News @ M-Media

Blog

  • အကျဉ်းစခန်းများတွင် ဝီဂါမွတ်စလင် တစ်ဦးမှမရှိတော့ဟု တရုတ်ပြော

    အကျဉ်းစခန်းများတွင် ဝီဂါမွတ်စလင် တစ်ဦးမှမရှိတော့ဟု တရုတ်ပြော

    ဩဂုတ် ၃၁၊ ၂၀၂၀
    M-Media

    ထိုင်းနိုင်ငံကို ထွက်ပြေးလာသည့် ဝီဂါမိသားစုတစ်ခု

    -နိုင်ငံအနောက်ပိုင်းက ဝီဂါလူမျိုးတွေအပေါ် ညှင်းပမ်းမှုတွေရှိတယ်ဆိုတဲ့သတင်းတွေကို ဥရောပရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မနေ့မှာ ထပ်ငြင်းလိုက်ပြီး ပြည်တွင်းရေးကိစ္စမှာ ဥရောပနိုင်ငံတွေက ဝင်မစွက်ဖို့လည်း သတိပေးလိုက်ပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ အစ္စလာမ်ဘာသာဝင် ဝီဂါနဲ့ အခြားလူမျိုးစုငယ်တွေကို တရုတ်အစိုးရက ဖိနှိပ်မှုတွေ လုပ်ဆောင်နေပြီး အနည်းဆုံး လူ ၁ သန်းလောက်ကို အကျဉ်းစခန်းထဲမှာ ပိတ်လှောင်ထားတယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ထုတ်တင်ပြခဲ့ကြပါတယ်။ တရုတ်ကတော့ ဒီသတင်းကို ငြင်းဆိုပြီး အကျဉ်းစခန်းတွေမဟုတ်ဘဲ လေ့ကျင့်သင်ကြားရေးက​ျောင်းတွေသာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    မနေ့က ပဲရစ်ကိုရောက်လာတဲ့ ဝမ်ယီကလည်း အဲဒီသင်တန်းကျောင်းတွေကို ပို့ဆောင်ခံရတဲ့သူတွေဟာ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒတွေ ဝင်နေတဲ့သူတွေဖြစ်ကြောင်း၊ လက်ရှိမှာ သူတို့ကို ပြန်လွှတ်ပေးလိုက်ပြီး လုပ်ငန်းခွင် ဝင်နေကြပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အခုဆိုရင် သူတို့အားလုံး ဘွဲရသွားပါပြီ။ လေ့ကျင့်သင်ကြားရေးကျောင်းတွေမှာ တစ်ယောက်မှ မရှိတော့ပါဘူး။ အားလုံး အလုပ်ရသွားပါပြီ”

    တရုတ်အစိုးရဟာ ဝီဂါတွေနဲ့ အခြားလူမျိုးစုငယ်တွေအပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှုတွေ အခုအချိန်အထိ ဆက်လက်ဆောင်ရွက်နေတုန်းပဲလို့ တက်ကြွလှုပ်ရှားသူတွေ ဖိနှိပ်ခံရတဲ့ မိသားစုတွေက ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။

    Ref: Alarabiya

  • လူမည်းအမျိုးသားကို ရုံသွင်းပြသမှုအတွက် အမေရိကန်တိရစ္ဆာန်ရုံ ပြန်တောင်းပန်

    လူမည်းအမျိုးသားကို ရုံသွင်းပြသမှုအတွက် အမေရိကန်တိရစ္ဆာန်ရုံ ပြန်တောင်းပန်

    ဩဂုတ် ၂၈၊ ၂၀၂၀
    M-Media


    (မျောက်လှောင်အိမ်ထဲတွင် တွေ့ရသည့် အိုတာဘန်ဂါ)

    – လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က လူမည်းတစ်ဦးကို ရုံသွင်းပြသခဲ့မှုအတွက် အမေရိကန် တိရစ္ဆာန်ရုံက ပြန်တောင်းပန်လိုက်ပါတယ်။

