News @ M-Media

Blog

  • လူအကန့်အသတ်ဖြင့် အွမ္မရာပြုခွင့်ပေးရန် ဆော်ဒီ စီစဉ်နေ

    လူအကန့်အသတ်ဖြင့် အွမ္မရာပြုခွင့်ပေးရန် ဆော်ဒီ စီစဉ်နေ

    စက်တင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    ဇူလိုင်လက ဟဂျ်မြင်ကွင်း

    -နိုင်ငံအတွင်းမှာ နေထိုင်တဲ့သူတွေအတွက် အွမ္မရာဟ် ဘုရားဖူးခွင့်ကို ဆော်ဒီအာရေဗျက လာမယ့် အောက်တိုဘာလမှာ ပြန်လည်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

    Covid-19 ကပ်ရောဂါကြောင့် ဆော်ဒီဟာ အွမ္မရာ ဘုရားဖူးခွင့်ကို မတ်လကတည်းက ပိတ်ထားခဲ့တာပါ။ ဇူလိုင်လက ကျရောက်ခဲ့တဲ့ ဟဂျ်ဘုရားဖူးကာလမှာလည်း နိုင်ငံအတွင်းက လူ တစ်သောင်းကိုသာ ခွင့်ပြုခဲ့ပါတယ်။

    ကိုဗစ်ကာလအတွင်း တစ်ရက်ကို အများဆုံး လူနှစ်သောင်းသာ အွမ္မရာပြုခွင့်ပေးဖို့ ဆော်ဒီက ပြင်ဆင်နေပါတယ်။

    အောက်တိုဘာ ၄ ရက်နေ့ကစတင်ပြီး ဒီပမာဏာရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ တစ်ရက်ကို လူ ၆၀၀၀ အွမ္မရာပြုခွင့် ပေးမှာဖြစ်ပြီး နိုင်ငံသားတွေနဲ့ နိုင်ငံအတွင်းနေထိုင်သူ နိုင်ငံခြားသားတွေ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

    အောက်တိုဘာ ၁၈ ရက်နေ့နောက်ပိုင်းမှာ ဒီပမာဏရဲ့ ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခွင့်ပြုမှာပါ။

    နိုဝင်ဘာ ၁ ရက်နေ့နောက်ပိုင်းကျရင် ဆော်ဒီကို လာရောက်အွမ္မရာပြုဖို့ အန္တရာယ်ကင်းတဲ့ တစ်ချို့တိုင်းပြည်တွေက လူတွေအပါအဝင် တစ်ရက်ကို လူ ၂ သောင်းခွင့်ပြုမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ အဆုံးသတ်သွားတဲ့အချိန်အထိ ဒီပမာဏအတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

    ဒီလို အွမ္မရာပြုခွင့်ပြုရာမှာ ကိုဗစ်တားဆီးရေးအတွက် လိုအပ်တဲ့ ကြိုတင်ကာကွယ်ရေးနည်းလမ်းအားလုံးကို ဆေင်ရွက်သွားမယ်လို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာန SPA က ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    လက်ရှိမှာ ဆော်ဒီ ဟဂျ်နှင့် အွမ္မရာ ဝန်ကြီးဌာနဟာ မိုဘိုင်း အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးနေပြီး အခုလနှောင်းပိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အွမ္မရာပြုလုပ်လိုသူတွေအနေနဲ့ ဒီ အက်ပလီကေးရှင်းမှာ မှတ်ပုံတင်နိုင်မှာဖြစ်ပြီး၊ အက်ပလီကေးရှင်းမှာ ဖော်ပြထားတဲ့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။

    ဇူလိုင်လက လူတစ်သောင်းကို ဟဂျ်ပြုခွင့်ပေးခဲ့ရာမှာ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ကိုဗစ်ကူးစက်မှု မရှိခဲ့ဘူးလို့ ဆော်ဒီအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    Ref: Aljazeera

  • ဝမ်းမ၀၊ ခါးမလှတာကြောင့် လိင်အလုပ်သမဘ၀ ရောက်ခဲ့ကြရသည့် မြန်မာအမျိုးကောင်းသမီးများ

