News @ M-Media

Blog

  • ရှရီအာဥပဒေ၏ လူနည်းစုအခွင့်အရေးအရ ဟိန္ဒူဘုရားကျောင်းဆောက်ခွင့်ပေးရန် ပါကစ္စတန် ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့ ဆုံးဖြတ်

    ရှရီအာဥပဒေ၏ လူနည်းစုအခွင့်အရေးအရ ဟိန္ဒူဘုရားကျောင်းဆောက်ခွင့်ပေးရန် ပါကစ္စတန် ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့ ဆုံးဖြတ်

    အောက်တိုဘာ ၂၉၊ ၂၀၂၀
    M-Media

    ပါကစ္စတန်မှ ဟိန္ဒူဘုရားကျောင်း

    -ဘာသာရေးကိစ္စတွေမှာ အစိုးရကို အကြံပေးနေတဲ့ ပါကစ္စတန် အစ္စလာမ့် သာသနာရေးရာကောင်စီ (CII) က မြို့တော် အစ္စလာမ်မာဘတ်မှာ ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ဖို့ ခွင့်ပြုခဲ့ပြီး လူနည်းစုတွေ ဝတ်ပြုရာနေရာ ရရှိရေး အာမခံပေးထားတဲ့ အစ္စလာမ့်ရှရီအာဥပဒေအတိုင်း ဆုံးဖြတ်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကြောင့် မြို့တော် အစ္စလာမ်မာဘတ်မှာ ဟိန္ဒူဘုရားကျောင်းသစ်တစ်ခု ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ လူဦးရေ ၁ သန်းကျော်ရှိနေတဲ့ အစ္စလာမ်မာဘတ်မှာ ဟိန္ဒူဦးရေက ၃ သောင်းလောက် ရှိနေတာပါ။

    ပါကစ္စတန်လွှတ်တော်က ထင်ရှားတဲ့ ဟိန္ဒူခေါင်းဆောင် လာလ်မလ်ဟီက CII ရဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

    အခြေခံဥပဒေမှာ အာမခံထားတဲ့ လူနည်းစုအခွင့်အရေးအရ ဟိန္ဒူတွေဟာ ဘာသာရေးကိစ္စအတွက် သင့်လျော်တဲ့ ဝတ်ပြုရာနေရာတစ်ခုရှိဖို့ လိုအပ်တယ်လို့ ထိပ်တန်း အစ္စလာမ် သာသနာ့ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ CII ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ လူနည်းစုတွေ မင်္ဂလာအခမ်းအနား၊ ဘာသာရေးအခမ်းအနားတွေကျင်းပနိုင်ရေး ဟောခန်းမတစ်ခု တည်ဆောက်ဖို့လည်း CII က ခွင့်ပြုခဲ့ပါတယ်။

    သဘောထားတင်းမာပြီး အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ကြွေးကြော်နေတဲ့ မွတ်စလင်တစ်ချို့ရဲ့ ခြိမ်းခြောက်မှုကြောင့် အစ္စလာမ်မာဘတ်မြို့က ဆောက်လုပ်ဆဲ ဟိန္ဒူဘုရားကျောင်းကို ရပ်ဆိုင်းထားဖို့ ဝန်ကြီးချုပ် အင်မရန်းခန်းက ဇွန်လမှာ အမိန့်ထုတ်ခဲ့ပါတယ်။

    ပါကစ္စတန် ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့ CII ရဲ့ အခုထုတ်ပြန်မှုကြောင့် ဟိန္ဒူဘုရားကျောင်း ဆောက်လုပ်ရေးလုပ်ငန်း ပြန်လည်စတင်နိုင်တော့မှာပါ။ ဒီဘုရားကျောင်းအတွက် ပြည်သူ့ဘဏ္ဍာထဲက ကန်ဒေါ်လာ ၆ သိန်း ထုတ်ပေးဖို့လည်း ဝန်ကြီးချုပ် အင်မရန်းခန်းက ကတိပြုထားပါတယ်။ အင်မရန်းခန်းဟာ အခြေခံဥပဒေမှာ အာမခံပေးထားတဲ့ လူနည်းစုအခွင့်အရေး အပြည့်အ၀ရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ အာဏာရလာတာ ဖြစ်ပါတယ်။

    ပန်ဂျပ်ပြည်နယ်က ဆစ်ခ်ဘာသာကိုတည်ထောင်သူ ဂုရုနာနက်ရဲ့ ဗိမာန်ကို အိန္ဒိယက ဆစ်ခ်ဘာသာဝင်တွေ အလွယ်တကူဘုရားဖူးလာရောက်နိုင်ရေးအတွက် ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ အင်မရန်းခန်းအစိုးရက ဗီဇာကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။