    အိုတာဘန်ဂါဆိုတဲ့ ကွန်ဂိုနိုင်ငံက လူမည်းလူငယ်တစ်ဦးဟာ ၁၉၀၄ ခုနှစ်မှာ အမေရိကန် ကုန်သည်တစ်ဦးရဲ့ ခေါ်ဆောင်မှုကို ခံခဲ့ရပြီးတဲ့နောက် ၁၉၀၆ ခုနှစ်မှာတော့ နယူးယောက်မြို့က Bronx Zoo ရဲ့ မျောက်လှောင်အိမ်ထဲမှာ ပြသခံခဲ့ရတာပါ။

    အဲဒီအချိန်က တက်ကြွလှုပ်ရှားသူတွေရဲ့ ၀ေဖန်မှုကြောင့် အိုတာဘန်ဂါကို ပြသမှုဟာ ရက်ပေါင်း ၂၀ သာ ကြာမြင့်ခဲ့ပါတယ်။

    Bronx Zoo ကို စီမံတဲ့ သားရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့(WCS)က ဒီကိစ္စအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တောင်းပန်ခဲ့ပါတယ်။

    ဥက္ကဌ ခရစ္စတီယန်ဆမ်ပါက လူမျိုးရေးခွဲခြားမှု အမြစ်တွယ်ခဲ့တဲ့ မိမိတို့အဖွဲ့ရဲ့ သမိုင်းကြောင်းကို ဖွင့်ဟပြောကြားဖို့ အရေးကြီးကြောင်း အိုတာဘန်ဂါကို ရုံသွင်းပြသခဲ့မှုအတွက် မိမိတိုမှာ အပြစ်မကင်းကြောင်း ပြောကြားခဲ့ပါတယ်။

    အိုတာဘန်ဂါကို ရုံသွင်းပြသခဲ့တာ မဟုတ်ဘဲ သူဟာ တိရစ္ဆာန်ရုံ ၀န်ထမ်းတစ်ဦးသာ ဖြစ်တယ်လို့ WCS က အရင်တုန်းက ဖုံးကွယ်ခဲ့ဖူးပါတယ်။

    အသက် ၁၃ နှစ်လောက်သာ ရှိသေပြီး ရက် ၂၀ ကြာ တိရစ္ဆာန်ရုံမှာ ပြသခံခဲ့ရတဲ့ အိုတာဘန်ဂါဟာ အာဖရိကန်-အမေရိကန် ခရစ်ယာန်တရားဟောဆရာရဲ့ ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့ပြီး ဗာဂျီးနီးယားပြည်နယ်က ခရစ်ယာန် သာသနာပြုကျောင်းတစ်ကျောင်းမှာ ပညာသင်ကြားခွင့် ရခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ကျရောဂါ ခံစားခဲ့ရပြီး ၁၉၁၆ ခုနှစ အသက် ၂၅ နှစ်အရွယ်လောက်မှာ မိမိကိုယ်ကို သေနတ်နဲ့ပစ်ကာ အဆုံးစီရင်သွားခဲ့ပါတယ်။

    Ref:BBC

  • မွတ်စလင်များအပေါ် အကြမ်းဖက်မှုတွင် ဒေလီရဲတပ်ဖွဲ့က ပူးပေါင်းပါဝင်ခဲ့သည်ဟု AI အဖွဲ့ပြော

    မွတ်စလင်များအပေါ် အကြမ်းဖက်မှုတွင် ဒေလီရဲတပ်ဖွဲ့က ပူးပေါင်းပါဝင်ခဲ့သည်ဟု AI အဖွဲ့ပြော

    သြဂုတ် ၂၈၊ ၂၀၂၀
    M-Media

    ဒေလီမှဗလီတစ်လုံး အကြမ်းဖက်ခံရမှု

    -ဖေဖော်၀ါရီလက မြို့တော် နယူးဒေလီမှာ ဖြစ်ပွားခဲ့ပြီး အစ္စလာမ်ဘာသာ၀င်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အိန္ဒိယရဲတပ်ဖွဲ့က ပူးပေါင်းပါ၀င်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnsty International (AI) က ပြောကြားလိုက်ပါတယ်။

