News @ M-Media

Blog

  • ဂျာမနီတွင် ခပတ်(Kebab)ဟင်းလျာ စျေးတက်မှု အစိုးရက ဖြေရှင်းပေးမလား

    ဂျာမနီတွင် ခပတ်(Kebab)ဟင်းလျာ စျေးတက်မှု အစိုးရက ဖြေရှင်းပေးမလား

    မေ ၁၂၊ ၂၀၂၄

    M-Media 


    -ဂျာမနီမှာ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်တဲ့ Kebab ဟင်းလျာ စျေးတက်မှုကို အစိုးရက ၀င်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ 

    လက်ရှိ ဂျာမနီမှာ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာနဲ့အတူ Kebab စျေးနှုန်းဟာ ၁၀ ယူရိုကျော်လာတော့မယ့် အန္တရာယ် ရှိနေတာပါ။ Kebab ဟင်းလျာ စျေးတက်မှုနဲ့ ပတ်သက်ပြီး ဂျာမနီ နိုင်ငံရေးသမားတွေကြား ပြောကြားမှုတွေလည်း ရှိလာပါတယ်။

    ဂျာမနီအဓိပတိ အိုလက်ဖ်စကော့ဇ်က သူသွားတဲ့နေရာတိုင်းမှာ Kebab စျေးနှုန်းတက်လာမှုကို ဖြေရှင်းပေးဖို့ တောင်းဆိုမှု ရှိနေတယ်လို့ ပြောပါတယ်။ 

    ဂျာမန်လက်၀ဲပါတီ Left Party က Kebab စျေးကျရေး အစိုးရရန်ပုံငွေနဲ့ ထောက်ပံ့ကူညီပေးဖို့ လူသိရှင်ကြား တောင်းဆိုခဲ့ပါတယ်။  

    Kebab တစ်ပွဲကို ပုံမှန် ၄ ဒဿမ ၉၀ ယူရို၊ ကျောင်းသားတွေအတွက် ၂ ဒဿမ ၅၀ ယူရိုနဲ့ ရောင်းချပေးနိုင်ရေး အစိုးရက ကြား၀င်ဆောင်ရွက်ဖို့ လက်၀ဲပါတီက အကြံပြုပါတယ်။ 

    “လူငယ်တွေက ဒီကိစ္စအကြောင်း ပြောလာပြီဆိုရင် အိုလက်ဖ် အနေနဲ့ Kebab စျေးကျအောင် ဆောင်ရွက်ပေးရပါမယ်။ ဒီကိစ္စဟာ အွန်လိုင်းပေါ်က ရယ်စရာမျိုး မဟုတ်တော့ပါဘူး။ အကူအညီပေးဖို့ တောင်းဆိုနေတာပါ။ Kebab ဟင်းလျာ လူတိုင်းစားနိုင်တဲ့ အစားအစာမျိုးဖြစ်အောင် အစိုးရက ကြား၀င် ဆောင်ရွက်ပေးရပါမယ်” လို့ လက်၀ဲပါတီ အမှုဆောင်ကော်မတီအဖွဲ့၀င် ကာသီ ဂယ်ဘဲလ်က ပြောပါတယ်။ 

    ဂျာမနီမှာ တစ်နှစ်ကို Kebab ဟင်းပွဲ သန်းပေါင်း ၁၃၀၀ ကျော် စားသုံးနေကြပါတယ်။ 

    Ref: Sky News 

  • ဂါဇာမှ အစ္စရေး၏ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ ၃၅၀၀၀ ကျော်ပြီ

    ဂါဇာမှ အစ္စရေး၏ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ ၃၅၀၀၀ ကျော်ပြီ

    မေ ၁၂၊ ၂၀၂၄

    M-Media


    (ဓာတ်ပုံ – အစ္စရေး၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသည့် ဂါဇာပြည်သူများ)

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၃၅၀၃၄ ဦး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 

    အသတ်ခံရသူတွေထဲမှာ ကလေးငယ် ၁၅၀၀၀ ပါ၀င်ပြီး ဒဏ်ရာရသူအရေအတွက်က ၇၈၇၅၅ ဦး ရှိနေပါတယ်။ အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ အပျက်အဆီးတွေကြားထဲ ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်က ၈၀၀၀ ကျော် ရှိနေပါတယ်။ 

    ဂါဇာမှာ အစ္စရေးက အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာအများအပြားကိုလည်း တွေ့ရှိထားပါတယ်။ 

