News @ M-Media

Blog

  • ကာကွယ်ဆေးထုတ်နိုင်စွမ်းကို လူသားထုအတွက် အသုံးပြု ကူညီမည်ဟု အိန္ဒိယကတိပြု

    ကာကွယ်ဆေးထုတ်နိုင်စွမ်းကို လူသားထုအတွက် အသုံးပြု ကူညီမည်ဟု အိန္ဒိယကတိပြု

    စက်တင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုနဲ့ ပို့ဆောင်ပေးနိုင်မှု လုပ်နိုင်စွမ်းကို ကိုဗစ်တိုက်ဖျက်ရေးမှာ တစ်ကမ္ဘာလုံးအတွက် အသုံးပြုသွားမယ်လို့ ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ကုလမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့နိုင်ငံတစ်ခုအနေနနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကို အာမခံချက်တစ်ခု ဒီကနေ့ ကျွန်တော် ပေးချင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ပိုဆောင်မှု လုပ်နိုင်စွမ်းကို ဒီကပ်ရောဂါ တိုက်ဖျက်နေတဲ့ လူသားအားလုံးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်”

    အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကပ်ရောဂါဒဏ်ကို တတိယမြောက် အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံဖြစ်ပြီး ကူးစက်သူ ၅.၉ သန်း၊ သေဆုံးသူ ၉၃၀၀၀ ကျော် ရှိနေပါတယ်။

    မိုဒီက အိန္ဒိယဟာ ကာကွယ်ဆေး အဆင့် ၃ စမ်းသပ်မှုကို ပြုလုပ်နေပြီး အအေးပေးစနစ်နဲ့ ကာကွယ်ဆေးပို့ဆောင်ပေးနိုင်တဲ့ မိမိတို့ရဲ့ လုပ်နိုင်စွမ်းနဲ့ နိုင်ငံအားလံုးကို ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

    အဆင့် ၃ စမ်းသပ်မှုဟာ ကာကွယ်ဆေးရဲ့ ထိရောက်မှု အန္တရာယ်ကင်းမှုတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးနဲ့ အကျယ့်ပြန့်ဆုံး စမ်းသပ်စစ်ဆေးမှု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အောင်မြင်ရင် ကာကွယ်ဆေးကို စိတ်ချလက်ချ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    သိပ္ပံပညာရှင်တွေကသာ မီးစိမ်းပြမယ်ဆိုရင် အိန္ဒိယဟာ ကိုဗစ်ကာကွယ်ဆေး အမြောက်အများ ထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဩဂုတ်လမှာ မိုဒီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ရှင်ကျန်းတွင် အစ္စလာမ့်သာသနိကအဆောက်အဦး ၁၆၀၀၀ ကျော်ကို တရုတ်အစိုးရက ဖျက်ဆီးခဲ့

    ရှင်ကျန်းတွင် အစ္စလာမ့်သာသနိကအဆောက်အဦး ၁၆၀၀၀ ကျော်ကို တရုတ်အစိုးရက ဖျက်ဆီးခဲ့

    စက်တင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    ကက်ရှ်ဂါမြို့မှ ချိတ်ပိတ်ခံထားရသည့် ဗလီ

    -ဝီဂါလူမျိုးတွေအဓိကနေထိုင်တဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဗလီဝတ်ကျောင်းတော်တဲ့ အစ္စလာမ့် သာသနိက အဆောက်အဦး အနည်းဆုံး ၁၆၀၀၀ လောက်ကို တရုတ်အစိုးရက ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဖျက်ဆီးခဲ့တယ်လို့ ဩစတေးလျ တတ်သိပညာရှင်များအဖွဲ့ ASPI က လေ့လာ ဖော်ထုတ်လိုက်ပါတယ်။