    ဝမ်းမ၀၊ ခါးမလှတာကြောင့် လိင်အလုပ်သမဘ၀ ရောက်ခဲ့ကြရသည့် မြန်မာအမျိုးကောင်းသမီးများ

    စက်တင်ဘာ ၂၂၊ ၂၀၂၀
    M-Media

    -ဝမ်းမ၀၊ ခါးမလှတဲ့အခြေအနေအမျိုးကနေ ရုန်းထွက်နိုင်မယ့် ကောက်ရိုးတစ်မျှင်ကို တွေ့တဲ့အခါမှာ မြန်မာနိုင်ငံက နွမ်းပါးတဲ့အမျိုးသမီးတွေဟာ ဒီကောက်ရိုးမျှင်ကိုဆွဲကိုင်လိုက်ရပ​ြီး လိင်အလုပ်သမတွေ ဖြစ်လာပါတော့ပါတယ်။

    မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတွေမှုဒဏ်ကို ကြာရှည်စွာ ခံလာရတဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက် ပြည်သူတော်တော်များများဟာ ဘ၀ရှင်သန်ရပ်တည်ဖို့ အခြေခံလိုအပ်ချက်တွေကို မရရှိဘဲ ချို့တဲ့စွာ နေထိုင်ကြရပါတယ်။ အာရှဖွံဖြိုးရေးဘဏ်ရဲ့ ၂၀၁၇ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၄.၈ ရာခိုင်နှုန်းဟာ ​တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အောက်မှာ နေထိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။ လူဦးရေ ၁၃ သန်းလောက်ဟာ တစ်နေ့ဝင်ငွေ ၁၅၉၀ ကျပ်အောက်သာ ရရှိတယ်လို့ ဆိုလိုတာပါ။

    လူ့အဖွဲ့အစည်းအပြင်က ဘ၀များ

    ဒီလိုအခြေအနေဆိုးကြောင့် မြန်မာအမျိုးသမီးတွေဟာ တရားမဝင်၊ အာမခံချက်မရှိတဲ့ လိင်လုပ်ငန်းထဲကို ဝင်ရောက်လုပ်ကိုင်လာကြရပါတယ်။

    “များသောအားဖြင့် အသက် ၃၀ ကျော်အရွယ် လူသစ်စုဆောင်းသူတွေက ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေရှိရာ ကျေးလက်တောရွာတွေကို သွားရောက်ပြီး လူသစ်စုတယ်။ သင့်တော်တဲ့ငွေပေးပြီး သူတို့ဆီမှာ နှစ်လလောက် အလုပ်လုပ်ရမယ်ဆိုတဲ့ စာချုပ်မျိုးကို လက်မှတ်ထိုးခိုင်းပါတယ်” လို့ ရန်ကုန်က တရုတ်လုပ်ငန်းရှင် Zhou က ပြောပါတယ်။

    နွမ်းပါးတဲ့အခြေအနေမှာ နေထိုင်ရတာ​ကြောင့် မိသားစုကလည်း သူတို့သမီးတွေကို လိုလိုချင်ချင် ထည့်ပေးကြပါတယ်။

    “​အဲဒီအထဲက တစ်ချို့မိသားစုတွေဆိုရင် ဓနိမိုးတဲတွေ၊ သစ်သားအိမ်ငယ်လေးတွေမှာ လူ ၁၀ ယောက်ကျော်လောက် ပြွတ်သိပ်နေထိုင်ကြရတာပါ”

    သမီးတွေကို ဒီလိုထည့်လိုက်ဖို့ အကြောင်းအရင်းတွေထဲကတစ်ခုက သားသမီးတွေ အများကြီးရှိနေတာပါ။ ဗုဒ္ဓဘာသာဝင်အများစုရှိတ့ဲ မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုဟာ တရားမဝင်ကိစ္စတစ်ခုဖြစ်ပြီး ကိုယ်ဝန်တားဆေးတွေ ဝယ်ဖို့ကိုလည်း တော်တော်များများက ရှက်ရွံ့ကြပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ ကလေးမွေးဖို့ကလွဲရင် အခြားရွေးစရာမရှိဘဲ ဒီလိုနည်းနဲ့ မိသားစုဝင်တွေ များပြားလာပါတယ်။

