေ့သည်။ ဟီးလ်မှာ လိုလာ့ထက် ဆယ်နှစ်ခန့်ငယ်လေသည်။ အင်္ဂလိပ်အသိုင်းအ၀ိုင်းတွင် လိုလာ့ထက်ချောသော၊ ချမ်းသာသော လူကုံတံ အမျိုးသမီးများကို ရွေးနိုင်သော်လည်း ဟီးလ်မှာ လိုလာမွန်းတက်စ်၏ မာယာ ကျော့ကွင်းမှ လွတ်အောင်မရုန်းနိုင်ပေ။ သူတို့နှစ်ယောက် ၁၈၄၉ မှာ လက်ထက်လိုက်ပါသည်။ တကယ်တမ်းလိုလာဟာ သူမအသက် ၁၉ နှစ်လောက်က အင်္ဂလိပ်တစ်ဦးနဲ့ တိတ်တိတ်ပုန်းလက်ထပ်ထားဘူးပါသည်။ တရားဝင်လည်း မကွာရှင်းရသေးပေ။ ထိုကြောင့် ဟီးလ်မှာ လင်ရှိမိန်းမတစ်ဦးကိုပေါင်းသင်းမှု့ဖြင့် တရားစွဲခံရလေသည်။ ထိုအမှု့ကိုရှောင်ရန် သူတို့နှစ်ဦးသည် စပိန်သို့ ထွက်ပြေးကြလေသည်။ သူတို့နှစ်ဦး၏ အိမ်ထောင်ရေးမှာလည်း ဆိုးဝါးလာသည်။ တကြိမ်တွင် လိုလာက ဟီးလ်အား ဓါးနှင့် ခုတ်လေသည်။ နောက်ဆုံးကွာရှင်းသည့် အခြေအနေသို့ရောက်သွားသည်။ ဟီးလ်မှာ သူ့တိုင်းပြည်တွင် လည်း အရှက်ကွဲ၍ မျက်နှာ မပြ၀ံ့ရကား ပေါ်တူဂီသို့ သွားရောက်နေထိုင်ရလေသည်။ မကြာမှီ သင်္ဘောမှောက်၍ ဟီးလ် သေဆုံးသွားလေသည်။ ၁၉၅၃ မှာ လိုလာမွန်းတက်စ် ဟာ အမေရိကန် သို့ရောက်လာပြန်ပါသည်။ အမေရိကန်တွင် ပတ်ဟော ဆိုသူနှင့်တွေ့ကာ လက်ထပ်လိုက်ပြန်သည်။ သူတို့ အိမ်ထောင်ရေးမှာလည်း ထုံးစံအတိုင်း အဆင်မပြေဖြစ်ကာ ကွဲကြပြန်သည်။ ပတ်ဟောလ်မှာ အရက်သမားလုံးလုံးဖြစ်ကာ နောက်ဆုံး စိတ်ကျရောဂါနှင့် သေလေသည်။လိုလာမွန်းတက်စ်မှာလည်း လူဝတ်ကြောင်ဘ၀ကိုစွန့်ကာ သီလရှင်ဝတ်သွားလေတော့သည်။ သီလရှင်ဝတ်ပြီး နှစ်နှစ်အကြာ ၁၈၆၁ မှာ လိုလာမွန်းတက်စ် သေဆုံးသွားလေသည်။

    လိုလာမွန်းတက်စ် ရဲ့ ယောက်ျားတွေကို ဆွဲဆောင်မှု့ဟာ ရမ္မက်ဆန္ဒထက်ပိုပါတယ်။ သူမရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်တွေ၊ စရိုက်တွေက ယောကျာ်းတွေကို ဆွဲဆောင်ထားတာပါ။ လိုလာမွန်းတက်စ် နဲ့ ပတ်သတ်မိတဲ့သူတွေဟာ ကူးစက်ရောဂါ တစ်ခုခု ဆွဲကပ်သလိုပဲ တဖြည်းဖြည်းနဲ့ ဝေဒနာဆိုးဝါးလာကြပါတယ်။ သူမရဲ့ မဆုံးနိုင်တဲ့ ပြသနာတွေ၊ မရောင့်ရဲနိုင်မှု့တွေဟာ သူမ ချစ်သူတွေကိုပါ ကူးစက်ကုန်တာပါပဲ။ ဒါပေမယ့် သူမချစ်သူတွေဟာ သံယောဇဉ်ကြောင့် လိုလာမွန်းတက်စ် ကို မစွန့်ခွာနိုင်ပဲ ပြသနာဝဲသြဂ ထဲမှာ တလည်လည်ဖြစ်ပြီး ဘ၀ဆုံးကြရပါတယ်။ ဒါဟာ ပြသနာရဲ့ အဓိက အချက်ပါပဲ။ လိုလာမွန်းတက်စ်လိုလူမျိုးဟာ ကူညီလို့မရနိုင်ပါဘူ။ ဒီလိုလူမျိုးကို အမြန်ဆုံးစွန့်ခွာတာဟာ တစ်ခုတည်းသော နည်းလမ်း ပါပဲ။ ဒီစရိုက်ဟာ ယောကျာ်းဖြစ်တာ၊ မိန်းမဖြစ်တာနဲ့ မဆိုင်ပါဘူး။ ဒီလိုမတည်ငြိမ်တဲ့စိတ်ဓာတ်မျိုးရှိတဲ့သူဟာ ပြသနာတွေ ဒုက္ခတွေကို လက်ယပ် ခေါ်နေတာပါပဲ။ သူတို့ရဲ့ ပြသနာတွေဟာ ကိုယ့် ကိုတင်မက ပါဘူး။ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ကိုပါ ကူးစက်တတ်ပါတယ်။ လဒ်ဝစ်နဲ့ ကိစ္စမှာ ဆိုရင် တစ်နိုင်ငံလုံးကိုပါ ကူးစက်သွားပါတယ်။