    လက်ရှိမှာ ပါလက်စတိုင်းပြည်သူ တစ်သန်းကျော်ခိုလှုံနေတဲ့ ဂါဇာတောင်ဘက်စွန်း ရာဖာမြို့က ဒုက္ခသည်စခန်းတွေကို အစ္စရေးက အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးနေပြီး သေဆုံးဒဏ်ရာရသူအရေအတွက်ကလည်း ပိုမို တိုးလာပါတယ်။

    ဂါဇာကမ်းမြှောင်တစ်ခုလုံးက လူနေအိမ်ယာတွေ၊ ဆေးရုံ၊ ကျောင်း စတဲ့ အခြေခံအဆောက်အဦး ၈၅ ရာခိုင်နှုန်းကျော်ကိုလည်း အစ္စရေးက ဖျက်ဆီးထားပါတယ်။  

    Ref: Aljazeera 

  • ၂၀၂၄ ခုနှစ် ဟဂျ်ဘုရာဖူးကာလအတွက် ဆော်ဒီက ဘာတွေ ပြင်ဆင်ထားလဲ

    ၂၀၂၄ ခုနှစ် ဟဂျ်ဘုရာဖူးကာလအတွက် ဆော်ဒီက ဘာတွေ ပြင်ဆင်ထားလဲ

    မေ ၁၀၊ ၂၀၂၄

    M-Media

    – ယခုနှစ် ဟဂျ်ဘုရားဖူးကာလအတွက် ဆော်ဒီအမျိုးသားလေကြောင်းလိုင်းက အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးနိုင်အောင် စီစဥ်ထားတယ်လို့ ဆော်ဒီအာရေဗျက ထုတ်ပြန်ပါတယ်။ 

    ဆော်ဒီအမျိုးသားလေကြောင်းလိုင်းမှာ လေယာဥ်ပေါင်း ၁၅၀ ကျော်အထိ ဖြည့်တင်းထားပြီး ဘုရားဖူးခရီးသည်တွေအတွက် ထိုင်ခုံပေါင်း ၁ ဒဿမ ၂ သန်း သတ်မှတ်ပေးထားပါတယ်။ 

    ဆော်ဒီဟာ ဟဂျ်ခရီးသည်တွေကို ဂျစ်ဒါ၊ မဒီနာ၊ ရီယာ့ဒ်၊ ဒမ်မမ်နဲဲ့ ယန်ဘူ လေဆိပ်တွေကနေ ကြိုဆိုမှာဖြစ်ပါတယ်။ ဘုရားဖူးတွေကို လက်ခံရေးနဲ့ နေရာချထားပေးရေးအတွက် အထူးအဖွဲ့တွေကိုလည်း ဖွဲ့စည်းထားပါတယ်။ 

    ဂျစ်ဒါနဲ့ မဒီနာမြို့က နိုင်ငံတကာ လေဆိပ်တွေမှာ ဟဂျ်ခရီးသွားတွေကို စီမံခန့်ခွဲနိုင်ရေး ပုံတူလေ့ကျင့်ပြင်ဆင်မှုတွေကိုလည်း လုပ်ဆောင်ထားပြီးပါပြီ။ 

    ဘုရားဖူးတွေကို ကြိုဆိုဧည့်ခံဖို့အတွက် ရှေ့ပြေး၀န်ထမ်း ၁၁၀၀၀ ကျော်ကို ခန့်အပ်ထားပါတယ်။ 

    ဆော်ဒီဟာ “Hajj with No Bags” လှုပ်ရှားမှုကိုလည်း ဒီနှစ်မှာ ဆောင်ရွက်မှာပါ။ ဟဂျ်ခရီးသည်တွေဟာ လူကလွဲပြီး ဘာမှ ယူလာစရာမလိုဘဲ ဆော်ဒီလေဆိပ်ရောက်တာနဲ့ စားသောက်၀တ်ဆင်ဖို့ အားလုံး စီစဥ်ပေးထားမှာ ဖြစ်ပါတယ်။ 

    လေဆိပ်ရောက်တာနဲ့ တည်းမည့်ဟိုတယ်ကို တန်းသွားပြီး လက်ဆွဲအိတ်တွေကို ဟိုတယ်အထိ ပို့ဆောင်ပေးမယ့် ၀န်ဆောင်မှုကိုလည်း ဆော်ဒီအာဏာပိုင်တွေက စီစဥ်ပေးထားပါတယ်။ 

    ကမ္ဘာတစ်၀ှမ်းက သန်းနဲ့ချီတဲ့ ဟဂျ်ဘုရားဖူးခရီးသည်းတွေ ဆက်သွယ်ပြောဆိုရာမှာ အဆင်ပြေနိုင်ဖို့အတွက် ဘာသာစကားပေါင်း ၃၀ နဲ့ ဆက်သွယ်ပြောဆိုလို့ရအောင်လည်း လုပ်ဆောင်ပေးထားပါတယ်။ 

