News @ M-Media

Blog

  • ပြည်တွင်းဖြစ်ဒုံးခွင်းစနစ်ကို အီရန်က အောင်မြင်စွာ စမ်းသပ်

    ပြည်တွင်းဖြစ်ဒုံးခွင်းစနစ်ကို အီရန်က အောင်မြင်စွာ စမ်းသပ်

    အောက်တိုဘာ ၂၃၊ ၂၀၂၀
    M-Media

    -ပြည်တွင်းဖြစ် Bavar-373 ဒုံးခွင်းစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ အီရန်က မနေ့မှာ ထုတ်ပြန်ပါတယ်။

    Modafe’an-e Aseman-e Velayat 99 လို့ အမည်ပေးထားပြီး နိုင်ငံတစ်၀က်လောက်မှာ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဒီစနစ်ကို စမ်းသပ်ခဲ့ပြီး ပစ်မှတ်ကို တိတိကျကျ ရှာဖွေဖျက်ဆီးနိုင်ခဲ့တယ်လို့ အီရန် နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။

    စစ်ရေးလေ့ကျင့်မှု ကြီးကြပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အဘတ်စ် ဖာရက်ဂျ်ပူးရ်က နည်းပညာမြင့် ဒုံးခွင်းစနစ်တွေ အောင်မြင်စွာထုတ်လုပ်နိုင်တဲ့ တိုင်းပြည်ရဲ့လုပ်နိုင်စွမ်းကို ချီးကျူးခဲ့ပါတယ်။

    “လေပိုင်နက်ထဲ ကျူးကျော်မှု သေးသေးလေးပင်ဖြစ်ပါစေ ကျွန်တော်တို့ရဲ့ ဒုံးခွင်းနစ်တွေက ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်ဆိုတာ ရန်သူတွေက သိနေပါပ​ြီ”

    ရွေ့လျားလို့ရတဲ့ Bavar-373 ဒုံးခွင်းစနစ်ကို အီရန်က ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ထုတ်ပြခဲ့ပါတယ်။ ကီလိုမီတာ ၃၀၀ လောက်အထိရောက်နိုင်တဲ့ ဒုံးကျည်တွေကို တပ်ဆင်အသုံးပြုနိုင်ပြီး၊ ပစ်မှတ် ၃၀၀ လောက်အထိ ရှာဖွေနိုင်ပါတယ်။ ပစ်မှတ် ၆၀ လောက်ကို တစ်ကြိမ်တည်း ရှာဖွေ ​ဖျက်ဆီးနိုင်ပါတယ်။

    Bavar-373 ရဲ့ရေဒါဟာ လကြောင်းရန်ကာကွယ်ရေးစနစ် တွေကို ဖျက်ဆီးရာမှာ အသုံးပြုတဲ့ ARM ဒုံးကျည်တွေကို ထောက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။

    စစ်ရေးလေ့ကျင့်မှုမှာ အီရန်ရဲ့ ထိပ်တန်းတပ်ဖွဲ့ဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ် ပါဝင်ပြီး ခေတ်သစ် အီလက်ထရောနစ်စစ်ပွဲမှာ အသုံးပြုတဲ့ စစ်ရေးနည်းလမ်းတွေကိုလည်း လေ့ကျင့်ခဲ့ပါတယ်။

    Ref: Press TV

  • ဘေရွတ်မြို့က ပေါက်ကွဲမှု အနုပညာ

    ဘေရွတ်မြို့က ပေါက်ကွဲမှု အနုပညာ

    အောက်တိုဘာ ၂၃၊ ၂၀၂၀
    M-Media

    -လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ လက်ရာမြောက်တဲ့ ရုပ်တုတစ်ခုပေါ်ထွက်လာပါတယ်။

