News @ M-Media

Blog

  • လူသတ်မှုဖြင့်ထောင်ကျမည့် ဗိုလ်မှူးကို မိသားစုက ရန်ပွဲအတုလုပ်ကာ ကယ်ထုတ်

    လူသတ်မှုဖြင့်ထောင်ကျမည့် ဗိုလ်မှူးကို မိသားစုက ရန်ပွဲအတုလုပ်ကာ ကယ်ထုတ်

    စက်တင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    -လူသတ်မှုနဲ့ ထောင်ဒဏ် ၅ နှစ်ကျခံရတော့မယ့် ဗိုလ်မှူးကို မိသားစုက ရန်ပွဲအတုဖန်တီးကာ တရားရုံးကနေ ကယ်ထုတ်မှုတစ်ခု အာဖရိကက ချဒ်နိုင်ငံမှာ မနေ့က ဖြစ်ပွားခဲ့ပါတယ်။

    ချဒ်စစ်တပ်က ဗိုလ်မှူး အဒူလာရီ အဟ်မတ် ဟာရွန်ဆိုသူဟာ လူငယ်စက်ပြင်သမား ၂ ဦးကို သေနတ်နဲ့ပစ်ခတ်မှုကြောင့် တရားရင်ဆိုင်နေရသူပါ။ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဗီဒီယိုဟာ ဇူလိုင်လက ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီး ပြည်သူတွေက အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။

    မြို့တော် နဂျာမီနာက တရားရုံးဟာ မနေ့က ဟာရွန်ကို လူသတ်မှုအတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။ အမိန့်ချမှုအပြီးမှာ မိသားစုက လူငယ်တွေနဲ့ အမျိုးသမီးတွေ ရန်ဖြစ်ချင်ယောက်ဆောင်ခဲ့ပြီး သေနတ်တွေကိုင်ထားတဲ့ နောက်တစ်ဖွဲ့က ဟာရွန်ကို ကယ်ထုတ်သွားခဲ့ပါတယ်။

    ဒါပေမယ့် ဒီလွတ်မြောက်မှုက ၅ နာရီသာကြာခဲ့ပြီး အပေါင်းအပါ ၅ ဦးနဲ့အတူ အိမ်တစ်အိမ်ထဲမှာ ပုန်းအောင်းနေတဲ့ဟာရွန်ကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ ချဒ်တရားရေးဝန်ကြီး ဂျီမတ် အရာဘီက ပြောကြားခဲ့ပါတယ်။

    ဩဂုတ်လ ၉ ရက်နေ့ကလည်း အီဂျစ်ကိုသွားမယ့် လေယာဉ်ပေါ်မှာ လိုက်ပါကာ ဟာရွန်တစ်ယောက် ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး ချဒ်အစိုးရက လေယာဉ်ကို ပြန်လှည့်ခိုင်းကာ လေယာဉ်ကွင်းအရောက်မှာတော့ ဟာရွန်ကို ဖမ်းဆီးခဲ့ပါတယ်။

    Ref: Aljazeera

  • ကမ်ပုန် တွန်ကူဗလီ (သို့) အော်တစ်ဇင်ကလေးများ နားခိုရာ

    ကမ်ပုန် တွန်ကူဗလီ (သို့) အော်တစ်ဇင်ကလေးများ နားခိုရာ

    စက်တင်ဘာ ၁၈၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ ဆင်ခြေဖုံးမှာ တည်ရှိတဲ့ Kampung Tunku ဗလီဝတ်ကျောင်းတော်ဟာ အပြင်ကနေကြည့်မယ်ဆိုရင် ဝတ်ပြုရာနေရာတစ်ခု၊ ဒေသခံ အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးအရအားကိုးအားထားပြုစရာ နေရာတစ်ခုသာ ဖြစ်ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်ခွဲတာကာလအတွင်း ဒီဗလီကို အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေ ပိုပိုပြီး ရောက်လာကြပါတယ်။ ဘာသာရေးအတွက် လာရောက်တာမဟုတ်ဘဲ အော်တစ်ဇင်ဖြစ်နေတဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် ခိုလှုံရာအဖြစ် လာရောက်ကြတာ ဖြစ်ပါတယ်။