    “ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ မစွမ်းနိုင်ကြတဲ့အတွက် မိဘတွေက သူတို့သမီးငယ်တွေ ဘာအလုပ်မျိုး လုပ်ရမယ် ဆိုတဲ့ပေါ်မှာလည်း သိပ်ပြီး ဂရုမထားနိုင်တော့ပါဘူး။ ဒါပေမယ့် မိန်းကလေးငယ်တွေကို ဝယ်လိုက်တာမျိုးမဟုတ်ဘဲ အခြားနေရာတစ်ခုမှာ အလုပ်လုပ်ဖို့ စာချုပ်နဲ့ ခေါ်လိုက်တာမျိုးသာ ဖြစ်ပါတယ်” လို့ Zhou က ဆိုပါတယ်။

    တစ်ချို့အမျိုးသမီးတွေကြ​တော့ လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ ရှိတဲ့အတွက် ဒီလုပ်ငန်းတွေထဲကို ရောက်လာပြီး ပုံမှန်အခြေအနေမှာ မရတဲ့ ငွေကြေးရှာဖွေရေး နည်းလမ်းတွေကို သင်ယူတတ်မြောက်လာခဲ့ကြပါတယ်။

    “အလုပ်အကိုင်အခွင့်အလမ်းက သိပ်မရှားပေမယ့် အလုပ်တော်တော်များများက လခအလွန်နည်းပါတယ်။ တစ်ချို့ လိင်အလုပ်သမတွေဆိုရင် ငွေ ၈ သောင်းလောက်ကို တစ်ညလောက်တည်းနဲ့ ရှာနိုင်ပါတယ်။ ဒီပမာဏဟာ အခြားအလုပ်လုပ်ရင် ရတဲ့လခထက်တောင် ပိုများနေပါသေးတယ်”

    မြန်မာနိုင်ငံမှာ လိင်အလုပ်သမဖြစ်သွားသူ တော်တော်များများဟာ ငွေ​ရေးကြေးရေးအခက်အခဲကြောင့် ဒီဘ၀ကို ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ CARE International ရဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာမှာ အလုပ်အကိုင်ခက်ခဲတာ၊ မီခိုတဲ့မိသားစုဝင်တွေများပြီး သူတို့တွေကို ထောက်ပံ့ရတာတွေက အမျိုးသမီး ဒီလိုအလုပ်မျိုးထဲရောက်လာဖို့ အဓိကအကြောင်းအရင်းတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    တစ်ချို့အမျိုးသမီးတွေဟာ လိင်ဖျော်ဖြေရေးအလုပ်ထဲမရောင်ခင် အခြားအလုပ်တွေလုပ်ဖို့ စဉ်းစားခဲ့ကြပေမယ့် လခ ၂၅၀၀၀ လောက်သာရတဲ့ ရှော့ပင်းမောလ်အရောင်းစာရေး၊ လခ ၃၅၀၀၀ လောက်သာရတဲ့ စာပွဲထိုးအလုပ်လို အလုပ်မျိုးတွေက ဝင်ငွေဟာ သူတို့မိသားစုတွေကို မထောက်ပံ့နိုင်ပါဘူး။

    အဲဒီအမျိုးသမီးတွေ လိင်ဖျော်ဖြေရေးလုပ်ငန်းထဲကို ဝင်ရောက်လာတဲ့အခါမှာလည်း​ ကွန်ဒုံးအသုံးပြုမှု မတွင်ကျယ်တာကြောင့် HIV/AIDS နဲ့ အခြား လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်ပွားဖို့ အလွန်လွယ်ကူပါတယ်။

