News @ M-Media

Blog

  • မလေးရှားနိုင်ငံ ကဒါးဟ်ပြည်နယ် အလ်ဘူလ်ခါရီ နိုင်ငံတကာ တက္ကသိုလ် (AIU)၏ ပညာတော်သင်ဆု

    မလေးရှားနိုင်ငံ ကဒါးဟ်ပြည်နယ် အလ်ဘူလ်ခါရီ နိုင်ငံတကာ တက္ကသိုလ် (AIU)၏ ၂၀၁၁ စက်တင်ဘာ တွင်ဖွင့်မည့် တက္ကသိုလ်အကြိုသင်တန်းအတွက် မြန်မာကျောင်းသား ၁၀ယောက်အား ပညာသင်ဆု ပေးမည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါသည်။

    ဤတက္ကသိုလ်သည် အဆင့်မြင့် တက္ကသိုလ် ပညာကို သင်ကြားရန် အကြောင်းကြောင်းကြောင့် အခွင့်မသာသော လူငယ်များအတွက် ဖွင့်လှစ်ထားသော ကုသိုလ်ဖြစ် တက္ကသိုလ် ဖြစ်ပါသည်

    AIU တက္ကသိုလ် တည်ထောင်သူ၏ ရည်ရွယ်ချက်မှာ နောင်တစ်ချိန်တွင် မိမိတို့ကဲ့သို့ ပညာသင်ကြားရန် အခွင့်အလမ်း နည်းပါးသော သူများကို ပြန်လည်ကူညီလိုစိတ်ရှိသည့် အောင်မြင်သော ပညာတတ်များကို မွေးထုတ်ပေးရန် ဖြစ်သည်။

    ဤပညာသင်ဆုသည် ကျောင်းလခ၊ လစဉ် အသုံးစရိတ်၊ အစားအသောက်၊ နေထိုင်မှု၊ ကျောင်းဝတ်စုံ၊ အာမခံ နှင့် ဆေးကုသစရိတ်တို့ကို ကျခံပေးမည် ဖြစ်ပါသည်။ ရွေးချယ်ခံရသော ကျောင်းသားများသည် နောင်တစ်ချိန်တွင် မိမိတို့၏ လူမျိုးစု ပါတ်ဝန်းကျင်အတွက် ပညာတတ် ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

    ဤတက္ကသိုလ် အကြိုသင်တန်းသည် အချိန်အားဖြင့် ၁၂လ ကြာမြင့်မည် ဖြစ်ပြီး အဓိကအားဖြင့် အောက်ပါ အခြေခံ စွမ်းရည် ၅ခုကို အဓိကထား သင်ကြားပေးမည် ဖြစ်သည်။

    ၁။ သင်ကြားမှုနှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်

    ၂။ စကားပြော ဆက်ဆံနိုင်မှု အရည်အချင်း

    ၃။ သတင်း သိပ္ပံ (ကွန်ပျူတာ) ပညာရပ်

    ၄။ သချာင်္ နှင့်

    ၅။ အင်္ဂလိပ်ဘာသာရပ်တို့ကို သင်ကြားပေးမည် ဖြစ်ပါသည်။ ဤအကြိုသင်တန်းကို အောင်မြင်သည့် ကျောင်းသားများသည် AIUတက္ကသိုလ် သို့ တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်ပြီး အောက်ပါ ဘာသာရပ်များမှ နှစ်သက်ရာတစ်ခုကို ဆက်လက် ဆည်းပူခွင့်ရမည်ဖြစ်သည်။

    1. Bachelor in Computer Science (Networking) ကွန်ပျူတာ သိပ္ပံဘွဲ့ (ကွန်ယက် နည်းပညာ)
    2. Bachelor in Computer Science (Software Engineering) ကွန်ပျူတာ သိပ္ပံဘွဲ့ (ဆော့ဖ်ဝဲ)
    3. Bachelor in Business Administration (စီးပွားရေးနှင့် စီမံခံ့ခွဲရေး)
    4. Bachelor in Accounting (စာရင်းအင်းပညာ)

    ပညာသင်ဆု လျှောက်ထားသူများသည် အနည်းဆုံး GCE O-level/SPM စာမေးပွဲကို သချာင်္နှင့် အင်္ဂလိပ်အပါအဝင် အနည်းဆုံး ၅ဘာသာ ဖြင့် အောင်မြင်ထားရမည်ဖြစ်သည်။ GCE A-level/STPM/Grade 12 ပြီးသော ကျောင်းသားများကို ပို၍ အလေးထား စဉ်းစားပေးပါမည်။

    ဤတက္ကသိုလ် အကြိုသင်တန်းသည် အင်္ဂလိပ်လို သင်မှာ ဖြစ်တဲ့အတွက် ကျောင်းမတက်မှီ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမည်။ IELTS 4.5 သို့မဟုတ် TOEFL 500မှတ် ရထားသောသူများကတော့ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန် မလိုအပ်ပါ။

    လျှောက်ထားလိုသူသည် အသက်၂၂ နှစ်အောက်ဖြစ်ပြီး အိမ်ထောင်မရှိသေးသူ ဖြစ်ရပါမည်။ တက္ကသိုလ်ပညာသင်ကြားရန် အခွင့်မသာသော မိသားစုမျိုးမှ ကျောင်းသားများကို ဦးစားပေးပါမည်။ ပညာသင်ဆုကို လူမှုရေးလှုပ်ရှားမှုများ (၂၀%)၊ ပညာအရည်အချင်း (၄၀%)၊ ငွေကြေးမတတ်နိုင်မှု (၄၀%) အပေါ်မူတည်၍ ရွေးချယ်သွားမည် ဖြစ်ပါသည်။

    လျှောက်ထားလိုသူ ကျောင်းသားများသည် (http://www.aiu.edu.my/download.html) မှ ဖောင်ကို ဒေါင်းလုတ်ယူ၍ ဖြည့်ပြီးလျှင် အောက်ပါစာရွက်စာတမ်းများနှင့်တကွ အောက်ဆုံးတွင် ဖော်ပြထားသော လိပ်စာကို လိပ်မူ၍ မေလ ၃၁ ရက်မတိုင်ခင် ပေးပို့ရမည် ဖြစ်သည်။

    ၁။ နိုင်ငံသားမှတ်ပုံတင် (သို့) ပါတ်ပို့ မိတ္တူ

    ၂။ ၁၀တန်းအောင်လက်မှတ်မိတ္တူ

    ၃။ ထောက်ခံစာ ၂စောင် (ချိတ်ပိတ်ထားသော စာအိတ်ဖြင့်)

    ၄။ လတ်တလော ရိုက်ကူးထားသော ပါတ်ပို့ဓါတ်ပုံ လေးပုံ (အရောင်နှင့်)

    ၅။ သင်၏ အိမ် အတွင်းနှင့် အပြင်၏ ဓါတ်ပုံ

    ၆။ IELTS သို့ TOEFL အမှတ်စာရင်းစာရွက်

    ၇။ မိဘ၏ လစာစာရွက် (သုံးလအတွင်း)

    ၈။ အခြား စာရွက်စာတမ်းများ (မိဘတစ်ဦးဦး မရှိတော့ပါက သေစာရင်း စာရွက်၊ လူမှုရေး လှုပ်ရှားမှုများမှ ရရှိထားသော ဂုဏ်ပြုလွှာ၊ စသဖြင့်)

    ၉။ အခြား ထောက်ပံ့မည့် အဖွဲ့အစည်းများရှိလျှင် ထောက်ခံချက် တွဲပို့ရန်

    ပို့ရမည့် လိပ်စာ

    To/

    Dr. Syamsul A. Muhammad
    Associate Registrar
    Albukhary International University,
    Jalan Tun Abdul Razak
    054200 Kedah, Malaysia

    Tel : +604 7747 312
    Fax: +604 7747 310

    Email: [email protected]