    အဲဒီ တိုက်ခိုက်မှုအတွင်း ၅၃ ဦး သေဆုံးခဲ့ပြီး အစ္စလာမ်ဘာသာ၀င်တွေရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဗလီ၀တ်ကျောင်းတော်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    ဒေလီရဲတပ်ဖွဲ့ဟာ ဒီတိုက်ခိုက်မှုတွေကို ပူးပေါင်းပြီး တက်တက်ာကြွကြွ ပါ၀င်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၆ လအတွင်း စုံစမ်းအရေးယူခဲ့တာ မရှိကြောင်း AI အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီကိစ္စအတွက် တိုက်ခိုက်မှုက လွတ်မြောက်လာသူတွေ၊ မျက်မြင်သက်သေတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို တွေ့ဆုံ မေးမြန်းခဲ့သလို၊ တိုက်ခိုက်တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေကို ကြည့်ရှုသုံးသပ်ခဲ့ရာမှာ “ဒေလီရဲတပ်ဖွဲ့ရဲ့ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့ခဲ့ရတယ်” လို့လည်း AI အဖွဲ့က ပြောပါတယ်။

    ဖေဖော်၀ါရီလက ဒီတိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်တွေအတွင်း နယူးဒေလီမြို့မှာ ဖြစ်ပွားတဲ့ အဆိုးရွားဆုံး ဘာသာရေးအခြေပြု တိုက်ခိုက်မှု ဖြစ်ပါတယ်။

    AI အဖွဲ့က ဒီအဖြစ်အပျက်အတွင်း ရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘက်လိုက်မှုမရှိဘဲ သေသေချာချာ စုံစမ်းဖို့ အိန္ဒိယအစိုးရကို အစီရင်ခံစာမှာ တိုက်တွန်းခဲ့ပါတယ်။

    အစ္စလာမ်ဘာသာ၀င်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို ဒေလီရဲတပ်ဖွဲ့၀င်တွေက အားပေးတာ၊ လစ်လျူရှုတာမျိုးတွေ ရှိခဲ့ပြီး၊ အဲဒီနောက်ပိုင်း ကျူးလွန်သူတွေကို ဖမ်းဆီးမှုမရှိဘဲ အစ္စလာမ်ဘာသာ၀င်တွေကိုသာ ပစ်မှတ်ထား ဖမ်းဆီးတာ၊ ရဲအချုပ်အတွင်း ညှင်းပမ်းတာတွေ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

    အိန္ဒိယက AI အဖွဲ့အကြီးအကဲ အာဗီနက်ရှ်ကူးမားရ်က ဒါတွေကို အစိုးရက အရေးမယူတာဟာ ရဲတပ်ဖွဲ့၀င်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူခံရမှာ ကြောက်စရာမလိုတဲ့ ကျူးလွန်နိုင်တယ်ဆိုတဲ့ သတင်းစကားပေးတာမျိုး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    AI ရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒေလီရဲတပ်ဖွဲ့က တုန့်ပြန်ပြောကြားမှု မရှိသေးပါဘူး။

    Ref:Aljazeera

    (ဓာတ်ပုံ – အကြမ်းဖက်ခံရမှု မြင်ကွင်း)

  • တရုတ်၏ ဒုံးကျည်စမ်းသပ်မှုမှာ ဒေသအတွင်း ခြိမ်းခြောက်မှုဟု ကန်ပြော

    တရုတ်၏ ဒုံးကျည်စမ်းသပ်မှုမှာ ဒေသအတွင်း ခြိမ်းခြောက်မှုဟု ကန်ပြော

    သြဂုတ် ၂၈၊ ၂၀၂၀
    M-Media

    -တောင်တရုတ်ပင်လယ်မှာ တရုတ်က တိုက်ချင်းပစ် ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့ရက်ပိုင်းက စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်ဟာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ပါရာဆဲလ်ကျွန်းနားကို ဒုံးကျည် ၄ လုံးထက်မနည်း ပစ်လွှတ်ခဲ့တာပါ။