    ၁၉၉၈ ခုနှစ် သန်းခေါင်စာရင်းအရ ပါကစ္စတန်မှာ ဟိန္ဒူဘာသာဝင် ၈ သန်းဝန်းကျင်ရှိပြီး အများစုဟာ ၁၉၄၇ ခုနှစ် ပါကစ္စတန်နိုင်ငံ ပေါ်ပေါက်လာပြီးတဲ့နောက် အိန္ဒိယကနေ ပြောင်းရွှေ့လာကြသူတွေဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း ဟိန္ဒူဘုရားကျောင်း ၄၀၀ ကျော်ရှိနေပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၂၈၊ ၂၀၂၀
    M-Media

    ကိုဗစ်စည်းမျဉ်းနှင့်အညီ ပရိတ်သတ် ၂ သောင်းကျော်လက်ခံရန် မန်ယူပြင်ဆင်ထား

    ခပ်ခွာခွာနေထိုင်ရေးအပါအဝင် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ လူ ၂၃၅၀၀ လောက် ကြည့်ရှုနိုင်အောင် အိုးထရက်ဖို့ကွင်းကို မန်ယူအသင်းက ပြင်ဆင်ထားပါတယ်။

    ပရီးမီးယားလိဂ်မှာ အောက်တိုဘာကစပြီး ပရိတ်သတ်တွေဝင်ရောက်ခွင့်ပေးဖို့ အစောပိုင်းက စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်ကူးစက်မှု ပြန်တက်လာတာကြောင့် ဒါကို ယူကေအစိုးရက ရွှေ့ဆိုင်းလိုက်ပြီး နောက်ထပ် ၆ လလောက်အထိ ဒီအတိုင်းသွားမယ်လို့ သတင်းထွက်နေတာပါ။

    အသင်းတာဝန်ရှိသူ အမျိုးသမီး ကိုလက်တီ ရိုချီက စားသောက်ဆိုင်၊ ​လေယာဉ်နဲ့ ရုပ်ရှင်ရုံတွေလိုနေရာမျိုးမှာ လူစုခွင့်ပေးထားပြီး ဘောလုံးပြိုင်ပွဲမှာ ပရိတ်သတ်ဝင်ခွင့်မပေးတဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို နားမလည်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ညီအောင် ကွင်းကိုပြင်ဆင်ထားပြီး ​ပရိတ်သတ်တွေကိုလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကိုဗစ်စစ်ဆေးမှုနည်းလမ်းကို ရော်နယ်ဒိုဝေဖန်

    ပြိုင်ပွဲမကစားခင် အချိန်မီ ရလဒ်မထွက်တဲ့ ကိုဗစ်စစ်ဆေးရေးစနစ်ကို ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဝေဖန်လိုက်ပါတယ်။

    အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုဟာ ကိုဗစ်တွေ့တာကြောင့် အောက်တိုဘာ ၁၃ ရက်နေ့ကတည်းက သီးခြားနေထိုင်နေရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒုတိယအကြိမ်စစ်ဆေးခဲ့ပြီး အချိန်မီအဖြေမထွက်တာကြောင့် ဒီကနေ့ကစားမယ့် ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပွဲစဉ် အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။

    ရော်နယ်ဒိုကတော့ မိမိဟာ ကျန်းမာနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး ရလဒ်အချိန်မီမထွက်တဲ့အတွက် စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။

    ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း မက်ဆီနဲ့ ထိပ်တိုက်တွေ့ဆုံရမယ့်အခွင့်အရေးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

    Ref : BBC

  • အမုန်းစကားပြဿနာကြောင့် Facebook အိန္ဒိယ၏ မူဝါဒဆိုင်ရာအကြီးအကဲ ရာထူးမှ နှုတ်ထွက်

