News @ M-Media

Blog

  • အနောက်ဖက်ကမ်းမှ ပါလက်စတိုင်းရွာ တစ်ခုလုံးကို အစ္စရေးက ဖျက်ဆီးဖျောက်ဖျက်

    အနောက်ဖက်ကမ်းမှ ပါလက်စတိုင်းရွာ တစ်ခုလုံးကို အစ္စရေးက ဖျက်ဆီးဖျောက်ဖျက်

    နိုဝင်ဘာ ၅၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ပါလက်စတိုင်းရွာ တစ်ခုလုံးက အိမ်တွေကို အစ္စ​ရေးစစ်တပ်က ဖြိုချဖျက်ဆီးလိုက်ပါတယ်။

    ဂျော်ဒန်ချိုင့်ဝှမ်းဒေသက Khirbet Humsa ဆိုတဲ့ရွာမှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်ကြောင့် ပါလက်စတိုင်းပြည်သူ စုစုပေါင်း ၈၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ထက်ဝက်ကျော်က ကလေးငယ်တွေဖြစ်တယ်လို့ NGO အဖွဲ့ B’Tselem က ပြောကြားခဲ့ပါတယ်။

    အစ္စရေးစစ်တပ်ဟာ အင်္ဂါနေ့ညဘက်မှာ မြေတူးစက်တွေအသုံးပြုပြီး နေအိမ်တွေကို ဖြိုချဖျက်ဆီးခဲ့တာပါ။ မဖြိုချခင်မှာ ပစ္စည်းပြောင်းရွှေ့ဖို့ ၁၀ မိနစ်သာ အချိန်​ပေးခဲ့တယ်လို့ အိုးအိမ်ဆုံးရှုံးရသူတွေက ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် ရှက်တာယာဟ်က ပါလက်စတိုင်းပြည်သူတွေ အိုးမဲ့အိမ်မဲ့ဘ၀ရောက်အောင် အစ္စရေးက လုပ်ဆောင်နေမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဝင်ဟန့်တားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အနောက်ဖက်ကမ်းက ဂျော်ဒန်ချို့ဝှမ်းဒေသမှာ လူ ၆ သောင်းလောက် နေထိုင်ပါတယ်။ ဒါပေမယ့် အဲဒီဒေသရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အစ္စရေးက ထိန်းချုပ်ပိတ်ဆို့ထားပြီး တရားမဝင်အခြေချအိမ်ယာတွေ၊ စစ်စခန်းတွေ တည်ဆောက်ကာ ပါလက်စတိုင်းပြည်သူတွေ လျော့နည်းသွားအောင် လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera

  • ရွေးကောက်ပွဲ မသာမာမှုအတွက် အမေရိကန်သမ္မတ ထရမ့်က တရားစွဲ

    ရွေးကောက်ပွဲ မသာမာမှုအတွက် အမေရိကန်သမ္မတ ထရမ့်က တရားစွဲ

    နိုဝင်ဘာ ၅၊ ၂၀၂၀
    M-Media

    -သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ မဲတွေ ရေတွက်လို့ မပြီးခင်မှာပဲ သမ္မတထရမ့်ရဲ့ အောင်နိုင်ရေးအဖွဲ့က ပြည်နယ်အချို့မှာ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုပြီး တရားစွဲဆိုလိုက်ပါတယ်။

    ရီပက်ဘလစ်ကန်ပါတီက ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒန်တို့ အဓိကယှဉ်ပြိုင်တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ​ဘိုင်ဒန်က ၂၆၄ မဲ၊ ထရမ့်က ၂၁၄ မဲ ရရှိထားပါတယ်။ ထောက်ခံမဲ ၂၇၀ ရရှိတဲ့သူဟာ သမ္မတဖြစ်လာမှာပါ။ ပြည်နယ် ၅၀ ရှိရာမှာ ၄၃ ခုက မဲတွေကို ရေတွက်ပြီးဖြစ်ပါတယ်။

