News @ M-Media

Blog

  • ယူအေအီးနှင့် အစ္စရေးတို့ သဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုး

    ယူအေအီးနှင့် အစ္စရေးတို့ သဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုး

    အောက်တိုဘာ ၂၁၊ ၂၀၂၀
    M-Media

    -ပြီးခဲ့တဲ့လမှာ သံတမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နဲ့ အစ္စရေးတို့ဟာ မနေ့က နှစ်နိုင်ငံ သဘောတူစာချုပ် ၄ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ယူအေအီး ဘဏ္ဍာရေးဝန်ကြီး အိုဘိုက် ဟူမိတ် အလ်-တေယာနဲ့ အစိုးရအကြီးတန်းတာဝန်ရှိသူ တော်တော်များများပါဝင်တဲ့အဖွဲ့ဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဖင်မူချင်လိုက်ပါ​ပြီး မနေ့က အစ္စရေးကို သွားရောက်ခဲ့ပါတယ်။

    ကိုစားလှယ်အဖွဲ့ကို ကြိုဆိုတဲ့ မိန့်ခွန်းမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူအေအီး အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ​ဇယဒ် အလ် နဟ်ယန်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    အဲဒီ​နောက် အစ္စရေးနဲ့ ယူအေအီးတို့ဟာ ရင်းနှီးမြှု့နှံမှု တိုးမြှင့်ရေး သဘောတူညီချက်၊ သိပ္ပံနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ လေကြောင်းဆိုင်ရာ သဘောတူညီချက်နဲ့ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    ယူအေအီးဟာ အစ္စရေးနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးတဲ့ ပထမဆုံး အာရပ်နိုင်ငံ ဖြစ်လာတာပါ။

    ဒီအခမ်းအနားမှာ ‘အီဘရာဟင်ရန်ပုံငွေ’ (Abraham Fund) ထူထောင်ကြောင်း အမေရိကန် နိုင်ငံတကာ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအဖွဲ့ စီအီးအို အဒမ် ဘိုဟ်လာက ကြေငြာခဲ့ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု သဘောတူညီချက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူအေအီးအစိုးရ တာဝန်ရှိသူ အဟ်မဒ် အလ်-ဆာယက်ဂျ်က ဘာသာလူမျိုးမခွဲဘဲ နှစ်နိုင်ငံစလုံးက ပြည်သူလူထု သာယာ၀ပြောရေး ဆောင်ရွက်နိုင်အောင် ရည်ရွယ်ပြီး ဒီရန်ပုံငွေကို ထူထောင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပြင်သစ်တွင် မွတ်စလင်အမျိုးသမီးနှင့် ကလေးငယ်များ အကြမ်းဖက်တိုက်ခိုက်ခံရ

    ပြင်သစ်တွင် မွတ်စလင်အမျိုးသမီးနှင့် ကလေးငယ်များ အကြမ်းဖက်တိုက်ခိုက်ခံရ

    အောက်တိုဘာ ၂၁၊ ၂၀၂၀
    M-Media

    -ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးနဲ့ ကလေးတွေ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီးနှစ်ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

    တနင်္ဂနွေနေ့က အီဖယ်​မျှော်စင်နားမှာ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၉ ဦးပါဝင်တဲ့ အဖွဲ့တစ်ခု လမ်းလျှောက်နေစဉ် လူဖြူအမျိုးသမီးနှစ်ဦး ချဉ်းကပ်လာပြီး ဆွဲလာတဲ့ခွေးကို ကြိုးဖြေကာ ကိုက်ခိုင်းခဲ့တာပါ။

    မွတ်စလင်အမျိုးသမီးတွေက ခွေးကိုကြိုးချည်ဖို့ ပြန်ပြောစဉ်မှာ ဒီလူဖြူအမျိုးသမီး ၂ ဦးဟာ ဓားတွေထုတ်ပြီး တိုက်ခိုက်ခဲ့ကာ ‘အကျင့်မကောင်းတဲ့အာရပ်တွေ’ ‘နင်တို့နိုင်ငံ နင်တို့ပြန်ကြ’ ဆိုပြီးလည်း ဟစ်အော်ခဲ့ပါတယ်။ တိုက်ခိုက်ခံရသူတွေဟာ အလ်ဂျီးရီးယားလူမျိုး ပြင်သစ်နိုင်ငံသားတွေ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုအတွင်း မွတ်စလင်အမျိုးသမီးနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး၊ တစ်ဦးဆိုရင် ဓားနဲ့ အနည်းဆုံး ၆ ချက်လောက် အထိုးခံရတာကြောင့် အဆုတ်ပေါက်ပြဲဒဏ်ရာ ကို ရရှိခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူဖြူအမျိုးသမီးနှစ်ဦးက တစ်ယောက်ကို ပတ်ဝန်းကျင်က ဝိုင်းဖမ်းပေးခဲ့ပြီး နောက်တစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကာ လူသတ်ရန််ကြိုးပမ်းအားထုတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ တိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့ညဖက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် အင်္ဂါနေ့အထိ ပြင်သစ်ရဲတပ်ဖွဲ့က သတင်းမထုတ်ပြန်ပါဘူး။

    တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်တဲ့ ကျောင်းဆရာတစ်ဦးကို ရုရှားနွယ်ဖွား အသက် ၁၈ နှစ်အရွယ် မွတ်စလင်လူငယ်တစ်ဦးက အကြမ်းဖက် ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး တစ်ပတ်အကြာမှာ ဒီတိုက်ခိုက်မှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: RT

  • ထောက်လှမ်းရေးလေယာဉ် အခြေချရန် အမေရိကန်၏တောင်းဆိုမှုကို အင်ဒိုနီးရှားပယ်ချ

    ထောက်လှမ်းရေးလေယာဉ် အခြေချရန် အမေရိကန်၏တောင်းဆိုမှုကို အင်ဒိုနီးရှားပယ်ချ


    အောက်တိုဘာ ၂၁၊ ၂၀၂၀
    M-Media

    -ရေကြောင်းထောက်လှမ်းရေးလေယာဉ် P-8 Poseidon တွေ ဆင်းသက်ခွင့်နဲ့ ဆီဖြည့်ခွင့်ပေးဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို မိမိတို့က ပယ်ချခဲ့တယ်လို့ အင်ဒိုနီးရှားအစိုးရ အကြီးတန်းတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    အမေရိကန်တာဝန်ရှိသူတွေဟာ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဒီကိစ္စကို ​ဆွေးနွေးခဲ့ပြီး နောက်ဆုံး သမ္မတ ဂျိုကိုဝီဒိုဒိုက ပယ်ချခဲ့တာပါ။ ဒီကိစ္စအတွက် ​အင်ဒိုသမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးဖို့ ငြင်းဆိုတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

    တောင်တရုတ်ပင်လယ်မှာ မိမိတို့နဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုမြင့်တက်နေတဲ့အချိန် အမေရိကန်ရဲ့ ဒီ အံ့အားသင့်ဖွယ်ကမ်းလှမ်းမှု ပေါ်ပေါက်လာတာဖြစ်တယ်လို့ အင်ဒိုအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားဟာ ကြားနေ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတဲ့အတွက် နိုင်ငံခြားတပ်ဖွဲ့တွေကို နိုင်ငံအတွင်း အခြေချခွင့် မပေးပါဘူး။

    အမေရိကန်ရဲ့ P-8 ထောက်လှမ်းရေးလေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ တောင်တရုတ်ပင်လယ်က ပိုင်နက်ကိစ္စအတွက် တရုတ်ဟာ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူးနိုင်းတို့နဲ့လည်း အငြင်းပွားမှုတွေ ရှိနေပါတယ်။

    သူတို့ပိုင်ဆိုင်တယ်လို့ ယူဆထားတဲ့ ရေပိုင်နက်ထဲကို ဝင်လာတဲ့ တရုတ်သင်္ဘောတွေကို အင်ဒိုနီးရှားက ပုံမှန်မောင်းထုတ်လေ့ရှိပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း မြင့်တက်လာနေပြီး အင်အားကြီးနိုင်ငံနှစ်ခုအကြား အားပြိုင်မှုမှာ တစ်ဖက်ဖက်က ရပ်တည်တာမျိုး မလုပ်ချင်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ရတ္တနို မာဆူဒီက စက်တင်ဘာလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ လက်ရှိမှာ P-8 ထောက်လှမ်းရေးလေယာဉ်တွေကို စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ မလေးရှားက စစ်စခန်းတွေမှာ အခြေစိုက်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • မြန်မာ့ရိုဟင်ဂျာအရေး ဖြေရှင်းမှုတွင် အာဆီယံအဖွဲ့က ထိထိရောက်ရောက် စွမ်းဆောင်နိုင်မှုမရှိ

    မြန်မာ့ရိုဟင်ဂျာအရေး ဖြေရှင်းမှုတွင် အာဆီယံအဖွဲ့က ထိထိရောက်ရောက် စွမ်းဆောင်နိုင်မှုမရှိ

