News @ M-Media

Blog

  • ဘောလီးဝုဒ်မှ နာမည်ကြီးအနုပညာရှင်များ မူးယစ်ဆေးကိစ္စအတွက် ခေါ်ယူစစ်ဆေးခံရ

    ဘောလီးဝုဒ်မှ နာမည်ကြီးအနုပညာရှင်များ မူးယစ်ဆေးကိစ္စအတွက် ခေါ်ယူစစ်ဆေးခံရ

    စက်တက်ဘာ ၂၆၊ ၂၀၂၀
    M-Media

    နာမည်ကြီး သရုပ်ဆောင်​ ဒီပီကာ ပါဒူကိုနေ

    -အိန္ဒိယ ဗဟိုအစိုးရရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွင်း ဘောလီးဝုဒ်ရုပ်ရှင်လောကက နာမည်ကျော် ထိပ်တန်းအနုပညာရှင်တွေ ခေါ်ယူမေးမြန်းခံခဲ့ရတယ်လို့ သိရပါတယ်။

    ဇွန်လက နာမည်ကျော်သရုပ်ဆောင် ဆူရှန့်ဆင်း ရာဂျ်ပွတ် သေဆုံးမှု နောက်ဆက်တွဲအဖြစ် ဘောလီးဝုဒ်ရုပ်ရှင်လောကမှာ မူးယစ်​ဆေး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုနဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

    NCB ဟာ နာမည်ကြီး သရုပ်ဆောင်​ ဒီပီကာ ပါဒူကိုနေးကို စက်တင်ဘာ ၂၆ ရက်နေ့မှာ ခေါ်ယူမေးမြန်းဖို့ စီစဉ်ထားတယ်လို့ အိန္ဒိယသတင်းစာတွေက ဖော်ပြပါတယ်။ အသက် ၃၄ နှစ်အရွယ် သူမဟာ ဒီကိစ္စအတွက် ​ကြာသာပတေးနေ့က မွမ်ဘိုင်းကို ရောက်ရှိလာပါတယ်။

    NCB တာဝန်ရှိသူတွေ၊ မင်းသမီးနဲ့ ပတ်သက်သူတွေ တစ်ဦးမှ ဒီကိစ္စကို ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

    အခုတစ်ပတ်အတွင်း NCB ဟာ ဘောလီးဝုဒ်က နာမည်ကြီး အနုပညာရှင်တော်တော်များများကို ခေါ်ယူမေးမြန်းခဲ့ပြီး ဒါဟာ မူးယစ်လုပ်ငန်းနဲ့ ဘောလီးဝုဒ်ရုပ်ရှင်လောကအကြား ဆက်နွယ်နိုင်ဖွယ်ရှိမှုကို ဖော်ထုတ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အမည်မဖော်လိုတဲ့ ထုတ်လုပ်သူတစ်ယောက်ကလည်း ဘယ်သူ့အလှည့်လာမယ်ဆိုတာကို မသိ​သေးတာကြောင့် ရုပ်ရှင်လုပ်ငန်းမှာ ကြောက်ရွံမှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    မင်းသား ဆူရှန့်ဆင်းသေဆုံးမှုဟာ ကိုယ့်ကိုယ်ကို သတ်သေတာလို အစောပိုင်းမှာ မွမ်ဘိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပေမယ့်၊ ဒီနောက်ကွယ်မှာ မသမာမူ ရှိနေလားဆိုတာကို ဗဟို​အစိုးရက စုံစမ်းနေပါတယ်။

    အခုလစောပိုင်းမှာ ဆူရှန့်ဆင်းရဲ့ ချစ်သူ ရီဟာ ချက္ကရာဘော်တီကို မူးယစ်ဆေးဖြန့်တဲ့ ဂိုဏ်းနဲ့ ဆက်သွယ်မှု သံသယနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာ ချက္ကရာဘော်တီနဲ့ သူမရဲ့မောင် ရှိုဝစ်တို့ဟာ မွမ်ဘိုင်းမှာ ထိန်းသိမ်းခံထားရပါတယ်။

    Ref: Reuters

  • ယူအေအီးနှင့် ဘာရိန်းတို့ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို ချိုးဖောက်ခဲ့သည်ဟု အဘတ်စ်ပြော

    ယူအေအီးနှင့် ဘာရိန်းတို့ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို ချိုးဖောက်ခဲ့သည်ဟု အဘတ်စ်ပြော