    သမ္မထရမ့်က မဲရေတွက်မှုမှာ မသမာမှုတွေရှိတယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ အောင်နိုင်ရေးအဖွဲ့ကလည်း မီချီဂန်၊ ပင်ဆဲလ်ဗားနီးယားနဲ့ ဂျော်ဂျီယာ ပြည်နယ်တို့မှာ မဲရေတွက်မှု ရပ်ဆိုင်းဖို့၊ ကြိုတင်မဲတွေကို ထည့်မရေဖို့၊ မဲပြန်ရေဖို့ တရားရုံးကို တိုင်ကြားထားပါတယ်။ ထရမ့်ရဲ့ စွပ်စွဲချက်ဟာ အထောက်အထားမရှိတဲ့ စွပ်စွဲချက်တွေဖြစ်ပြီး ဒါဟာ ဒီမိုကရေစီတန်ဖိုးကို ကျစေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ဝေဖန်သူတွေက ဝေဖန်ခဲ့ကြပါတယ်။

    ထရမ့်ကိုထောက်ခံသူတွေက ပြည်နယ်တစ်ချို့မှာ လက်နက်တွေကိုင်ကာ စုဝေးဆန္ဒပြမှုတွေ ပြုလုပ်နေပြီး၊ ထရမ့်ကို ဆန့်ကျင်ကာ မဲဆက်ရေတွက်ရေ းတိုက်တွန်းတဲ့ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာပါတယ်။

    အမေရိကန်ရဲ့ အခုနှစ်သမ္မတရွေးကောက်ပွဲမှာ မဲလာပေးသူအရေအတွက်ဟာ နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံးဖြစ်ပါတယ်။

    ဂျိုဘိုင်ဒန်က မဲရေတွက်တာ မပြီးသေးပေမယ့် မိမိအနိုင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ပြင်သစ်သမ္မတ၏ရပ်တည်ချက်​ကို ထောက်ခံသည်ဟု ယူအေအီးဝန်ကြီးပြော

    ပြင်သစ်သမ္မတ၏ရပ်တည်ချက်​ကို ထောက်ခံသည်ဟု ယူအေအီးဝန်ကြီးပြော

    နိုဝင်ဘာ ၃၊ ၂၀၂၀
    M-Media

    ယူအေအီး နိုင်ငံခြားရေးဝန်ကြီး အန်ဝါရ် ဂါဂက်ရှ်

    -မွတ်စလင်တွေအနေနဲ့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ရဲ့ ရပ်တည်ချက်ကို လက်ခံဖို့ လိုအပ်တယ်လို့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီး အန်ဝါရ် ဂါဂက်ရှ်က တိုက်တွန်းလိုက်ပြီး မာခရွန်ဟာ လူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းရေး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “မာခရွန်ရဲ့မိန့်ခွန်းတွေကို မွတ်စလင်တွေအနေနဲ့ ဂရုတစ်စိုက် နားထောင်ဖို့ လိုအပ်ပါတယ်။ သူက မွတ်စလင်တွေကို ဖယ်ကျဉ်ချင်တာ မဟုတ်ပါဘူး။ သူလုပ်တာက လုံး၀ မှန်ပါတယ်”

    အန်ဝါရ် ဂါဂက်ရှ်ကို ဂျာမန်နေ့စဉ်သတင်းစာ Die Welt က တနင်္လာနေ့မှာ အင်တာဗျူးခဲ့တာပါ။ အနောက်နိုင်ငံတွေမှာ မွတ်စလင်တွေဟာ အခုထက်ပိုမိုကောင်းမွန်တဲ့ အနေအထားနဲ့ ပေါင်းစည်းဖို့လိုအပ်တယ်လို့လည်း အန်ဝါရ်က ဆိုပါတယ်။

