News @ M-Media

Blog

  • TikTok နှင့် WeChat တို့ ပိတ်ပင်မှုအတွက် လက်တုန့်ပြန်မည်ဟု ကန်ကို တရုတ်က သတိပေး

    TikTok နှင့် WeChat တို့ ပိတ်ပင်မှုအတွက် လက်တုန့်ပြန်မည်ဟု ကန်ကို တရုတ်က သတိပေး

    စက်တင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    -အမေရိကန်ဟာ တရုတ်လုပ်ငန်းတွေအပေါ်မှာ အနိုင်ကျင့်တဲ့လုပ်ရပ်မျိုး လုပ်ဆောင်နေပြီး ဒီအတွက် လိုအပ်တဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။

    တရုတ် ထိပ်တန်း အက်ပလီကေးရှင်းတွေဖြစ်တဲ့ TikTok နဲ့ WeChat တို့ ဒေါင်းလုပ်ရယူခွင့်ကို စက်တင်ဘာ ၂၀ ရက်နေ့ကစပြီး အမေရိကန်က ပိတ်လိုက်ပါတယ်။

    တရုတ် စီးပွားကူးသန်း၀န်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အမေရိကန်အနေနဲ့ အနိုင်ကျင့်မှု၊ မှားယွင်းတဲ့လုပ်ရပ်တွေကို စွန့်လွှတ်ဖို့ နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို မျှမျှတတနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ လိုက်နာဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆရတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို ကန့်သတ်မှရေး လုပ်ငန်းစဥ်တစ်ခုလည်း တရုတ်က မနေ့မှာ ချပြခဲ့ပါတယ်။ ဒါဟာ Huawei လို တရုတ်ကုမ္ပဏီတွေကို အမေရိကန်က နှိပ်ကွပ်မှုအပေါ် တုန့်ပြန်တာလို့ ယူဆရပါတယ်။

    အမေရိကန်အနေနဲ့ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် မိမိတို့ကလည်း တရုတ်ကုမ္ပဏီတွေရဲ့ အခွင့်အရေး၊ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း မနေ့က ကြေငြာချက်မှာ တရုတ်က ထည့်သွင်း သတိပေးခဲ့ပါတယ်။

    TikTok နဲ့ WeChat တို့ဟာ တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် ပိတ်ပင်ဖို့ အမိန့်တစ်ခုကို သမ္မတ ဒေါ်နယ်ထရမ့်က​ ဩဂုတ်လမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    Ref : Aljazeera

  • ဗိုလ်ချုပ်ဆိုလိုင်မာနီ လုပ်ကြံခံရမှုတွင် ပါဝင်သူများကို လက်တုန့်ပြန်မည်ဟု အီရန်ပြော

    ဗိုလ်ချုပ်ဆိုလိုင်မာနီ လုပ်ကြံခံရမှုတွင် ပါဝင်သူများကို လက်တုန့်ပြန်မည်ဟု အီရန်ပြော

    စက်တင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    လုပ်ကြံခံရသည့် ဗိုလ်ချုပ် ဆူလိုင်မာနီ

    -ဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူတွေကို မဖြစ်မနေ လက်စားချေသွားမယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC ရဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။

    IRGC ကို ကိုင်တွယ််ကွပ်ကဲပြီး အီရန်မှာ ဒုတိယ သြဇာအာဏာအရှိဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဆိုလိုင်မာနီကို အခုနှစ် ဇန်န၀ါရီလမှာ အမေရိကန်က လုပ်ကြံ သတ်ဖြတ်ခဲ့တာပါ။

    “ကျွန်တော်တို့ရဲ့ ကြီးကျယ်တဲ့ ဗိုလ်ချုပ်တစ်ယောက် လုပ်ကြံခံရမှုအတွက် လုံး၀ လက်စားချေသွားမှာပါ။ သေသေချာချာကို ဆောင်ရွက်သွားမှာပါ။ ဒီပုဂ္ဂိုလ် လုပ်ကြံခံရမှုမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်၍သော်လည်းကောင်း ပါ၀င်သူတိုင်းကို တုန့်ပြန်သွားမှာပါ” လို့ လက်ရှိ IRGC အကြီးအကဲ ဗိုလ်ချုပ် ဟိိုစိန် ဆလ်မာနီက မနေ့မှာ အမေရိကနသမ္မတ ဒေါ်နယ်ထရမ့်ကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