    ဤပညာသင်ဆုအတွက် သင့်တော်မည့် ကျောင်းသားများဆီသို့ ဤအချက်အလက်များကို ဝေမျှပေးစေလိုပါသည်။

    ဖြည့်စွက်ချက်များ

    • ဒီနေရာမှာ နည်းနည်း ရှင်းပြလိုတာကတော့ GCE O-level/SPM ဆိုတာ မြန်မာနိုင်ငံရဲ့ ၁၀တန်း စာမေးပွဲနဲ့ တူပါတယ်။ မြန်မာပြည်မှာတော့ ဘာသာရပ် ရွေးလို့မရတဲ့အတွက် ခြောက်ဘာသာ သင်ရပါတယ်။ ၁၀တန်း စာမေးပွဲ အောင်ထားတဲ့ ကျောင်းသားအားလုံး လျှောက်လို့ရပါတယ်။ တက္ကသိုလ် စတက်နေတဲ့ ကျောင်းသားများလည်း လျှောက်ခွင့်ရှိပါတယ်။
    • အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ မဖြေရသေးရင်လည်း စိတ်ပူစရာမလိုပါဘူး။ လျှောက်လို့ရပါတယ်။ ကျောင်းရောက်ရင် အင်္ဂလိပ် အရည်အချင်းစစ် စာမေးပွဲ ပြန်ဖြေရပြီး အင်္ဂလိပ်စာ ပြန်သင်ပေးမှာ ဖြစ်ပါတယ်။
    • ထောက်ခံစာ ၂စောင်ဆိုတဲ့နေရာမှာ မိမိ အထက်တန်းတုန်းက ဆရာဖြစ်ဖြစ်၊ လက်ရှိ တက္ကသိုလ်က ဆရာ၊ အစ္စလာမ်အဖွဲ့အစည်းတွေထဲက လူကြီး တစ်ဦးဦး ဖြစ်ဖြစ် ရပါတယ်။
  • ဘာကြောင့်မုစ်စလင်မ်ကမ္ဘာ အင်အားချည့်နဲ့ကျဆင်းနေသလဲ

    ကမ္ဘာတစ်ခုလုံးတွင်မုစ်စလင်မ် လူဦးရေသန်းပေါင်း ၁၅၀၀ကျော်ရှိနေသည်။ အာရှတိုက်တွင် သန်း ၁၀၀၀၊ အာဖရိကတွင် သန်း ၄၀၀၊ ဥရောပတွင် ၄၄ သန်း၊အမေရိကတွင် ၇ သန်း ကျော်နေထိုင်လျက်ရှိသည်။ကမ္ဘာ့လူဦးရေ အရ လူငါးဦးလျှင် မုစ်စလင်မ် တစ်ဦးဖြစ်သည်။ စဉ်းစားစရာကဤမျှများပြား နေသော်လည်း အဘယ်ကြောင့် အင်အားချည့်နဲ့ကျဆင်း နေရသနည်း။

    ပညာရှင်တို့စစ်တမ်းကောက်ကြည့်သည်။အကြောင်းက ရှင်းနေသည်။ IOC ကမ္ဘာ့မုစ်စလင်မ် အဖွဲ့အစည်းတွင် မုစ်စလင်မ်နိုင်ငံ ၅၇နိုင်ငံရှိသည်။ ထိုမုစ်စလင်မ် နိုင်ငံများအားလုံးတွင်တက္ကသိုလ် စုစုပေါင်း ၅၀၀ သာရှိသည်။ မုစ်စလင်မ်လူဦးရေနှင့်တက္ကသိုလ်အရေအတွကိကိန်းချကြည့်လျှင် မုစ်စလင်မ် သိန်းသုံးဆယ်အတွက် တက္ကသိုလ်တစ်ကျောင်းနှုန်း ဖြစ်သည်။ အခြားဘက်ကိုကြည့်ပါက အမေရိကန်တွင် တက္ကသိုလ်ပေါင်း ၅၇၅၈ ကျောင်းရှိနေသည်။

    ၂၀၀၄ ခုနှစ်၌ ရှန်ဂိုင်ဂျိယာဒွန်ဂ် တက္ကသိုလ်ကြီးက တစ်ကမ္ဘာလုံးရှိ တက္ကသိုလ်များအနက် ထူးခြားသောအရည်အသွေးနှင့် အဆင့်အတန်း ပြည့်မီသည့် တက္ကသိုလ်များအား ရွေးချယ်စိစစ်လိုက်သည့်အခါ ပထမတန်းစားအဆင့်ရှိ တက္ကသိုလ် ၅၀၀ ထွက်လာသည်။ ထိုတက္ကသိုလ် ၅၀၀ တွင်မုစ်စလင်မ် နိုင်ငံများမှ တက္ကသိုလ်တစ်ခုမျှမပါ။

    ကုလသမဂ္ဂ UNDP အဖွဲ့၏စစ်တမ်းကောက်ယူချက်အရ အီစာအီကမ္ဘာတစ်ခုလုံး၌ စာတတ်မြောက်သူဦးရေမှာ ၉၀% ဖြစ်သည်။ စာတတ်မြောက်မှု ၁၀၀%ရှိသည့် အီစာအီနိုင်ငံမှာ ၁၅ နိုင်ငံပင်ရှိသည်။
    အထက်ပါဆန်းစစ်ချက်များအရ မုစ်စလင်မ် ကမ္ဘာ၏အသိပညာနိုးကြားရေးနှင့် အသုံးချနိုင်သည့်အရည်အချင်းမှာ အလွန်ပင်လျော့နည်းနေကြောင်းထင်းကနဲ မြင်သာသည်။ အသိပညာပြန့်ပွားရေးအတွက်မုစ်စလင်မ်များမည်မျှလုပ်ဆောင်နေသည်ကိုလည်း အောက်ပါအချက်နှစ်ချက်ဖြင့် လေ့လာဆန်းစစ်နိုင်သည်။

    ပါကစ္စတန်နိုင်ငံတွင်နေ့စဉ် သတင်းစာမှာလူတစ်ထောင်လျှင် ၂၃ စောင်နှုန်းဖြန့်ချိလျက်ရှိသည်။ စင်္ကာပူနိုင်ငံတွင် လူတစ်ထောင်လျှင် နေ့စဉ်သတင်းစာ၃၆၀ နှုန်းဖြင့်ဖြန့်ချိလျက်ရှိသည်။ ဗြိတိန်နိုင်ငံတွင်လူတစ်ထောင်လျှင်စာအုပ်၂၀၀၀ နှုန်းဖြန့်ချိလျက်ရှိသည်။ အီဂျစ်နိုင်ငံတွင်လူတစ်သန်းလျှင် စာအုပ် ၂၀နှုန်းသာဖြန့်ချိလျက်ရှိသည်။

    မုစ်စလင်မ် ကမ္ဘာတွင်အသိပညာဖြန့်ဝေမှုနှုန်းကျဆင်းနေကြောင်းအဖြေထွက်လာသည်။ နည်းပညာအသုံးချမှုနိုင်မှုကိုဤသို့လည်းဆန်းစစ်နိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ (Export) ပို့ကုန်များတွင်အဆင့်မြင့်နည်းပညာ အသုံးပြုထားသည့်ထုတ်ကုန်မည်မျှတင်ပို့နိုင်သည်ကို ယှဉ်တွဲကြည့်ကြပါစို့။ ပါကစ္စတန်နိုင်ငံ၏ပို့ကုန်များတွင် အဆင့်မြင့်နည်းပညာအသုံးပြုထားသည့်ပို့ကုန်မှာ ၁% သာရှိသည်။ ထိုနည်းတူစွာ ဆော်ဒီအာရေဗျနိုင်ငံတွင် ၀.၃% သာရှိသည်။ ကူဝိတ်၊မော်ရိုကို ၊အလ်ဂျီးရီးယားနိုင်ငံများတွင်လည်း ၀.၃% သာရှိသည်။ သို့သော်စင်ကာပူနိုင်ငံတွင် ၅၈% ရှိသည်။