    ASPI ဟာ ဂြိုဟ်ပုံရိပ်တွေ၊ ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသူတွေ၊ တရုတ်အစိုးရ စာရွက်စာတမ်းတွေအပါအဝင် ရင်းမြစ်အမြောက်အများကို အသုံးပြုကာ ရှင်ကျန်းပြည်နယ်မှာ ဝီဂါတွေအပေါ် တရုတ်အစိုးရရဲ့ ဘာသာရေး၊ လူမျိုးရေး ဖိနှိပ်ညှင်းပမ်းမှု​တွေကို ဖော်ထုတ်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    ရှင်ကျန်းမှာ ဗလီဝတ်ကျောင်းတော်ပေါင်း ၂၄၀၀၀ လောက်ရှိတယ်လို့ တရုတ်အစိုးရက ပြောကြားထားပေမယ့် တကယ့်လက်တွေ့မှာ ၁၅၀၀၀ အောက်သာ ရှိတော့ပြီး အဲဒီပမာဏရဲ့ ထက်ဝက်ကျော်ကလည်း အတိုင်းအတာတစ်ခုအထိ ဖျက်ဆီးခံထားရတယ်လို့ ASPI က ထုတ်ပြန်တဲ့ လေ့လာမှု တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ရှင်ကျန်းပြည်နယ်က ဗလီဝတ်ကျောင်းတော်တွေရဲ့ ၃၀ ရာခိုင်နှုန်း ဖျက်ဆီးခံခဲ့ရပြီး နောက်ထပ် ၃၀ ရာခိုင်နှုန်းမှာလည်း မင်နာရတ်မျှော်စင်တွေ၊ အမိုးခုံးတွေလို ဗိသုကာလက်ရာတွေ ဖြိုချတာမျိုးလို တစ်နည်းမဟုတ် တစ်နည်းနဲ့ ဖျက်ဆီးခံရတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဖျက်ဆီးခံခဲ့ရတဲ့ ဗလီနေရာ တော်တော်များများဟာ မြေပြင်ကွက်လပ်ကြီးအဖြစ် ရှိနေပြီး တစ်ချို့နေရာတွေကိုတော့ လမ်းတွေ၊ ကားပါကင်တွေအဖြစ် ပြောင်းလဲခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    သက္ကရာဇ် ၁၅၄၀ မှာ တည်ဆောက်ခဲ့ပြီး ဒုတိယအဆင့် သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ခံထားရတဲ့ ကက်ရှ်ဂါမြို့က ဂျာမေဗလီအပါအဝင် အချို့ဗလီတွေကို တရုတ်အစိုးရက လုံး၀ဖြိုချကာ ဗလီအသေးစားအဖြစ် ပြန်လည်တည်ဆောက်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

    မြို့တော် အွမ်ရူကီနဲ့ ကက်ရှ်ဂါမြို့က ခရီးသွားတွေ အဓိကလည်ပတ်ရာ နေရာတွေမှာ ဒီလို အကြီးအကျယ် ဖျက်ဆီးတာမျိုး မရှိပေမယ့် ဗလီတွေကို သော့ခတ်ပြီး ပိတ်ထားတာ၊ အခြားကိစ္စတွေအတွက် အသုံးပြုတာတွေ ရှိတယ်လို့ သွားရောက်လည်ပတ်သူတွေက ASPI ကို ပြောကြားခဲ့ပါတယ်။

    ရှင်ကျန်းပြည်နယ်တစ်ခုလုံးမှာ အစ္စလာမ့်သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ထားတဲ့ သာသနိကအဆောက်အဦးရဲ့ ၅၀ ရာခိုင်နှုန်းလည်း ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဖြိုချဖျက်ဆီးခံခဲ့ရတယ်လို့ ASPI ရဲ့ လေ့လာမှုမှာ တွေ့ရပါတယ်။ ဖျက်ဆီးခံရတဲ့အထဲမှာ မွတ်စလင်သူတော်စင်တစ်ဦးရဲ့ ဂူဗိမာန် Ordam လည်း ပါဝင်ခဲ့ပါတယ်။

    တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားလူနည်းစုတွေအပေါ် ညှင်းပမ်းမှုတွေ ရှိနေပြီး၊ အနည်းဆုံး လူတစ်သန်းလောက်ကို အကျဉ်းစခန်းတွေထဲ ထည့်သွင်းပိတ်လှောင်ထားတယ်လို့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ကမ္ဘာ့မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ တရုတ်အစိုးရက ဒီပြောဆိုချက်တွေကို ငြင်းဆိုပါတယ်။

    ASPI က တရုတ်အစိုးရဟာ ဝီဂါတွေရဲ့ ယဉ်ကျေးမှု၊ ဘာသာတရား၊ ဘာသာစကားတွေကို ပျောက်ပျက်သွားအောင် လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    “ဘာသာစကား၊ ဂီတအနုပညာ၊ စားသောက်နေထိုင်မှုစနစ်တွေကို အသွင်းပြောင်းတာ၊ ဒါမှမဟုတ် လုံး၀ပပျောက်အောင် လုပ်တာတွေကနေတစ်ဆင့် ဝီဂါတွေရဲ့ လူမှုဘ၀၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ပြောင်းလဲဖို့ တရုတ်အစိုးရက အဓမ္မလုပ်ဆောင်နေသလို၊ တစ်ဖက်မှာလည်း ဝီဂါတွေရဲ့ ခိုင်မာတဲ့ ယဉ်ကျေမှုအမွေအနှစ်တွေ၊ အထင်ကရ မှတ်ကျောက်တွေကို ဖယ်ရှားရှင်းလင်းဖို့ ဒီမံကိန်းချ ဆောင်ရွက်နေပါတယ်”

    ရှင်ကျန်းဒေသမှာ ဗလီဝတ်ကျောင်းတော်နဲ့ အစ္စလာမ်သာသနိကအဆောက်အဦးပေါင်း ၁၆၀၀၀ လောက် ဖျက်ဆီးဖယ်ရှားခံလိုက်ရတယ်ဆိုတဲ့ ASPI ရဲ့ ဖော်ပြချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ပါတယ်။

    Ref: The Guardian

  • စနေနေ့ဘောလုံးသတင်းများ

    စနေနေ့ဘောလုံးသတင်းများ

    စက်တင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    ဆွာရက်ဇ်ထွက်သွားသည့်ကိစ္စအတွက် ဘာစီလိုနာကို မက်ဆီဝေဖန်

    တိုက်စစ်မှူးဆွာရက်ဇ်ဟာ အသင်းကနေ မထိုက်တန်စွာ ထွက်ခွာခဲ့ရတယ်လို့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီက ဝေဖန်ပြောကြားလိုက်ပါတယ်။ နည်းပြသစ် ရော်နယ်ကိုးမန်းက သူ့ရဲ့ အနာဂတ်အစီအစဉ်မှာ မထည့်သွင်းဘူးလို့ ပြောတဲ့အတွက် ထွက်ခွာခဲ့ရတာဖြစ်တယ်လို့ ဆွာရက်ဇ်က သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်လည်ရွဲနဲ့ ပြောကြားခဲ့ပါတယ်။ မက်ဆီက ဆွာရက်စ်ဟာ အသင်းရဲ့သမိုင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းက ဒီလိုမဆက်ဆံသင့်ကြောင်း၊ ဒီလိုအခြေအနေ ဖြစ်လာတဲ့အတွက်လည်း မအံ့ဩမိကြောင်း မနေ့က Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ မက်ဆီဟာ အသင်းကနေ ထွက်ခွာခွင့်နဲ့ပတ်သက်လို့ ပြီးခဲ့လမှာ အသင်းဥက္ကဌ ဘာတိုမြူနဲ့ အခြေအတင်ဖြစ်ခဲ့ပြီး နောက်ဆုံး ဘာစီလိုနာမှာ ဆက်ရှိ​​ခဲ့ရပါတယ်။