    The Lady of the world လို့ အမည်ပေးထားတဲ့ အဲဒီရုပ်ထုကို ဩဂုတ်လ ၄ ရက်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု အပျက်အဆီးတွေနဲ့ ဖန်တီထားတာပါ။ ပေါက်ကွဲမှုဖြစ်ပွားတဲ့ ညနေ ၆ နာရီ ၈ မိနစ်ကို ဖော်ညွှန်းတဲ့ နာရီဒိုင်ခွက်တစ်ခုကိုလည်း ရုပ်တုရဲ့ အောက်ခြေမှာ ထည့်သွင်းထားပါတယ်။

    ရုပ်တိုကိုဖန်တီးခဲ့တဲ့ အနုပညာရှင် ဟာယတ် နဇာရ်က ဘေရွတ်မှာ ဘာတွေဖြစ်ခဲ့လည်းဆိုတာနဲ့ ဘေရွတ်ပြည်သူတွေ ဘယ်လိုကျော်ဖြတ်ခဲ့ရလဲဆိုတာ နောက်မျိုးဆက်တွေ သိရှိလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    သူမဟာ Phoenix၊ Saucepans Tree၊ Heart of revolution၊ Corona project စတဲ့ နာမည်ကျော် လက်ရာတွေကို ဖန်တီးထားသူလည်း ဖြစ်ပါတယ်။

    ဘေရွတ်ဆိပ်ကမ်း မီးလောင်မှုကနေ သိုလှောင်ထားတဲ့ အမိုနီယံနိုက်ထရိတ်တွေ ပေါက်ကွဲခဲ့တဲ့ ဒီအဖြစ်အပျက်ကြောင့် အနည်းဆုံး လူ ၂၀၃ ဦး သေဆုံးပြီး ၆၅၀၀​ ကျော် ဒဏ်ရာရခဲ့ပါတယ်။

    Ref: Aljazeera

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၂၂၊ ၂၀၂၀
    M-Media

    ချန်ပီယံလိဂ်အရှုံးက မိမိ၏ လိုအပ်ချက်ကြောင့်ဟု ဇီဒိန်းဝန်ခံ

    ဒီနေ့မနက် ချန်ပီယံလိဂ်မှာ အရှက်တကွဲရှုံးနိမ့်မှုအတွက် မိမိမှာသာတာဝန်ရှိပြီး ဝေဖန်မှကိုလက်ခံတယ်လို့ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။

    ကိုဗစ်ကြောင့် အဓိကကစားသမား ၁၃ ဦး မကစားနိုင်ဘဲ လူငယ်တွေနဲ့သာ ပွဲထွက်လာရတဲ့ ယူကရိကန်းကလပ် ရှက်တာဒိုးနက်ကို အိမ်ကွင်းမှာ ရီးယဲလ်က ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

    ဇီဒိန်းက ဆိုးရွားတဲ့ပွဲ၊ ဆိုးရွားတဲညတစ်ခု ဖြစ်ခဲ့ပြီး ​ဒီအခြေအနေကို ကျော်လွှားနိုင်ရေး နည်းလမ်းရှာသွားမယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ရီးယဲလ်ဟာ စနေနေ့ကလည်း လာလီဂါမှာ တန်းတက်အသင်း ကာဒစ်ဇ်ကို အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    အန်ဆူဖာတီကို လူမျိုးရေးခွဲခြားခဲ့သည့် စပိန်ဂျာနယ်လစ် ပြန်တောင်းပန်

    ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်မှူး အန်ဆူ ဖာတီကို လူမျိုးရေးခွဲခြား ရေးသားခဲ့တယ်လို့ ဝေဖန်ခံရတဲ့ စပိန်ဂျာနယ်လစ်တစ်ဦးက သူ့ရဲ့လုပ်ရပ်အတွက် ပြန်တောင်းပန်လိုက်ပါတယ်။