    အော်တစ်ဇင်ကလေးငယ်တွေကို ပြုစုပြိုးထောင်ပေးတဲ့ Kumpulan Anak Autisme Masjid (Kami) Playgroup အဖွဲ့ကို ဒီဗလီမှာ ၂၀၁၇ ခုနှစ်က စတင် တည်ထောင်ခဲ့တာပါ။ မိဘတွေနဲ့ မိသားစုတွေပါ ပါဝင်နိုင်တဲ့ ပန်းချီဆွဲတာ၊ ဂိမ်းကစားတာနဲ့ အားကစားလှုပ်ရှားမှုတွေ လုပ်ဆောင်ပေးတဲ့ ဒီနေရာလေးဟာ အော်တစ်ဇင်ကလေးငယ်တွေအတွက် ခိုနားရာနေရာတစ်ခု ဖြစ်လာပါတယ်။

    ဗလီဂေါပကအဖွဲ့အကြီးအကဲ ၀မ် ဟူဇိုင်နီ ဝမ် ဟူစိန်က Kami Playgroup ဟာ ဘာသာလူမျိုးမခွဲခြားဘဲ လာရောက်သမျှလူ အားလုံးကို စောင့်ရှောက်ပျိုးထောင်ပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အော်တစ်ဇင်ကလေးငယ်တွေရဲ့ အထူးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့က အဓိကအရေးကြီးဆုံးပါ”

    ကလေးငယ်များ ပန်းချီဆွဲနေစဉ်

    ဗလီကဦးစီးပြီး ဆောင်ရွက်နေတဲ့ အော်တစ်ဇင်ကလေးငယ်များ ကူညီရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာတစ်ဦးက ဒီအဖွဲ့ဖွဲ့ဖို့ အကြံရခဲ့တာလို့ ဝမ်ဟူစိန်က ပြောပါတယ်။

    အဖွဲ့စဖွဲ့ပြီးကတည်းက ကလန်းဗာလီမြို့နယ်က မိဘတွေရဲ့ ချီးကျူးမှုကို ရခဲ့ပြီ လူသတင်းလူချင်းဆောင်ကာ အခြားမြို့နယ်တွေက မိဘတွေရဲ့ ပူးပေါင်းမှုကိုပါ နောက်ပိုင်းမှာ ရခဲ့တယ်လို့ ဝမ်ဟူစိန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “Kami Playgroup ဟာ အော်တစ်ဇင်ကလေးငယ်ရှိတဲ့ မိဘတွေ သူတို့ရဲ့ စိတ်ခံစားမှု၊ ပြဿနာတွေနဲ့ သတင်းအချက်အလက်တွေကို မျှဝေရာ နေရာတစ်ခုဖြစ်တယ်လို့ ကျွန်တော် အမြဲ ပြောပါတယ်။ သူတို့ဟာ အထီးကျန်စရာမလိုဘဲ ကျွန်တော်တို့ဆီ့က ပံ့ပိုးကူညီမှု ရရှိမှာ ဖြစ်ပါတယ်”

    ဒေသခံပြည်သူတွေက ဒီလှုပ်ရှားမှုကို လက်ခံရုံသာမက ပံ့ပိုးကူညီကြတဲ့အတွက် အလွန်ကျေးဇူးတင်တယ်လို့လည်း ဟူစိန်က ဆိုပါတယ်။ Kami Playgroup ကို စေတနာ့ဝန်ထမ်းတွေနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

    “ဗလီဆိုတာ ဝတ်ပြုဆုတောင်းရာ နေရာတစ်ခုသာ မဟုတ်ဘူးဆိုတာကို ပြသဖို့အတွက် သူတို့အားလုံးဟာ အစွမ်းကုန် ပံ့ပိုးကူညီကြပါတယ်”

    အော်တစ်ဇင်ကလေးငယ်တွေအတွက် သီးသန့် ပုဂ္ဂလိကကျောင်းတွေဟာ စျေးအရမ်းကြီးတဲ့အတွက် Kami Playgroup ဟာ ဝင်ငွေနည်းတဲ့ မိသားစုတွေ အားထားရာ နေရာတစ်ခု ဖြစ်လာတယ်လို့ အဖွဲ့အကြီးအကဲ အဒ်လင်း အဘ်ဒူလ် ဂနီက ပြောပါတယ်။

    ဆရာ၊ ဆရာမများ

    “ကျွန်မမှာ အော်တစ်ဇင်ကလေးရှိပြီး ဒီလိုကလေးမျိုးရှိတဲ့ အခြားမိဘတွေလိုပဲ အခက်အခဲတွေကို ကြုံရပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့လိုအပ်ချက်ကို ကျွန်မ နားလည်ပါတယ်။ ကလေးတွေဟာ ကစားခုန်စားဖို့နဲ့ လှုပ်ရှားမှုတွေလုပ်ဖို့ နေရာတစ်ခု လိုပ်ပါတယ်” လို့ အဒ်လင်းက ပြောပါတယ်။

    Kami Playgroup အတွက် လခက တစ်လကို မလေးရှားရင်းဂစ် ၃၀ (ကျပ်တစ်သောင်းဝန်းကျင်) သာ ဖြစ်ပါတယ်။

    အဖွဲ့ဟာ အော်တစ်ဇင်ကလေးငယ်တွေရဲ့ ဆက်သွယ်ပြောဆိုမှု၊ စိတ်ခံစားမှု၊ လူမှုရေးဆက်ဆံရေးနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိရေး စတဲ့စွမ်းရည်တွေ တိုးတက်အောင် ဆောင်ရွက်ပေးနေတယ်လို့လည်း အဒ်လင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “စိန်ခေါ်မှုတစ်ခုက အသက်အရွယ်မတူတဲ့ ကလေးတွေအတွက် သီးခြားလှုပ်ရှားမှုတွေကို စီစဉ်ပေးရတာပါ။ အသက် ၃ နှစက်နေ ၁၃ နှစ်အရွယ်အထိ ကျွန်မတို့ လက်ခံပါတယ်”

    Covid-19 ကပ်ရောဂါကို ဒီကျောင်းကို ခေတ္တပိတ်ထားပေမယ့် မကြာခင်မှာ ပြန်ဖွင့်ခွင့်ရအောင် စီစဉ်နေတယ်လို့ အဒ်လင်းက ပြောပါတယ်။ ဒီလှုပ်ရှားမှု ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အဒ်လင်းတို့အဖွဲ့က အာဏာပိုင်ကို စာတင်သွားမှာဖြစ်ပြီး၊ ကလေးတွေနဲ့ အုပ်ထိန်းသူတွေ အန္တရာယ်ကင်းစေဖို့အတွက် ဆောက်ရွက်ထားတာတွေကိုလည်း တစ်ပါတည်း အသိပေးသွားမှာ ဖြစ်ပါတယ်။

    “အရင်အခြေအနေမျိုး မဟုတ်ဘူးဆိုတာ ကျွန်မတို့ သိပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေကို ကာကွယ်ဖို့ စည်းမျဉ်းစည်းကမ်းတွေ လိုပါတယ်။ ကျွန်မတို့ကိုယ်တိုင်နဲ့ သာမန်ကလေးတွေတောင် အိမ်မှာနေရတဲ့ စိတ်ဖိစီးမှုကို ကျော်လွှားနေရတယ်ဆိုရင် အော်တစ်ဇင်ကလေးငယ်တွေက ပိုဆိုးတာပေါ့။ ဘာတွေဖြစ်နေလဲဆိုတာ သူတို့လေးတွေ သိမှာတောင် မဟုတ်ပါဘူး” လို့ အဒ်လင်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ကျောင်း ဘယ်​တော့ပြန်ဖွင့်မလဲဆိုတာကို မိဘတွေက လှမ်းလှမ်းမေးကြတယ်လို့လည်း သူမက ဆိုပါတယ်။

    Ref: Free Malaysia Today

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    စက်တင်ဘာ ၁၇၊ ၂၀၂၀
    M-Media

    အိန္ဒိယတွင် ကိုဗစ်ကူးစက်သူ ၅ သန်းကျော်သော်လည်း အစိုးရက ကန့်သတ်မှုများ ပြန်မလုပ်သေး

    စက်တင်ဘာ ၁၇၊ ၂၀၂၀
    M-Media

    အိန္ဒိယနိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက်ဟာ ၅ သန်းကျော်သွားခဲ့ပြီး အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယကူးစက်မှုအများဆုံးတိုင်းပြည် ဖြစ်လာပါတယ်။

    ဗိုင်းရပ်စ်ပြန့်နှံ့မှုကလည်း ကမ္ဘာအမြန်ဆုံးဖြစ်နေပြီး တစ်နေ့တာကူးစက်မှု ၉ သောင်းကျော်အထိ ရှိလာပါတယ်။ သေဆုံးသူက ၈ သောင်းကျော်သွားခဲ့ပြီး နိုင်ငံတစ်ဝှမ်း ဆေးရုံတွေမှာ အောက်ဆီဂျင်ပြတ်လတ်မှုနဲ့လည်း ကြုံတွေနေ့ရပါတယ်။

    မတ်လက Lock Down ကာလမှာ လူသန်းနဲ့ချီ အလုပ်ပြုတ်သွားတာကြောင့် စီးပွားရေးကုစားနိုင်ဖို့အတွက် ကူးစက်မှုမြင့်တက်နေပေမယ့်လည်း ကိုဗစ်ကန့်သတ်မှု​တွေကို အစိုးရက ဆက်လက်ဖြေလျော့ပေးနေပါတယ်။

    နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင်နဲ့ စျေးဆိုင်တွေ ပုံမှန်အတိုင်း ပြန်ဖွင့်နေပြီဖြစ်သလို အရက်ဆိုင်တွေနဲ့ ကိုယ်ကာယ လေ့ကျင့်ရေးစင်တာတွေကိုလည်း ဖွင့်ခွင့်ပေးထားပါတယ်။

    ကိုဗစ်ကာကွယ်ဆေးကို အငွေ့ရှုသွင်းသည့်နည်းဖြင့် စမ်းသပ်မည်

    • Covid-19 ကာကွယ်ဆေးကို ဆေးရည်ထိုးသွင်းတဲ့နည်းမဟုတ်ဘဲ အငွေ့ရှူသွင်းတဲ့နည်းနဲ့ ခန္ဓာကိုယ်ထဲဝင်ရောက်စေကာ ဗိုင်းရပ်စ်တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံအား ထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ဖို့ လန်ဒန်မြို့မှာရှိတဲ့ Imperial College က စီစဉ်နေပါတယ်။

    အောက်စဖို့ဒ်ကထုတ်လုပ်ပြီး မကြာသေးခင်က စမ်းသပ်မှု ခေတ္တ ရပ်ဆိုင်းလိုက်ရတဲ့ ကာကွယ်ဆေးနဲ့ ဇွန်လကစတင်ကာ လူသားတွေမှာ စမ်းသပ်နေတဲ့ Imperial College ထုတ် ဆေးသစ်တို့နဲ့ ဒီနည်းလမ်းကို စမ်းမှာပါ။

    စမ်းသပ်မှုမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်မယ့် လူ ၃၀ ကို ပန်းနာရင်ကြပ်ရောဂါသည်တွေကို ကုသတဲ့နည်းလမ်းမျိုးနဲ့ ကာကွယ်ဆေးကို ရှုသွင်းစေမှာ ဖြစ်ပါတယ်။

    သု​သေတနခေါင်းဆောင် ဒေါက်တာ ခရစ်ချွဲက ကာကွယ်ဆေးကို အသက်ရှုလမ်းကြောင်းတစ်လျှောက် တိုက်ရိုက်ထိတွေ့စေခြင်းက ကြွက်သားကနေတစ်ဆင့် ထိုးသွင်းတာထက် ပိုပြီးထိရောက်မှုရှိလားဆိုတာကို အဓိကထား ဖော်ထုတ်သွားမယ္လို႔ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၁၇၊ ၂၀၂၀
    M-Media

    ဘိုင်ယန်ကွင်းလယ်လူ သီယာဂိုကို လီဗာပူးလ်ခေါ်ယူ

    လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူ သီယာဂို အလ်ကန်တာရာကို ၄ နှစ်စာချုပ် ပေါင် ၂၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီချက် ရခဲ့ပါတယ်။

    အသက် ၂၉ နှစ်အရွယ် သီယာဂိုဟာ ၂၀၁၃ ခုနှစ်က ဘာစီလိုနာကနေ ဘိုင်ယန်ကို ရောက်လာတာပါ။ လီဗာပူးလ်မှာ နံပါတ် ၆ ဂျာစီ ဝတ်ဆင်မှာ ဖြစ်ပါတယ်။

    သီယာဂိုဟာ ဂရိနောက်ခံလူ ကော့စ်တက်စ် စီမီကက်စ်နောက် လီဗာပူးလ်အသင်းက အခုနှစ် ဒုတိယမြောက်ခေါ်ယူတဲ့ ကစားသမား ဖြစ်ပါတယ်။

    ဘိုင်ယန်နည်းပြ ဟန်ဆီ ဖလစ်က သီယာဂိုဟာ ခြွင်းချက်မဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဖြစ်ပြီး သူအသင်းကထွက်သွားတဲ့ ဒီနေ့ဟာ စိတ်မကောင်းစရာနေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ် စပါးကို ပြန်လာမည်

    ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အသက် ၃၁ နှစ်အရွယ် ဘေးလ်ဟာ အသင်းဟောင်းစပါးကို အငှားနဲ့ ပြန်လာတော့မှာဖြစ်ပြီး သောကြာနေ့မှာ လန်ဒန်ကို လာရောက်ဖို့ ရှိနေပါတယ်။

    ၂၀၀၇ ခုနှစ်က ဆောက်သက်တမ်ကနေ စပါးကိုပြောင်းလာတဲ့ ဘေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ အဲဒီတုန်းက စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ရီးယဲလ်ကို ရောက်ရှိကာ ဂိုး ၁၀၀ ကျော်သွင်းပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရရှိခဲ့ပါတယ်။

    ဘေးလ်အတွက် ဆွေးနွေးမှုတွေဟာ တိုးတက်မှုရှိပေမယ့် စပါးနည်းပြ မော်ရင်ဟိုကတော့ ဒီကိစ္စအတွက် ထုတ်မပြောလိုဘူးလို့ ဆိုပါတယ်။ ဘေးလ်ဟာပြီးခဲ့တဲ့ ရာသီတွေမှာ ရီးယဲလ်ကနေ ထွက်ခွာဖို့ ကြိုးစားပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။

    ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က နေးမာကို ၂ ပွဲပယ်ပြစ်ဒဏ်ချ

    တနင်္ဂနွေနေ့ မာဆေလ်းနဲ့ပွဲက အပြုအမူအတွက် ပီအက်စ်ဂျီတိုက်စစ်မှူး နေးမာကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ၂ ပွဲ ကစားခွင့် ပိတ်လိုက်ပါတယ်။

    ပီအက်စ်ဂျီရှုံးခဲ့တဲ့ အဲဒီပွဲမှာ နှစ်ဖက်အသင်းသမားတွေ စကားများတာကြောင့် ၅ ဦးအထိ အထုတ်ခံခဲ့ရပါတယ်။ မာဆေးလ်နောက်ခံလူ အလ်ဗာရိုဂွန်ဇာလက်ကို ဦးခေါင်းရိုက်မှုအတွက် ထုတ်ပယ်ခဲ့ရတဲ့ နေးမာက ဂွန်ဇာလက်ဟာ သူ့ကို လူမျိုးရေးခွဲခြား စော်ကားပြောဆိုခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    ပြင်သစ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    ပီအက်စ်ဂျီနောက်ခံလူ လေဗင် ကူရ်ဇာဝါက ၆ ပွဲ၊ လီယန်ဒရို ပရာဒက်စ်က ၂ ပွဲ၊ မာဆေးလ်က ဂျော်ဒန် အေမာဗီက ၃ ပွဲ၊ ဒါရီယို ဘန်ဒက်တိုက ၁ ပွဲ အသီးသီး ပွဲပွယ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

    Ref : BBC

  • ပါလက်စတိုင်းပြဿနာ၏အဖြေက အစ္စရေးနှင့် ဆက်ဆံရေးထူထောင်မှု မဟုတ်ဟု ကာတာပြော

    ပါလက်စတိုင်းပြဿနာ၏အဖြေက အစ္စရေးနှင့် ဆက်ဆံရေးထူထောင်မှု မဟုတ်ဟု ကာတာပြော

    စက်တင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    ယူအေအီး၊ ဘာရိန်းနှင့် အစ္စရေးတို့ မနေ့က အမေရိကန်တွင် လက်မှတ်ရေးထိုးမှု

    -အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ခြင်းက ပါလက်စတိုင်း-အစ္စရေးပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အတွက် အစ္စရေးနဲ့ အဆက်အသွယ်လုပ်မှာမဟုတ်ဘူးလို့ ကာတာနိုင်ငံက ပြောကြားလိုက်ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းတို့ဟာ အစ္စရေးနဲ့ တရား၀င်ဆက်ဆံရေး ထူထောင်ဖို့အတွက် မနေ့က အမေရိကန်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    ပင်လယ်ကွေ့က အခြားနိုင်ငံတွေလည်း ဒီလိုခြေလှမ်းမျိုး လှမ်းလာနိုင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် ကာတာကတော့ ငြင်းဆန်ပါတယ်။

    “ဆက်ဆံရေးထူထောင်မှုဟာ ပြဿနာရဲ့ ရင်းမြစ်မဟုတ်တဲ့အတွက် ဒီလိုဆောင်ရွက်မှုကနေပြီး အဖြေလည်း ထွက်မှာမဟုတ်ပါဘူး။ ပြဿနာရဲ့ရင်းမြစ်က ပါလက်စတိုင်းတွေ ဆိုးရွားတဲ့ အခြေအနေမျိုးမှာ နေထိုင်နေရတာ၊ နိုင်ငံပျောက်နေတာ၊ ကျူးကျော်သိမ်းပိုက်ခံရတာတွေ ဖြစ်ပါတယ်” လို့ ကာတာနိုင်ငံခြားရေး၀န်ကြီး လို၀ါ အလ်-ခါတာရ်က ပြောကြားခဲ့ပါတယ်။

    ယူအေအီးနဲ့ ဘာရိန်းတို့ဟာ အစ္စရေးနဲ့ သံတမန် ဆက်ဆံရေး ထူထောင်မှုအပြင် စီးပွားရေး၊ လုံခြုံရေးနဲ့ အခြားနယ်ပယ်တွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတွေက ယူအေအီးနဲ့ ဘာရိန်းတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ နောက်ကျောကို ဓားနဲ့ထိုးတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref : Aljazeera