    မုစ်စလင်မ်ကမ္ဘာ တွင်အသိပညာကိုလက်တွေ့အသုံးချနိုင်မှုဆုံးရှုံးနေကြောင်း အဖြေထွက်လာသည်။ယနေ့ မုစ်စလင်မ်ကမ္ဘာသည် အဘယ်ကြောင့် အင်အားချည့်နဲ့နေရသနည်းဟုမေးလာလျှင် “အချင်းချင်းအသိပညာ၊ အတတ်ပညာများ ကိုမပေးဝေ မဖြန့်ချိနိုင်သည့်အတွက်ကြောင့်ဖြစ်သည် ” ဟုသာဖြေရမည်။ယနေ့ မုစ်စလင်မ်ကမ္ဘာ သည်အဘယ်ကြောင့်တန်ဖိုးကျဆင်းနေရသနည်းဟုမေးလာလျှင် ” ခေတ်မီနည်းပညာများကိုအသုံးမပြုနိုင်သည့်အတွက်ကြောင့်ဖြစ်သည်” ဟုသာဖြေရမည်။ အနာဂတ်ကာလ၏ ဖွံ့ဖြိုးတိုးတက်မှုမှာနည်းပညာအဆင့်အတန်းမြင့်မားသူများအတွက်သာဖြစ်ပါသည်။

    အချုပ်မှာယနေ့မုစ်စလင်မ် ကမ္ဘာအင်အားချည့်နဲ့နေရခြင်းမှာ ပညာနည်းသည့်အတွက်ကြောင့်ဖြစ်သည်ဟုသာ အဖြေထွက်သည်။

    ဒေါက်တာ ဖရပ်ခ်စလင်မ်၏ လေ့လာဆန်းစစ်ချက်ကို မော်လနာ ကာရီ ရဟ်မသွလ္လာဟ်-ပြင်ခရိုင် (အဇီဇီ) မှဆီလျော်အောင်ပြန်ဆိုသည်။

    အလ်မီဇားန် အစ္စလာမ့်သတင်းနှင့်နည်းပညာမဂ္ဂဇင်းမှ ကောက်နုတ်တင်ပြသည်။

  • အိုစမာဘင်လာဒင်၏ ရုပ်အလောင်းဓာတ်ပုံ အတု ဖြစ်နေ

    ဘင်လာဒင်မူရင်းပုံ၊ ရုပ်အလောင်းပုံတစ်ပုံ၊ ပေါင်းပြီးပြုပြင်ထားသည့်ပုံ

    အိုစမာဘင်လာဒင် ရုပ်အလောင်းဓာတ်ပုံကို ပါကစ္စတန် ရုပ်သံတစ်ခုက ထုတ်လွှင့်ခဲ့ရာ ဗြိတိန် သတင်းဝက်ဘ်ဆိုက်များက ကူးယူဖော်ပြခဲ့သော ယင်းဓာတ်ပုံသည် အင်တာနက်တွင် ပျံ့နှံ့နေသည်မှာ နှစ်နှစ်ခန့် ရှိနေပြီး ဘင်လာဒင် ရုပ်ဓာတ်ပုံ အစစ် မဟုတ်ပေ။

    နောက်ဆုံးပေါ်ထွက်ခဲ့သော သူ၏ ဓာတ်ပုံတွင် မုတ်ဆိတ်များ ဖြူနေခဲ့သော်လည်း ယခုဓာတ်ပုံတွင် ဘင်လာဒင်သည် မုတ်ဆိတ်များ မည်းနေသည်။ သွေးသံရဲရဲနှင့် ဆံပင်ဖုန်အလိမ်းလိမ်း၊ မျက်လုံးတစ်ဝက်ပွင့်နေသော ဘင်လာဒင် ရုပ်အလောင်းဓာတ်ပုံကို အင်တာနက်တွင် ပျံ့နှံ့နေသည်မှာ နှစ်နှစ်ခန့် ရှိပြီ ဖြစ်သည်။

