News @ M-Media

Blog

  • ဂါဇာမှ အလ်ရှီဖာဆေးရုံကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ပြီးနောက် မြင်ကွင်းများ

    ဂါဇာမှ အလ်ရှီဖာဆေးရုံကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ပြီးနောက် မြင်ကွင်းများ

    ဧပြီ ၁၊ ၂၀၂၄

    M-Media 


    -ဂါဇာက အကြီးဆုံးဆေးရုံနှစ်ခုက တစ်ခုဖြစ်တဲ့ အလ်ရှီဖာဆေးရုံကို အစ္စရေးစစ်တပ်က ဒုတိယအကြိမ် တိုက်ခိုက်ပြီးနောက် တွေ့ရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ 

    ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ ၂ ပတ်တာ ကြာမြင့်ခဲ့ပါတယ်။ တနင်္လာနေ့မနက်ပိုင်း အစ္စရေးတပ်ဖွဲ့တွေ ထွက်ခွာသွားပြီးနောက် ဆေးရုံ၀င်းထဲမှာ အနည်းဆုံး အလောင်း ၆ လောင်းကို တွေရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ 

    ဆေးရုံတစ်ခုလုံးနီးပါးက သုံးလို့မရအောင် ပျက်ဆီးသွားခဲ့ပါပြီ။ ဆေးရုံက လူနာတော်တော်များများကို အနားမှာရှိတဲ့ အဟ်လီအာရပ်ဆေးရုံကို ရွှေ့ခဲ့ရပြီး ဂါဇာ ကျန်းမာရေး၀န်ကြီးဌာနက ဆေးရုံထဲမှာ ၀င်ရောက်ပြီး အလောင်းကောက်တာတွေ ပြုလုပ်နေပါတယ်။ 

    အစ္စရေးဟာ ပြီးခဲ့တဲ့နှစ် နို၀င်ဘာလမှာတစ်ကြိမ် အလ်ရှီဖာဆေးရုံကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဘော်နီယိုကျွန်းတွင် အင်ဒို-မလေး-ဘရူနိုင်း ၃ နိုင်ငံပတ် အမြန်ရထားလမ်းဖောက်ရန် စီစဥ်

    ဘော်နီယိုကျွန်းတွင် အင်ဒို-မလေး-ဘရူနိုင်း ၃ နိုင်ငံပတ် အမြန်ရထားလမ်းဖောက်ရန် စီစဥ်

    မတ် ၃၁၊ ၂၀၂၄

    M-Media


    -အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်း ၃ နိုင်ငံရဲ့ ပိုင်နက်တွေရှိတဲ့ ဘော်နီယိုကျွန်းမှာ ကီလိုမီတာ ၁၆၂၀ ရှည်လျားမယ့် အမြန်ရထားလမ်း စီမံကိန်းတစ်ခုကို မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ 

    ဘရူနိုင်းအခြေစိုက် ကုမ္ပဏီ Brunergy Utama Sdn Bhd က ဒီစီမံကိန်းကို ဦးစီးမှာဖြစ်ပြီး အဆင့် ၂ ခုနဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ 

    ပထမအဆင့်ဟာ ဘောနီယိုကျွန်းရဲ့ အရှေ့အနောက် ကမ်းရိုးတမ်းကို ဆက်သွယ်မှာပါ။ အင်ဒိုနီးရှားနိုင်ငံ အနောက် ကလီမန်တန်ပြည်နယ် ပွန်တီယာနက်မြို့က စတင်ကာ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်က စီးပွားရေးအချက်အခြားဖြစ်တဲ့ ကိုတာကင်နာဘာလူမြို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။  

    ဒုတိယအဆင့် လမ်းပိုင်းဟာ ကျွန်းရဲ့ မြောက်ပိုင်းကနေ အရှေ့ပိုင်းကို ဆက်သွယ်မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ ကလီမန်တန် ပြည်နယ်က အချက်အခြာကျတဲ့ ဆာမာရင်ဒါမြို့၊  အင်ဒိုနီးရှားရဲ့မြို့တော်သစ် ဖြစ်လာမယ့် နူဆန်ထရာနဲ့ စတဲ့ မြို့တွေနဲ့ ဆက်သွယ်ပေးမှာပါ။ 

    ရထားလိုင်းဟာ တစ်နာရီကို ၃၀၀ ကနေ ၃၅၀ ကီလိုမီတာအထိ ခုတ်မောင်းနိုင်မှာဖြစ်ပါတယ်။ ဒီရထားလိုင်းစီမံကိန်းမှာ ဘူတာကြီး ၄ ခုအပါအ၀င် စုစုပေါင်း ဘူတာ ၂၈ ခု ပါ၀င်မှာ ဖြစ်ပါတယ်။ 

    ရထားလိုင်းကို Trans Borneo Railway လို့ အမည်ပေးမှာဖြစ်ပြီး ၃ နိုင်ငံ ခရီးလမ်းအကွာအ၀ေးကို ချုံ့နိုင်ဖို့ ရည်ရွယ်တည်ဆောက်မှာ ဖြစ်ပါတယ်။ 

    Ref: The Borneo Post 

  • အစ္စလာမ် ခါလီလော့ဗ် (သို့) လူ ၁၀၀ ကျော်ကို အကြမ်းဖက်လက်မှ ကယ်တင်ခဲ့သူ

    အစ္စလာမ် ခါလီလော့ဗ် (သို့) လူ ၁၀၀ ကျော်ကို အကြမ်းဖက်လက်မှ ကယ်တင်ခဲ့သူ

    မတ် ၃၀၊ ၂၀၂၄

    M-Media 


    -ရုရှားမွတ်စလင်အသင်းဟာ အသက် ၁၅ နှစ်အရွယ် အစ္စလာမ် ခါလီလော့ဗ်ကို ရုရှားမွတ်စလင်သူရဲကောင်းဆု ချီးမြှင့်လိုက်ပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ် မော်စကိုက Crocus ကပွဲရုံမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ လူ ၁၀၀ ကျော်ကို ဘေးလွတ်ရာ ကယ်တင်ပေးခဲ့တဲ့ ခါလီလော့ဗ်ရဲ့ သူရသတ္တိကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။ 

    IS အကြမ်းဖက်အဖွဲ့က သေနတ်သမား ၄ ယောက်ရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသူအနည်းဆုံး ၁၄၄ ဦး ရှိတယ်လို့ ရုရှားက ထုတ်ပြန်ပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ယူကရိန်းစနက် မကင်းဘူးလို့လည်း ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ဆိုပါတယ်။ 

    သေနတ်ပစ်ခတ်မှုတွေ၊ မီလောင်ကျွမ်းမှုတွေ ဖြစ်နေတဲ့ ကပွဲရုံမှာ လူတွေ သွေးရူးသွေးတမ်းနဲ့ ဆောက်တည်ရမရ ဖြစ်နေတဲ့အချိန် ခါလီလော့ဗ်က အရေးပေါ်ပြေးပေါက်ကို အလျင်အမြန်ရှာဖွေပြီး လူ ၁၀၀ ကျော်ကို ကယ်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

    “ကျွန်တော့်နေရာမှာ တစ်ခြားလူတွေဆိုလည်း ဒီလိုပဲ ကယ်တင်ပေးကြမှာပါ။ ဒါကတော့ သေချာပါတယ်” လို့ ခါလီလော့ဗ်က မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ မွတ်စလင်သူရဲကောင်းဆု ချီးမြှင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    ခါလီလော့ဗ်ဟာ စတိတ်ရှိုးလာသူတွေရဲ့ အ၀တ်အစားတွေကို စစ်ဆေးပေးရတဲ့တာ၀န် ယူထားသူဖြစ်ပါတယ်။ 

    ရုရှးမွတ်စလင် သူရဲကောင်းဆုကို ရုရှား အစ္စလာမ့်ဓမ္မသတ်မှုးချုပ်(မွဖ်သီချုပ်)က ချီးမြှင့်ခဲ့ပါတယ်။ ကိုယ့်အသက်ကိုယ် မငဲ့ကွက်ပဲ သူတစ်ပါးရဲ့ အသက်တွေကို ကယ်တင်တဲ့ သူရဲကောင်းတို့ထုံးကို ခါလီလော့ဗ်က နှလုံးမူခဲ့တာလို့ မွဖ်သီချုပ်က မှတ်ချက်ပေးပါတယ်။ 

    “လူတွေကို တတ်နိုင်သ၍ ကူညီရမယ်ဆိုတဲ့ သွန်သင်ဆုံးမမှုနဲ့ ကျွန်တော် လူလားမြောက်လာတာပါ” လို့ ခါလီလော့ဗ်က ဆိုပါတယ်။ 

    သူရဲ့ သူရသတ္တိအတွက် ရုရှားအာဏာပိုင်တွေကလည်း ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။ 