    စက်တင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    -အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်ခဲ့တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းတို့ရဲ့လုပ်ရပ်ကို ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ကုလသမဂ္ဂမိန့်ခွန်းမှာ ဝေဖန်ရှုတ်ချလိုက်ပြီး နိုင်ငံတကာ ဥပဒေအောက်မှာ တရားမျှတပြီး ရေရှည်တည်တံ့မယ့် အဖြေတစ်ခု ပေါ်ပေါက်လာရေးကို ဆန့်ကျင် ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အွန်လိုင်းကတစ်ဆင့် ပြုလုပ်နေတဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့က အဘတ်စ်ဟာ မိန့်ခွန်းပြောခဲ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပေါ်လာရေးအတွက် နိုင်ငံတကာညီလာခံတစ်ခု လာမယ့်နှစ်စောပိုင်းမှာ ခေါ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “နိုင်ငံတကာဥပဒေကို အခြေခံပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ရေး အာဏာအပြည့်အ၀ ရှိနိုင်မယ့် ညီလာခံမျိုးပါ။ ကျူးကျော်သိမ်းပိုက်မှုတွေကို အဆုံးသတ်ပြီး ပါလက်စတိုင်းတွေ မိမိတို့ရဲ့ဇာတိမြေမှာ ၁၉၆၇ ခုနှစ်က နယ်နမိတ်အတိုင်း အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ လွတ်လပ်တဲ့နိုင်ငံတစ်ခု ရရှိရေး၊ ဒုက္ခသည်ပြဿနာလို အရေးပါတဲ့ ကိစ္စတွေတွေအတွက် နောက်ဆုံးအဆင့် အဖြေထွက်ရေး ရည်ရွယ်တဲ့ ညီလာခံမျိုး ဖြစ်သင့်ပါတယ်”

    အခုနှစ်စောပိုင်းက ပါလက်စတိုင်း-အစ္စရေးပြဿနာဖြေရှင်းရေး အမေရိကန်က အဆိုပြုချက်တစ်ခု ထုတ်ပြန်ခဲ့ပေမယ့် ဒါကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က လက်မခံပါဘူး။ ဒီအဆိုပြုချက်ဟာ အစ္စရေးကို လုံးလုံးလျားလျား အသာပေးထားတယ်လို့ဆိုကာ အမေရိကန်၊ အစ္စရေးတို့နဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။

    ကုလရဲ့ အရင်က ဆုံးဖြတ်ချက်တွေ၊ သဘောတူညီချက်တွေ၊ နှစ်ဖက် အပြန်အလှန် ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီချက်တွေကို အခြေခံကာ ဒီပြဿနာကို ဖြေရှင်းဖို့လည်း ပါလက်စတိုင်းအာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။

    စက်တင်ဘာ ၁၅ ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးပြီး အစ္စရေးနဲ့ ဆက်ဆံရေး ထူထောင်ခဲ့ကြတဲ့ ယူအေအီးနဲ့ ဘာရိန်တို့က သူတို့ရဲ့ ဆောင်ရွက်မှုဟာ ပါလက်စတိုင်းလွတ်မြောက်ရေးကို ပိုမိုအားထုတ် ကြိုးပမ်းပေးနိုင်ဖို့ ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    လွတ်လပ်ရေးဆိုတဲ့ မျှော်လင့်ချက်ကို ပါလက်စတိုင်းတွေ မရမချင်း ဒီပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း အဘတ်စ်က မနေ့မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကျူးကျော်သိမ်းပိုက်မှုတွေ အဆုံးမသတ်ဘဲနဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ အတူယှဉ်တွဲနေထိုင်ရေးဆိုတာ ကျွန်တော်တို့ဒေသမှာ ရှိလာမှာ မဟုတ်ပါဘူး”

    Ref: Aljazeera

  • လူတ်သတ်မှုအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားထံ တောင်းပန်စာပို့

    လူတ်သတ်မှုအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားထံ တောင်းပန်စာပို့

    စက်တင်ဘာ ၂၅၊ ၂၀၂၀
    M-Media

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်

    -တောင်ကိုရီးယား ငါးလုပ်ငန်းဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦး သတ်ဖြတ်ခံရမှုအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ကို တောင်းပန်လိုက်ပါတယ်။

    အသက် ၄၇ နှစ်အရွယ် အဲဒီတာဝန်ရှိသူဟာ တနင်္လာနေ့က နှစ်နိုင်ငံ ရေပြင်နယ်စပ်မှာ မြောက်ကိုရီးဖက်ကို ဘက်ပြောင်းဖို့ ကြိုးစားစဉ်အတွင်း ပစ်သတ်ခံလိုက်ရပြီး သူ့ရဲ့ရုပ်အလောင်းကိုလည်း မြောက်ကိုရီးယားစစ်သားတွေက မီးရှို့ ဖျောက်ဖျက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။

    ဆယ်စုနှစ်တစ်ခုအတွင်း တောင်ကိုရီးယားသားတစ်ဦးကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် သတ်ဖြတ်ခဲ့တဲ့ ဒီအဖြစ်အပျက်အတွက် တောင်ကိုရီးယားပြည်သူတွေက အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒီကိစ္စအတွက် တောင်းပန်စာတစ််စောင်ကို တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ထံ ပေးပို့ခဲ့ပါတယ်။

    စာထဲမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့ကြောင်း ဝန်ခံခဲ့ပြီး အလွန် စိတ်ပျက်ဝမ်းနည်းရပါကြောင်း၊ ဒီလို ရှက်စရာကောင်းတဲ့ကိစ္စမျိုး နောက်ထပ်မဖြအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

    တောင်းပန်စာနဲ့အတူ ဒီကိစ္စ စုံစမ်းစစ်ဆေးမှုရလဒ်ကိုလည်း မြောက်ကိုရီးယားက တောင်ကိုရီးယားကို ပေးခဲ့ပါတယ်။

    မြောက်ကိုရီးယားရေပြင်ထဲမှာ သက်ကယ်အင်္ကျီဝတ်ထားတဲ့ အမည်မသိသူတစ်ဦးကို စစ်သားတွေက ခပ်ဝေးဝေးကနေ မေးမြန်းစစ်ဆေးခဲ့ပြီး၊ အထက်က ပစ်သတ်ဖို့ အမိန့်ရောက်လာတာကြောင့် သေနတ်နဲ့ ၁၀ ချက်ကျော်ပစ်ခတ်ခဲ့ကြောင်း၊ မည်သူမည်ဝါဖြစ်တယ်ဆိုတာကို မဖော်ထုတ်နိုင်ခဲ့ကြောင်း ဒီရလဒ်မှာ ဖော်ပြထားပါတယ်။

    အလောင်းကိုမီးရှို့ဖျောက်ဖျက်ခဲ့တယ်ဆိုတဲ့ တောင်ကိုရီးယားရဲ့ ပြောကြားချက်ကို မြောက်ကိုရီးယားဖက်က ငြင်းဆိုခဲ့ပါတယ်။ စစ်သားတွေရဲ့ ရှာဖွေမှုအတွင်း ရေပိုင်နက်ကျော် ဝင်ရောက်လာသူကို ရှာမတွေ့ခဲ့ကြောင့်၊ သူစီးနင်းလာတဲ့ ရေယာဉ်ကို ရောဂါကာကွယ်ရေး အမျိုးသားအရေးပေါ်အခြေအနေအရ မီးရှို့ခဲ့ကြောင်း မြောက်ကိုရီးယားရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်မှာ ဖော်ပြထားပါတယ်။

    ကင်ဂျုံအွန်က တောင်ကိုရီးယားဖက်ကို ဒီလိုတောင်ပန်းမှုဟာ မကြုံစဖူး အခြေအနေမျိုးလည်း ဖြစ်ပါတယ်။

    ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မြောက်ကိုရီးယားဟာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေကို နေရာတင်ပစ်သတ်ဖို့ အမိန့်ထုတ်ထားတယ်လို့ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်တပ်က အခုလအစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

    Ref: BBC

  • အစ္စရေးနှင့်ဆက်ဆံခြင်းက ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်ရေးအတွက်ဟု ဘာရိန်းဘုရင်ပြော

    အစ္စရေးနှင့်ဆက်ဆံခြင်းက ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်ရေးအတွက်ဟု ဘာရိန်းဘုရင်ပြော

    စက်တင်ဘာ ၂၅၊ ၂၀၂၀
    M-Media

    ဘာရိန်းဘုရင် ဟာမဒ် ဘင် အီဆာ အလ် ခါလီဖာ

    -အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တာဟာ နှစ်နိုင်ငံတည်ရှိရေးမူကို အခြေခံကာ ပါလက်စတိုင်း-အစ္စရေးပြဿနာကို ဖြေရှင်းရေး ပိုမိုကြိုးပမ်းအားထုတ်ဖို့ဖြစ်တယ်လို့ ဘာရိန်းဘုရင် ဟာမဒ် ဘင် အီဆာ အလ် ခါလီဖာက ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

    အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းတို့ဟာ ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ခဲ့ပြီး အာရပ်နဲ့ မွတ်စလင်ကမ္ဘာရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ်။

    မနေ့က မိန့်ခွန်းမှာတော့ ဘုရင် အလ် ခါလီဖာက အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားတဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာ​စေမယ့် နှစ်နိုင်ငံတည်ရှိရေးမူကို အခြေခံကာ ပါလက်စတိုင်း-အစ္စရေး ပြဿနာကို ပိုမိုအားထုတ်ဖြေရှင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ထာဟာ ငြိမ်းချမ်းရေးသတင်းစကားပေးတာမျိုး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    “အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်လိုက်တာဟာ မျှတဲ့ပြီး၊ အလုံးစုံပြည့်၀တဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ လက်ကမ်းပေးထားတယ်ဆိုတဲ့ ငြိမ်းချမ်းရေးသတင်းစကားကို ပါးလိုက်တာ ဖြစ်ပါတယ်”

