News @ M-Media

Blog

  • အစ္စရေး၏ အကြမ်းဖက်မှုများကြောင့် ရပ်တည်ချက်ပြောင်းလာတဲ့ ဥရောပနိုင်ငံများ

    အစ္စရေး၏ အကြမ်းဖက်မှုများကြောင့် ရပ်တည်ချက်ပြောင်းလာတဲ့ ဥရောပနိုင်ငံများ

    ဧပြီ ၁၃၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – စီမွန်ဟာရစ်နှင့် ပက်ဒရို ဆန်းချက်)

    – ဥရောပနိုင်ငံတွေ ဖြစ်ကြတဲ့ စပိန်၊ အိုင်ယာလန်နဲ့ နော်၀ေတို့ဟာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုဖို့ လုပ်ဆောင်လာကြပါတယ်။ 

    အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေဟာ အစ္စရေးကို အဓိက ကျောထောက်နောက်ခံ ပေးထားကြတာပါ။ ဒါပေမယ့် ဂါဇာက ၆ လကျော် ကြာမြင့်လာတဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲကြောင့် ဥပရောနိုင်ငံတစ်ချို့ဟာ ရပ်တည်ချက်တွေ ပြောင်းလဲလာကြပါတယ်။ 

    လက်ရှိမှာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုဖို့အတွက် စပိန်၊ အိုင်ယာလန်နဲ့ နော်၀ေတို့က လုပ်ဆောင်လာကြပါတယ်။ 

    အိုင်ယာလန်၀န်ကြီးချုပ် စီမွန် ဟာရစ်နဲ့၊ နော်၀ေ၀န်ကြီးချုပ် ဂျိုနက်စ် ဂါတို့ဟာ မတ်လ ၁၂ ရက်နေ့က စပိန်၀န်ကြီးချုပ် ပက်ဒရိုဆန်းချက်နဲ့ သီးခြားစီတွေ့ဆုံကာ ပါလက်စတိုင်းအရေး ဆွေးနွေးခဲ့ကြပါတယ်။ 

    ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရေး အခြားရပ်တည်ချက်တူတဲ့ ဥရောပနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ နိုင်ငံခေါင်းဆောင် ၃ ဦးစလုံးက တွေ့ဆုံပွဲအပြီးမှာ ပြောကြားခဲ့ကြပါတယ်။ 

    ဒီလိုဆောင်ရွက်မှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အရှိအဟုန်ကောင်းစေမယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့ ယူ ဆကြောင်းလည်း ခေါင်းဆောင်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ပါလက်စတိုင်းကို အသိအမှတ်ပြုရေးမှာ မော်လ်တာနဲ့ ဆလိုဗေးနီးယားလို အခြားဥရောပနိုင်ငံငယ်တွေလည်း ပါ၀င်လာဖွယ် ရှိနေပါတယ်။ အချိန်သင့်အခါသင့်ရောက်ရင် ဒီလိုဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း မော်လ်တာနဲ့ ဆလိုဗေးနီးယားတို့က မတ်လအတွင်း ထုတ်ပြန်ပြောကြားထားပါတယ်။ 

    “အချုပ်အခြာအာဏာအပြည့် ကိုယ်ပိုင်နိုင်ငံနဲ့ သိက္ခာရှိစွာ နေထိုင်ဖို့ ပါလက်စတိုင်းတွေ တိုက်ပွဲ၀င်လာတာ ကြာမြင့်နေပါပြီ။ အိုင်ယာလန်နဲ့ စပိန်တို့လို ကမ္ဘာ့အလယ်က အခြားနိုင်ငံတွေနည်းတူ ဖြစ်လာရပါတော့မယ်”လို့ အိုင်ယာလန်၀န်ကြီးချုပ် ဟာရစ်က ပြောကြားခဲ့ပါတယ်။ 

    စပိန်၀န်ကြီးချုပ် ဆန်းချက်ကလည်း သင့်လျော်တဲ့အချိန်ကြရင် ပါလက်စတိုင်းကို အသိအမှတ်ပြုကြောင်း ကြေငြာသွားမှာဖြစ်ပြီး ကုလရဲ့ တင်းပြည့်အဖွဲ့၀င်နိုင်ငံတစ်ခုဖြစ်ရေး ကူညီပံ့ပိုးပေးသွားမယ်လို့လည်း ဆိုပါတယ်။ 

    Ref : Reuters 

  • လကမ္ဘာပေါ်တွင် ပထမဆုံး အာရှသား ခြေချနိုင်တော့မည်

    လကမ္ဘာပေါ်တွင် ပထမဆုံး အာရှသား ခြေချနိုင်တော့မည်

    ဧပြီ ၁၂၊ ၂၀၂၄

    M-Media

    -အမေရိကန်နဲ့ ဂျပန် အာကာသအေဂျင်စီတွေဟာ လကမ္ဘာပေါ် လူလွှတ်ရေးနဲ့ စူးစမ်းရှာဖွေရေး စီမံကိန်း Artemis မှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ဧပြီလ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ 