    ဆိုလိုင်မာနီ လုပ်ကြံခံရပြီး ရက်အနည်းငယ်အကြာမှာ အီရန်မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုမှာ အမေရိကန်စစ်သားတွေ သေဆုံးမှု မရှိတာကို ဆလ်မာနီက မနေ့က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပြီး ဒီကိစ္စမှာ ပါ၀င်တဲ့ ဘယ်သူ့ကိုမဆို လက်တုန့်ပြန်မယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်မီဒီယာတစ်ခုဖြစ်တဲ့ Politico က အီရန်ဟာ ဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီ လုပ်ကြံခံရမှုကို လက်တုန့်ပြန်ဖို့အတွက် တောင်အာဖရိကဆိုင်ရာ အမေရိကန်သံအမတ် လာနာမက်စ်ကို လုပ်ကြံဖို့ စီစဥ်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖော်ပြခဲ့ပါယ်။

    သမ္မတထရမ့်က ဒါမျိုးဖြစ်လာရင် မိမိတို့က အဆတစ်ထောင် ပိုပြီး လက်တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    Social Distancing နှင့်ကစားသည့် ဘောလုံးအသင်း ၃၇ ဂိုးပြတ်ရှုံး

    ဂျာမနီ အပျော်တမ်းလိဂ်တစ်ခုက Ripdorf အသင်းဟာ ကိုဗစ်ကိုကြောက်ပြီး ခပ်ခွာခွာစည်းမျဉ်း (Social Distancing) နဲ့ ကစားတာကြောင့် ပြိုင်ဘက် SV Holdenstedt II အသင်းကို ၃၇ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    SV Holdenstedt II အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ကိုဗစ်ပိုးတွေ့သူတစ်ဦးနဲ့ ထိတွေ့မှုရှိခဲ့တာပါ။ ပြိုင်ဘက်တစ်သင်းလုံး ကိုဗစ်စစ်ပြီး ပိုးမရှိပေမယ့် ၁၄ ရက်မပြည့်သေးတဲ့အတွက် စိတ်ချရတဲ့အခြေအနေမျိုးဖြစ်နေတာကြောင့် Socail Distancing နဲ့ကစားတာလို့ Ripdorf အသင်းက ထုတ်ပြန်ပါတယ်။

    ပွဲကိုရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် ပြိုင်ပွဲကျင်းပရေးအဖွဲ့က လက်မခံဘဲ ပွဲမကစားရင်လည်း ဒဏ်​ငွေဆောင်ရမှာကြောင့် ကွင်းအတွင်းရှိရမယ့် အနည်းဆုံး ကစားသမားပမာဏ ၇ ဦးနဲ့ Ripdorf က ပွဲကို ကစားခဲ့တာ ဖြစ်ပါတယ်။

    ဘာစီလိုနာထက် ရီးယဲလ်မက်ဒရစ်ကို ကိုင်ချင်သည်ဟု ပိုချက်တီနို ဖွင့်ဟ

    ဘာစီလိုနာက ဆက်သွယ်လာတယ်ဆိုတဲ့ သတင်းတွေကို စပါးနည်းပြဟောင်း ပိုချက်တီနိုက ငြင်းဆိုခဲ့ပြီး လာလီဂါမှာဆိုရင် ရီးယဲလ်မက်ဒရစ်အသင်းကို နည်းပြခွင့်ရရေးဟာ သူ့ရဲ့အိပ်မက် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

    ဖလားလက်မဲ့ရာသီကို ကြုံရတဲ့အတွက် နည်းပြ စတီယန်ကို ထုတ်ပယ်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ ပိုချက်တီနိုကို ချိတ်နေတယ်ဆိုပြီး သတင်းတွေ ထွက်နေတာပါ။

    ပြင်သစ်လိဂ်ဝမ်းက ပီအက်စ်ဂျီနဲ့ မိုနာကို၊ စီးရီးအေက ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်၊ ပေါ်တူဂီက ဘင်ဖီကာ စတဲ့ အသင်းတွေက ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ပိုချက်တီနိုက ငြင်းပါတယ်။

    ၂၀၁၈ ခုနှစ်က ပိုချက်တီနိုကို ရီးယဲလ်က ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် စပါးနဲ့ စာချုပ်ရှိတဲ့အတွက် မသွားဖြစ်ခဲ့ပါဘူး။

    Ref: BBC

  • တော်၀င်မိသားစု၏ရပ်တည်မှု ပြုပြင်ပြောင်းလဲရေး ထိုင်းပြည်သူများ ဆန္ဒပြ

    တော်၀င်မိသားစု၏ရပ်တည်မှု ပြုပြင်ပြောင်းလဲရေး ထိုင်းပြည်သူများ ဆန္ဒပြ

    စက်တင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    ထိုင်းဘုရင် မဟာဝိဇယလ​ောင်ကွန်

    -ဖွဲ့စည်းပုံအခြေခံဥပဒေအထက်မှာ တော်၀င်မိသားစု ရှိနေမှုကို ပြုပြင်ပြောင်းလဲရေးအတွက် ထိုင်းပြည်သူတွေက မြို့တော်ဘန်ကောက်မှာ မနေ့က ဆန္ဒပြခဲ့ကြပြီး ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

    နန်းတော်ရှေ့က Sanam Luang ရင်ပြင်မှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာအစိုးရကို ဆန့်ကျင်ကာ၊ အစိုးရနဲ့ တောင်၀င်မိသားစု ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

    ဘုရင်နဲ့ တော်၀င်မိသားစုကို ၀ေဖန်ပြောဆိုတာဟာ ထိုင်းနိုင်ငံမှာ ရာဇ၀တ်မှုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်တွေက ကျောင်းသားလူငယ်တွေ ပြုလုပ်တဲ့ ဆန္ဒပြမှုတွေမှာတော့ ဒီဥပဒေကို ဖျက်သိမ်းရေးအပါအ၀င် နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

    “ဒါကို ကျွန်တော်တို့ မပြောင်းလဲနိုင်ရင် ဒီမိုကရေစီ ရမှာ မဟုတ်ပါဘူး” လို့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ရှေ့နေဖြစ်ပြီး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ အေနွန် နမ်ဖာက ပြောခဲ့ပါတယ်။

    ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေထဲမှာ တော်၀င်မိသားစုအပေါ် ထောက်ပံ့ငွေ လျှော့ချရေး၊ ဘုရင်ရဲ့အာဏာလျှော့ချရေး၊ အစိုးရက အတိုက်အခံတွေအပေါ် နှိပ်ကွပ်မှု ရပ်ဆိုင်းရေး စတာတွေ ပါ၀င်ပါတယ်။

    “တိုင်းပြည်မှာ စည်းမျဥ်းခံဘုရင်စနစ်ကိုပဲ ကျွန်တော်တို့ လိုချင်ပါတယ်။ တစ်ခြားပုံစံမျိုး မလိုချင်ပါဘူး” လို့ အေနွန်က ဆိုပါတယ်။

    ဆန္ဒပြမှုတွေကို ဒီကနေ့မှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ စီစဥ်ထားပါတယ်။

    Ref: CNA

  • အင်ဒိုနီးရှားတွင် နှာခေါင်းစည်းမတပ်သူများကို အသုဘအတွက် ကျင်းတူးခိုင်း

    အင်ဒိုနီးရှားတွင် နှာခေါင်းစည်းမတပ်သူများကို အသုဘအတွက် ကျင်းတူးခိုင်း

    စက်တင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    -အင်ဒိုနီးရှားနိုင်ငံက ဒေသတစ်ချို့မှာ အာဏာပိုင်တွေက အပြင်ထွက်တဲ့အခါ နှာခေါင်စည်း မတပ်တဲ့သူတွေကို အသုဘအတွက် ကျင်းတူးခိုင်းတဲ့ ပြစ်ဒဏ်မျိုး ပေးနေပါတယ်။

    အင်ဒိုနီးရှားနိုင်ငံမှာ Covid-19 ကူးစက်မှု၊ သေဆုံးမှု အရေအတွက်ဟာ အခုအချိန်အထိ မြင့်တက်နေဆဲပါ။ ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် တင်းကြပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေကိုလည်း အစိုးရက ထုတ်ပြန်ထားပါတယ်။

    အရှေ့ဂျာဗားက ကျယ်ရမီဆိုတဲ့ ဒေသမှာတော့ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းမတပ်သူတွေကို အာဏာပိုင်တွေက မှတ်သားလောက်တဲ့ ပြစ်ဒဏ်မျိုး ပေးနေပါတယ်။

    ဒါကတော့ ကိုဗစ်ကြောင့် ကွယ်လွန်သွားသူတွေကို မြှုပ်နှံဖို့အတွက် ကျင်းတူးခိုင်းတာပါ။
    ကျယ်ရမီဒေသအကြီးအကဲ ဆူယိုနိုက သူတို့ဒေသမှာ အသုဘကျင်းတူးသူ နည်းနေတာကြောင့် ဒီစိတ်ကူးမျိုးရခဲ့ပြီး၊ ဒီလိုပြစ်ဒဏ်ပေးမှုဟာ စည်းကမ်းလိုက်နာဖို့ တွန်းအားတစ်ခု ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

    နှာခေါင်းစည်းမတပ်သူတွေဟာ ကျင်းတူရုံ တူးပေးရတာဖြစ်ပြီး အသုဘချရာမှာတော့ မပါ၀င်ရပါဘူး။

    ဒီပြစ်ဒဏ်အပြင် ဒဏ်ငွေဆောင်ခိုင်းတာ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ခိုင်းတာ၊ ဒိုက်ထိုးခိုင်းတာ စတဲ့ ပြစ်ဒဏ်မျိုးတွေလည်း ပေးတယ်လို့ ဆူယိုနိုက ဆိုပါတယ်။

    Ref: CNN