    ဘ၀မှာ ကိုယ် မထိန်းချုပ်နိုင်တဲ့ ကိုယ်မစီမံနိုင်တဲ့ အခြေအနေတွေကြောင့် ဒုက္ခရောက်ရသူတွေဟာ ကျတော်တို့ရဲ့ ကူညီမှု့တွေ၊ စာနာထောက်ထားမှု့တွေနဲ့ အပြည့်အ၀ ထိုက်တန်ပါတယ်။ သူတို့ကို ကျတော်တို့ တက်နိုင်သလောက် ကူညီသင့်ပါတယ်။ ဒါပေမယ့် လောကမှာ နောက်ထပ်လူတစ်မျိုးရှိပါသေးတယ်။ သူတို့ရဲ့ ပင်ကိုယ်မတည်ငြိမ်၊ မရောင့်ရဲနိုင်တဲ့ စိတ်ဓာတ်တွေ၊ အပျက်စိတ်ဓာတ်တွေကြောင့် ဒုက္ခရောက်ရသူတွေပါ။ ဒီလိုစိတ်ဓာတ်မျိုးဟာ ကူးစက်တတ်ပါတယ်။  ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေကို ကျတော်တို့ သူတို့ရဲ့ ပတ်ဝန်းကျင်အပေါ်မှာ သက်ရောက်မှု့ကို ကြည့်ပြီး အကဲ ခပ်ရပါမယ်။ သူတို့ရဲ့ အတိတ်က ပြသနာတွေ၊ သူတို့နဲ့ သူများတွေ ဆက်ဆံရေး ဒါတွေကို လေ့လာပါ။ ခဏခဏ ပြသနာဖြစ်နေတယ်၊ ခဏခဏ ကွဲလိုက်ပြဲလိုက်ဖြစ်နေတယ်ဆိုရင် အဲလိုလူမျိုးကို ဝေးဝေးကရှောင်ပါ။ ဘ၀မှာ တခါတလေ ပြသနာဖြစ်တာ၊ အဆင်မပြေဖြစ်ဘူးတာကို ဆိုလိုတာမဟုတ်ပါဘူး။ အမြဲတမ်းပြသနာဖြစ်နေတဲ့သူမျိုးတွေ တကယ်ရှိပါတယ်။ သူတို့ပြသနာတွေကို ကူညီဖြေရှင်းပေးမယ်လို့ ယောင်လို့များစိတ်မကူးမိပါနဲ့။ ကိုယ်ပါ သူတို့ရဲ့ ဒုက္ခ ပင်လယ်ထဲမှာမျောသွားပါလိမ့်မယ်။

    ဒီဥပဒေသ ရဲ့ ဆန့်ကျင်ဘက်ဟာလည်း မှန်ကန်ပါတယ်။ ဒါကိုတော့ တော်တော်များများသိပါတယ်။ ဘ၀မှာ အောင်မြင်တိုးတက်နေတဲ့သူတွေ၊ ပျော်ပျော်နေတတ်တဲ့သူတွေ၊ အပြုသဘောမြင်တတ်တဲ့သူတွေနဲ့ ပေါင်းသင်းပါ။ သူတို့ရဲ့ အပြုသဘောဆောင်တဲ့စိတ်ဓာတ်တွေ၊ အောင်မြင်မှု့ကိုဆွဲဆောင်တတ်တဲ့ စိတ်ဓာတ်တွေ ဟာလည်း ကျတော်တို့ကို ကူးစက်လာစေနိုင်ပါတယ်။

    လူမင်းဟန်