    ဝုလ်ဗ်နှင့် ဝက်စ်ဟမ်းတို့၏ Covid-19 ရလဒ်များ အချိန်မီမသိရ

    ကစားသမားတွေနဲ့ ဝန်ထမ်းတွေ ကိုဗစ်စစ်ဆေးချက်အဖြေ အချိန်မီမရတဲ့အတွက် စိတ်ပျက်ရတယ်လို့ ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်နဲ့ အ၀က်စ်ဟမ်းအသင်းတို့က ပြောကြားလိုက်ပါတယ်။ ဓာတ်ခွဲခန်းတွေမှာ အလုပ်များနေတာကြောင့် ရလဒ်တွေ မရသေးတာပါ။ ဝုလ်ဗ်နည်းပြ နူနို အက်စ်ပီရီတိုက ဒါကိစ္စကြောင့် တနင်္ဂနွေနေ့ပွဲအတွက် ပြင်ဆင်ရာမှာ အလွန်အမင်းဒုက္ခရောက်ကြောင်း ပြောကြားခဲ့သလို တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့မှာ ပွဲတွေကစားရဖို့ရှိတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ လက်ထောက်နည်းပြ အလန် အာရ်ဗင်းကလည်း ရလဒ်မသိဘဲ ကစားရမယ့်အခြေအနေမျိုး ရောက်နေတယ်လို့ ဆိုပါတယ်။ ဝက်စ်ဟမ်းအသင်းက နည်းပြ မိုယက်စ်၊ နောက်ခံလူ ဒီအုပ်၊ ကွင်းလယ်လူ ကူလန်တို့ဟာ ကိုဗစ်ပိုးတွေ့တဲ့အတွက် သီးသန့်နေထိုင် ကုသနေရပါတယ်။

    အာဆင်နယ်တွင်ဆက်ရှိနေသည့် အကြောင်းအရင်းနှစ်ခုကို အူဘာမေယန် ဖွင့်ဟ

    အသင်းပြောင်းရမယ့် အခွင့်ရေးတွေကို ပယ်ချက အာဆင်နယ်မှာဆက်ရှိနေတဲ့ အဓိကအကြောင်းအရင်း ၂ ခု ရှိတယ်လို့ အာဆင်နယ်တိုက်စစ်မှူး အူဘာမေယန်က ပြောကြားလိုက်ပါတယ်။ အသင်းနဲ့ စာချုပ်တစ်နှစ်သာကျန်တော့တဲ့ အသက် ၃၁ နှစ်အရွယ် အူဘာမေယန်ဟာ နွေရာသီအပြောင်းအရွှေ့ကာလတွင်း အသင်းကနေ ထွက်ခွာမယ်လို့ သတင်းထွက်ခဲ့ပြီး လာလီဂါက ဘာစီလိုနာ၊ စီးရီးအေက အင်တာမီလန်တို့လို အသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ အူဘာမေယန်က အသင်းအတွက် ဗျူဟာသစ်ဖန်တီးကာ အသင်းတိုးတက်အောင် ဆောင်ရွက်ပေးခဲ့တဲ့ နည်းပြ မီခေလ်းအာတီတာ၊ အသင်းနဲ့ မိမိအပေါ်ထားရှိတဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် အသင်းမှာ ဒီလို ဆက်ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: BBC, Goal

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    ဘ၀တွင် တစ်ခါတစ်ရံ မမျှတမှုကို လက်ခံရတတ်သည်ဟု ဘရိုက်တန်နည်းပြ ဖွင့်ဟ

    မနေ့က ​မန်ယူနဲ့ပွဲမှာ အသင်းရဲ့ကစားပုံအတွက် ဂုဏ်ယူမိပြီး ဒီအခြေအနေကို ဆက်ထိန်းသွားဖို့ လိုအပ်တယ်လို့ ဘရိုက်တန်နည်း ဂရေဟမ်ပေါ်တာက ပြောကြားလိုက်ပါတယ်။