    Ref: Arab News 

  • အကောင် ၂ သန်းတွင် တစ်ကောင်သာရှိသည့် အပြာရောင် ကျောက်ပုဇွန်

    အကောင် ၂ သန်းတွင် တစ်ကောင်သာရှိသည့် အပြာရောင် ကျောက်ပုဇွန်

    မေ ၁၀၊ ၂၀၂၄

    M-Media 


    -အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းက ကွန်း၀ေါ်လ် ကမ်းရိုးတန်းမှာ ရှားပါး အပြာရောင်ကျောက်ပုဇွန်တစ်ကောင်ကို တံငါသည်တစ်ဦးက တွေ့ရှိခဲ့ပါတယ်။ 

    မျိုးရိုးဗီဇ ချို့ယွင်းမှုတစ်ခုကြောင့် ခန္ဓာကိုယ်တွင်း ပရိုတိန်းတစ်မျိုး အထွက်များပြီး အပြာရောင် ဖြစ်နေတာလို့ အောက်စဖို့ဒ်တက္ကသိုလ် သတ္တဗေဒဌာနက ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ 

    ဒီလို အပြာရောက်ကျောက်ပုဇွန်မျိုးကို အကောင် ၂ သန်းမှာ တစ်ကောင်လောက်သာ တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။ 

    ကျောက်ပုဇွန်ကို ရခဲ့တဲ့ ငါးဖမ်းသမား ဇနီးမောင်နှံက ဒီပုဇွန်ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ဖို့အတွက် ဒေသတွင်း အဏ္ဏ၀ါဗေဒ စောင့်ရှောက်ရေးစင်တာကို လွှဲပြောင်းပေးခဲ့ပါတယ်။ 

    ကျောက်ပုဇွန်ရဲ့ အရှည်ဟာ ၈၇ မီလီမီတာ ရှိတဲ့အတွက် အင်္ဂလိပ်ဥပဒေအရ ပင်လယ်ထဲ ပြန်လွှတ်ပေးဖို့ မလိုအပ်ပါဘူး။ 

    Ref: BBC 

  • ကုလအကူအညီပေးရေးရုံးချုပ်ကို ဂျူးအစွန်းရောက်များ မီးရှို့ဖျက်ဆီး

    ကုလအကူအညီပေးရေးရုံးချုပ်ကို ဂျူးအစွန်းရောက်များ မီးရှို့ဖျက်ဆီး

    မေ ၁၀၊ ၂၀၂၄

    M-Media 


    -အစ္စရေးက ကျူးကျော်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်က ကုလအကူအညီပေးရေးအဖွဲ့ UNRWA ရဲ့ ရုံးချုပ်ကို ဂျူးအစွန်းရောက်တွေက မေလ ၉ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

    ရုံးချုပ်ကို အစွန်းရောက်တွေက ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့တယ်လို့ UNRWA ကော်မရှင်နာမင်းကြီး ဖိလစ် လာဇာရီနီက ပြောပါတယ်။ တိုက်ခိုက်ခံရချိန်မှာ UNRWA နဲ့ အခြား ကုလအေဂျင်စီက ၀န်ထမ်းတွေ အဆောက်အဦးထဲမှာ ရှိနေပါတယ်။ 

    သေနတ်ကိုင်ဆောင်ထားသူတွေပါ၀င်တဲ့ ဂျူးလူအုပ်ဟာ “ကုလသမဂ္ဂကို မီးရှို့ဖျက်ဆီးပစ်” ဆိုပြီး ကျွေးကြော်ကာ တိုက်ခိုက်ခဲ့ကြတယ်လို့ လာဇာရီနီရဲ့ ဆိုရှယ်မီဒီယာပို့စ်မှာ ထည့်သွင်းရေးသားထားပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် ရုံးကို ယာယီ ပိတ်ထားလိုက်ရပြီး အကူအညီပေးမှုတွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။ 

    နာဇီရန်ကြောင့် ဥရောပကနေ ၀င်ရောက်လာတဲ့ ဂျူးလူမျိုးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ် နယ်မြေသိမ်းပိုက်ပြီး အစ္စရေးနိုင်ငံ ထူထောင်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းက UNRWA ဟာ ပါလက်စတိုင်းဒုက္ခသည်တွေကို ကူညီလာခဲ့တာဖြစ်ပါတယ်။ 

    ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ UNRWA အပါအ၀င် ပါလက်စတိုင်းတွေကို ကူညီပေးနေတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို အစ္စရေးက နည်းမျိုးစုံနဲ့ နှောက်ယှက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

    Ref: News UN