    “အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးနဲ့ လူ့အဖွဲ့အစည်း ပေါင်းစည်းရေး တစ်ပြိုင်တည်းလုပ်ဆောင်ရာမှာ နည်းလမ်းရှာဖွေဖို့ ပြင်သစ်မှာ လုပ်ပိုင်ခွင့်ရှိပါတယ်”

    ပြင်သစ်က အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းကြားမှာ ဝင်နေတဲ့ ‘အစွန်းရောက်ဝါဒ’ ကို တိုက်ဖျက်ရမယ်၊ ဘာသာရေးခေါင်းဆောင်တွေကို ရုပ်ပြောင်ရေးဆွဲမှုအပါအဝင် လွတ်လပ်စွာ ဖော်ပြခွင့်ကို ကာကွယ်သွားမယ်ဆိုတဲ့ မာခရွန်ရဲ့ ပြီးခဲ့တဲ့လက မှတ်ချက်တွေကြောင့် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေဟာ မာခရွန်ကို ဝေဖန်ဆန့်ကျင်တာတွေ လုပ်ခဲ့ပါတယ်။

    အာရပ်ကမ္ဘာမှာလည်း ပြင်သစ်ထုတ်ကုန်ပစ္စည်းတွေ သပိတ်မှောက်ရေးလှုပ်ရှားမှု စတင်ခဲ့ပါတယ်။ မာခရွန်က နောက်ပိုင်းမှာ လေသံပျော့သွားခဲ့ပြီး တမန်တော်မိုဟာမက်ကို ရုပ်ပြောင်ရေးဆွဲတဲ့အတွက် မွတ်စလင်တွေ ဒေါသထွက်တာကိုနားလည်ကြောင်း၊ မိမိတစ်ကိုယ်ရေသဘောထားအရ ဒီကိစ္စကို အားမပေးကြောင်း ပြီးခဲ့တဲ့တစ်ပတ် နှောင်းပိုင်းမှာ ပြန်လည် ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် တိုင်းပြည်ရဲ့ ဒီမိုကရေစီမူဖြစ်တဲ့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို ဆက်လက်ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • ဘာသာရေးခေါင်းဆောင်စော်ကားခံရ၍ ဒေါသထွက်သည်ကို နားလည်သည်ဟု ပြင်သစ်သမ္မတပြော

    ဘာသာရေးခေါင်းဆောင်စော်ကားခံရ၍ ဒေါသထွက်သည်ကို နားလည်သည်ဟု ပြင်သစ်သမ္မတပြော

    နိုဝင်ဘာ ၁၊ ၂၀၂၀
    M-Media

    ပြင်သစ်သမ္မ မာခရွန်

    -တမန်တော်မိုဟာမက်ကို လှောင်ပြောင်တဲ့ရုပ်ပြောင် ရေးဆွဲတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေ မနှစ်မြို့ ဒေါသထွက်တာကို နားလည်ပေမယ့် အကြမ်းဖက်တုန့်ပြန်တာမျိုးကို လက်မခံဘူးလို့ ပြင်သစ်သမ္မတ မာခရွန်က ပြောကြားလိုက်ပါတယ်။

    တမန်တော်မိုဟာမက်ရုပ်ပြောင်ရေးဆွဲဖော်ပြမှု၊ ဒီလိုရေးဆွဲဖော်ပြခွင့်ကို ဆက်လက်ခွင့်ပြုမယ့်ဆိုတဲ့ မာခရွန်ရဲ့ မှတ်ချက် စတာတွေကြောင့် ပြီးခဲ့တဲ့လအတွင်း ပြင်သစ်မှာ ဓားကိုင်အကြမ်းဖက်သတ်ဖြတ်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

    မာခရွန်ရဲ့မှတ်ချက်အတွက် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ ဆန္ဒပြခဲ့ကြပြီး ပြင်သစ်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်မှုတွေလည်း ရှိခဲ့ပါတယ်။ တမန်တော်မိုဟာမက်ကို ရုပ်ပုံရေးဆွဲတာဟာ အ,ဂါရ၀ပြုတယ်၊ ဘာသာရေးစော်ကားတယ်လို့ မွတ်စလင်တွေက ခံယူထားတာပါ။

    စနေနေ့က အာရဘီရုပ်သံလိုင်းတစ်ခုနဲ့ အင်တာဗျူးမှာ တိုင်းပြည်ရဲ့ အခြေခံမူဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆက်လက်ကာကွယ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တမန်တော်မိုဟာမက်ကို ရုပ်ပြောင်ရေးဆွဲတာမျိုး မိမိအနေနဲ့ တရားဝင်ထောက်ခံအားပေးမှာမဟုတ်ဘဲ ပြင်သစ်ကလည်း မွတ်စလင်ဆန့်ကျင်ရေးလမ်းကြောင်းကို ဘယ်တော့မှ သွားမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒီလိုကာတွန်းတွေကြောင့် လူတွေ ဒေါသထွက်တယ်ဆိုတာကို ကျွန်တော်နားလည်ပြီး၊ သူတို့ကိုလည်း လေးစားပါတယ်။ ဒါပေမယ့် ဒီကာတွန်းကို အကြောင်းပြပြီး အကြမ်းဖက်တာမျိုးကိုတော့ ကျွန်တော် ဘယ်တော့မှ လက်ခံမှာမဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ လွတ်လပ်စွာ ရေးသားခွင့်၊ ရေးဆွဲခွင့်၊ တွေးတောခွင့် မူကိုတော့ အမြဲတမ်း ကာကွယ်သွားမှာပါ”

    တင်းမာနေတဲ့ဒီအခြေအနေကို လျော့ပါးအောင် ဆောင်ရွက်ဖို့ဟာ မိမိတာဝန်ဖြစ်ပြီး ဒါကိုလည်း လုပ်ဆောင်နေကြောင်း၊ တစ်ချိန်တည်းမှာပဲ အခြေခံဥပဒေမှာ အာမခံထားတဲ့အခွင့်အရေးတွေကို ကာကွယ်သွားမှာဖြစ်ကြောင်း မာခရွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာရဘီရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာကို ပြင်သစ်သမ္မတရုံးက ဒီကနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Alarabiya ​

  • ကမ္ဘာတစ်ဝှမ်း ကိုဗစ်ကူးစက်မှုမြင့်လာပြီး နိုင်ငံတစ်ချို့တွင် တစ်နိုင်ငံလုံး ​လော့ဒေါင်းပြန်ချ

    ကမ္ဘာတစ်ဝှမ်း ကိုဗစ်ကူးစက်မှုမြင့်လာပြီး နိုင်ငံတစ်ချို့တွင် တစ်နိုင်ငံလုံး ​လော့ဒေါင်းပြန်ချ

    အောက်တိုဘာ ၃၁၊ ၂၀၂၀
    M-Media

    -ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝှမ်းမှာ Covid-19 ကူးစက်မှု သိသိသာသာ မြင့်တက်လာခဲ့တာကြောင့် နိုင်ငံတစ်ချို့ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ​လော့ဒေါင်းချတာ၊ ကိုဗစ်ကန့်သတ်ချက် တင်းကြပ်တာတွေ လုပ်ဆောင်လာပါတယ်။

    ပြင်သစ်နိုင်ငံဟာ သောကြာနေ့ကစတင်ပြီး လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့အထိ လော့ဒေါင်းချခဲ့ပါတယ်။ ပြည်သူတွေ အိမ်ထဲမှာသာ နေထိုင်ရမှာဖြစ်ပြီး အဓိကစားသောက်ကုန် ဝယ်ယူဖို့၊ ဆေးဝါးကုသဖို့နဲ့ နေ့စဉ် တစ်နာရီ လေ့ကျင့်ခန်းလုပ်ဖို့သာ ထွက်ခွင့်ရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက အရေးပေါ်လူနာကုသရေးစင်တာတွေရဲ့ တစ်ဝက်လောက်မှာ ကိုဗစ်လူနာတွေနဲ့ ပြည့်နေပြီး နိုဝင်ဘာလဟာ အလွန်အင်မတန် ခက်ခဲမယ့်လ ဖြစ်တယ်လို့ ပြင်သစ်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ပြင်သစ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၅၀၀၀ ကျော်ရှိပြီး ကမ္ဘာ့ သတ္တမမြောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ပြင်သစ်ဟာ ကိုဗစ်ဒုတိယလှိုင်းနဲ့ ကြုံတွေ့နေရတာပါ။

    ဒုတိယလှိုင်း ကြုံနေရတဲ့ ဂျာမနီနိုင်ငံမှာလည်း ဗုဒ္ဓဟူးနေ့ကစတင်ပြီး တစ်နိုင်ငံလုံးကို လော့ဒေါင်းချခဲ့ပါတယ်။ အဓိပတိ အိန်ဂျလာမာကဲလ်က နိုင်ငံရေးကျန်းမာရေးစနစ်ဟာ လက်ရှိအနေအထားကို ထိန်းထားနိုင်ပေမယ့် လာမယ့်သီတင်းပတ်အတွင်း ဒီလုပ်နိုင်စွမ်းကို ကျော်လွန်ဖို့ ရှိတဲ့အတွက် အခုလို လော့ဒေါင်းချရတာလို့ ပြောကြားခဲ့ပါတယ်။ ဂျာမနီဟာ ဥရောပမှာ ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

    ဘယ်လ်ဂျီယံနိုင်ငံမှာတော့ မနေ့ကစတင်ကာ နိုင်ငံတစ်ဝှမ်း လော့ဒေါင်းချခဲ့ပါတယ်။ ကိုဗစ်ကန့်သတ်ရေးစည်းမျဉ်း​တွေ ထုတ်ပြန်ထားပေမယ့် ကူးစက်မှု၊ သေဆုံးမှုဟာ ၆ ရက်တိုင်းမှာ ၂ ဆတိုးလာတဲ့အတွက် ဒီလို ဆောင်ရွက်ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    ယူကေမှာလည်း ကူးစက်မှုပမာဏာဟာ မူလခန့်မှန်ထားတာထက် အဆမတန် များပြားနေတဲ့အတွက် လာမယ့်တစ်ပတ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လော့ဒေါင်းလုပ်ဖို့ စဉ်းစားနေတယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ​ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂရိနိုင်ငံမှာ ပြည်နယ်အဆင့် လော့ဒေါင်းချတာတွေ ပြန်လုပ်ခဲ့ပြီး၊ စပိန်မှာလည်း ကူးစက်သေဆုံးမှုတွေ ပြန်မြင့်လာတာကြောင့် အရေးပေါ်အခြေအနေ ကြေငြာထားမှုကို နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပါတယ်။ ကူးစက်မှု ပိုမြင့်လာတဲ့ အီတလီနိုင်ငံမှာလည်း ကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းတွေကို တင်းကျပ်ခဲ့ပါတယ်။

    နိုဝင်ဘာ ၃ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲရှိတဲ့ အမေရိကန်မှာ မနေ့က တစ်နေ့တည်း ကိုဗစ်ကူးစက်သူ ၁ သိန်းရှိခဲ့ပြီး တစ်ရက်တာ စံချိန်တင်ပမာဏ ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစုပေါင်းကူးစက်သူ ၉ သန်း၊ သေဆုံးသူ ၂၂၉၀၀၀ ရှိလာပါပြီ။

    ကမ္ဘာတစ်ဝှမ်း Covid-19 ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၄၆ သန်းကျော်လာပြီး သေဆုံးသူက ၁.၂ သန်းလောက် ရှိလာပြီ ဖြစ်ပါတယ်။ ပြန်လည်သက်သာလာသူအရေအတွက်က သန်း ၃၀ ကျော် ရှိနေပါတယ်။

    Ref: Reuters, BBC