    အောက်တိုဘာ ၂၀၊ ၂၀၂၀
    M-Media

    ၂၀၂၀၂ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေး

    -မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကို ဖြေရှင်းရာမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)ဟာ ထိထိရောက်ရောက် တုန့်ပြန်ဆောင်ရွက်မှု မရှိဘဲ၊ ခေါင်းဆောင်မှုပျောက်ဆုံးကာ လူ့အခွင့်အရေးချိုးဖောက်မှုပမာဏာကို ထည့်သွင်းသုံးသပ်မှုမျိုး မရှိဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တောအမတ်များအဖွဲ့(APHR) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ စစ်အာဏာရှင်တွေရဲ့ ညှင်းပမ်းဖိနှိပ်မှုကြောင့် ၁၉၇၀ လောက်ကတည်းက နေရပ်စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရတာပါ။ ​အာဆာလက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ပြီးတဲ့နောက် မြန်မာစစ်တပ်ကလုပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးကြောင့် နောက်ထပ် ၇ သိန်းခွဲလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထပ်မံထွက်ပြေးခဲ့ရပါတယ်။

    APHR ရဲ့ အစီရင်ခံစာမှာတော့ အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီရေး၊ တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေး စတဲ့ အဖွဲ့ရဲ့ စည်းမျဉ်းတွေထဲမှာ ပိတ်မိနေတာကြောင့် ဒီပြဿနာကို တုန့်ပြန်ရာမှာ ရုန်းကန်နေရပြီး၊ အကြမ်းဖက်ခံရမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု သံသရာကို အဆုံးသတ်နိုင်ရေး ပြတ်သားတဲ့ မဟာဗျူဟာ၊ ရည်မှန်းချက်မျိုး မချမှတ်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။

    “အာဆီယံဟာ မြန်မာနိုင်ငံကချပေးတဲ့ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်ကနေပဲ ဒီကိစ္စကို ကြည့်ရှုပါတယ်။ အာဆီယံဟာ ပိတ်မိနေတယ်လို့ ပြောလို့ရတယ်။ အရေးကြီးတဲ့ပြဿနာတွေကိုလည်း လစ်လျူရှုထားပါတယ်” လို့ APHR ဘုတ်အဖွဲ့ ဥက္ကဌ မလေးရှားလွှတ်တော်အမတ် ချားလ်စ်ဆန်တီယေဂိုက ပြောကြားခဲ့ပါတယ်။

    နိုင်ငံသားကိစ္စ၊ ဘာသာရေးလွတ်လပ်ခွင့်၊ မြေယာပြဿနာ စတဲ့ အဓိကကျတဲ့ ကိစ္စတွေကို အာဆီယံအဖွဲ့က ဖြေရှင်းမပေးနိုင်ဘူးလို့လည်း ဆန်တီယေဂိုက ပြောပါတယ်။

    ရိုဟင်ဂျာကိစ္စမှာ အာဆီယံရဲ့ချဉ်းကပ်မှုဟာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးသာ ဖြစ်ပြီး ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှု ပမာဏ၊ အာဏာပိုင်တွေက ပြဿနာဖန်တီးမှု စတာတွေကို အာဆီယံအဖွဲ့က ထည့်သွင်းမစဉ်းစားဘူးလို့ APHR ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်​နေတာကြောင့် ရခိုင်ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု ဆက်ဖြစ်နေသလို၊ လုံခြုံမှုမရှိတဲ့အတွက် မြို့နယ်တစ်ချို့မှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

    “စစ်ပွဲဖြစ်နေတာကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကျွန်တော်တို့ ဘယ်လိုဆွေးနွေးလို့ရမှာလဲ။ အာဆီယံဟာ ရခိုင်ပြည်နယ်ကိစ္စမှာ ဘက်ပေါင်းစုံ သုံးသပ်ဖို့ တွန့်ဆုတ်နေပြီး ပြဿနာရဲ့ ကဏ္ဍအားလုံးကို မဖြေရှင်းနိုင်တာကြောင့် အာဆီယံအဖွဲ့ဟာ မယောင်ရာဆီလူးအဖွဲ့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တက်တက်ကြွကြွ ကူညီပံ့ပိုးပေးတဲ့ အဖွဲ့အစည်းပုံစံမျိုး ဖြစ်လာပါတယ်” လို့ ဆန်တီယာဂိုက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာတွေက သူတို့ကို ဖိနှိပ်မယ့် နည်းလမ်းတစ်ခုလို့ ယူဆထားတဲ့ အစိုးရဲ့ NVC ကဒ်ထုတ်ပေးမှုကို အားပေးခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင်ဟောင်း လာတီတီယာ ဗန် ဒန် အက်စ်ဆမ်က ရိုဟင်ဂျာတွေ ထွက်ပြေးရအောင်လုပ်တဲ့ အခြေအနေတွေကို အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံသ၍ ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေအတွက် ငြိမ်းချမ်းရေးမျှော်လင့်ချက်ဆိုတာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    APHR ရဲ့ အစီရင်ခံစာမှာ အာဆီယံအဖွဲ့ဟာ ဒေသတွင်းကပြည်သူတွေကို ကာကွယ်ဖို့နဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တာဝန်ရှိတယ်လို့ ထည့်သွင်း ရေးသားခ့ဲပါတယ်။