    အမုန်းစကားပြဿနာကြောင့် Facebook အိန္ဒိယ၏ မူဝါဒဆိုင်ရာအကြီးအကဲ ရာထူးမှ နှုတ်ထွက်

    အောက်တိုဘာ ၂၈၊ ၂၀၂၀
    M-Media


    မူဝါဒဆိုင်ရာအကြီးအကဲ အန်ခီဒက်စ်

    -အာဏာရပါတီ တာဝန်ရှိသူတွေရဲ့ အမုန်းစကားရေးသားမှုကို Facebook ဖယ်ရှားခြင်းမရှိဘဲ တမင်လွှတ်ပေးထားတယ်လို့ သတင်းတွေထွက်လာပြီးနောက်ပိုင်း Facebook ရဲ့ အိန္ဒိယရုံးခွဲက မူဝါဒဆိုင်ရာအကြီးအကဲ အန်ခီဒက်စ်တစ်ယောက် ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP တာဝန်ရှိသူတွေဟာ Facebook စာမျက်နှာမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ်တိုက်ခိုက်တဲ့ အမုန်းစကားရေးသားမှုတွေရှိခဲ့ပြီး အန်ခီဒက်စ်ကတော့ နိုင်ငံရေးဘက်လိုက်တဲ့စိတ်နဲ့ ဒါတွေကို မဖျက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Wall Street ဂျာနယ်က လွန်ခဲ့တဲ့ ၂ လမှာ ရေးသားဖော်ထုတ်ခဲ့ပါတယ်။

    နောက်ဆက်တွဲအဖြစ် Facebook India ရဲ့ စီးပွားရေးဆိုင်ရာအကြီးအကဲ အဂျစ်မိုဟန်ဟာ အိန္ဒိယလွှတ်တော်ရဲ့ ခေါ်ယူ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပါတယ်။

    အန်ခီဒက်စ်ဟာ BJP တာဝန်ရှိသူတွေရဲ့ ပို့စ်အပြင် ပါတီထောက်ခံသူတွေက ရေးသားတဲ့ အမုန်းဝါဒဖြန့်ပို့စ်တွေကိုပါ မဖယ်ရှားဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ BJP ပါတီနဲ့ သမ္မတမိုဒီကိုထောက်ခံတဲ့ သူမဟာ ရုံးတွင်းစာပေးပို့မှုတွေမှာ အတိုက်အခံပါတီတွေကို နစ်နစ်နာနာ ပြောဆိုခဲ့ကြောင်းကိုလည်း Wall Street ဂျာနယ်က ဖော်ထုတ်ခဲ့ပါတယ်။

    Facebook က သူတို့ဟာ ဘယ်နိုင်ငံရေးပါတီကိုမှ ပ,စားပေးတာမရှိဘူး ထုတ်ပြန်ခဲ့ပါတယ်။

    စီးပွားရေးဆိုင်ရာအကြီးအကဲ မိုဟန်က အန်ခီဒက်စ်ဟာ အိန္ဒိယရုံးခွဲရဲ့ ပထမဆုံးဝန်ထမ်းတွေထဲက တစ်ဦးဖြစ်ပြီး ကုမ္ပဏီကို အကျိုးပြုခဲ့ကြောင်း၊ ပြည်သူ့ဝန်ထမ်းဘ၀ကို စိတ်ဝင်စားတဲ့အတွက်ကြောင့် အခုလို အလုပ်ထွက်သွားတာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ Facebook ဟာ လူကြိုက်များတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်ပြီး သုံးစွဲသူ သန်း ၃၀၀ ကျော် ရှိပါတယ်။ Facebook က ပိုင်ဆိုင်တဲ့ WhatsApp စာတို​ဆော့ဖ်ဝဲကို သုံးစွဲသူက သန်း ၄၀၀ လောက် ရှိနေပါတယ်။

    အိန္ဒိယပြည်သူတွေအပေါ် ဒီလိုလွှမ်းမိုးမှုမျိုး ရှိနေပေမယ့် Facebook ဟာ သတင်းမှားတွေ၊ လူ့အဖွဲ့အစည်းအတွင်း အဆိပ်အတောက်ဖြစ်စေတာတွေကို အချိန်မီ ဖယ်ရှားတာ မရှိဘူးလိုရင် စွပ်စွဲခံရလေ့ရှိပြီး ကုမ္ပဏီဖက်ကတော့ ဒါတွေကို ငြင်းဆိုပါတယ်။

    Ref: BBC

  • ဘာသာရေးစော်ကားခွင့်ပြုသည့် ပြင်သစ်သမ္မတကို ကမ္ဘာ့အစ္စလာမ်ဘာသာဝင်များ ရှုတ်ချ

    ဘာသာရေးစော်ကားခွင့်ပြုသည့် ပြင်သစ်သမ္မတကို ကမ္ဘာ့အစ္စလာမ်ဘာသာဝင်များ ရှုတ်ချ

    အောက်တိုဘာ ၂၇၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းမှ မြင်ကွင်း

    -လွတ်လပ်စွာပြောဆိုခွင့်ခေါင်းစဉ်အောက်မှာ ဘာသာရေးခေါင်းဆောင်တွေ၊ ဘာသာတရားတွေကို စော်ကားခွင့်ပြုထားတဲ့ ပြင်သစ်သမ္မတမာခရွန်ရဲ့ မူဝါဒကို ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေက ရှုတ်ချခဲ့ပြီး ဆန္ဒပြမှုတွေလည်း ပြုလုပ်နေကြပါတယ်။