    ချန်ပီယံလိဂ်ပွဲ ABC သတင်းဌာနအတွက်ရေးတဲ့ ပွဲသုံးသပ်ချက်မှာ ဂျာနယ်လစ် ဆာဗာဒို ဆော့စ်ထရက်စ်က ဖာတီကို ‘လူမည်းလမ်းဘေးစျေးသည်’ လို့ ထည့်ရေးခဲ့ပါတယ်။ ဆော့စ်ထရက်စ်က ဖာတီရဲ့ လှလှပပ လှုပ်ရှားမှုကို ရည်ညွှန်းလိုတဲ့အတွက် ဒီလိုရေးသားခဲ့တာဖြစ်ပြီး နားလည်မှုလွဲခဲ့တဲ့အတွက် အလွန်အမင်း ဝမ်းနည်းရတယ်လို့ ABC မှာ တောင်းပန်ရေးသားခဲ့ပါတယ်။

    အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ဖာတီဟာ အသက် ၁၈ နှစ်မပြည့်ခင် ချန်ပီယံလိမှာ ၂ ဂိုးသွင်းယူတဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

    ဗန်ဒိုက်ဒဏ်ရာရသည်အတွက် ဝမ်းနည်းကြောင်း အန်ဆယ်လော့တီပြော

    မိမိ​လူကြောင့် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားတဲ့အတွက် ဝမ်းနည်းမိတယ်လို့ အဲဗာတန်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်ပါတယ်။

    ၂ ဂိုးစီသရေကျတဲ့ ပြီးခဲ့တဲ့တစ်ပတ် ပရီးမီးယားလိဂ်ပွဲမှာ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ ဖြတ်ထုတ်မှုကြောင့် ဗန်ဒိုက်ဟာ အရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့တာပါ။

    အန်ဆယ်လော့တီက ဗန်ဒိုက် အမြန်ကျန်းမာပါစေကြောင်း ဆုတောင်းခဲ့ပြီး ပစ်ဖို့ဒ်က ရည်ရွယ်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ပြောကြားမှုကိုတော့ ငြင်းဆိုခဲ့ပါတယ်။

    ဘောလုံးအဖွဲ့ချုပ် FA ကလည်း ဒီအဖြစ်အပျက်ဟာ မတော်တဆသာ ဖြစ်တဲ့အတွက် ပစ်ဖို့ဒ်ကို အရေးမယူဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: BBC

  • ဘာသာရေးခေါင်းဆောင်များအား လှောင်ပြောင်မှုကို ပိတ်ပင်မည်မဟုတ်ဟု ပြင်သစ်ပြော

    ဘာသာရေးခေါင်းဆောင်များအား လှောင်ပြောင်မှုကို ပိတ်ပင်မည်မဟုတ်ဟု ပြင်သစ်ပြော

    အောက်တိုဘာ ၂၂၊ ၂၀၂၀
    M-Media

    ပြင်သစ်သမ္မတ မာခရွန်

    -ဘာသာရေးခေါင်းဆောင်တွေကို ရုပ်ပြောင်ရေးဆွဲမှုအပေါ် မိမိတို့တိုင်းပြည်က ပိတ်ပင်သွားမှာ မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က အကြမ်းဖက်သတ်ဖြတ်ခံလိုက်ရတဲ့ ကျောင်းဆရာ ဆမ်မြူယဲလ် ပါတီရဲ့ မနေ့က ဈာပနအခမ်းအနားမှာ မာခရွန်က ဒီလိုပြောကြားလိုက်တာပါ။ ​ပါတီဟာ သင်ခန်းစာတစ်ခုမှာ တမန်တော်မိုဟာမက်ကို လှောင်ပြောင်တဲ့ကာတွန်း အသုံးပြုသင်ကြားခဲ့ပြီးတဲ့နောက် အခုလို အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

    “ရုပ်ပြောင်ကာတွန်း ရေးဆွဲမှုကို ကျွန်တော်တို့ စွန့်လွှတ်သွားမှာ မဟုတ်ပါဘူး” လို့ မာခရွန်က ဈာပနအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ပါတီဟာ ပြင်သစ်ရဲ့ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးစနစ်၊ ဒီမိုကရေစီတန်ဖိုးတွေကို ကိုယ်စားပြုတဲ့အတွက်သူရဲဘောကြောင်သူတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာဖြစ်တယ်လို့လည်း မာခရွန်က ဆိုပါတယ်။