    ၂၀၀၉ ခုနှစ် ဧပြီ ၂၉ ရက်နေ့က themedialine.org အွန်လိုင်းသတင်းစာတွင် ယင်းဓာတ်ပုံ အတုကို ကနဦး ဖော်ပြခဲ့ပြီး အယ်ဒီတာ က ဓာတ်ပုံသည် အစစ်ဟုတ်မဟုတ်ကို အာမမခံနိုင်ကြောင်း သတိပေးချက် အဖြစ် ဖော်ပြခဲ့သည်။  ယင်းဓာတ်ပုံသည် ၁၉၉၈ ခုနှစ်က ရိုက်ကူးခဲ့ပြီး ရိုက်တာသတင်းအေဂျင်စီက အသုံးပြုခဲ့သော ဘင်လာဒင် ဓာတ်ပုံအစစ်ကို အခြေခံကာ ပြုပြင်ထားသော ဓာတ်ပုံ ဖြစ်သည်။ ပါကစ္စတန် ရုပ်သံလိုင်းများက ယင်းဓာတ်ပုံထုတ်လွှင့်မှုအား ပြန်လည် ရုပ်သိမ်းခဲ့ကြသည်။

    Source News- Eeven

  • ပါကစ္စတန် ခေါင်းဆောင်များ နှုတ်ထွက်ရန် ဖိအားပေးခံရ

    ပါကစ္စတန်နိုင်ငံမှာ အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် ဘင်လာဒင် (Osama bin Laden) ကို အမေရိကန်က တိုက်ခိုက်အပြီးမှာပဲ ပါကစ္စတန် လွှတ်တော်အမတ်တွေက သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) နဲ့ ၀န်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) အခြား ထိပ်တန်း အရာရှိတွေ နှုတ်ထွက်ပေးကြဖို့ တောင်းဆိုလိုက်ကြပါတယ်။

    အဓိက ပါလီမန် အတိုက်အခံခေါင်းဆောင် ချောင်ဒရီ နီဆာ အလီ (Chaudhry Nisar Ali) က အခုလို တိုက်ခိုက်တာကို ရပ်ဖို့ တာဝန်ရှိသူတွေ အနေနဲ့ မရပ်နိုင်ခဲ့တာကို တာဝန်ယူ၊ တာဝန်ခံမှု ပြတဲ့အနေနဲ့ နှုတ်ထွက်သင့်တယ်လို့ ဆိုလိုက်ပါတယ်။

    မနေ့က ပါကစ္စတန် ကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ရှ်ဖက် ကာယာနီ (Ashfaq Kayani) ဟာ မစ္စတာ ဇာဒါရီနဲ့ မစ္စတာ ဂီလာနီတို့နဲ့ တွေ့ပြီး အမေရိကန်ရဲ့ ၀င်ရောက် တိုက်ခိုက်ခဲ့မှုကို ဆွေးနွေးခဲ့ကြပါတယ်။

    တနင်္လာနေ့ မနက်စောစောပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုထဲမှာ အမေရိကန် ဟယ်လီကော့ပ်တာ ရဟတ်ယာဉ်တွေနဲ့ အထူးလေ့ကျင့်ထားတဲ့ စစ်တပ်ဖွဲ့တခုကို အဘော့တာဘက် (Abbottabad) မြို့က ဘင်လာဒင်ရဲ့ ခြံဝင်းထဲကို သယ်ဆောင်လာခဲ့ပါတယ်။

    ပါကစ္စတန်ဘက်ကတော့ အမေရိကန် အနေနဲ့ ပါကစ္စတန် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရှိဘဲ တဖက်သတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်၊ ဒီလို တိုက်ခိုက်မှုမျိုးကြောင့် အခြားနိုင်ငံတွေမှာလည်း လုပ်လို့ရတယ်လို့ အစဉ်အလာ ဖြစ်မသွားစေချင်ဘူးလို့ သူတို့ရဲ့ စိုးရိမ်ချက်ကို ထုတ်ဖော်ခဲ့ပါတယ်။