    “အဖွဲ့ရဲ့ အားနည်းချက်တွေကို ကိုယ်တိုင်ဆန်းစစ် အဖြေရှာဖို့ လိုအပ်ပါတယ်။ ဒီလိုမလုပ်နိုင်ဘူးဆိုရင် အဖွဲ့ရဲ့ တရားဝင်မှု၊ ယုံကြည်စိတ်ချရမှုတွေကို ထိခိုက်စေရုံသာမက ရိုဟင်ဂျာတွေ၊ ရခိုင်ပြည်နယ်ကလူတွေအပြင် အာဆီယံပြည်သူတွေပါ ပိုပြီး ထိခိုက်ခံစားရမှာဖြစ်ပါတယ်”

    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က အာဆီယံအတွင်းရေးမှူးရုံးဟာ ဒီအစီရင်ခံစာအတွက် မှတ်ချက်ပေးဖို့ငြင်းဆိုခဲ့ပြီး အာဆီယံအဖွဲ့အောက်က အခြားအဖွဲ့တွေကလည်း တွေ့ဆုံမေးမြန်းဖို့ တောင်းဆိုမှုကို မတုန့်ပြန်ခဲ့ကြောင်း၊ သတင်းအချက်အလက်တောင်းမှုကို မြန်မာအစိုးရကသာ ပြန်လည်ဖြေကြားခဲ့ကြောင်း APHR က အစီရင်ခံစာမှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာနိုင်ငံသားများတွင် ကိုဗစ်တွေ့၍ မဲဆောက်ဝင်ပေါက်ကို ထိုင်းက ပိတ်ပစ်

    မြန်မာနိုင်ငံသားများတွင် ကိုဗစ်တွေ့၍ မဲဆောက်ဝင်ပေါက်ကို ထိုင်းက ပိတ်ပစ်

    အောက်တိုဘာ ၁၉၊ ၂၀၂၀
    M-Media

    မဲဆောက်ဖက်မှ နယ်စပ်ဝင်ပေါက်

    -မြန်မာနိုင်ငံသားတွေမှာ ကိုဗစ်ပိုးတွေ့ခဲ့ပြီးတဲ့နောက် တက်ပြည်နယ်က​ မြန်မာနဲ့ထိပ်စပ်နေတဲ့ နယ်စပ်ဝင်ပေါက်တွေအားလုံးကို ထိုင်းနိုင်ငံက ပိတ်ပစ်လိုက်ပါတယ်။

    မဲဆောက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား မိသားစုထဲက ၆ ဦးမှာ ပြီးခဲ့တဲ့တစ်ပတ်က ကိုဗစ်ကူးစက်မှုကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ၃ ဦးဟာ ကုန်ကားမောင်းသူတွေဖြစ်ပြီး ၃ ဦးကတော့ စက်ရုံ အလုပ်သမားတွေပါ။ ကူးစက်နေသူ အားလုံးမှာ ရောဂါလက္ခဏာတွေ မပြခဲ့ပါဘူး။

    တက်ပြည်နယ်အစိုးရက နယ်စပ်ဝင်ပေါက်တွေကို ဒီနေ့မနက်ကစတင်ကာ ပိတ်ပစ်ခဲ့ပြီး မဲဆောက်မြို့က စာသင်ကျောင်းတွေကိုလည်း ၇ ရက် ပိတ်ထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ကိုဗစ်တွေ့ရှိတဲ့ ရပ်ကွက်မှာ စေတနာ့ဝန်ထမ်း အစောင့်တွေချထားပြီး အဝင်၊ အထွက်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

    မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က မြန်မာနိုင်ငံသားတွေမှာ ကိုဗစ်ကူးစက်တယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေက အတည်ပြုခဲ့ပြီး နယ်စပ်ဂိတ်ပေါက်ကို တစ်ပတ်တာ ပိတ်ထားဖို့အတွက် ပြည်ထောင်စုအစိုးရထံက ခွင့်ပြုချက် ရထားပြီလို့ ပြောကြားခဲ့ပါတယ်။

    ရှမ်းပြည်နယ် တာချီလိတ်မြို့နဲ့ကပ်နေတဲ့ နယ်စပ်ဂိတ်ပေါက်ကိုလည်း ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၁၇ ရက်နေ့ကစတင်ကာ တစ်နေ့ကို ကား ၆ စီးသာဝင်ရမယ်လို့ ကန့်သတ်ခဲ့ပါတယ်။

    Ref: AP, Myanmar Times