    မနေ့က အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တရုတ်ဟာ အငြင်းပွားဧရိယာတွေမှာ ရန်လိုတဲ့ လုပ်ရပ်တွေ မလုပ်ရဘူးဆိုတဲ့ ၂၀၀၂ ခုနှစ် ကတိက၀တ်ကို လိုက်နာမှု မရှိဘူးလို့ ဖော်ပြထားပါတယ်။

    “တောင်တရုတ်ပင်လယ်က အငြင်းပွား နယ်မြေတွေမှာ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်တာဟာ တင်းမာမှုလျော့ချရေး၊ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးတွေနဲ့ ပြဒါတစ်လမ်း သံတစ်လမ်းပါပဲ”

    ပတ်၀န်းကျင် နိုင်ငံတစ်ချို့နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်က ဒေသတစ်ချို့မှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တရုတ်က စစ်စခန်းတွေ၊ ကျွန်းတုတွေ ဆောက်လုပ်လာပါတယ်။

    ဗုဒ္ဓဟူးနေ့က တရုတ်ရဲ့ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုမှာ လေယာဥ်တင်သဘ်ောဖျက် ဒုံးကျည်လည်း ပါ၀င်ပါတယ်။ တရုတ်က ဒီပစ်ခတ်မှုဟာ တောင်တရုတ်ပင်လယ်က လေယာဥ်မပျံရဇုန်အတွင်း အမေရိကန် ထောက်လှမ်းရေးလေယာဥ် ပျံသန်းမှုကို တုန့်ပြန်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • နိုင်ငံရေးစနစ်သစ်မှာ စနစ်ဟောင်းက ခွဲခြားမှုတွေကို ဆက်လက်ကြုံတွေ့နေရတဲ့ ဟိန္ဒူနှင့် မွတ်စလင်များ

    နိုင်ငံရေးစနစ်သစ်မှာ စနစ်ဟောင်းက ခွဲခြားမှုတွေကို ဆက်လက်ကြုံတွေ့နေရတဲ့ ဟိန္ဒူနှင့် မွတ်စလင်များ

    ဩဂုတ် ၃၀၊ ၂၀၂၀
    M-Media

    ရန်ကုန်မြို့မှ ဟိန္ဒူဘုရားကျောင်းတစ်ခု

    -မြန်မာနိုင်ငံက ၅ သန်းသော လူငယ်တွေထဲကတစ်ယောက်ဖြစ်တဲ့ မေသန္တာမောင်ဟာ လာမယ့် နို၀င်ဘာ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးနိုင်ဖို့အတွက် စိတ်လှုပ်ရှားနေပါတယ်။

    ဒါပေမယ့် မွတ်စလင်တစ်ယောက် ဖြစ်နေတဲ့အတွက် သူမရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်မရဘူးလို့ ဆိုပါတယ်။

    “ကျွန်မရဲ့ ယုံကြည်ကိုးကွယ်မှုကြောင့် နိုင်ငံသားစီစစ်ရေးကဒ် မရနိုင်ပါဘူး” လို့ သူမက APF သတင်းဌာနကို ပြောပါတယ်။

    သူမဟာ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့ကဖြစ်ပါတယ်။ နိုင်ငံသားစီစစ်ရေးကဒ် မရတဲ့အတွက် မဲပေးလို့ မရတော့ပါဘူး။

    တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်တဲ့ နိုင်ငံသားစီစစ်ရေးကဒ် လျှောက်ထားမှုမှာ အာဏာပိုင်တွေရဲ့ ညစ်တာ၊ ရစ်တာတွေကိုလည်း သူမက ထည့်ပြောပါတယ်။ သူ့အရွယ် ဗုဒ္ဓဘာသာ၀င်လူငယ်တွေကမှာတော့ ဒီလို ကြန့်ကြာမှုတွေ မရှိပါဘူး။ သူမနေထိုင်ရာ မိတ္ထီလာမြို့မှာ ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းဒဏ်ရာတွေက မကျက်သေးပါဘူး။

    နို၀င်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကနေ လုံးလုံးရုန်းထွက်ပြီးတဲ့နောက် ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီသာ ပြန်နိုင်လိမ့်မယ်လို့ တော်တော်များများက မျှော်လင့်ထားကြပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရော မြန်မာနိုင်ငံက ဒုက္ခသည်စခန်းတွေနဲ့ ရွာတွေမှာ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာတွေပါ မဲပေးခွင့် လုံး၀ မရပါဘူး။

    မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင် အခြားလူမျိုးစုတွေ ရှိနေပြီး တိုင်းပြည်လူဦးရေရဲ့ ၄ ရာခိုင်နှုန်းရှိတဲ့ ဒီအသိုက်အဝန်းဟာ သီအိုရီအရ နိုင်ငံသားအဖြစ် သတ်မှတ်ခံထားရပါတယ်။

    ဒါပေမယ့် လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါဘူး။

    နိုင်ငံသား စီစစ်ရေးကဒ် လုပ်ရာမှာ စနစ်တကျ ခြစားမှုတွေ ရှိနေပြီး ငွေကျပ်သိန်းချီ လက်သိပ်ထိုး ပေးရတယ်လို့ မွတ်စလင်တွေက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လူဦးရေရဲ့ ၄ ပုံ ၃ ပုံ ဆင်းရဲတွင်းထဲ နေထိုင်နေရတဲ့ မြန်မာနိုင်ငံမှာ သိန်းနဲ့ချီတဲ့ငွေကြေးဟာ မတန်တဆ ပမာဏမျိုး ဖြစ်ပါတယ်။

    မိသားစု၀င် ၃ ဦး နိုင်ငံသား စီစစ်ရေးကဒ် လုပ်ဆောင်ရာမှာ တစ်ယောက်ကို ၄ သိန်းလောက်စီ ပေးရတယ်လို့ အသက် ၅၃ နှစ်အရွယ် မောင်ချိုက ပြောပါတယ်။ ဒါဟာ လက်ဖက်ရေဖိုးအဖြစ် ဗုဒ္ဓဘာသာ၀င်တွေပေးရတဲ့ ပမာဏထက် အဆပေါင်းများစွာ ပိုများနေတာပါ။

    သွေးနှော

    ရန်ကုန်အခြေစိုက် လေ့လာစောင့်ကြည့်သူ ဒေးဗစ် မက်သီဆန်က မောင်ချိုလို အခြေအနေမျိုးကို မြန်မာနိုင်ငံတစ်၀ှမ်းက မွတ်စလင်တွေအားလုံး ခံစားနေရတယ်လို့ ဆိုပါတယ်။

    “ကျောင်းတွေမှာ၊ အလုပ်မှာ၊ အစိုးရအလုပ် လျှောက်ထားရာမှာ ခွဲခြားဆက်ဆံမှုပုံစံနဲ့ မွတ်စလင်မုန်းတီးရေးသဘောထားက အမြဲတမ်း ရှိနေတာပါ”

    ကိုင်ဆောင်သူရဲ့ လူမျိုးကို ဖော်ပြတဲ့ ဒီကဒ်တွေ ရရှိထားပေမယ့်လည်း စိန်ခေါ်မှုတွေက ရှိဆဲပါ။

    လူမျိုးနေရာမှာ များသောအားဖြင့် တောင်အာရှက နိုင်ငံအမည်တွေကို မလိမ့်တစ်ပတ် ထည့်ပေးတာမျိုးတွေ ပိုမိုများပြားလာတယ်လို့ မွတ်စလင်တော်တော်များများက ပြောပါတယ်။