    ဘရိုက်တန်ဟာ ဒီပွဲမှာ ကစားပုံကောင်းခဲ့ပေမယ့် နာကျင်အချိန်ပိုက အငြင်းပွားဖွယ် ပင်နယ်တီကြောင့် ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

    ပေါ်တာက ဒါဟာ နာကျင်ဖွယ်ရာအခြေအနေမျိုးဖြစ်ပြီး မိမိကြောင့်မဟုတ်ဘဲ ဒိုင်လူကြီးကြောင့်သာ ရှုံးနိမ့်ခဲ့ရတာဖြစ်ကြောင်း၊ ဘ၀မှာ တစ်ခါတစ်ရံ မမျှတတဲ့အခြေအနေမျိုး ကြုံတွေ့ရတဲ့ပြီး မနေ့က ပွဲဟာ ဒီလိုအနေအထားမျိုးဖြစ်ကြောင်း၊ အသင်းကတော့ တိုးတက်လာကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဝက်စ်ဘရွန်းပွဲမှာ သင်ခန်းစာရခဲ့တဲ့ လမ်းပတ်

    မနေ့က ဝက်စ်ဘရွန်းနဲ့ပွဲမှာ သင်ခန်းစာ ကောင်းကောင်းရလိုက်ပြီး အသင်းပိုကောင်းလာအောင် လုပ်ဆောင်စရာ အများကြီးရှိသေးတယ်လို့ ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြောကြားလိုက်ပါတယ်။

    ၃ ဂိုးစီသရေကျခဲ့တဲ့ အဲဒီပွဲမှာ ဝက်စ်ဘရွန်းက ပထမပိုင်းမှာတင် ၃ ဂိုး သွင်းထားတာပါ။ ဒုတိယပိုင်းရောက်မှ ချယ်ဆီးက ချေပဂိုးရခဲ့ပြီး ပွဲအပြီး နာကျင်အချိန်ပိုဂိုးနဲ့ တစ်မှတ်ခွဲယူနိုင်ခဲ့ပါတယ်။

    လမ်းပတ်က ဒီပွဲမှာ အမှားတွေကြောင့် သူတို့အသင်း ၂ မှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

    ငွေမက်သည့် ဘောလုံးလောကကို မန်စီးတီးနည်းပြ ဝေဖန်

    ဘောလုံးလောကဟာ ကစားသမားတွေကို ဂရုမစိုက်ဘဲ ငွေရဖို့သာ လုပ်ဆောင်နေတယ်လို့ မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာက ဝေဖန်လိုက်ပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ရာသီမှာ ဘောလုံးပွဲတွေကို ရွှေ့ဆိုင်းတာ၊ ရပ်ဆိုင်းတာတွေ လုပ်ခဲ့ရပြီးတဲ့နောက် ဒီနှစ်မှာတော့ ကလပ်အသင်း၊ နိုင်ငံအသင်းပြိုင်ပွဲတွေကြောင့် ပွဲတွေ ခပ်စိပ်စိပ် ကစားရဖို့ ရှိနေပါတယ်။

    ဂွါဒီယိုလာက ဒီနေ့ လက်စတာနဲ့ပွဲအတွက် ကြံ့ခိုင်မှုပြည့်၀တဲ့ စီနီယာကစားသမား ၁၃ ဦးသာရှိကြောင်း ရာသီကြို ၂ ပတ်သာ ပြင်ဆင်ခွင့်ရတဲ့ ကစားသမားတွေဟာ ၃ ရက် ၁ ပွဲနှုန်းနဲ့ ၁၁ လဆက်တိုက် ကစားရတော့မှာဖြစ်ပြီး သူတို့ဟာ စက်ရုပ်တွေမဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • အိန္ဒိယတွင် အစ္စလာမ်မုန်းတီးရေးကို အစိုးရကိုယ်တိုင်က ဆောင်ရွက်ဟု အင်မရန်းခန်း စွပ်စွဲ