    စာသင်ခန်းထဲမှာ တမန်တော်မိုဟာမက်ကို ရုပ်ပြောင်နဲ့ လှောင်ပြောင်စော်ကားခဲ့တဲ့ ကျောင်းဆရာတစ်ယောက် ပြီးခဲ့တဲ့တစ်ပတ်မှာ အကြမ်းဖက်သတ်ဖြတ်ခံရပြီးတဲ့နောက်ပိုင်း ပြင်သစ်က လွတ်လပ်စွာပြောဆိုခွင့်အပေါ် မေးခွန်းထုတ်မှုတွေ မြင့်တက်လာတာပါ။

    သမ္မတမာခရွန်က မိမိတို့အစိုးရအနေနဲ့ ဘာသာရေးခေါင်းဆောင်တွေအပေါ် ရုပ်ပြောင်ဆွဲလှောင်ပြောင်တာမျိုးကို ဆက်လက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ သတ်ဖြတ်ခံလိုက်ရတဲ့ ကျောင်းဆရာရဲ့ ဈာပနမှာ ပြောကြားခဲ့ပါတယ်။

    မာခရွန်ရဲ့ အဲဒီမှတ်ချက် ထွက်လာပြီးတဲ့နောက် အာရပ်ကမ္ဘာနဲ့ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေအကြားမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး ဆန္ဒပြကန့်ကွက်တာ၊ ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်တာတွေ ဖြစ်လာပါတယ်။

    ဆော်ဒီအာရေဗျ

    အစ္စလာမ်ဘာသာ စတင်ထွန်းကာရာနေရာဖြစ်ပြီး အစ္စလာမ့် အထွဋ်အမြတ်နေရာတွ​ေရှိတဲ့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်တာ၊ အကြမ်းဖက်ဝါဒကို အစ္စလာမ်နဲ့ချိတ်ဆက်ပြောကြားတာကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်သူကပဲ ကျူးလွန်သည်ဖြစ်စေ ဆော်ဒီက ဒါကို ရှုတ်ချတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပါလက်စတိုင်း

    ပြင်သစ်သမ္မတ မာခရွန်ကိုရှုတ်ချကြောင်း ပါလက်စတိုင်းတွေက ဂျေရုစလင်မှာ ဆန္ဒပြပွဲတစ်ခု ဒီကနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ တမန်တော်မိုဟာမက်အပေါ် စော်ကားတာကို ဆန့်ကျင်ကြောင်း ဖော်ပြတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ကျွေးကြော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။

    ဂျော်ဒန်

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ‘လွတ်လပ်စွာပြောဆိုခွင့်’ ခေါင်းစဉ်အောက်မှာ တမန်တော်မိုဟာမက်ကို စော်ကားတဲ့ ရုပ်ပြောင်တွေ ရေးဆွဲထုတ်ဝေခွင့် ပြုထားမှုကို ဝေဖန်ခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာက ဆန္ဒပြပွဲမှာတော့ သောင်းနဲ့ချီတဲ့လူတွေ ပါဝင်ခဲ့ပြီး ပြင်သစ်သမ္မတ မာခရွန်ရဲ့ ရုပ်ပုံကို မီးရှို့တာ၊ ပြင်သစ်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆော်ဩတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆန္ဒပြလူအုပ်ကြီးဟာ ပြင်သစ်သံရုံးကို ချီတက်ခဲ့ကြပေမယ့် ​ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ငြိမ်းချမ်းစွာ လူစုခွဲစေခဲ့ပါတယ်။

    အီရန်

    ပြင်သစ်သံအမတ်ကို ခေါ်ယူတွေ့ဆုံကာ တမန်တော်မိုဟာမက်ကို အဂါရ၀ပြုတာ၊ အစ္စလာမ်သာသနာကို စော်ကားတာတွေအားလုံးကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပြောကြားခဲ့တယ်လို့ အီရန်သံရုံးက ထုတ်ပြန်တဲ့ ကြောငာချက်မှာ ဖော်ပြထားပါတယ်။

    ပါကစ္စတန်

    ပါကစ္စတန်ကလည်း ပြင်သစ်သံအမတ်ကို မနေ့က ဆင့်ခေါ်ကာ ပြင်သစ်နိုင်ငံအတွင်း ‘အစ္စလာမ်ကြောက်ရောဂါ စနစ်တကျ ဖြန့်နေမှု” ကို အလွန်အမင်း စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် အင်မရန်းခန်းကလည်း ပြင်သစ်သမ္မတ မာခရွန်ကို အစောပိုင်းမှာ ဝေဖန်ခဲ့ပါတယ်။ တမန်တော်မိုဟာမက်ကို ရုပ်ပြောင်ရေးဆွဲမှု ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပါကစ္စတန်လွှတ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

    တူရကီ

    ဒီကိစ္စမှာ တူရကီသမ္မတ အာဒိုဂန်ဟာ မာခရွန်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ယောက် ဖြစ်လာပါတယ်။ မာခရွန်ဟာ စိတ်ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်နေတဲ့ ခေါင်းဆောင်တစ်ယောက်လို့ အာဒိုဂန်ကပြောခဲ့ပြီး၊ တူရကီပြည်သူတွေအနေနဲ့ ပြင်သစ်ပစ္စည်းတွေကို မဝယ်ဖို့ တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံများ

    ကာတာတက္ကသိုက်က ကျင်းပဖို့စီစဉ်ထားတဲ့ ပြင်သစ်ယဉ်ကျေးမှုသီတင်းပတ် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီး နိုင်ငံအတွင်းက စူပါမားကတ်တွေကလည်း ပြင်သစ်ထုတ်ပစ္စည်းတွေကို ဖယ်ရှားလိုက်ပါတယ်။ ကူဝိတ်နဲ့ ယူအေအီးနိုင်ငံ စူပါမားကတ်တွေကလည်း ပြင်သစ်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ စီစဉ်နေပါတယ်။

    အခြားနိုင်ငံများ

    အီဂျစ်၊ တူနီးရှား၊ လစ်ဗျားနဲ့ ယီမင်တို့မှာလည်း မာခရွန်ကိုရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံမှာလည်း ပြည်သူတွေက ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး၊ အခုသီတင်းပတ်အတွင်းကျရောက်မယ့် တမန်တော်နေ့အခမ်းအနားမှာ မာခရွန်ကို ရှုတ်ချတဲ့အစီအစဉ် ထည့်သွင်းဖို့ စီစဉ်နေပါတယ်။

    ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာလည်း ဒီကိစ္စအတွက် ဆန္ဒပြမှုတွေလုပ်ခဲ့ပါတယ်။ အစ္စရေးက ပြင်သစ်သံအမတ်နေအိမ်အရှေ့မှာ စနေနေ့ကပြုလုပ်တဲ့ ဆန္ဒပြပွဲမှာတော့ လူ ၂၀၀ လောက် ပါဝင်ပါတယ်။

    Ref: Aljazeera, Dailysabah

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများကို မြန်မာက ပြန်ခေါ်လိမ့်မည်ဟု တရုတ်ပြော

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများကို မြန်မာက ပြန်ခေါ်လိမ့်မည်ဟု တရုတ်ပြော

    အောက်တိုဘာ ၂၆၊ ၂၀၂၀
    M-Media

    -နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ် မိုမန်တို့ ကြာသာပတေးနေ့ညက တွေ့ဆုံစဉ်မှာ ဒီလိုပြောခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဌာနရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူသွားမယ်ဆိုတာ မြန်မာနိုင်ငံက ထပ်လောင်း အတည်ပြုပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတင်းစကား ပါးခဲ့ပါတယ်”

    ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးသွားမယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံက တရုတ်ကို အသိပေးခဲ့တယ်လို့လည်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စအတွက် တရုတ်ဟာ မြန်မာနိုင်ငံနဲ့ အမြဲတစေပြောဆိုမှုရှိပြီး လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးမှုတွေ ဖြစ်လာအောင် လုပ်ပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ကို ပြောကြားခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃ နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးမှု​တွေ ဖြစ်လာမယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဝမ်ယီနဲ့ မိုမန်တို့ တွေ့ဆုံမှုအတွင်း ကိုဗစ်ကာကွယ်ဆေးကိစ္စ၊ ကပ်ရောဂါအလွန် စီးပွားရေးတွေအပါအဝင် အကြောင်းအရာတော်တော်များများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Anadolu Agency