    ဒီနေရာမှာ ပါကစ္စတန် အစိုးရနဲ့ စစ်တပ်အနေနဲ့ အဘော့တာဘက်မြို့က ခြံဝင်းထဲမှာ ဘင်လာဒင် ပုန်းနေတာ မသိခဲ့ကြဘူးလားဆိုတဲ့ မေးခွန်းတွေလည်း များစွာ ထွက်ပေါ်နေပါတယ်။ ဒီမြို့ဟာ မြို့တော် အစ္စလာမ်မာဘတ်ရဲ့ မြောက်ဘက် အနီးနားလေးမှာပဲ ရှိပါတယ်။

    source VOA

  • ပြိုင်ဘက် ပါလက်စတိုင်းနှစ်ဖွဲ့ ပြန်လည်သင့်မြတ်ရေး သဘောတူညီချက် ရရှိ

    ကွဲနေတဲ့ ပါလက်စတိုင်း ၂ ဖွဲ့အကြား အမှောင်ဖုံးခဲ့တဲ့ ၄ နှစ်တာကာလ အဆုံးသတ်ခဲ့ပြီလို့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် (Mahmoud Abbas) က ပြောလိုက်ပါတယ်။ ဖာတာနဲ့ ဟားမားစ် ၂ ဖွဲ့အကြား ပြန်လည်သင့်မြတ်ကြဖို့ သဘောတူညီချက် ရခဲ့ပြီး အခုလို ပြောခဲ့တာပါ။

    ဖာတာပါတီက ပါလက်စတိုင်း သမ္မတ အာဘတ်စ်နဲ့ ဟားမားစ်အဖွဲ့ ခေါင်းဆောင် ခါလိဒ် မီရှားလ် (Khaled Meshaal) တို့ အပါအ၀င် နိုင်ငံခြား ထိပ်တန်းအရာရှိတွေ စုဝေးပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတခု မနေ့က ကျင်းပခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းဒေသ ဂါဇာ အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်ဒေသ နှစ်ပိုင်းကွဲနေကြတဲ့ ပါလက်စတိုင်း အစိုးရ ၂ ဖွဲ့ ပြန်လည်ညီညွတ်ရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

    သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပပြီး ကြားဖြတ်အစိုးရ တရပ်ကို တနှစ်အတွင်းမှာ ဖွဲ့စည်းသွားဖို့လည်း စီစဉ်ခဲ့ကြပါတယ်။

    ဖာတာနဲ့ ဟားမားစ် ၂ ဖွဲ့ဟာ ၂၀၀၇ ခုနှစ်က ကွဲခဲ့ကြတာပါ။ မာမွတ် အာဘတ်စ် ခေါင်းဆောင်တဲ့ ဖာတာအဖွဲ့က ဂါဇာကနေ နေရာရွှေ့ခဲ့ရပါတယ်။

    အခုလို ပါလက်စတိုင်း ၂ ဖွဲ့ ပြန်ပေါင်းစည်းကြတာကို အစ္စရေးကတော့ သဘောမကျပါဘူး။ ဒီသဘောတူညီချက်ဟာ ငြိမ်းချမ်းရေး ဖြစ်လာဖို့ အခြေအနေတွေ အထူးလျော့ကျသွားစေတဲ့ ကိစ္စပဲလို့ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) က မနေ့က ပြောလိုက်ပါတယ်။

    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွမ်း (David Cameron) နဲ့ နက်တန်ယာဟုတို့ မနေ့က လန်ဒန်မှာ တွေ့ဆုံခဲ့ကြပြီး ဖာတာ ဟားမားစ် အစိုးရ ၂ ဖွဲ့ပေါင်းကို အသိအမှတ် မပြုဖို့ ဗြိတိန်ဝန်ကြီးချုပ်ကို တိုက်တွန်းခဲ့ပါတယ်။ မစ္စတာ နက်တန်ယာဟုဟာ ပြင်သစ်သမ္မတ ဆာကိုဇီ (Nicolas Sarkozy) နဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။

    source VOA