    မောင်ချိုတို့ မိသားစုဟာ မြန်မာနိုင်ငံမှာ မျိုးဆက်များစွာ နေထိုင်လာခဲ့ပေမယ့် နိုင်ငံသားစီစစ်ရေးကဒ် သွားလဲရာ လူမျိုးနေရာမှာ “အိန္ဒိယ-မွတ်စလင်” လို့ အထည့်ခံလိုက်ရပါတယ်။

    “ဒီဒဏ်ကို ကျွန်တော် ရှေ့လျှောက် ခံစားရတော့မှာပါ”

    “သွေးနှော” လို့ သတ်မှတ်ခံထားရတဲ့ အခြားလူတွေလိုပဲ အခုတော့ သူဟာ မှတ်ပုံတင်စစ်တဲ့ နေရာတိုင်းမှာ လိုတာထက် ပိုမို စစ်ဆေးခံနေရပြီး လူ၀င်မှုကြီးကြပ်ရေးရုံးတွေမှာလည်း သီးခြားတန်းစီနေရပါပြီ။

    လူဦးရေ ၂ သိန်းခွဲလောက်ရှိတဲ့ ဟိန္ဒူလူမျိုးတွေလည်း “သွေးနှောတံဆိပ်” ကပ်ခံရပြီး မွတ်စလင်တွေလို ခွဲခြားဆက်ဆံမှုတွေ ခံနေရပါတယ်။

    ရန်ကုန်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုထွန်းမင်းက နိုင်ငံသားစီစစ်ရေးကဒ် လုပ်ရာမှာ ၁၀ နှစ် ကြာခဲ့တယ်လို့ AFP ကို ပြောပါတယ်။

    ဒါတွေကို သူက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြောလာပါတယ်။ သူ့ရဲ့ Facebook စာမျက်နှာမှာတင်တဲ့ ဗီဒီယိုမှာ ဟိန္ဒူလူ့အဖွဲ့အစည်း ကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံမှုတွေကို သူက ရှင်းပြထားပါတယ်။

    “ကျွန်တော် တက္ကဆီမောင်းလာတာ ၈ နှစ်ရှိပါပြီ။ ဒါပေမယ့် ညဘက်ပဲ မောင်းရပါတယ်။ မှတ်ပုံတင်မရှိတဲ့အတွက် လိုင်စင်လျှောက်မရလို့ပါ”

    ဘင်္ဂါလီတံဆိပ်

    ဒါပေမယ့် နှာခေါင်းရှုံ့အခံရဆုံး လူမျိုးအမည်ကတော့ ‘ဘင်္ဂါလီ’ ဖြစ်ပြီး အဖိနှိပ်ခံ ရိုဟင်ဂျာတွေကို ရှုတ်ချချိုးနှိမ်တဲ့ စကားလုံး ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်က စစ်သွေးကြွတွေကို ရှင်းလင်းတယ်ဆိုတဲ့ စစ်ဆင်ရေးမှာ စစ်တပ်က ရိုဟင်ဂျာ ၇ သိန်း ခွဲလောက်ကို မောင်းထုတ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ခုံသမာဓိရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆို ခံထားရပါတယ်။

    မြန်မာနိုင်ငံမှာ ရှိနေတဲ့ ၆ သိန်းသော ရိုဟင်ဂျာတွေရဲ့ အများစုဟာလည်း နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရတာ၊ အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေပြီး Amnesty International က ခွဲခြားဆက်ဆံခံရမှု အခြေအနေမှာ နေထိုင်နေရတယ်လို့ ပြောကြားထားပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံတစ်၀ှမ်းက အခြားမွတ်စလင်တွေရဲ့ မှတ်ပုံတင်မှာ ဘင်္ဂါလီအဖြစ် အဓမ္မ ထည့်သွင်းသတ်မှတ်ခံရမှု အများအပြားရှိလာတယ်လို့ မက်သီဆန်က ပြောပါတယ်။

    တရား၀င် ပြဌာန်းထားတဲ့ ဥပဒေကြောင့်မဟုတ်ဘဲ အုပ်ချုပ်ရေးယန္တရားရဲ့ လူမျိုးရေး ခွဲခြားတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် ဒီလိုဖြစ်တာဖြစ်ပြီး အစိုးရကလည်း ဒီအခြေအနေ ပပျောက်အောင် ဆောင်ရွက်မှု မရှိဘူးလို့ မက်သီဆန်က ထောက်ပြပါတယ်။

    “လူမျိုရေးခွဲခြားတဲ့ ဒီစနစ်မျိုး ပယ်ဖျက်ရေးဆိုတာထက် အခြား လုပ်ငန်းတွေကို NLD က ပိုအလေးထားနေပြီး၊ NLD ထောက်ခံသူ တော်တော်များများကလည်း ဒီစနစ်မျိုးကို သဘောခွေ့ကြပါတယ်”

    လာဘ်ငွေတောင်းတယ်၊ ခွဲခြားဆက်ဆံမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လူ၀င်မှုကြီးကြပ်ရေးဌာနရဲ့ အမည်မဖော်လိုသူ အရာရှိတစ်ယောက်ကတော့ ငြင်းဆိုပြီး မှတ်ပုံတင်တွေကို ဥပဒေအတိုင်း ထုတ်ပေးတာလို့ ဖြေကြားခဲ့ပါတယ်။

    တိုးတက်မှု မရှိ

    လက်ရှိကာလ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှုဟာ စစ်အာဏာရှင်လက်ထက်ကထက် ပိုဆိုးပြီး “မိမိတို့ လူ့အဖွဲ့အစည်းဟာ ဒီအတွက် စိတ်ပျက်ရတယ်လို့” မောင်ချိုက ပြောပါတယ်။

    သူသိသူ တော်တော်များများဟာ စိတ်ပျက်လက်ပျက် ဖြစ်နေပြီး လာမယ့်ရွေးကောက်ပွဲမှာ မဲမပေးဖို့အထိ စဥ်စားနေကြတယ်လို့ သူက ဆိုပါတယ်။

    မဲမပေးရေးလှုပ်ရှားမှုကလည်း အရှိန်ရလာပါတယ်။

    NLD ပါတီရဲ့ ၁၁၄၃ ဦးသော လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ မွတ်စလင် ၂ ဦး ပါ၀င်ပြီး ကျောင်းသားခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုစည်သူမောင်ဟာ အဲဒီအထဲက တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် NLD ဟာ မွတ်စလင်ကိုယ်စားလှယ်လောင်း တစ်ဦးမှ မထည့်ပါဘူး။

    ကိုစည်သူမောင်က မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ စိတ်ပျက်အားငယ်မှုကို နားလည်တယ်လို့ဆိုပြီး၊ စစ်အာဏာရှင်လက်ထက်ကထက် ပိုဆိုးတယ်လို့ ပြောကြားမှုကိုတော့ သူက ငြင်းပါတယ်။

    “အနာဂတ်အတွက် အကောင်းမြင်ဖို့လိုပါတယ်။ NLD အာဏာရတာ ၅ နှစ်ပဲ ရှိပါသေးတယ်”

    မေသန္တာမောင်လို လူငယ်တွေကြားမှာတော့ အနာဂတ်မှာ ပိုကောင်းလာနိုင်တယ်ဆိုတဲ့ မျှော်လင့်မှုမျိုး သိပ်မရှိပါဘူး။

    “ကျွန်မ ဒီနိုင်ငံမှာ မွေးပေမယ့် ခွဲခြားဆက်ဆံမှုတွေကြောင့် မဲပေးခွင့်မရှိပါဘူး”

    Ref : AFP

    (AFP သတင်းဌာနတွင် ဖော်ပြထားသည့် ‘I want to vote’: Myanmar’s Muslims, Hindus sidelined in election ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသသည်)