    Artemis စီမံကိန်းကို အမေရိကန်အာကာသအေဂျင်စီ နာဆာက ကမကထပြု ဆောင်ရွက်တာဖြစ်ပြီး လပေါ်ကို တစ်ကျော့ပြန်လူလွှတ်ရေး ရည်ရွယ်တာဖြစ်ပါတယ်။ 

    စီမံကိန်းကို ၂၀၁၇ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ လပေါ်ကို လူဆင်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ 

    အမေရိကန် အာကာသအေဂျင်စီ NASA နဲ့ ဂျပန်အာကာသ အေဂျင်စီ JAXA တို့ရဲ့ ဧပြီလ ၉ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်မှာ လကမ္ဘာပေါ်ကို ဂျပန်အာကာသယာဥ်မှူးတစ်ဦး ဆင်းသက်နိုင်ရေး ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ 

    ဒါဟာ အမေရိကန်မဟုတ်တဲ့ အာကာသယာဥ်မှူးတစ်ဦး လပေါ်ကို ပထမဆုံး ဆင်းသက်နိုင်တဲ့ သမိုင်းမှတ်တမ်းတစ်ခု ရရှိမှာလည်း ဖြစ်ပါတယ်။ 

    “လကမ္ဘာမှာ အမေရိကတစ်ခုတည်း ခြေချမှာ မဟုတ်တော့ပါဘူး။ ကြယ်ကမ္ဘာတွေ လေ့လာမှုကို နိုင်ငံပေါင်းစုံက ငြိမ်းချမ်းစွာ၊ ပွင့်လင်းစွာ အတူတကွ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်”လို့ နာဆာအကြီးအကဲ ဘီလ်နယ်ဆင်က ပြောကြားခဲ့ပါတယ်။ 

    အမေရိကန်နဲ့ ဂျပန်တို့ဟာ မျိုးဆက်သက် လဆင်းယာဥ် ပူးတွဲ တီထွင်ဖန်တီးရေးအတွက် သဘောတူညီခဲ့ကြပါတယ်။ ဂျပန် အာကာသအေဂျင်စီ JAXA ဟာ နာဆာရဲ့ အခြား အာကာသစီမံကိန်းတွေမှာလည်း ပူးတွဲပါ၀င်သွားမှာ ဖြစ်ပါတယ်။ 

    Ref: Interesting Engineering 

  • ဗီယက်နမ် ခရိုနီတစ်ဦး သေဒဏ်ချမှတ်ခံရ

    ဗီယက်နမ် ခရိုနီတစ်ဦး သေဒဏ်ချမှတ်ခံရ

    ဧပြီ ၁၁၊ ၂၀၂၄

    M-Media 


    -ဗီယက်နမ်က အိမ်ခြံမြေလုပ်ငန်း သူဌေးမကြီး Truong My Lan ကို ကန်ဒေါ်လာ ၁၂ ဒဿမ ၄၆ ဘီလီယံ မသမာမှုနဲ့ တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။ 

    Truong My Lan ဟာ နာမည်ကြီး အိမ်ခြံမြေကုမ္ပဏီ Van Thinh Phat Holdings Group ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။ 

    ငွေကြေးခ၀ါချမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ဘဏ်လုပ်ငန်းဥပဒေ ချိုးဖောက်မှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ ဟိုချီမင်းမြို့ တရားရုံးက ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ 

    Truong My Lan ရဲ့ အမှုကို မတ်လ ၅ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး မျှော်မှန်းထားတာထက် မြန်မြန်ဆန်ဆန် ပြီးပြတ်ခဲ့တာပါ။ ဒါဟာ အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင် Nguyen Phu Trong ကတိပြုထားတဲ့ ခြစားမှုတိုက်ဖျက်ရေးစီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ 

    ဗီယက်နမ်ဟာ အရှေ့တောင်အာရှမှာ စီးပွားရေးတိုးတက်မှု အမြန်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပိုမို ရရှိဖို့အတွက် ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းကို အစိုးရက အားထည့်လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

    ခြစားမှုနဲ့ ပတ်သက်ပြီး ရာနဲ့ချီတဲ့ အစိုးရအရာရှိတွေနဲ့ ထိပ်တန်းလုပ်ငန်းရှင်တစ်ချို့ကို ဖမ်းဆီးစစ်ဆေးတာမျိုးတွေလည်း ဗီယက်နမ်အစိုးရက လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Reuters 