    အရွယ်ရောက်ပြီးလူတွေမှာ HIV ကူးစက်မှုနှုန်း မြင့်မားတဲ့ အာရှနိုင်ငံတွေစာရင်းထဲမြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ HIV/AIDS ကူးစက်ခံရသူအရေအတွက်ဟာ မြန်မာနိုင်ငံမှာ ၂၄၀၀၀၀ ဝန်းကျင်ရှိပြီး၊ လိင်အလုပ်သမတွေက ကူးစက်ခံရဖို့ အလွန်လွယ်ကူတဲ့ အဓိကအုပ်စုတွေထဲမှာ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ​HIV ကူးစက်မှုနှုန်းဟာ သိသိသာသာ ကျဆင်းခဲ့ပေမယ့် ကူးစက်နှုန်းကတော့ မြင့်တက်နေတုန်းပါ။ ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ ထပ်မံကူးစက်သူအရေအတွက်ဟာ တစ်သောင်းဝန်းကျင်ရှိတယ်လို့ UNAIDS အဖွဲ့က ပြောပါတယ်။

    HIV နဲ့ပတ်သက်ပြီး သိရှိမှုအားနည်းတာအပြင် အကာကွယ်မဲ့ လိင်ဆက်ဆံမှုအတွက် ငွေကြေးပိုရတာ၊ မန်နေဂျာတွေက သွားလာမှု ချုပ်ချယ်မှုကန့်သတ်တာ၊ လိင်ဆက်ဆံဖော်တွေက သဘာ၀အတိုင်းသာ ဆက်ဆံလိုတာ စတာတွေက လိင်အလုပ်သမတွေမှာ ကွန်ဒုံးအသုံးပြုမှု မရှိခြင်းရဲ့ အကြောင်းအရင်းတွေဖြစ်တယ်လို့ CARE ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “သူတို့ကို ကိုင်တွယ်စေခိုင်းနေတဲ့ အဖွဲ့အစည်းအများစုက ကွန်ဒုံးတွေ မထောက်ပံ့ပေးပါဘူး။ လိင်အလုပ်သမ တော်တော်များများအတွက် ကွန်ဒုံးဝယ်ဖို့ အဆင်မပြေတဲ့အတွက် ဆက်ဆံဖော်တွေက ယူလာတဲ့အခါမျိုးမှသာ အသုံးပြုခွင့် ရကြပါတယ်” လို့ Zhou က ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး ပျမ်းမျှအားဖြင့် လိင်အလုပ်သမ ၆၆၀၀၀ လောက် ရှိနေပါတယ်။

    ဒါပေမယ့် ဒီလုပ်ငန်းကို ရဲတပ်ဖွဲ့က လုံး၀နီးနီး လစ်လျူရှုထားတယ်လို့ Zhou က ဆိုပါတယ်။

    “ရဲတပ်ဖွဲ့ဟာ မူးယစ်ဆေးနဲ့ လောင်းကစားလုပ်ငန်းတွေကို နှိမ်နှင်းတဲ့နေရာမှာပဲ သူတို့ရဲ့အင်အားတွေကို အဓိကထား အသုံးပြုပါတယ်။ အခြားရွေးစရာလမ်းမရှိတဲ့အတွက် လိင်အလုပ်သမ၀ဘကို ရောက်ကြရတဲ့ အမျိုးသမီးတွေကိုတော့ တစ်ချို့ ရဲတပ်ဖွဲ့ဝင်တွေက စာနာကြပါတယ်”

    ပြည့်တန်ဆာလုပ်ငန်းကို ထိန်းကျောင်းတဲ့ ရဲလုပ်ငန်းစဉ်မျိုး မရှိတာကြောင့် ဒီလုပ်ငန်းမှာ ခြစားမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာ၊ အန္တရာယ်ကင်းကင်းနေနိုင်ရေးအတွက် လိင်အလုပ်သမတွေဟာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရတွေမျိုးတွေ ရှိလာပါတယ်။ အစိုးရကဦးဆောင်တဲ့ ဖမ်းဆီးမှုမျိုးတွေလုပ်မယ်ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေက ဆောင်ကြာမြိုင်ပိုင်ရှင်တွေကို လာဘ်ငွေယူပြီး ​ကြိုတင်အကြောင်းကြားပေးတာ၊ လိင်အလုပ်သမတွေကလည်း ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက် ရဲတွေကို ပျော်ပါးပေးရတာမျိုး ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လေ့ရှိပါတယ်။

    လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် ရဲနဲ့ ကျန်းမာရေးစောင့်​ရှောက်တဲ့ အဖွဲ့အစည်းတွေက ချိုးဖောက်တာမျိုးကို တိုင်ကြားဖို့ လိင်အလုပ်သမတွေအတွက် မလွယ်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ Asia Pacific Network of Sex Workers အဖွဲ့ရဲ့ ဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး ​မကေသီဝင်းက တစ်ချို့အခြေအနေမျိုးတွေမှာဆိုရင် ကွန်ဒုံးကို သက်သေခံအထောက်အထားလုပ်ကာ ဖမ်းဆီးတာမျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။

    မိအေးနှစ်ခါနာ

    မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ စစ်ပွဲရဲ့ဒဏ်ကိုလည်း ဆိုးဆိုးဝါးဝါး ခံစားကြရပတယ်။ နိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာဆိုရင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ​ အရေအတွက်ရဲ့ ၇၆ ကနေ ၇၈ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါ။

    လိင်ကွဲပြားမှု အဟန့်အတားကြောင့် အဲဒီက အမျိုးသမီးတွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ လူမှုစီးပွား ဖွံဖြိုးတိုးတက်ရေး အစီအမံတွေက အကျိုးကျေးဇူးတွေကို အပြည့်အ၀ မခံစားရဘဲ၊ သူတို့အတွက် သီးသန့် အထူးလိုအပ်ချက်တွေလည်း လစ်လျူရှုခံထားရတယ်လို့ ရန်ကုန်မြို့က နိုင်ငံတကာ ရွေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့ IOM က .. စီမံကိန်းတာဝန်ရှိသူ ဟဲလီနာ ဆန်ဒက်စ်ဂျိုက ပြောပါတယ်။

    အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာကြောင့် နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ အသက်မွေးနည်းလမ်းမျိုး ရှာဖွေတဲ့ မြန်မာအမျိုးသမီးတွေ၊ အသက်မပြည့်တဲ့ မိန်းက​လေးငယ်တွေဟာ လူကုန်ကူးခံရတာ၊ လိင်အမြတ်ထုတ်ခံရတာ၊ အဓမ္မလက်ထပ်ခံရတာ စတဲ့ အန္တရာယ်မျိုးတွေ ရှိနေပါတယ်။ မြန်မာအမျိုးသမီးတွေကို လူကုန်ကူးပြီး တရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ခိုင်းမှုဟာ တရုတ်နိုင်ငံက တစ်ချို့ဒေသတွေမှာ ကျား၊ မ အချိုးအစား မညီတာကနေ ပေါ်ပေါက်လာတဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်ပါတယ်။

    လိင်ကုန်ကူးမှုကို နှိမ်နှင်းဖို့နဲ့ ကယ်ဆယ်ထားရသူတွေကို ပြန်ပိုဖို့အတွက် ​နှစ်နိုင်ငံစလုံးက အာဏာပိုင်တွေဟာ NGO အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒါပေမယ့် တစ်ဖက်နိုင်ငံသွားပြီး အလုပ်လုပ်သူတွေ၊ လူကုန်ကူးခံရမှုကနေ လွတ်မြောက်လာသူတွေ အပါအဝင် နိုင်ငံခြားက ပြန်လာတဲ့ အမျိုးသမီးတွေကတော့ မြန်မာနိုင်ငံက ရှေးရိုးစွဲ အပြုအမူတွေကြောင့် မူလလူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့ရေးမှာ အခက်အခဲတွေကို ကြုံရလေ့ရှိပါတယ်။

    ပတ်ဝန်းကျင်ရဲ့ ဖယ်ကျဉ်ခံရမှုကြောင့် ပြန်လည်ဝင်ဆံ့ရေး ရုန်းကန်ရင်း ဘေးထပ်ရောက်သွားပြီး၊ အမြတ်ထုတ်ခံရမှု၊ လူကုန်ကူးမှုသံသရာထဲ ထပ်ရောက်သွားနိုင်ချေရှိတယ်လို့လည်း IOM က ပြောကြားခဲ့ပါတယ်။

    တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်ရမှု၊ လူမျိုးခြားနဲ့ လက်ထပ်ရမှုတွေဟာ စိတ်ထွက်ပေါက်တစ်ခုအတွက်အကြောင့်မဟုတ်ဘဲ ရွေးချယ်စရာ အခြားနည်းလမ်းတွေမရှိတဲ့အတွက် ဖြစ်တယ်လို့လည်း ဒီအဖွဲ့က ဆိုပါတယ်။

    “အမျိုးသမီးတွေကို ထိခိုက်ခံစားရသူဆိုတာထက် အပြောင်းအလဲမောင်းနှင်အားလို့ ရှုမြင်ဖို့၊ ကိုယ်တိုင် ဆုံးဖြတ်နိုင်အောင် စွမ်းအားမြှင့်တင်ပေးဖို့ အရေးကြီးပါတယ်” လို့ ဆန်ဒက်စ်ဂျိုက ပြောပါတယ်။

    အန္တာရယ်ကင်းတဲ့ နိုင်ငံခြားအလုပ်အကိုင်အကြောင်း သတင်းအချက်အလက်၊ လူသားချင်းစာနာ​ထောက်မှုဆိုင်ရာ အကူအညီတွေ၊ ဖွံဖြိုးတိုးတက်ရေးကိစ္စ ဆောင်ရွက်ရာမှာ ဝင်ငွေရရှိနိုင်မယ့် လုပ်ငန်းတွေ ရွေးချယ်နိုင်ခွင့် စတာတွေကို အမျိုးသမီးတွေထံ အသိပေးဖို့နဲ့ ခွဲခြားဆက်ဆံမှု လျော့ချရေး လုပ်ဆောင်ဖို့လိုအပ်တာကိုလည်း သူကမ ထောက်ပြခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ ပုံမှန်သွားရောက် လုပ်ကိုင်နိုင်ရေး တရုတ်နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်အောင် ဆောင်ရွက်ခြင်းက အမျိုးသမီးတွေ လူကုန်ကူးခံရမှုနဲ့ အမြတ်ထုတ်ခံရမှုတွေ လျှော့ချရမှာ အကူအညီ ဖြစ်စေလိမ့်မယ်လို့လည်း ဆန်ဒက်စ်ဂျိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    (CGTN သင်းဌာနတွင် ဖော်ပြထားသည့် Poverty traps Myanmar women in a life of sexual exploitation ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • လုပ်အားခေါင်းပုံဖြတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများက ထိုင်းစက်ရုံကို တရားစွဲ

    လုပ်အားခေါင်းပုံဖြတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများက ထိုင်းစက်ရုံကို တရားစွဲ

    စက်တင်ဘာ ၂၂၊ ၂၀၂၀
    M-Media

    ထိုင်းနိုင်ငံတွင်တွေ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ

    -ထိုင်းနိုင်ငံ မဲဆောက်မြို့က နိုင်ငံခြား ထိပ်တန်းဘရန်းတွေထုတ်လုပ်တဲ့ စက်ရုံမှာ လုပ်အားခေါင်းပုံဖြတ်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက စက်ရုံကို ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    အိမ်နီးချင်း မြန်မာနိုင်ငံကနေ လာရောက်ပြီး ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်မြို့က စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေဟာ တစ်နေ့ အနည်းဆုံးလုပ်အားခက ၃၁၀ ဘတ်အောက်သာ ရရှိပြီး ဒါဟာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရတာ ဖြစ်တယ်လို့ Reuters သတင်းဌာနက ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ဖော်ထုတ်ပြခဲ့ပါတယ်။

    စက်ရုံပေါင်း ၄၃၀ လောက်ရှိတဲ့ မဲဆောက်မှာ အလုပ်မားအရေအတွက်က ၄၄၅၀၀ လောက်ရှိပြီး အများစုက အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။

    Reuters ရဲ့ သတင်းကြောင့် ထိုင်းအာဏာပိုင်တွေဟာ စက်ရုံ ၂ ရုံကို ၀င်ရောက်စီးနင်းခဲ့ပြီး၊ အဲဒီအထဲက စက်ရုံတစ်ရုံကိုတော့ အလုပ်သမား ၆၀၀ အတွက် နစ်နာကြေး ဘတ် ၁၈ သန်းပေးဖို့ အမိန့်ချခဲ့ပါတယ်။

    ကမ္ဘာတစ်၀ှမ်းက နာမည်ကြီးဘရန်းတွေအတွက် ပစ္စည်းထုတ်ပေးတဲ့ အခြားစက်ရုံတစ်ခုကတော့ အလုပ်သမား ၂၆ ဦးအတွက် ဘတ် ၃.၄၈ သန်းပေးဖို့ အာဏာပိုင်တွေရဲ့ဆုံးဖြတ်ချက်ကို မလိုက်နာပါဘူး။

    လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ HRDF က လုပ်အားခေါင်းပုံဖြတ်ခံရတဲ့ ဒီကိစ္စအတွက် ပြီးခဲ့တဲ့လက ဒေသတွင်း အလုပ်သမားရေးရာတရားရုံးမှာ ဥပဒေကြောင်းအရ တိုင်ကြားမှုတွေ လုပ်ဆောင်ခဲ့ပြီး လာမယ့်လမှာ ပထမဆုံးကြားနာမှု လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    “မဲဆောင်မှာ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတိုင်းဟာ စျေးသက်သာတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်နေတယ်ဆိုတာကို ပြသနေပါတယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ MAP Foundation တာ၀န်ရှိသူ Suchart Trakoonhutip က ပြောကြားခဲ့ပါတယ်။

    ဒေသတွင်းက ဒီလို လုပ်အားခေါင်းပုံဖြတ်မှုကို အာဏာပိုင်တွေက လစ်လျူရှုထားတယ်ဆိုတဲ့ ၀ေဖန်မှုတွကို ထိုင်း အလုပ်သမားကာကွယ်ရေးနဲ့ ဖူလှုံရေးဌာန တာ၀န်ရှိသူ Jarunchai Korsripitakkul က ငြင်းပါတယ်။

    မြန်မာရွှေ့ပြောင်းလုပ်သား ၂၆ ဦးကို နစ်နာကြေးမပေးရသေးတဲ့ စက်ရုံပိုင်ရှင် Kanlayanee က သူမအနေနဲ့ ပေးရမယ့်ပမာဏရဲ့ လေးပုံတစ်ပုံ ဘတ် ၈ သိန်းသာ တတ်နိုင်ပြီး ဒါကို အလုပ်သမားတွေက လက်မခံဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဖြစ်ပျက်ခဲ့တာတွေအတွက် ၀မ်းနည်းမိပြီး အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်လိုတဲ့ စိတ်စေတနာမျိုးမရှိကြောင်း၊ ဥပဒေကို ချိုးဖောက်ဆောင်ရွက်မိတာကိုတော့ ၀န်ခံကြောင်း သူမက ဖွင့်ဟခဲ့ပါတယ်။

    “မဲဆောင်က စက်ရုံအများစုက ဒီလိုပါပဲ။ စက်ရုံကြီးတွေလောက်ပဲ အနိမ့်ဆုံလုပ်အားခကို အတိအကျပေးနိုင်ပါတယ်”

    မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့ HRDF နဲ့ MAP Foundation တွေက မဲဆောက်မှာ အနည်းဆုံးလုပ်အားခ အတိအကျပေးတဲ့စက်ရုံဟာ တစ်ဒါဇင်အောက်လောက်ပဲ ရှိမယ်လို့ ဆိုပါတယ်။

    တာ့ခ်ပြည်နယ် အလုပ်သမားရေးရာဌာနည်းကလည်း အလုပ်သမား ၂၆ ဦးကို နစ်နာကြေးမပေးတဲ့ကိစ္စအတွက် Kanlayanee ကို တရားစွဲဖို့ လုပ်ဆောင်နေပါယ်။

    Ref: Reuters

  • အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်း တာလီဘန်က တိုက်ခိုက်မှုများ ပြုလုပ်

    အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်း တာလီဘန်က တိုက်ခိုက်မှုများ ပြုလုပ်

    စက်တင်ဘာ ၂၂၊ ၂၀၂၀
    M-Media

    -တာလီဘန်အဖွဲ့နဲ့ အာဖဂန်အစိုးရတို့ကြား ဆွေးနွေးမှုတွေ စတင်ခဲ့တဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့နောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လုံခြုံရေးတပ်ဖွဲ့ဝင် ၅၇ ဦး သေဆုံးခဲ့ပါတယ်။

    တနင်္ဂနွေနေ့ညက နိုင်ငံအလယ်ပိုင်း ​အူရူဇ်ဂန်ပြည်နယ်မှာ တာလီဘန်တွေက စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးခဲ့ပါတယ်။ ဘဂ်လန်၊ တက်ဟာရ်၊ ဟဲလ်မန်၊ ကာပီဆာ၊ ဘော့လ်ခ်၊ မိုင်ဒန်ဝါရ်ဒက်၊ ကွန်ဒွဇ် စတဲ့ ပြည်နယ်တွေမှာလည်း တာလီဘန်တွေက အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီး တာရစ် အာရီယန်က နိုင်ငံတစ်ဝှမ်းမှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ သီတင်း ၂ပတ်အတွင်း အရပ်သား ၉၈ ဦး သေဆုံးခဲ့ပြီး၊ ၂၃၀ ဒဏ်ရာရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး တာလီဘန်အဖွဲ့ဝင် ၈၀ လောက်သေဆုံးတယ်လို့လည်း အာဖဂန်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ တာလီဘန်ကတော့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ထုတ်မပြောသေးပါဘူး။

    ကာတာနိုင်ငံ ဒိုဟာမြို့မှာ အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့အကြား ဆွေးနွေးမှုတွေပြုလုပ်လာတာ ၁၀ ရက် ကြာမြင့်ပြီဖြစ်ပေမယ့် ​တိုးတက်မှုအနည်းငယ်သာ ရှိနေပါတယ်။

    Ref: Aljazeera

  • ကျောင်းသားများအား အီလက်ထရောနစ်ပစ္စည်း ထောက်ပံ့မည့်အစီအစဥ်ကို မဒီနာအစိုးရ စတင်

    ကျောင်းသားများအား အီလက်ထရောနစ်ပစ္စည်း ထောက်ပံ့မည့်အစီအစဥ်ကို မဒီနာအစိုးရ စတင်

    စက်တင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    ဒေသတွင်းက လိုအပ်နေတဲ့ကျောင်းသားတွေကို ပညာရေး အထောက်အကူပြုပစ္စည်းတွေ ပေးအပ်မယ့်အစီအစဥ်တစ်ခုကို ဆော်ဒီအာရေဗျမှာရှိတဲ့ မဒီနာဒေသ အစိုးရက စတင်လိုက်ပါတယ်။

    ဒီအစီအစဥ်ကို Good City လို့ အမည်ပေးထားပြီး ပညာရေး၀န်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တာပါ။

    ပထမအဆင့်မှာ တက်ဘလက်အပါအ၀င် အီလက်ထရောနစ်ပစ္စည်း ၆ ထောင်လောက်ကို ကျောင်းသားတွေထံ မျှ၀ေပေးသွားမှာ ဖြစ်ပါတယ်။

    မဒီနာအုပ်ချုပ်ရေးမှူး မင်းသား ဖိုက်ဆဲလ် ဘင် ဆလ်မန်က ကိုဗစ်ကပ်ရောဂါကာလမှာ လူငယ်တွေ ပညာရေးရည်မှန်းချက် ပြည့်၀စေရေး လိုအပ်နေတဲ့ ကျောင်းသားတွေကို ကူညီပေးဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    မဒီနာဒေသအစိုးရဟာ ပညာရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စီမံကိန်းအများအပြားကို ဆောင်ရွက်နေပြီး အဲဒီအထဲမှာ ဆရာ၊ ဆရာမတွေကို စွမ်းအားမြှင့်တင်ပေးရေး ဆောင်ရွက်မှုလည်း ပါ၀င်ပါတယ်။

    Ref : Arab News