News @ M-Media

Blog

  • နော်ဝေ လူသတ်သမားရဲ့ ‘၂၀၈၃ ခုနှစ်၊ ဥရောပ လွတ်လပ်ရေး ကြေငြာစာတမ်း’

    ပြီးခဲ့တဲ့ သောကြာနေ့ အော်စလိုမြို့ အစိုးရရုံးတွေကို ဗုံးခွဲခဲ့တာကြောင့် လူ ၇ ဦးသေဆုံးပြီး၊ အော်စလိုအနီး အူးတိုယား ကျွန်းလေးပေါ်မှာ လူငယ် ၈၆ ယောက် ကို

    ပစ်သတ်ခဲ့တဲ့ လူသတ်သမား ဘရီဗစ်ခ် (Anders Behring Breivik) ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းက နာရီနဲ့အမျှ အံဩထိတ်လန့်စရာ ဖြစ်လာသည်။

    အသက် ၃၂ နှစ်ရှိ နော်ဝေနိုင်ငံသား ဘရီဗစ်ခ်က ယခုလို အစုအလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကိုးနှစ်ကြာ အချိန်ပေးစီစဉ်ခဲ့ရကြောင်း၊ ရဲကို ၀န်ခံပြောခဲ့သည်။ အကြီးအကျယ် တိုက်ခိုက်မှုနှစ်ခုကို တကိုယ်တော် မလုပ်ခင်လေးမှာပဲ၊  အင်တာနက် အီးမေးလ်တွေကနေ သူရေးထားတဲ့ စာမျက်နှာ ၁၅၁၆ ရှိ ကြေငြာစာတမ်း (manifesto) တစ်ခုကို လူ ၅၇၀၀ ဆီ ဖြန့်ဝေခဲ့သည်။ စာတမ်းရဲ့ ခေါင်းစဉ် က “၂၀၈၃ ခုနှစ်၊ ဥရောပ လွတ်လပ်ရေး ကြေငြာစာတမ်း” (2083- A European Declaration of Independence) ဟု ဖြစ်သည်။

    ဘရီဗစ်ခ် ရဲ့ ပြောဆိုချက်များအရ ယခုလို သတ်ဖြတ်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ငွေရှာဖွေ စုဆောင်းခဲ့ရပြီး၊ အသက် ၇၀ ကျော် သူ့မိခင်ရဲ့ အခန်းမှာ ခြိုးခြံချွေတာနေထိုင်ခဲ့သည်။ သူ့ရည်ရွယ်ချက်ကို ဆွေမျိုးနဲ့ သူငယ်ချင်းမိတ်ဆွေတွေ မရိပ်မိအောင် သိုသိုသိပ်သိပ် နေခဲ့သည်။ အဲဒီအချိန်တွေအတွင်း အစ္စလာမ်ဘာသာ ဆန့်ကျင့်ရေး ၀ဘ်ဆိုဒ်တွေ လုပ်ခဲ့ပြီး၊ သေနတ် ကျွမ်းကျွမ်းကျင်ကျင် ပစ်နိုင်ဖို့နဲ့ ဗုံးထောင်နည်းကို အချိန်ပေး လေ့လာခဲ့သည်။ ဘရီဗစ်ခ် က ဥရောပ တက္ကသိုလ်တစ်ခုမှ အွန်လိုင်းဖြင့် စီးပွားရေး စီမံခန့်ခွဲမှု ဘွဲ့ရယူထားသူလည်း ဖြစ်သည်။

    ရဲဝတ်စုံ၊ ပြည်သူ့စစ်ယူနစ်ဖောင်း၊ နော်ဝေရိုးရာဝတ်စုံ မျိုးစုံကို ဗြူတီပါလာတွေမှာ စနစ်တကျ ၀တ်ပြီး၊ သူ့ဓာတ်ပုံတွေကို ၀ဘ်ဆိုဒ်တွေပေါ် တင်တတ်သည်။ နောက်ဆုံး အော်စလို အရှေ့ဘက် လယ်ယာခြံကြီးတစ်ခုထဲ အထီးကျန်နေထိုင်ရင်း ဗုံးလုပ်ဖို့ အမိုးနီးယား နိုက်ထရိတ်မြေဩဇာတွေ ၀ယ်ယူပြီး ယမ်းတွေဖော်စပ်နေခဲ့သည်။

    သူ့ရေးတဲ့ “၂၀၈၃ ခုနှစ်- ဥရောပ လွတ်လပ်ရေး ကြေငြာစာတမ်း” မှာ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ အိုင်ဒီအိုလော်ဂျီကို ဖော်ပြထားတာက ခရစ်ယာန် အခြေခံဝါဒသစ်ကို ပြန်လည်ထူထောင်ဖို့ ဖြစ်သည်။ အစ္စလာမ် ကိုလိုနီပြုလာမှု၊ မာက်စ်ဝါဒနဲ့ လူဖြူမဟုတ်သူများရဲ့ အန္တရာယ်၊ ဥရောပကို ရောက်ရှိလာတဲ့ ပဒေသာစုံယဉ်ကျေးမှု (multiculturalism) တို့ရဲ့ အန္တရာယ်တွေကို တားဆီးကြဖို့ သူ့စာတမ်းမှာ ရေးထားသည်။

    စာမျက်နှာ တစ်မျက်နှာချင်းစီမှာ သူ့ရဲ့ နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းပေါ်ထားတဲ့အမြင်တွေ အသေးစိပ် ရေးထားသည်။ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ နယ်နမိတ်ဖြတ် နိုင်ငံစုံအဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားသည်။ နော်ဝေ လက်ျာဂိုဏ်း တိုးတက်ရေးပါတီကို ပျော့လွန်းသည်ဟု ဝေဖန်ထားပြီး၊ အာဏာရ လေဘာပါတီကို ရန်သူအဖြစ်သတ်မှတ် တိုက်ခိုက်ရမည်ဟု ဆိုသည်။ သူ့စာတမ်းအရ ဘရီဗစ်ခ် ကို ခရစ်ယာန် အခြေခံဝါဒီနှင့် လက်ျာ အစွန်းရောက်ဝါဒီ အဖြစ် နော်ဝေ အာဏာပိုင်များက သတ်မှတ်လိုက်သည်။

    ဘရီဗစ်ခ် ရဲ့ အစ္စလာမ်၊ မက်စ်ဝါဒီနဲ့ လူဖြူမဟုတ်သူတွေအပေါ်ထားတဲ့ အစွန်းရောက် အမုန်းတရားက နော်ဝေနဲ့ ဥရောပရဲ့ လူမျိုးရေးပြဿနာတွေကို မီးမောင်းထိုးပြလိုက်သလို ဖြစ်သည်။ နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းများနဲ့အတူ နှစ်စဉ် နိုဘယ်ဆုချီးမြှင့်မှုကြောင့် ဂုဏ်သိက္ခာထည်ဝါခဲ့ရတဲ့ နော်ဝေ အတွက် လူ ၉၀ ကျော် သေဆုံးခဲ့တဲ့အပြင်၊ ငြိမ်းချမ်းရေး သင်္ကေတကိုပါ အမည်းစက် စွန်းထင်းခဲ့ရသည်။

    ပြင်သစ်မှာ နေထိုင်နေတဲ့ ဘရီဗစ်ခ် ရဲ့ ဖခင်၊ ဗြိတိန်ဆိုင်ရာ နော်ဝေသံမှုးဟောင်းက ၁၉၉၅ ခုနှစ် ကတည်းက သူ့သားနဲ့ အဆက်အသွယ်မရှိခဲ့ကြောင်း၊ ဘရီဗစ် တစ်နှစ်သား ကတည်းက လင်မယား ကွဲသွားခဲ့ကြောင်း ပြောဆိုခဲ့သည်။

    ခရစ်ယာန် အခြေခံဝါဒသစ် ထူထောင်ရေး၊ လူဖြူ ကာကွယ်ရေး၊ ဥရောပမြေမှ အစ္စလာမ်တွေ မောင်းထုတ်ရေး၊ မက်စ်ဝါဒ လက်ကျန်ချေမှုန်းရေးတို့အတွက်  ‘ဥရောပ လွတ်လပ်ရေး ကြေငြာစာတမ်း’ ကိုရေးသားသူ လူသတ်သမား ဘရီဗစ်ခ် ကို အော်စလိုမြို့တရားရုံးတွင် တနင်္လာနေ့မှာ ရုံးထုတ်ပြီး တံခါးပိတ် စစ်ဆေးခဲ့သည်။

    တရားသူကြီး Kim Heger က သတင်းစာရှင်းလင်းရာတွင် ဘရီဗစ်ခ် ကို လူသတ်မှု၊ အကြမ်းဖက်မှု၊ လူ့အဖွဲ့အစည်းနှင့် အစိုးရကို မတည်ငြိမ်အောင် လုပ်မှု၊ လူထုကို ကြောက်လန့်အောင်လုပ်မှု စတဲ့ ပြစ်မှုတွေနဲ့ အရေးယူဖို့ ရှိသည်ဟု ဆိုသည်။ နောက် ဘရီဗစ်ခ် မှာ တကိုယ်တော်မဟုတ်ဘဲ၊ သူ့နောက်တွင် အကြမ်းဖက်အဖွဲ့အစည်း နှစ်ဖွဲ့လောက် ရှိနိုင်သည်ဟုလည်း ပြောဆိုခဲ့သည်။

    သို့သော် ဘရီဗစ်ခ် ကတော့ သူ့တွင် အပြစ်ရှိတယ်လို့ ၀န်မခံကြောင်းနှင့် နော်ဝေမှာ မူဆလင်တွေ ဩဇာကြီးလာအောင် ခွင့်ပြုတဲ့ လေဘာပါတီကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နော်ဝေနှင့် ဥရောပကို မက်စ်ဝါဒနှင့် အစ္စလာမ် ရန်ကနေ ကယ်တင်ဖို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ခုခံပြောဆိုသည်ဟု ဆိုသည်။

    မောက္ခ မှကူးယူပါသည်။

    Source: IHT & FP

  • အရှေ့တောင်အာရှ လက်ဝှေ့ချန်ပီယံ မြန်မာ့ လက်ရွေးစင် ရွှေကျားတင်မောင်

    အရှေ့တောင်အာရှ လက်ဝှေ့ချန်ပီယံ မြန်မာ့ လက်ရွေးစင် ရွှေကျားတင်မောင်

    ဇွန် ၂၄ ၊ ၂၀၁၁
    M-Media

    ရွှေကျားတင်မောင် (ခေါ်) မို့ဟမ္မဒ် အစ္စမာအီလ်သည် ဖခင်ဦးဂဖား (ခေါ်) ဦးကိုလေး နှင့် မိခင် ဒေါ်ဖွာတီတို့မှ ရမညးသင်းမြို့၊ ၀ါတိုးရပ် အနောက်ပိုင်း၌ ၁၉၃၆- ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၆) ယောက်အနက် ဒုတိယသားဖြစ်သည်။

    အစ်ကို ဦးမြသောင်းသည် မန္တလေးတိုင်း သေနတ်ပစ်အသင်းအတွင်းရေးမှူးနှင့် လက်ရွေးစင်ဖြစ်သည်။ ညီတော်သူ ဦးချစ်ထွန်းသည် မန္တလေးတိုင်း ဘတ်စကက်ဘော လက်ရွေးစင်နှင့် ဘောလုံးလက်ရွေးစင် ဂိုးသမားဖြစ်သည်။ ညီအငယ်ဆုံး ဦးအောင်မြင့်မှာ မြန်မာ့မီးရထားရုံပိုင်ကြီးဖြစ်သည်။

    ရွှေကျားတင်မောင်သည် မန္တလေးမြို့၊ အမှတ် (၃) အ.ထ.ကတွင် (၈)တန်းအထိ၊ အမှတ်(၂) အ.ထ.က (အမျိုးသားကျောင်း)တွင် ဒသမတန်းကို ၁၉၅၇-ခုနှစ်အထိ တက်ရောက်ပညာဆည်းပူးခဲ့သည်။ ကျားဘညိမ်း၏ ရွှေကျားလက်ဝှေ့အသင်းတွင် လက်ဝှေ့ပညာဆည်းပူးခဲ့ပြီး  ကလောင်အမည်ကိုလည်း တင်မောင် (ရွှေကျား) ဟုမှည့်ခဲ့သည်။

    ၁၉၅၂-ခုနှစ်တွင် ဂျူနီယာဖလိုင်းဝိတ်ချန်ပီယံဆု ရရှိသည်။ ၁၉၅၅-၅၆ ခုနှစ်က မန္တလေးရဲအတတ်သင် သိပ္ပံကျောင်း၌ (၆)လသင်တန်း၊ ၁၉၅၇- မှ ၁၉၆၂ အထိ ပေါက်မြိုင်(အ.လ.က) တွင် ကာယဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း အင်္ဂလိပ်လက်ဝှေ့ကို ထူးချွန်စွာထိုးသတ်ခဲ့၍ မြန်မာပြည် ချန်ပီယံဆုများဆွတ်ခူးရရှိခဲ့သည်။

    ၁၉၅၈-၁၉၆၁-၁၉၆၂-၁၉၆၄ (၄)နှစ် ဆက်တိုက် “လိုက်ဝေါ်လ်တာဝိတ်” တန်း မြန်မာပြည်ချန်ပီယံဆုဆွတ်ခူးခဲ့၍ လက်ဝှေ့အဖွဲ့ချုပ်မှ ရွှေကျားတင်မောင်ကို ရွှေစင်ရုပ်ဆု အပိုင်ချီးမြှင့်ခဲ့သည်။ ဆရာကျားဘညိမ်း၊ ရှူးဂါး မဂျစ်(ဆေးကျောင်း)၊ လှညွန့်(ရေတပ်)၊ သန်းထွန်း (မန္တလေး)တို့လည်း ယင်းဆုရရှိခဲ့သည်။ ဒုတိယအကြိမ် အရှေ့တောင်အာရှပွဲတွင် “လိုက်ဝေါ်တာဝိတ်တန်း” ၌ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

    မြန်မာ့လက်ရွေးစင်အဖြစ် ပါကစ္စတန်၊ ယိုးဒယား၊ ကမ္ဘောဒီးယားလက်ဝှေ့ပွဲများတွင် အရွေးချယ်ခံခဲ့ရသည်။ ၁၉၆၄ ခု၌ ဆရာဖြစ်သူကျားဘညိမ်း ရန်ကုန်သို့ ပြောင်းရွေ့အမှုထမ်းသောကာလတွင် ရွှေကျားတင်မောင်သည် ရွှေကျားလက်ဝှေ့အသင်း၌ ကြီးကြပ်ကွပ်ကဲခဲ့သည်။

    ရွှေကျားတင်မောင်သည် ၁၉၅၇-ခုနှစ်မှ ၁၉၉၃-ခုနှစ်အထိ မန္တလေးတိုင်းလက်ဝှေ့ ဆပ်ကော်မတီ-အတွင်းရေးမှူး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် တရားသူကြီး၊ မန္တလေးတိုင်း ကျောင်းသားပွဲတော် ဘတ်စကက်ဘော အတွင်းရေးမှူး၊ မန္တလေးတိုင်း အ-သုံးလုံးကြေ အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။

    မြို့တော်ဝန် ဦးမြသောင်း၊ စည်ပင်အလုပ်ဝန်တို့က တာဝန်ပေး၍ ၁၉၅၇-ခုနှစ်မှစ၍ မန္တလေးတိုင်းအတွင်း မိုးကုတ်၊ ပျဉ်းမနား၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာမြို့များ၌ လက်ဝှေ့ပွဲများတာဝန်ယူ ကျင်းပပေးခဲ့သည်။ ရွှေကျားတင်မောင် မွေးထုတ်ခဲ့သော လက်ဝှေ့သမားများအနက် ဆီးဂိမ်းပြိုင်ပွဲ ငွေတံဆိပ်ဆုရ ဇော်မျိုးမင်း၊ လူချော (ခေါ်) သန်းဇော်ထွေး၊ မန္တလေး အား/ကာသိပ္ပံမှ ကိုမျိုးနှင့် စည်သူတို့ ပါဝင်လေသည်။

    ရွှေကျားတင်မောင်သည် ပထမဇနီး ဒေါ်တီမာ (ခေါ်) ဒေါ်မမလေးမှ သားသမီး(၉) ဦး ထွန်းကားပြီး ၄င်းဇနီး ၁၉၉၅-ခုတွင် ကွယ်လွန်သည်။ ဒုတိယဇနီး ဒေါ်စိန်စိန်နှင့် သားသမီး (၅)ဦး ထွန်းကားသည်။ ၄င်းသည် ယခုအခါ မန္တလေးမြို့၊ စကြာနွယ်စဉ်ရပ်၊ ဆူးလေပလီဝင်း အရှေ့ပေါက်တွင် ဇနီး၊ သားသမီးများနှင့်အတူ နေထိုင်လျက်ရှိသည်။

    ရွှေကျားဦးတင်မောင်သည် မြန်မာ့မီးရထားတွင် “ရထား/မန်း” အမည်ဖြင့်လည်းကောင်း၊ ကျောင်းပေါင်းစုံ လက်ဝှေ့ပွဲများ၊ တိုင်းအား/ကာ၊ မန္တလေးတိုင်း  ပြည်ခိုင်ဖြိုး၊  ရွှေကျားလက်ဝှေ့အသင်းတို့ကို ဦးဆောင်၍ လက်ဝှေ့နည်းပြတာဝန် ထမ်းဆောင်လျက်ရှိရာ အမိမြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မန္တလေး-မွတ်စလင်မ် လက်ဝှေ့အကျော်အမော် ကြယ်တစ်ပွင့်အဖြစ် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

    မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း

  • နေရာ……

    ကားစထွက်တော့ ခြောက်နာရီထိုးပြီး ဆယ်မိနစ်ခန့်ပင် စွန်းနေလေပြီ။ အိပ်ယာထနောက်ကျ၍ ကားကိုမှီလုမီခင်ပင် ဖြစ်ပေသည်။ တနင်္ဂနွေမို့ ကားလက်မှတ်ကလည်း ၀ယ်ရကျပ်လေသည်။ ကြိုဝယ်မထားမိသည်က အမှားပင်။ မိုးတွင်းဖြစ်သည်မို့ တစ်ပြောက်နှစ်ပြောက်သော မိုးရေစက်များက ကားစထွက်သည်နှင့် ၀ရုန်းသုန်းကား ရွာချလိုက်လေတော့သည်။ ဘားအံ-မော်လမြိုင် လိုင်းကားလေးကတော့ ခရီးဆက်နေဆဲပင်ဖြစ်သည်………………..။

    မူလတန်းပြဆရာမတစ်ယောက်အတွက်တော့ တနင်္ဂနွေနေ့ဖြစ်သော်လည်း ရှောင်တခင်အလုပ်တာဝန်တစ်ခုပေါ်လာ၍ မလွဲရှောင်သာလှပေ။ ကားက နံနက်ခြောက်နာရီအခေါက်ဖြစ်သည်မို့ ဈေးသည်များပါမက အိမ်ပြန်ကြသည့် တက္ကသိုလ်ကျောင်းသူများဖြင့်ပါ ပြည့်သိပ်ကျပ်နေသည်မှာ ခြေချစရာပင်မကျန်တော့ချေ။ မော်လမြိုင်မြို့မှ ဘားအံမြို့ထိဆိုလျှင် တစ်နာရီခွဲကျော်ခန့်သာ စီးရသော်လည်း ကျွန်မလိုနေရာမရ၍ မတ်တပ်ရပ်စီးရသည့် လူတစ်ယောက်အတွက်တော့ မထောင်းသာလှပေ။ သို့သော်လည်း ခရီးရောက်ဖို့က အရေးကြီးနေသည်မို့ သွားရပေဦးမည်။

    ကျွန်မလိုပင် မတ်တပ်ရပ်စီးကြရသည့် ခရီးသည်များက အပုံအပင်။ သို့သော် သူတို့ဘယ်လမ်း၊ ဘယ်ခရီးတစ်ထောက်တွင် ဆင်းကြမည်ဆိုသည်ကိုတော့ ကျွန်မ မသိချေ။ ကံဆိုးသည်ကတော့ ကျွန်မနံဘေးတွင် မတ်တပ်ရပ်လိုက်ပါလာသူတစ်ဦးမှာ အရက်စော်များနံစော်နေ၍ ကိုယ့်ကိုယ်ကိုပင် မတ်မတ်မရပ်နိုင်ဘဲ ဇက်က ကျိုးကျလုနီးပါးဖြစ်နေပေသည်။ ကျွန်မနှင့် မလှမ်းမကမ်းတစ်ခုံကျော်ရှိ လူကုံထံမိန်းမကြီးတစ်ယောက်ကတော့ သူမအတွက် တစ်ယောက်စာကို ထိုင်ခုံနှစ်ခုံဝယ်ထားသည်ထင်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကြီးမားလှသော လက်ကိုင်အိတ်ကြီးကို ကျန်ခုံအလွတ်ပေါ်တွင်တင်၍ ဖုန်းပြောနေပါသည်။ သည်းကြီးမည်းကြီးရွာနေသော မိုးသံတွေကိုတော့ သူမ၏အသံက အံ့သြစရာကောင်းလွန်းလှအောင် ဖြိုခွဲလိုက်နိုင်ပါသည်။ ကိုယ်ပိုင်ကားက စက်တခုခုချို့ယွင်းသွား၍ လိုင်းကားနှင့်သာ ခရီးသွားလိုက်ရသည့်အကြောင်းကို သူမ၏ အယောက်ငါးဆယ်မျှရှိသော မိတ်ဆွေများထံသို့ သေရေးရှင်ရေးတမျှ အကြောင်းကြားလျက်ရှိနေလေသည်။

    လိုင်းကားကြီးသည် ကားလမ်းကြမ်းကို ဖြတ်ကျော်တိုင်း ဘယ်ညာယိမ်းထိုးလျက်ရှိရာ ကျွန်မခေါင်းအပေါ်တည့်တည့်ရှိ ကားအမိုး၏ အပေါက်အပြဲကြောင်းမှတဆင့် မိုးပေါက်များက ခေါင်းပေါ်သို့ တဖြောက်ဖြောက်ကျနေပေသည်။ ခံစားတတ်သူအဖို့တော့ ဂီတသံတစ်ခုနှင့်ပင် တူနေသေးပေဦးမည်။ ကျွန်မခြေထောက်အရှေ့တည့်တည့်တွင်တော့ မျှစ်ချဉ်တောင်းများ ဖြစ်မည်ထင်သည်။ မိုးနှင့်အတူ လေတချက်တချက်ဝေ့တိုင်း မျှစ်ချဉ်နံ့က စူးစူးရှရှ ထွက်လာလေသည်။ မျှစ်ချဉ်သည်၊ ငါးခြောက်ငါးပိသည်များနှင့် အမျိုးအမည်အတိအကျမသိသော ကုန်ပစ္စည်းများကို ထုပ်ပိုးကိုင်ဆောင်လာသူ ခရီးသွားများလည်း များစွာရှိလေသည်။ ကားစပယ်ယာတစ်ယောက်၏အသံမှလွဲ၍ ကျန်လူများ၏အသံက တိတ်ဆိတ်လွန်းလှပေသည်။ နံနက်စောစောဖြစ်သည့်အပြင် မိုးကလည်း အေးစိမ့်လှသည်မို့ ကိုယ့်အတွေးနှင့်ကိုယ်မျောနေကြသည့် သူများသာဖြစ်လေသည်။ အချို့ခရီးသွားများ၏ မျက်နှာတွင် ပရိယေသန၀မ်းစာရေးအတွက် အပြင်းအထန်ရုန်းကန်လှုပ်ရှားနေရမှုကြောင့် ပရိဒေ၀အရိပ်အယောင်များက အထင်းသားရှိနေပေသည်။

    ကားနောက်ဆုံးတန်းရှိ တောင်းကြီးဘေးတွင် ထိုင်နေသူမိန်းမကြီးတစ်ယောက်၏ နေလောင်ထားသောမျက်နှာပြင်ပေါ်တွင် ပါးကွက်ကြားကြီးများက နေရာယူထားလေသည်။ မိုးငွေ့တွေက အေးစိမ့်နေသည့်တိုင်အောင် သူမရင်ထဲရှိ သောကမီးကို မငြိမ်းသတ်နိုင်သည့်အလား ပါးကွက်ကြီးပေါ်သို့ နဖူးဆံစမှ ချွေးကြောင်းကြီးများက စီးကျနေပေသည်။ သို့သော် ကြည့်တတ်သူအဖို့ မြင်၏ဟုပင် ပြောရလေမလား သို့မဟုတ် အလှတရားကို မြင်အောင်ကြည့်လျှင် မြင်နိုင်သည်ဟူ၍ပဲ ပြောရလေမလား မသိချေ။ ကျွန်မ၏ မျက်လုံးများထဲတွင်တော့ ထိုပါးကွက်ကြားကြီးများပေါ်ရှိ ချွေးကြောင်းကြီးများသည် သံလွင်မြစ်ကြီးစီးဆင်းနေသယောင်အလား ပသာဒရှိလှပေသည်။ သူမ၏ဘေးတွင်တော့ စာကလေးအကြွပ်ကြော်ခွေရောင်းသည့် ကောင်လေးသည် ပလတ်စတစ်အိတ်ဖြင့် စွပ်၍ချည်ထားသော သူ၏ စာကလေးခွေကြော်များပေါ်ရှိ မိုးရေစက်များကို အပြင်းအထန်ခါချလျက်ရှိကာ ထိုင်ခုံနောက်တန်းက သံတိုင်လေးများကို အပြေးအလွှား ဆုပ်ကိုင်ထားလျက်ရှိပေသည်။ ကားတစ်ချက်ခုန်တိုင်း လွတ်ထွက်သွားလုမတတ်ဖြစ်သော သူ၏လက်များကို ဂရုစိုက်မနေအားဘဲ စာကလေးခွေကြော်များ ကြေမွသွားရတော့မည့်အရေးကိုသာ အာရုံပေးစူးစိုက်နေရသည့် သူ၏ဘ၀ပေးတာဝန်ကိုတော့ ကိုယ့်ကိုယ်ကိုထက်ပင် ကျွန်မ ပိုသနားသွားမိလေသည်။

    မိုးတွေသည်းကာ ပတ်ဝန်းကျင်တစ်ခွင်လုံး မှုန်မှိုင်းနေသည့်အပြင် ကားကလည်း အသက်လုမောင်းနေရသည့်အတွက် ပတ်ဝန်းကျင်မြင်ကွင်းများကတော့ သဲကွဲမနေပါ။ ရိပ်ကနဲရိပ်ကနဲ ကျန်ခဲ့သော အပင်စိမ်းစိမ်းများ၊ လယ်ကွင်းပြင်များ၊ ဘုရားငုတ်တိုလေးများ၊ ဘုန်းကြီးကျောင်းများနှင့် တောင်တန်းငယ်လေးများကတော့ အတော်ကြည့်ကောင်းလှပေသည်။ ခရီးတထောက်နားလိုက်၊ ခရီးသည်များတက်လိုက်ဆင်းလိုက်ဖြင့်ပင် ကားလေးက ခရီးဆက်နေဆဲ…….။ အမှန်တကယ်တမ်းတော့ လူတစ်ယောက်၏ တာဝန်နှင့်ဝတ္တရာများသည် ပျားတစ်ကောင်ကဲ့သို့ပင် ရှုပ်ထွေးများပြားနေပေသည်။ သည်လိုနှင့်ပင် ဘားအံမြို့နားသို့ ရောက်လုရောက်ခင်ဖြစ်သော ကော့ကျိုက်ကျေးရွာလေးသို့ပင် ဆိုက်ရောက်ခဲ့ချေပြီ။ ကော့ကျိုက်ကျေးရွာမှ ဘားအံမြို့သို့ ကားဖြင့်သွားမည်ဆိုလျှင် တစ်ဆယ့်ငါးမိနစ်ခန့်မျှ ကြာမြင့်ပေလိမ့်မည်။ ကော့ကျိုက်ကျေးရွာအရောက် ကျွန်မ၏ ညာဘက်ဘေးခုံတွဲရှိ လူတစ်ယောက်ဆင်းသွားလေသည်။ ထိုသူထသွားတော့ ထိုင်ခုံနေရာအလွတ်လေးတစ်လုံး ကျန်ခဲ့ပေသည်။

    ထိုအချိန်တွင် မတ်တပ်ရပ်စီးသူများထဲမှ လူရွယ်တစ်ယောက်နှင့် အသက်ခပ်ကြီးကြီးလူကြီးတစ်ယောက်တို့သည် ကျန်လူအားလုံးကို နင်းဖြတ်ကျော်လွှားလာကာ ထိုထိုင်ခုံနားသို့ ဒရောသောပါးဖြင့် ပြေးဝင်လာကြပါသည်။ ထိုအချိန်တွင် မထင်မှတ်သည့် ကိစ္စတစ်ခုက ဖြစ်ပွားလာခဲ့လေသည်။ အသက်ခပ်ကြီးကြီးလူကြီးက ထိုင်ခုံလုပွဲတွင် ပန်းဝင်သွားပြီး ၀င်ထိုင်လုဆဲဆဲ ခြေလှမ်းပြင်နေသည်ကို အစောက လူရွယ်က ခြေဖြင့်လှမ်းထိုးလိုက်ရာ ထိုလူကြီးက ဟန်ချက်ပျက်သွားပြီး ရှေ့သို့အနည်းငယ်ယိုင်သွားကာ မှောက်ကျလုမတတ်ဖြစ်သွားလေသည်။ ပြုတ်ကျမသွားဖို့အရေး ကျန်လူများက ၀ိုင်း၍ ဖမ်းဆုပ်ပေးထားကြရပါသည်။ ထိုရှုပ်ထွေးနေသောအခြေအနေကို အခွင့်ကောင်းယူ၍ လူရွယ်က ၀င်ထုင်လိုက်လေသည်။ ထိုအခါ ခပ်အုပ်အုပ်ရယ်သံများ ကားထဲမှ လွင့်ပျံလာပါသည်။ ရယ်သောသူအများအပြားမှာ ထိုင်ခုံနေရာရထားပြီးသူများနှင့် အစောက လူရွယ်လည်း အပါအ၀င်ပင်ဖြစ်လေသည်။

    ကျွန်မကတော့ အတော်ပင် အံ့သြမှင်သက်မိလေသည်။ တစ်ဆယ့်ငါးမိနစ်မျှသော ခရီးအကွာအဝေးသည် အဘယ်မျှရှိမည်ကိုတော့ ကျွန်မ အတိအကျမသိချေ။ သို့သော် တစ်ဆယ့်ငါးမိနစ်မျှသောအချိန်သည် အလွန်တိုတောင်းနေမှန်းတော့ ကျွန်မ သေချာသိပါသည်။ ထိုတိုတောင်းလှသောအချိန်လေးအတွင်းတွင် ထိုင်စရာနေရာမရတော့ကော ဘာအရေးနည်း။ ဘာတွေများနစ်နာဆုံးရှုံးစရာ ရှိနိုင်မည်နည်း……..။

    ကားနှင့်သွားနေရသည့်ခရီးကို “ဘ၀ခရီး” ဟုပြောလျှင် ကားပေါ်မှခရီးသည်များသည်လည်း “ဘ၀ခရီးသည်” များပင်ဖြစ်လေသည်။ သည်လိုဆိုလျှင် ထိုတိုတောင်းလှသော ဘ၀ခရီးအတွက် ထိုင်စရာနေရာတစ်နေရာကို အများသူငါ မှောက်ရက်လဲအောင် ခြေထိုးပြီး ရှာရမည်လား။ ကျွန်မကတော့ သူများအထုပ်ဖြည်ပြပြီးမှ ရလာမည့်နေရာတစ်ခုကို တမ်းမက်ခြင်းမရှိသည်မှာ သေချာလှပေသည်။ ကျွန်မ၏ ဘ၀ခရီးတွင် ခြေစုံချပြီးပဲ မတ်တပ်ရပ်ရရပ်ရ၊ ခြေတစ်ချောင်းထောက်၍ပဲ မတ်တပ်ရပ်ရရပ်ရ၊ ကျွန်မ၏ ဖြစ်တည်မှုအတွက် ရိုးသားစွာရပ်တည်ခွင့်တစ်နေရာကိုပဲ အာသာငမ်းငမ်းလိုချင်နေမိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် ဘ၀ခရီးကို တစ်ဆယ့်ငါးမိနစ်ခန့်မျှသာ သွားရသော ခရီးတိုတစ်ခုဟုပင် ယူဆနေမိသောကြောင့် ဖြစ်လေသည်။

    Khalay

  • ဆွေးနွေးခြင်း အနုပညာ

    ဇူလိုင်-၂၁ ၂၀၁၁
    M-Media
    ဆောင်းပါးရှင်-သန်းမင်းထိုက်(မြန်မာစာ)

    နိဒါန်း

    “ဆွေးနွေးခြင်း”ကို အနုပညာဟု ကျွန်တော်က ဆိုချင်သည်။ အများသဘောကိုတော့ မပြောတတ်။ လက်မခံသဖြင့် အကြောက်အကန် ကန့်ကွက်မည့်သူရှိလျှင်လည်း ဖြေရှင်းရန် ကျွန်တော် ကြိုးစားအားထုတ်မည်မဟုတ်ပါ။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်သည်ပင် ဆွေးနွေးခြင်း၏ အခြေခံမူတစ်ရပ် ဖြစ်သည်။

    ပြောသာပြောရသည်။ ဆွေးနွေးပွဲနှင့်တူသော ဆွေးနွေးပွဲမျိုး ကျွန်တော်တို့လောကမှာ အလွန်ရှားသည်။ “ဆွေးနွေးခြင်း”ဆိုင်ရာ အခြေခံ သဘောတရာများနှင့်အညီ အောင်မြင်ပြီးမြောက် လိုရင်းရောက်သော ဆွေးနွေးပွဲမျိုး ကျွန်တော်တို့လောကမှာ အလွန်ရှားသည်။

    ပရိသတ်ကဆွေးနွေးပွဲကိုချစ်သည်။ ”ဆွေးနွေးပွဲဟေ့”ဆိုလျှင်သွေးကြွ၍ နေတတ်သည်။ အင်္ကျီလက် တစ်မမဖြစ်၍ နေတတ် သည်။ လက်သီးလက်မောင်းတန်း၍ နေတတ်သည်။ ဦးဆောင်ဆွေးနွေးမည့်ဆရာကို အလဲထိုးအမှောက်ဆော်နိုင်မည့် မေးခွန်းများနှင့် စကားလုံးများကို ကြိုတင်ပြင်ဆင်ထားကြသည်။

    ဆွေးနွေးပွဲ = လက်ဝှေ့ပွဲ ———–ဟု ထင်နေပုံရ၏။ (more…)

  • HIV/AIDS၊ မွတ်စ်လင်မ် နဲ့ မြန်မာနိုင်ငံ

    ၁၉၈၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ AIDS ရောဂါကြောင့် ကမ္ဘာပေါ်မှာ သေဆုံးသူဦးရေဟာ အခုဆိုရင် ၂၅ သန်းကျော်သွားပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပိုးကူးစက်ခံရသူဦးရေဟာ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၀.၆% ရှိပါတယ်။ HIV/AIDS ဟာ သာမန် ဆေးပညာဆိုင်ရာ ရောဂါတစ်ခုထက် ပိုတယ်လို့ ဆေးပညာရှင်တွေက ဆိုကြပါတယ်။ ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ အသိကြောင့် ရောဂါ ကူးစက်ခံရသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမြင့်မားတတ်ကြပါတယ်။ အဲဒါကြောင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံအများစု HIV/AIDS ကာကွယ်တားဆီးရေးနဲ့ ရောဂါပိုးကူးစက်ခံရသူတွေကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လာကြပါတယ်။

    HIV ပိုးဟာ လူမျိုး၊ ဘာသာ၊ နေရာအစွဲမထားတတ်တာမို့ ဒီရောဂါဟာ မွတ်စ်လင်မ်နိုင်ငံနဲ့ အသိုင်းအ၀ိုင်းတွေကြားမှာလဲ လျစ်လျူရှုထားလို့မရတဲ့ ကိစ္စတစ်ခုဖြစ်လာပါပြီ။ နိုင်ဂျီးရီးယားနဲ့ အီသီယိုပီးယားတို့လို မွတ်စ်လင်မ်လူဦးရေ ၅၀%  အထက်ရှိတဲ့ နိုင်ငံတွေမှာ HIV ကူးစက်မှုနှုန်းဟာ နိုင်ငံလူဦးရေရဲ့ ၈-၁၀% ရှိပါတယ်။ တစ်ချိန်လုံး HIV ကင်းစင်ပါတယ်လို့ ဆိုခဲ့တဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာ ၂၀၀၆ ခုနှစ်မှာ နိုင်ငံအတွင်း HIV ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိကြောင်း ကြေငြာခဲ့ပါတယ်။ တစ်ချိန်က HIV ရောဂါဟာ၊ အထူးသဖြင့် လိင်မှုဆိုင်ရာကိစ္စနဲ့ ဆက်စပ်မှုရှိတာကြောင့်၊ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းမှာ လက်သင့်မခံနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်က တခြားနေရာတွေမှာ အသုံးပြုနေတဲ့ HIV/AIDS ပညာပေးနည်းစနစ်တွေဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှာ ထိရောက်မှုမရှိဖြစ်ခဲ့ရပါတယ်။

    အစောပိုင်းကာလတွေက အဲဒီလို အသိပေး၊ ပညာပေးမှုတွေ လုပ်နေတဲ့ကြားက HIV ပိုးရှိကြောင်းတွေ့ရှိတဲ့ သားဖြစ်သူကို မိသားစု သတိမေ့မျောတဲ့ထိ ရိုက်နှက်ပြီး အိမ်ကနေ မောင်းထုတ်တာ၊ ခင်ပွန်းသည်ကြောင့် ရောဂါကူးစက်ခံရတဲ့ အမျိုးသမီးကို အသိုင်းအ၀ိုင်းက သပိတ်မှောက်ပြီး နေရပ်ကနေ မောင်းထုတ်တာစတဲ့ ပြဿနာတွေကို မွတ်စ်လင်မ်လူမှုအဖွဲ့အစည်းတွေ၊ အထူးသဖြင့် အာဖရိက မွတ်စ်လင်မ်နိုင်ငံတွေမှာ ကြုံခဲ့ရပါတယ်။

    အဲဒါကြောင့် မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွင်းမှာ HIV/AIDS ဆိုင်ရာ အသိပညာပေးရေးအစီအစဉ် အတွက် နည်းလမ်းအသစ်တွေ လိုအပ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ အစ္စလာမ် သာသနာ့ပညာရှင်တွေနဲ့ ဘာသာရေးအဖွဲ့အစည်းကို ဦးဆောင်နေရာပေးပြီး ကြိုးပမ်းနိုင်ခဲ့တာကြောင့် အခုဆိုရင် ကမ္ဘာ့မွတ်စ်လင်မ် အသိုင်းအ၀ိုင်း တော်တော်များများကြားမှာ အဲဒီလို မလိုလားအပ်တဲ့ ပြဿနာတွေကို ကျော်လွှားလာနိုင်ပါပြီ။

    မွတ်စ်လင်မ် နိုင်ငံတော်တော်များမှာ အဲဒီလို ဘာသာရေးဆိုင်ရာဦးဆောင်ပုဂ္ဂိုလ်တွေကို ၁၉၉၀ ခုနှစ်စောပိုင်းကာလတွေကတည်းက ပညာပေးအစီအစဉ်တွေ၊ အသိပေးလှုံ့ဆောင်မှု (Advocacy) တွေ လုပ်ထားကြတာကို တွေ့ရပါတယ်။

    ယူဂန်ဒါနိုင်ငံမှာ Islamic Medical Association of Uganda (IMAU) အဖွဲ့က ကုရ်အာန်၊ ဟဒီးစ်တွေနဲ့ ကိုက်ညီတဲ့ HIV ပညာပေးအစီအစဉ်တစ်ရပ် စတင်ဖို့  ၁၉၈၀ နှောင်းပိုင်း ကာလတွေမှာ စတင်ကြိုးစားခဲ့ပါတယ်။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှာ သြဇာအထိရောက်ဆုံးဆိုတာကို တွေ့ရှိပြီးတဲ့နောက် IMAU က ရှေ့ဆောင်ဆရာ (အီမာမ်) တွေကို စုစည်းပြီး HIV ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲ ကာလအတွင်းမှာ HIV ဆိုင်ရာ အချက်အလက်တွေကို သိပ္ပံနည်းကျ နားလည်လာပြီးတဲ့နောက် ယူဂန်ဒါနိုင်ငံရဲ့ ဓမ္မသတ်မှူးချုပ်က AIDS ဆန့်ကျင်ရေးဂျီဟဒ် (Jihad on AIDS) အဖြစ် ကြေငြာခဲ့ပါတယ်။ အဲဒီအချက်ဟာ “အီမာမ်များဦးဆောင်သော မိသားစု AIDS ပညာရေးနှင့် ကာကွယ်ရေးအစီအစဉ်´´ (Family AIDS Education and Prevention through Imams – FAEPTI) ကို အကောင်အထည်ဖော်ဖို့ IMAU အတွက် အဓိက အထောက်အကူပြုခဲ့ပါတယ်။

    အဲဒီနောက် အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အီမာမ်တွေကို လူထုကြား ကျန်းမာရေးပညာပေး လုပ်ငန်းတွေမှာ ပါဝင်စေခဲ့ပါတယ်။ သောကြာနေ့တရားပွဲနဲ့ တခြားလူစည်ကားတဲ့နေရာတွေမှာ အဲဒီ အီမာမ်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။ အဓိကကတော့ ဝေဒနာသည်တွေရဲ့ အိမ်တွေကို သွားပြီး ၀တ်ပြုဆုတောင်း၊ ဒိုအာလုပ်ပေးတာ၊ ဝေဒနာသည်တွေကို အားပေးစကားပြောတာတွေကို လုပ်ကြပါတယ်။ အီမာမ်တွေကိုယ်တိုင်ဦးဆောင်တဲ့အတွက် ပတ်ဝန်းကျင်ကလည်း ဝေဒနာသည်တွေကို ပစ်ပယ်ထားတဲ့ အခြေအနေကနေ ပုံမှန်အတိုင်းဆက်ဆံမြဲဆက်ဆံပြီး လိုအပ်ရင် ဖေးမကူညီတဲ့ အခြေအနေကို ရောက်လာတယ်ပေါ့လေ။ ကက်ရှ်မီးယားမှာ HIV/AIDS ပညာပေးလုပ်တဲ့ အဖွဲ့အစည်းတစ်ခုကလည်း တခြားနည်းလမ်းတွေ (IEC၊ ရေဒီယို၊ တယ်လီဗေးရှင်း၊ ဟောပြောပွဲ စသဖြင့်) အသုံးချပြီးတဲ့နောက်ဆုံး ဘာသာရေးပညာရှင်တွေကို အသုံးပြုတာက အထိရောက်ဆုံးဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

    ဆိုတော့..ဒီစီမံကိန်းဟာ ထိရောက်မှုရှိတဲ့အတွက်ကြောင့် UNAIDS အဖွဲ့က မွတ်စ်လင်မ်အသိုင်းအ၀ိုင်းတွင်း HIV/AIDS ပညာပေးလုပ်ငန်းအစီအစဉ်မှာ အကောင်းဆုံးစံစီမံကိန်းအဖြစ် သတ်မှတ်ခံရပါတယ်။ အခုနောက်ပိုင်း မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွင်း HIV/AIDS အစီအစဉ်တွေနဲ့ ပတ်သက်ရင် မွတ်စ်လင်မ်နိုင်ငံတွေကရော၊ မွတ်စ်လင်မ်နိုင်ငံမဟုတ်တဲ့နိုင်ငံတွေကပါ ဒီပုံစံ (Model) ကို စံထား အသုံးပြုလာကြပါတယ်။ ပါကစ္စတန်နိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံနဲ့ အီသီယိုပီယားနိုင်ငံအပါအ၀င် တခြားကမ္ဘာ့မွတ်စ်လင်မ်နိုင်ငံအများစုက HIV/AIDS အပေါ်ဂျီဟဒ် ကြေငြာခဲ့ပါတယ်။

    ဒါ့အပြင် IMAU က ကြီးမှူးပြီးတော့ နိုင်ငံတကာ HIV/AIDS ဆိုင်ရာ မွတ်စ်လင်မ် ဘာသာရေးခေါင်းဆောင်များတိုင်ပင် ဆွေးနွေးပွဲ သုံးခုကို ကမ်ပါလာ (ယူဂန်ဒါ) မှာ ၂၀၀၁ ခုနှစ်၊ ကွာလာလမ်ပူ (မလေးရှာ) မှာ ၂၀၀၃ ခုနှစ်နဲ့ အက်ဒစ်အဘာဘာ (အီသီယိုပီးယား) မှာ ၂၀၀၇ ခုနှစ်တို့မှာ ကျင်းပခဲ့ပါတယ်။

    အဲဒီတိုင်ပင်ဆွေးနွေးပွဲတွေကနေ အစ္စလာမ့်နည်းကျ HIV/AIDS ပြဿနာ ချဉ်းကပ်နည်း လုပ်ငန်းခွင်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် (Operational Definition of the Islamic Approach to HIV/AIDS) တစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာလည်း ၁၉၉၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာရေးပညာရှင်များ HIV/AIDS ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပပြီး အလားတူ မူဘောင် တစ်ခုကို ရေးဆွဲထားပါတယ်။

    အဲဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ မူဘောင်တွေမှာ အဓိကပါဝင်တာကတော့ ရောဂါသည်တွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးဖို့ပါ။ ရောဂါသည်တွေကို ပုံမှန်ဆက်ဆံဖို့၊ အားပေးကူညီဖို့၊ အစ္စလာမ့်ထုံးတမ်းဓလေ့တွေကို သာမန်လူတွေအတိုင်း ကျင့်သုံးနိုင်ဖို့ (ဥပမာ – ထိမ်းမြားလက်ထပ်ခြင်း၊ ကလေးငယ်များ အရေပြားလှီးဖြတ်ခြင်း၊ အသုဘအခမ်းအနားစသဖြင့်)၊ လင်မယားကွာရှင်းမှုဆိုင်ရာ (ဖသ်ဝါ) ဥပဒေများ ကြေငြာခြင်း စတာတွေ ပါဝင်ပါတယ်။

    တစ်ဖက်မှာ ကမ္ဘာပေါ်မှာ ဒီလို စနစ်တကျ အကောင်အထည်ဖော်နေတာတွေရှိရဲ့နဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဒီကိစ္စက ဘာသာရေးဆရာတွေ ကြားမှာ အခုထိ စိမ်းနေသေးတာက အနည်းငယ် ထူးဆန်းနေပါတယ်။

    ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီရောဂါဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းကြားမှာ ကူးစက်ပြန့်ပွားနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကံအကြောင်းမလှစွာပဲ ကူးစက်ခံရသူတွေဟာ တခြားနိုင်ငံ၊ ဒေသတွေက မွတ်စ်လင်မ်တွေလို အခွင့်အရေးမရရုံမက အနှိမ်ခံ၊ အပယ်ခံ ဘ၀ကို ရောက်ပြီး အခြေအနေ ဆိုးသထက်ဆိုးသွားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်၊ HIV ဆိုင်ရာ အသိချို့တဲ့ချိန်က အာဖရိကတိုက်မှာ ကြုံခဲ့ရတာမျိုး ကျွန်တော်တို့ ကြုံနေရပါတယ်။

    အဲဒီအချက်တွေကြောင့် HIV/AIDS လုပ်ငန်းနဲ့ဆက်စပ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြတဲ့ မွတ်စ်လင်မ် လူငယ်တွေဟာ မွတ်စ်လင်မ် ဝေဒနာသည်တွေ တွေ့တဲ့အခါမှာ ထိထိရောက်ရောက် ဆက်လက်ကူညီဖို့ အခက်အခဲတွေ့ရပါတယ်။ တခြား ဘာသာဝင်တွေအတွက် ဘာသာရေးဆိုင်ရာအစီအစဉ်တွေနဲ့ ကူညီအားပေးနေတဲ့အချိန်မှာ ကိုယ့်မွတ်စ်လင်မ်တွေကတော့ ဘာသာရေးအသိုင်းအ၀ိုင်းက ပစ်ပယ်ခြင်းခံနေရတာကို ကြုံရတာကြောင့် စိတ်ပျက်ညည်းညူသံတွေကိုလည်း ကြားရပါတယ်။ လူငယ်တွေ၊ HIV/AIDS ဆိုင်ရာ ပညာရှင်တွေဟာ အတွေးအခေါ်၊ အတွေ့အကြုံတွေရှိပေမယ့် အဲဒီလို ဘာသာရေးအသိုင်းအ၀ိုင်းက ပွင့်လင်းစွာ လက်မခံမှုကြောင့် ရှေ့ဆက်လုပ်ငန်းဆောင်ရွက်ဖို့ နှောင့်နှေးရပါတယ်။ ဒါပေမယ့် တဖက်မှာ မနှောင့်နှေးပဲ အရှိန်နဲ့ဆက်သွားနေတာက HIV/AIDS ရောဂါသည်တွေရဲ့ ဝေဒနာပါ။ ခင်ပွန်းသည်ကြောင့် ရောဂါပိုးကူးစက်ခံရသူအမျိုးသမီးတွေ၊ မိဘက တဆင့် ကူးဆက်ခံရတဲ့ ရင်သွေးငယ်လေးတွေ၊ ဆေးထိုးအပ်က ကူးစက်ခံရသူတွေ၊ ဘ၀ကို ရိုးရှင်းစွာဖြတ်သန်းနေလျှက်က ဘာကြောင့်မှန်း မသိဘဲ ကူးစက်ခံရသူတွေ…အများစုဟာ မိမိကိုယ်တိုင်ကြောင့် မဟုတ်ဘဲ ရောဂါပိုး ကူးစက်ခံရသူတွေပါ။ ကျွန်တော်တို့ရဲ့ အတ္တတွေကြောင့် သူတို့၊ သူတို့တွေ၊ ကိုယ့်ရဲ့ မွတ်စ်လင်မ်သွေးသားတွေ ဝေဒနာပေါ် ဝေဒနာဆင့်ခံစားရမယ်ဆိုရင်…ဒါဟာ..အလ္လာဟ်အရှင်မြတ်နဲ့ အလ္လာ့ဟ်ရဲ့ တမန်တော်က လိုလားတဲ့ အစ္စလာမ်အသိုင်းအ၀ိုင်းလို့ ပြောဖို့ ခက်သွားပါလိမ့်မယ်။

    သာသနာ့ပညာရှင်တွေဟာ သာသနာ့အလံကို ကိုင်ဆောင်ထားသူတွေဖြစ်တယ်ဆိုတဲ့အတိုင်း အဲဒီ ကိစ္စကို အထိရောက်ဆုံး ဦးဆောင်ဖြေရှင်းပေးနိုင်တာကတော့ သာသနာ့ဦးဆောင်ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာလိုပဲ သာသနာ့ပညာရှင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ ဒီလုပ်ငန်းမှာ တက်ကြွစွာ ပါဝင်လာမယ်ဆိုရင် အဲဒီဝေဒနာသည်လေးတွေရဲ့ ဘ၀တွေ တဖန်ပြန် လန်းဆန်းလာပါလိမ့်မယ်။ ငြိမ်းချမ်းတဲ့ သာသနာရဲ့ ရင်ခွင်မှာ အေးမြတဲ့ ဘ၀တွေကို ပြန်လည် ပိုင်ဆိုင်နိုင်လာပါလိမ့်မယ်။

    ဘာပဲဖြစ်ဖြစ်..ကျွန်တော်တို့ နောက်မကျသေးပါဘူး။ ကောင်းတဲ့ လုပ်ငန်းတွေအတွက် ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး…..

    ကိုဇော်ထက် စီစဉ်တင်ပြသည်။