    ကျောင်းဆရာပါတီကို အကြမ်းဖက်သတ်ဖြတ်ခဲ့သူဟာ အသက် ၁၈ နှစ်အရွယ် ရုရှားနွယ်ဖွားတစ်ဦးဖြစ်ပြီး ဆီးရီးယား အစ္စလာမ့်မစ်အစွန်းရောက်တွေရဲ့ လှုံ့ဆော်သွေးထိုးမှုကို ခံခဲ့ရတယ်လို့ စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်သူတွေက ပြောကြားခဲ့ပါတယ်။ သတ်ဖြတ်သူကို ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

    ဒီအကြမ်းဖက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး လက်ရှိမှာ လူ ၇ ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။

    Ref: France24

  • ကိုဗစ်ကာကွယ်ဆေးထုတ်ပြီး ကမ္ဘာကိုရောင်းရန် တရုတ်စီစဉ်နေ

    ကိုဗစ်ကာကွယ်ဆေးထုတ်ပြီး ကမ္ဘာကိုရောင်းရန် တရုတ်စီစဉ်နေ

    အောက်တိုဘာ ၂၂၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံဟာ ကိုဗစ်ကာကွယ်ဆေးသစ်တစ်မျိုး ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ကမ္ဘာကို ဖြန့်ချီဖို့ စီစဉ်နေတယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV က ဖော်ပြခဲ့ပါတယ်။

    အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က စမ်းသပ်ထုတ်လုပ်နေပြီး အလားအလာကောင်းတယ်လို့ ယူဆထားတဲ့ ကာကွယ်ဆေးနည်းလမ်းအတိုင်း တရုတ်က ကာကွယ်ဆေးအသစ်ကို ထုတ်လုပ်နေတာပါ။

    ​ခန္တာကိုယ်ကို မထိခိုက်စေဘဲ၊ ထိရောက်တဲ့ ကိုယ်ခံစွမ်းအားကို ထုတ်ပေးနိုင်မယ့် အဲဒီကာကွယ်ဆေးဟာ ၂ ကြိမ်ထိုးလိုက်တာနဲ့ နှစ်အတော်ကြာ ကိုဗစ်ကူးစက်မှု ကာကွယ်နိုင်မယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ပြောပါတယ်။

    ပွင့်လင်းမြင်သာမှု မရှိတာကြောင့် အနောက်နိုင်ငံတွေက တရုတ်ကာကွယ်ဆေးတွေနဲ့ပတ်သက်ပြီး သံသယရှိနေပါတယ်။

    တရုတ်အာဏာပိုင်တွေရဲ့ ကနဦးပြောကြားမှုတွေကိုကြည့်ရင် ကာကွယ်ဆေးကို နိုင်ငံအတွင်း တစ်လုံး ဒေါ်လာ ၉၀၊ နိုင်ငံခြားမှာ ၄ ​ဒေါ်လာလောက်နဲ့ ရောင်းဖို့ စီစဉ်ထားတာကိုတွေ့ရပြီး ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာကိုလွှမ်းမိုးနိုင်မယ့် ‘မမြင်ရတဲ့အင်အား’ (soft power) တစ်ခုအဖြစ် အသုံးပြုဖို့ ​မျှော်လင့်နေတာ ဖြစ်ပါတယ်။

    တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က အခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ထိုးဆေးအလုံးရေ သန်း ၆၁၀ လောက်ထုတ်လုပ်နိုင်မယ်လို့ ပြောကြားထားပါတယ်။

    တရုတ် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာနရဲ့ ဇီ၀လုံခြုံရေးအကြီးအကဲ ဝူဂွေကျန်းက ကာကွယ်ဆေးထုတ်လုပ်မှုတိုင်းမှာ အားနည်းချက်တွေ ကြုံတွေ့ရလေ့ရှိပေမယ့် အခု အသစ်စမ်းသပ်နေတဲ့ ကာကွယ်ဆေးမှာ ဆိုးဆိုးရွားရွား အားနည်းချက်မျိုး မကြုံတွေ့ရဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Asia Times