    အိန္ဒိယတွင် အစ္စလာမ်မုန်းတီးရေးကို အစိုးရကိုယ်တိုင်က ဆောင်ရွက်ဟု အင်မရန်းခန်း စွပ်စွဲ

    စက်တင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း

    -အိန္ဒိယနိုင်ငံမှာ အစိုးရကိုယ်တိုင်က အစ္စလာမ်ဘာသာဝင်တွေအပေါ် အမုန်းတရားတွေဖြစ်လာအောင် ဦးဆောင်ပြုလုပ်နေတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပြီး၊ ကက်ရှ်မီးယားက ဖိနှိပ်ညှင်းပမ်းနေတဲ့ အခြေအနေတွေအတွက်လည်း ရှုတ်ချခဲ့ပါတယ်။

    “ပြောရမှာ အားနာပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာ အစ္စလာမ်ကြောက်ရောဂါကို အစိုးရက စပွန်ဆာပေးလုပ်ခိုင်းတဲ့ တိုင်းပြည်တစ်ခုရှိနေတယ် ဒါကတော့ အိန္ဒိယပါ။ RSS (ဟိန္ဒူအစွန်းရောက်) အ​တွေးအခေါ်ဟာ ဒီကနေ့အိန္ဒိယကို ချယ်လှယ်နေတာဟာ ဒီနောက်ကွယ်က အကြောင်းအရင်း ဖြစ်ပါတယ်။ အိန္ဒိယဟာ ဟိန္ဒူတွေအတွက် သီးသန့်ဖြစ်ပြီး ဟိန္ဒူမဟုတ်တဲ့ အခြားသူတွေက ဒုတိယတန်းစား နိုင်ငံသားသာ ဖြစ်တယ်လို့ သူတို့ ယုံကြည်နေကြပါတယ်” လို့ မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းမှာ အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာ အိန္ဒိယအစိုးရဟာ ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းကာ စစ်တပ်အမြောက်အများချပြီး ဒေသကို ပိတ်ဆို့ ထိန်းချုပ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သားတွေဟာ ဒေသခံတွေကို တရားလက်လွတ်ဖမ်းဆီးတာ၊ နေအိမ်တွေကို ဝင်ရောက်စီးနင်းတာ၊ ရိုက်နှက်တာစတဲ့ ညှင်းပမ်းမှုတွေ ရှိတယ်လို့ သတင်းတွေထွက်လာခဲ့ပြီး ဒေသခံတွေကလည်း ဒီလုပ်ရပ်တွေကို ဆန္ဒပြခဲ့ကြပါတယ်။

    အင်မရန်းခန်းက ဒီချိုးဖောက်မှုတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တိုက်တွန်းခဲ့ပြီး၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကိုအခြေခံကာ ကက်ရှ်မီးယားကိစ္စ မဖြေရှင်းသမျှ ကာလပတ်လုံး တောင်အာရှမှာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရရှိမှာ မဟုတ်ဘူးလို့ မနေ့က ကုလမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံတော်တော်များများမှာ လွတ်လပ်စွာပြောဆိုခွင့်ကို အခြေခံပြီး မွတ်စလင်ကိုပစ်မှတ်ထားစော်ကာတာကိုလည်း ခန်းက ရှုတ်ချခဲ့ပါတယ်။

    “Charlie Hebdo မဂ္ဂဇင်းက ဘာသာရေးစော်ကားတဲ့ ကာတွန်းအပါအဝင် ဥရောပက လတ်တလောအဖြစ်အပျက်တွေကိုကြည့်ရင် ဒါကို သိနိုင်ပါတယ်”

    ပြင်သစ်မဂ္ဂဇင်းဖြစ်တဲ့ Charlie Hebdo ဟာ ၂၀၁၅ ခုနှစ်က ပထမဆုံး ပုံနှိပ်ခဲ့တဲ့ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းကို အခုလမှာ ပြန်လည်ပုံနှိပ် ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera