News @ M-Media

Blog

  • ဘဂ်လားဒေ့ရှ် အထည်ချုပ်လုပ်ငန်း ပြန်လည်ဦးမော့လာ

    ဘဂ်လားဒေ့ရှ် အထည်ချုပ်လုပ်ငန်း ပြန်လည်ဦးမော့လာ

    စက်တင်ဘာ ၄၊ ၂၀၂၀
    M-Media

    -ကိုဗစ်ကာလ အစောပိုင်းမှာ သိသိသာသာ ကျဆင်းခဲ့တဲ့ အထည်ချုပ်လုပ်ငန်းဟာ လက်ရှိအချိန်မှာ ပြန်လည်ဦးမော့လာတယ်လို့ ဘဂ်လားဒေ့ရှ် အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    ဘဂ်လားဒေ့ရှ်ဟာ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး အထည်ချုပ်လုပ်ငန်းရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး တိုင်းပြည်စီးပွားရေးရဲ့ အဓိကလုပ်ငန်းလည်း ဖြစ်ပါတယ်။

    ကိုဗစ်ကပ်ရောဂါကာလ နောက်ပိုင်း ကမ္ဘာတစ်၀ှမ်း အ၀တ်အထည်ကုမ္ပဏီတွေက အမှာတွေရပ်ဆိုင်းခဲ့တာကြောင့် ဘဂ်လားဒေ့ရှ် အထည်ချုပ်လုပ်ငန်းရဲ့ ပြည်ပတင်ပို့မှုဟာ ဧပြီလမှာ ၈၃ ရာခိုင်နှုန်း၊ မေလမှာ ၅၀ ရာခိုင်နှုန်းကျော်လောက် ကျဆင်းခဲ့ပါတယ်။

    ဘဂ်လားဒေ့ရှ် အထည်ချုပ်လုပ်ငန်းနဲ့ ပြည်ပတင်ပို့သူများ အသင်း (BGMEA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခန်း မိုနီရူလ် အလမ်က ကမ္ဘာ့အ၀တ်အထည်ကုမ္ပဏီက အမှာတွေ ၈၀ ရာခိုင်နှုန်းလောက် ပြန်တက်လာတယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒီလိုအမှာတွေ ပြန်တက်လာတဲ့အတွက် တစ်ချို့ အထည်ချုပ်ကုမ္ပဏီတွေက အလုပ်သမား ရှာဖွေတာတွေကိုပါ လုပ်ဆောင်လာကြပါတယ်။ မိုနီရူလ်က တိုင်းပြည်အထည်ချုပ်လုပ်ငန်းရဲ့ ကိုဗစ်အလွန် အလားအလာကို နောက်ထပ် ၅ လအတွင်း ရှင်းရှင်းလင်းလင်း မြင်ရဖို့ ရှိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : AFP

  • ပါလက်စတိုင်းနိုင်ငံပေါ်လာရေး အရေးကြီးသည်ဟု ကာတာက အမေရိကန်ကိုပြော

    ပါလက်စတိုင်းနိုင်ငံပေါ်လာရေး အရေးကြီးသည်ဟု ကာတာက အမေရိကန်ကိုပြော

    စက်တင်ဘာ ၄၊ ၂၀၂၀
    M-Media

    အိမ်ဖြူတ​ော်အကြံပေး ဂျရဒ် ကက်ရှ်နာနှင့် ကာတာခေါင်းဆောင် အလ် သာနီ

    -လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံပေါ်လာမှ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မယ်ဆိုတဲ့မူကို မိမိတို့က လက်ကိုင်ထားတယ်လို့ ကာတာက အိမ်ဖြူတော် အရှေ့အလယ်ပိုင်းဆိုင်ရာ အကြံပေးကို ပြောကြားလိုက်ပါတယ်။

    ကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်တဲ့ အိမ်ဖြူတော်အကြံပေး ဂျာရဒ် ကက်ရှ်နာဟာ မနေ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ကက်ရှ်နာနဲ့ အလ် သာနီတို့ဟာ နှစ်နိုင်ငံအကြားရှိနေတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို သုံးသပ်ခဲ့ကြပြီး၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအပါအ၀င် ကိစ္စတော်တော်များများကို ဆွေးနွေးခဲ့ကြပါတယ်။

    အလ် သာနီက ၁၉၆၇ ခုနှစ်စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒေသတွေက အစ္စရေးတပ်တွေ ထွက်သွားပြီး၊အရှေ့ဂျေရုစလင်ကို မြို့တော်ထားတဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်မှ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်မယ်ဆိုတဲ့ ၂၀၀၂ ခုနှစ် အာရပ်ငြိမ်းချမ်းရေး အစီအစဥ်ကို ဆက်လက်ဆွဲကိုင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စေရးနဲ့ ယူအေအီးတို့ ပြီးခဲ့တဲ့လမှာ ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးတဲ့နောက် ပင်လယ်ကွေ့က အာရပ်နိုင်ငံတွေလည်း ဒီလမ်းစဥ်ကိုလိုက်ဖို့ အမေရိကန်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

    ဂျော်ဒန်နဲ့ အီဂျစ်တို့ပြီးတဲ့နောက် ယူအေအီးဟာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ တတိယမြောက် အရှေ့အလယ်ပိုင်းနိုင်ငံ ဖြစ်လာတာပါ။ ယူအေအီးရဲ့ဒီလုပ်ရပ်ကို ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကာကွယ်ဆေးရပါက မြန်မာနိုင်ငံကို ဦးစားပေးမျှ၀ေရန် တရုတ်က ဆန္ဒရှိ

    ကိုဗစ်ကာကွယ်ဆေးရပါက မြန်မာနိုင်ငံကို ဦးစားပေးမျှ၀ေရန် တရုတ်က ဆန္ဒရှိ

    စက်တင်ဘာ ၃၊ ၂၀၂၀
    M-Media

    ယန်ဂျီချီနှင့် သမ္မတဦးဝင်းမြင့်တို့ တွေ့ဆုံစဉ်

    – Covid-19 ကာကွယ်ဆေး ဖော်နိုင်တဲ့အခါ မြန်မာနိုင်ငံကို ဦးစားပေးမျှ၀ေသွားဖို့ ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    တရုတ်ကွနမြူနစ်ပါတီ ပေါ်လစ်ဗျူရို(CPC)ရဲ့ ဗဟိုကော်မတီအဖွဲ့၀င်ဖြစ်ပြီး၊ ကော်မတီရဲ့ နိုင်ငံခြားရေးအဖွဲ့ ဒါရိုက်တာလည်း ဖြစ်တဲ့ ယန်ဂျီချီရဲ့ မြန်မာနိုင်ငံခရီးစဥ်မှာ ဒီသတင်းစကား ပါးခဲ့တာပါ။

    ယန်ဂျီချီဟာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ ဆွေးနွေးပွဲတွေ ပြုလုပ်ရေး၊ နိုင်ငံရေးယုံကြည်မှု အားကောင်းစေရေး၊ ကုန်သွယ်မှု တိုးမြှင့်ရေး၊ တရုတ်-မြန်မာ စီးပွားရေးစကြ်န် (CMEC) တိုးတက်အောင် ဆောင်ရွက်ရေး၊ Belt and Road စီမံကိန်းအောက်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်ရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

    လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအတိုင်း အပြန်အလှန် ဖေးမကူညီသွားဖို့လည်း ဆွေးနွေးမှုမှာ သဘောတူညီခဲ့ကြပါတယ်။

    ယန်ဂျီချီက တရုတ်နိုင်ငံဟာ ကိုဗစ်ကာကွယ်ဆေးရရှိဖို့ ကြိုးပမ်းနေပြီး အောင်မြင်တဲ့အခါ မြန်မာနိုင်ငံကို ဦးစားပေမျှ၀ေသွားဖို့ ဆန္ဒရှိတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    မြန်မာခေါင်းဆောင်တွေက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကူညီပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ကြောင်း၊ ကိုဗစ်ကပ်ရောဂါ ကျော်လွှားရေးအတွက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ယန်ဂျီချီဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    Ref: CGTN

    (Photo – ယန်ဂျီနှင့် သမ္မတဦးဝင်းမြင့်တို့ တွေ့ဆုံစဥ်)

  • ယူအေအီးက မြန်မာနိုင်ငံသိုံ အကူအညီများ ပေးပို့

    ယူအေအီးက မြန်မာနိုင်ငံသိုံ အကူအညီများ ပေးပို့

    Covid-19 တိုက်ဖျက်ရေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက မြန်မာနိုင်ငံကို အကူအညီတွေ ပေးပို့လိုက်ပါတယ်။

    Ref : Khaleej Times

  • တစ်ပတ်အတွင်း နည်းပညာသတင်းများ

    တစ်ပတ်အတွင်း နည်းပညာသတင်းများ

    ဩဂုတ် ၃၁၊ ၂၀၂၀
    M-Media

    ဦးနှောက်ကိုစောင့်ကြည့်မည့် နည်းပညာတစ်ခုကို အေလွန်မက်စ် ထုတ်ပြ

    ဦးနှောက်ထဲမှာ အီလက်ထရောနစ် ချစ်ပ်ထည့်ကာ ကွန်ပျူတာနဲ့ ချိတ်ဆက်စောင့်ကြည့်နေတဲ့ နမူနာ ဝက်တစ်ကောင်ကို စွန့်ဦးလုပ်ငန်းရှင် အေလွန်မက်စ်က သေကြာနေ့မှာ ထုတ်ပြလိုက်ပါတယ်။ မက်စ်ရဲ့ Neuralink ကုမ္ပဏီဟာ ဒီနည်းပညာကို လူတွေမှာ စမ်းသပ်ဖို့ ခွင့်ပြုချက်ယူထားပြီး အောင်မြင်မယ်ဆိုရင် စိတ်ကစဉ့်ကလျားရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ ကျောရိုးမထိခိုက်မှုတွေကို ရောဂါတွေကို ကုသရာမှာ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။

    စူပါ App ထုတ်နိုင်အောင် Air Asia စီစဉ်နေ

    BigPay ကို အစားအသောက်မှာယူမှု၊ ဘဏ်လုပ်ငန်း၊ စျေးဝယ်မှု၊ ငွေပေးချေမှုနဲ့ ခရီးသွားလာမှု စသဖြင့် ဘက်စုံသုံး အက်ပလီကေးရှင်းတစ်ခုဖြစ်လာအောင် AirAsia တည်ထောင်သူ တိုနီဖာနန်ဒက်စ်က စီစဉ်နေပါတယ်။ ငွေပေးချေမှုအပြင် မက်ဆေ့ပါ ပို့လို့ရတဲ့ BigPay ကို သုံးစွဲသူ ၁ သန်းလောက်ရှိနေပါတယ်။ တိုနီဖာနန်ဒက်စ်က စင်ကာပူက Grab၊ အင်ဒိုနီးရှားက GoJek တို့လို့ စွယ်စုံသုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အရှေ့တောင်အာရှက ဂီတလောကို ပစ်မှတ်ထားတဲ့ ဂီတ အက်ပလီကေးရှင်း RedRecords ကို AirAsia က ပြီးခဲ့တဲ့နှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။

    ပြည်သူ့စစ်ပေ့ချ်ကို မဖျက်မိသည့်အတွက် Facebook က ပြန်တောင်းပန်

    ဝစ်ကွန်စင်ပြည်နယ် ကီနိုရှာမြို့က ပစ်ခတ်မှုအတွက် ဆော်ဩတဲ့ ပြည်သူ့စစ်အဖွဲ့ ပေ့ချ်ကို အချိန်မီ မဖျက်ချမိတဲ့အတွက် Facebook က ပြန်တောင်းပန်လိုက်ပါတယ်။ လူမည်းအမျိုးသား ဘလက်ကီကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီးတဲ့နောက် ကီနိုရှာမှာ ၃ ရက်ကြာ ဆန္ဒပြမှုဖြစ်ခဲ့ပြီး ပြည်သူအချင်းချင်း သေနတ်နဲ့ပစ်တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ပြည်သူ့စစ်အဖွဲ့ရဲ့ Kenosha Guard ပေ့ချ်ဟာ ဆန္ဒပြမှုကို သေနတ်တွေယူလာဖို့ ဆော်ဩခဲ့ပါတယ်။ Facebook တည်ထောင်သူ ဇက်ကာဘာ့ဂ်က ပေ့ချ်ကို အချိန်မီ ဖျက်မချနိုင်တာဟာ လုပ်ငန်းပိုင်ဆိုင်ရာ အမှားကြောင့် ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး လက်ရှိမှာတော့ ဖျက်ချလိုက်ပြီလို့ ဆိုပါတယ်။

    Ref:BBC