  • ဟားမက်စ်ခေါင်းဆောင်၏ သားနှင့် မြေးများကို အစ္စရေးက သတ်ဖြတ်

    ဟားမက်စ်ခေါင်းဆောင်၏ သားနှင့် မြေးများကို အစ္စရေးက သတ်ဖြတ်

    ဧပြီ ၁၁၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – တိုက်ခိုက်ခံခဲ့ရသည့် ကား)

    -ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့ ဟာမက်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမာအီလ် ဟာနီယာရဲ့ သား ၃ ဦးနဲ့ မြေး ၄ ဦးကို အစ္စရေးက ဧပြီလ ၁၀ ရက်နေ့မှာ တိုက်ခိုက်သတ်ဖြတ်လိုက်ပါတယ်။ 

    ၀ါကျွတ်အီးနေ့မနက် ဂါဇာက ရှာတီ ဒုက္ခသည်စခန်းမှာရှိတဲ့ ဆွေမျိုးတွေဆီ ဂါရ၀ပြုဖို့ သွားရောက်နေတဲ့တဲ့အချိန် စီးလာတဲ့ကားကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

    လက်နက်ကိုင်ပဋိပက္ခနဲ့ မဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်တာဟာ အစ္စရေးရဲ့၀ါဒ ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၃၃၀၀၀ ကျော် အသတ်ခံထားရပြီး အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

    အစ္စရေးဟာ ယနေ့အချိန်အထိ တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • စစ်မှုထမ်းရန် ဆင့်ခေါ်လာလျှင် ၀င်တိုက်ပေးမည်ဟု နာမည်ကြီး ဘောလုံးသမားပြော

    စစ်မှုထမ်းရန် ဆင့်ခေါ်လာလျှင် ၀င်တိုက်ပေးမည်ဟု နာမည်ကြီး ဘောလုံးသမားပြော

    ဧပြီ ၆၊ ၂၀၂၄

    M-Media 


    -တိုင်းပြည်က စစ်မှုထမ်းဖို့ ဆင့်ခေါ်မယ်ဆိုရင် ကစားသမားဘ၀ကို ခဏရပ်နားကာ သွားရောက်တိုက်ပွဲ၀င်ပေးမယ်လို့ အာဆင်နယ်အသင်း နောက်ခံလူ အိုလက်ဇန်ဒါ ဇင်ချန်ကိုက ပြောပါတယ်။ 

    ဇင်ချန်ကိုဟာ ယူကရိန်းနိုင်ငံသားတစ်ဦးပါ။ ယူကရိန်းဟာ ၂၀၂၂ ခုနှစ် ဖေဖော်၀ါရီလကတည်းက ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခံနေရတာ ဖြစ်ပါတယ်။ 

    တိုင်းပြည်ရဲ့ ကာကွယ်ရေးကို ပိုမိုအားဖြည့်နိုင်ဖို့အတွက် ယူကရိန်းသမ္မတ ဇယ်လင်စကီးဟာ အမျိုးသားတွေ စစ်မှုထမ်းရမယ့် အနိမ့်ဆုံးအသက်ကို ၂၇ ခုနှစ်ကနေ ၂၅ နှစ်ကို လျှော့ချလိုက်ပါတယ်။  

    တိုင်းပြည်က ဆင့်ခေါ်လာမယ်ဆိုရင် ရှေ့တန်းမှာ တိုက်ပွဲ၀င်ဖို့ ၀န်လေးနေမှာမဟုတ်ဘူးလို့ ဇင်ချန်ကိုက ဘီဘီစီသတင်းဌာနရဲ့ အစီအစဥ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

    ကျောင်းတုန်းက သူငယ်ချင်းတွေလည်း စစ်ပွဲမှာ ၀င်ရောက်တိုက်ခိုက်နေတယ်လို့ သူက ဆိုပါတယ်။ 

    “ပြတ်ပြတ်သားသားဖြေရရင် ကျွန်တော် စစ်မှုသွားထမ်းမှာပါ။ တစ်ကျောင်းတည်း အတူတက်ခဲ့ကြတဲ့၊ တစ်ကွင်းထဲမှာ အတူကစားခဲ့ကြတဲ့ သူငယ်ချင်းတွေ၊ အခု တိုင်းပြည်ကို ကာကွယ်နေရပြီ။ ရိုးရိုးသားသားပြောရရင် လက်ခံရခက်ပါတယ်။ ဒါပေမယ့် ဒါက အရှိတရားပဲ။ ကျွန်တော်တို့ အရှုံးပေးလိုက်လို့ မရပါဘူး” 

    ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့ ယူကရိန်းစစ်ဘေးရှောင်တွေကို ကူညီဖို့အတွက် ဇင်ချန်ကိုဟာ ကန်ဒေါ်လာ ၁ သန်း လှူဒါန်းထားပါတယ်။ 

    Ref: Sky News