    Ref: Aljazeera

  • နေအစစ်ထက် ၇ ဆပိုပြီး စွမ်းအင်ထုတ်နိုင်တဲ့ တောင်ကိုရီးယားက နေအတု

    နေအစစ်ထက် ၇ ဆပိုပြီး စွမ်းအင်ထုတ်နိုင်တဲ့ တောင်ကိုရီးယားက နေအတု

    မတ် ၃၀၊ ၂၀၂၄

    M-Media 


    -တောင်ကိုရီးယား စွမ်းအင်၀န်ကြီးဌာနက ဖန်တီးထားတဲ့ နျူဓာတ်ပေါင်းဖိုတစ်ခုဟာ နေထက် ၇ ဆပိုတဲ့ အပူရှိန်ကို ထုတ်လုပ်နိုင်ခဲ့ပြီး သမိုင်းသစ်တစ်ခု ရေးနိုင်ခဲ့ပါတယ်။ 

    KSTAR လို့ အမည်ပေးထားတဲ့ အဲဒီဓာတ်ပေါင်းဖိုကို နေအတုလို့လည်း ခေါ်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၄ ခုနှစ် ဖေဖော်၀ါရီလအတွင်း အပူချိန်စမ်းသတ်ထုတ်လွှတ်မှုမှာ ဒီစံချိန်သစ် ရခဲ့တာဖြစ်ပါတယ်။ 

    အပူချိန် ဒီဂရီဆဲလ်ဆီးယက်စ် သန်းပေါင်း ၁၀၀ ကို ၄၈ စက္ကန့်အထိ ထုတ်လွှတ်နိုင်ခဲ့ပါတယ်။ နေက အများဆုံးထုတ်လွှတ်ပေးတဲ့ အပူချိန်က ဒီဂရီဆဲလ်ဆီးယက်စ် ၁၅ သန်းသာ ရှိပါတယ်။ 

    KSTAR ဟာ နေထပ် ၇ ဆပိုတဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်တာပါ။ နေရဲ့ အဓိက ပါ၀င်ပစ္စည်းဖြစ်တဲ့ ပလာစမာ (plasma) တွေ တည်ငြိမ်တဲ့ အခြေအနေမျိုးရှိတဲ့ H-mode ကို စက္ကန့် ၁၀၀ အထိ ထိန်းထားနိုင်ခဲ့ပါတယ်။ 

    ၂၀၂၁ ခုနှစ်တုန်းကလည်း KSTAR ဓာတ်ပေါင်းဖို့ဟာ စံချိန်တစ်ခု ရရှိခဲ့ပါတယ်။ အပူချိန် ဒီဂရီဆဲလ်စီးယက်စ် ၁ သန်း ထုတ်လွှတ်နိုင်ပြီး၊ H-mode ကို စက္ကန့် ၃၀ အထိ ရရှိခဲ့တာပါ။ 

    နေအတုဆိုတာ ဘာလဲ

    နေရဲ့ အပူချိန်နဲ့ စွမ်းအင်ထုတ်တဲ့ နည်းစနစ်အတိုင်း တုပပြီး ဖန်တီးထားတဲ့ ဓာတ်ပေါင်းဖိုတွေကို နေအတုလို့ တင်စားခေါ်၀ေါ်ကြတာ ဖြစ်ပါတယ်။ 

    အက်တမ်တွေ တစ်ခုနဲ့တစ်ခု အရှိန်နဲ့တိုက်ပြီး ပေါင်းစည်းသွားတဲ့အခါ ကြီးမားတဲ့စွမ်းအင်ထွက်လာပြီး ဒါကို Fusion လုပ်ငန်းစဥ်လို့ ခေါ်ပါတယ်။ နေတွေနဲ့ ကြယ်တွေဟာ အဆက်မပြတ်ဖြစ်နေတဲ့ Fusion လုပ်ငန်းစဥ်ကြောင့် အလင်း၊ အပူချိန်နဲ့ စွမ်းအင်တွေကို ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။ 

    လူသားတွေကလည်း Fusion ဓာတ်ပေါင်းဖိုကြီးတွေ တည်ဆောက်ကာ ကာဘွန်ထုတ်လွှတ်မှုကင်းတဲ့ သုံးမကုန်စွမ်းအင်တွေ ရရှိအောင် ကြိုးစားလာကြပါတယ်။

    တောင်ကိုရီးယားက KSTAR ဟာ ဒီကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ 

    တောင်ကိုရီးယား၊ တရုတ်၊ အမေရိကန်၊ ဥရောပနဲ့ ရုရှားတို့အပါအ၀င် ကမ္ဘာနိုင်ငံတော်တော်များများ ပူးပေါင်းကာ ကုန်ဒေါ်လာ ၂၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ နေအတု ITER တစ်ခုကိုလည်း လက်ရှိမှာ ဖန်တီးနေပါတယ်။ 

    Ref: Interesting Engineering 

  • လက်နက်များစုထားသည့် အစ္စရေးတစ်ဦးကို မလေးရှား ဖမ်းဆီး

    လက်နက်များစုထားသည့် အစ္စရေးတစ်ဦးကို မလေးရှား ဖမ်းဆီး

    မတ် ၂၈၊ ၂၀၂၄

    M-Media 


    -အသက် ၃၆ နှစ်အရွယ် အစ္စရေးနိုင်ငံသားတစ်ဦးကို သူလျှိုသံသယနဲ့ ဖမ်းဆီးလိုက်တယ်လို့ မလေးရှားက ထုတ်ပြန်ပါတယ်။ 

    အမျိုးသားဖြစ်ပြီး မြို့တော် ကွာလာလမ်ပူက အမ်ပန်းမြို့နယ်မှာ နေထိုင်နေတာပါ။ သူနဲ့အတူ ပစ္စတို ၆ လက်နဲ့ ကျည်ဆံ ၂၀၀ ဖမ်းမိတယ်လို့ မလေး ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။ 

    မလေးရှားဟာ အစ္စရေးနိုင်ငံကူးလက်မှတ် ကိုင်ထားသူတွေကို ပြည်၀င်ခွင့်မပေးပါဘူး။ 

    ဖမ်းမိတဲ့အမျိုးသားဟာ ယူအေအီးကနေတစ်ဆင့် မတ်လ ၁၂ ရက်နေ့မှာ ကွာလာလမ်ပူ လေဆိပ်ကို ရောက်ရှိလာတာပါ။ KLIA လေဆိပ်အ၀င်မှာ ပြင်သစ်နိုင်ငံကူးလက်မှတ်ကို အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးအကြီးအကဲ တန်ဆရီ ရာဇာရွတ်ဒင်း ဟူစိန်က မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    “သံသယရှိသူကို ဖမ်းဆီးစစ်ဆေးရာမှာ အစ္စရေးနိုင်ငံကူးလက်မှတ်ကို သူက ထုတ်ပြခဲ့ပါတယ်။ ဟိုတယ် နှစ်ခု သုံးခုလောက်ပြောင်းပြီး (အမ်ပန်းက) နောက်ဆုံးဟိုတယ်ကို ရောက်လာတာပါ”

    မိသားစုပြဿနာကြောင့် နောက်ထပ် အစ္စရေးနိုင်ငံသားတစ်ဦးကို သတ်ဖို့ မလေးရှားကို ရောက်လာတယ်လို့ သံသယရှိသူက ထွက်ဆိုကြောင်း တန်ဆရီ ရာဇာရွတ်ဒင်းက ပြောပါတယ်။

    “သူပြောတာကို အပြည့်အ၀ ယုံကြည်လို့ မရပါဘူး။ အခြားအကြောင်းလည်း ရှိနိုင်ပါတယ်”

    အစ္စရေးသူလျှိုတစ်ယောက် ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို မလေးရှားရဲတပ်ဖွဲ့က ထည့်သွင်းစဥ်းစားထားကြောင်း ရာဇာရွတ်ဒင်းက ဆိုပါတယ်။

    ပစ္စတို ၆ လက် 

    အစ္စရေးအမျိုးသားဟာ ကွလာလမ်ပူကို ရောက်တာနဲ့ လက်နက်တွေ အွန်လိုင်းက မှာယူခဲ့ပြီး ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ငွေပေးချေခဲ့ပါတယ်။ 

    ခိုးသွင်းတဲ့ လက်နက်တွေက Glocks၊ Smith နဲ့ Wesson တံဆိပ် ပစ္စတိုတွေအပါအ၀င် ပစ္စတို ၆ လက်နဲ့ ကျည်ဆံ ၂၀၀ ဖြစ်ပါတယ်။ 

    “သူတစ်ယောက်တည်း လှုပ်ရှားတာမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ထားတယ်။ တစ်ခြားအဆက်အသွယ်တွေ ရှိမှာပါ” လို့ တန်ဆရီ ရာဇာရွတ်ဒင်းက ဆိုပြီး ဒီသတင်းကြောင့် ဘုရင်၊ ၀န်ကြီးချုပ်ရဲ့ လုံခြုံရေးအပါအ၀င် တစ်နိုင်ငံလုံးမှာ လုံခြုံရေးအဆင့် မြှင့်ထားတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: New Strait Time