    အစ္စရေးနဲ့ အခုလို ဆက်ဆံရေးထူထောင်လိုက်တာဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းကို ပိုင်နက်ထဲသွတ်သွင်းမယ့် အစ္စရေးရဲ့အစီအစဉ်ကို ရပ်တန့်နိုင်ခဲ့တယ်လို့ ယူအေအီးနဲ့ ဘာရိန်းတို့က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဝန်ကြီးချုပ်နေတန်ယာဟု အပါအဝင် အစ္စရေးအစိုးရ တာဝန်ရှိသူတွေနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပါလက်စတိုင်းဒေသတွေကို အစ္စရေးပိုင်နက်ထဲသွတ်သွင်းမယ့် အစီအစဉ်ကို ခေတ္တ ရပ်ဆိုင်းထားတာဖြစ်ပြီး လုံး၀ရပ်လိုက်တာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    ဘာရိန်းဘုရင် အလ် ခါလီဖာက အစ္စရေးနဲ့ သဘောတူညီချက်ရအောင် ညှိနှိုင်းကာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ဖို့ အမေရိကန်ရဲ့ကြိုးစားမှုကို ချီးကျူးတယ်လို့လည်း ကုလမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကိစ္စအတွက် ကုလညီလာခံတွင် ကမ္ဘာ့နိုင်ငံကြီးများ တင်းမာမှုဖြစ်

    ကိုဗစ်ကိစ္စအတွက် ကုလညီလာခံတွင် ကမ္ဘာ့နိုင်ငံကြီးများ တင်းမာမှုဖြစ်

    စက်တင်ဘာ ၂၅၊ ၂၀၂၀
    M-Media

    -အွန်လိုင်းကနေတစ်ဆင့် ကျင်းပနေတဲ့ ၇၅ နှစ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကိုဗစ်ကပ်ရောဂါနဲပပတ်သက်ပြီး မနေ့က အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့အကြား ​ဒေါသနဲ့ အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဒီကိစ္စမှာ တရုတ်အစိုးရကို ပြစ်တင်ထားပါတယ်။ အင်္ဂါနေ့က ကုလမိန့်ခွန်းမှာလည်း ထရမ့်က ကိုဗစ်ရောဂါ ကမ္ဘာကို ပြန့်နှံ့စေမှုအတွက် တရုတ်ကိုအရေးယူဖို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် ကီလီခရက်ဖ်ရဲ့ မနေ့က ကုလမိန့်ခွန်းမှာ ဒီစွပ်စွဲချက်ကို ထပ်မံပြောကြားခဲ့ပြီး တရုတ်သံအမတ်က ဒေါသထွက်ကာ ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ်။

    “တော်လောက်ပြီထင်တယ်။ ခင်ဗျားတို့တိုင်းပြည်က ကမ္ဘာကြီးကို ဒုက္ခပေးခဲ့တာ တော်လောက်ပါပြီ။ သူများကို အပြစ်တင်တာလောက်နဲ့ ကိုယ့်ရဲ့ပြဿနာကို ဖြေရှင်းလို့မရဘူးဆိုတာ အမေရိကန်က နားလည်သင့်ပါတယ်။ နောက်ဆုံးပေါ် ကျန်းမာရေးစနစ်နဲ့ နည်းပညာတွေရှိနေတဲ့ အမေရိကန်မှာ ဘာ့ကြောင့် ကူးစက်မှုနဲ့ သေဆုံးမှုက အများဆုံးဖြစ်နေတာလဲ” လို့ တရုတ်သံအမတ် ကျန်ဂျွင်းက အင်္ဂလိပ်ဘာသာစကားနဲ့ ပြောကြားခဲ့ပါတယ်။

    ဒီပြဿနာအတွက် တစ်ယောက်ယောက်က တာဝန်ရှိမယ်ဆိုရင် အမေရိကန်နိုင်ငံရေးသမားတွေပဲ ဖြစ်ကြောင်း၊ အမေရိကန်ဟာ ဒီကိစ္စမှာ လုံး၀ ဖယ်ကျဉ်ခံထားရကြောင်း ကျန်ဂျွင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီပြောကြားမှုကို ကုလဆိုင်ရာ ရုရားသံအမတ်ကလည်း ထောက်ခံခဲ့ပါတယ်။

    အမေရိကန်သံအမတ် ကီလီခရက်ဖ်က ဒီအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေဟာ ပြဿနာကို ဖြေရှင်းရေးထက်​ နိုင်ငံရေး ရန်ညှိုးထားတိုက်ခိုက်ရေးကို အာရုံစိုက်နေကြပြီး ဒါဟာ ရှက်စရာကောင်းတယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ပြန့်နှံမှုဟာ ကမ္ဘာနိုင်ငံတွေရဲ့ ပြင်ဆင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု အားနည်းတာကြောင့် ဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera