News @ M-Media

Blog

  • ဘေရွတ်ပေါက်ကွဲမှုအတွက် လူ ၁၆ ဦးကို ဖမ်းဆီးထား

    ဘေရွတ်ပေါက်ကွဲမှုအတွက် လူ ၁၆ ဦးကို ဖမ်းဆီးထား

    ဩဂုတ် ၇၊ ၂၀၂၀
    M-Media

    -ဘေရွတ်မြို့ ဆိပ်ကမ်းက ဧရာမ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လူ ၁၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ လက်ဘနွန် အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    အင်္ဂါနေ့က ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၅၇ ဦး သေဆုံးပြီး ၅ ထောင်ကျော် ဒဏ်ရာရကာ နေအိမ်အဆောက်အဦးတွေ ပျက်ဆီးသွားတာကြောင့် လူပေါင်း ၂ သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း ပျောက်ဆုံးသူတွေအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

    လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ဆိပ်ကမ်းကုန်လှောင်ရုံမှာ သိမ်းဆည်းထားတဲ့ အမိုနီယံ နိုက်ထရိတ် တန်ပေါင်း ၂ ထောင်ကျော်ကြောင့် ဒီလိုပေါက်ကွဲအား ပြင်းထန်သွားတာလို့ လက်ဘနွန်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာ ဆိပ်ကမ်းနဲ့ အကောက်ခွန်တာဝန်ရှိသူတွေ၊ အလုပ်သမားတွေ စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးထားသလို အခြား တာဝန်ရှိတဲ့သူတွေကိုလည်း စစ်ဆေးနေတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ လက်ဘနွန် ဗဟိုဘဏ်ကလည်း ဆိပ်ကမ်းနဲ့ အကောက်ခွန်ဌာနက တာဝန်ရှိသူတွေရဲ့ ဘဏ်စာရင်းတွေကို ယာယီ ပိတ်ထားလိုက်ပါတယ်။

    ဒီကိစ္စနဲ့ဆက်စပ်ပြီး အစိုးရနှုတ်ထွက်ပေးဖို့ လက်ဘနွန်ပြည်သူတွေ မနေ့က ဘေရွတ်မြို့လယ်ခေါင်မှာ ဆန္ဒပြခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး လူစုခွဲခဲ့ရပါတယ်။

    Ref: Aljazeera

  • မြန်မာတာဝန်ရှိသူများ၏ အချက်အလက်များ ဂမ်ဘီယာကတောင်းဆိုမှုကို Facebook ပယ်ချ

    မြန်မာတာဝန်ရှိသူများ၏ အချက်အလက်များ ဂမ်ဘီယာကတောင်းဆိုမှုကို Facebook ပယ်ချ

    ဩဂုတ် ၇၊ ၂၀၂၀
    M-Media

    ICJ တွင် ကြားနာမှု

    -ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်ခံရတယ်ဆိုတဲ့ ကိစ္စအတွက် မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ဆက်သွယ်ပြောဆိုမှု အချက်အလက်တွေ ထုတ်ပေးရေး ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုမှုကို Facebook က ပယ်ချလိုက်ပါတယ်။

    ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှု၊ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးရမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ ခုံသမာဓိရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံဟာ မြန်မာတာဝန်ရှိသူတွေရဲ့ Facebook အကောင့်က အချက်အလက်တွေ ရရှိရေးအတွက် ဇွန်လအတွင်းမှာ အမေရိကန်ခရိုင်တရားရုံးတစ်ခုကို လျှောက်ထားခဲ့တာပါ။

    Facebook ကတော့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ထုတ်ပေးရေး တားမြစ်ထားတဲ့ အမေရိကန်ဥပဒေအရ ဒီတောင်းဆိုမှုကို လက်မခံဘူးလို့ ဩဂုတ်လ ၄ ရက်နေ့က တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။

    ဂမ်ဘီယာ ရှေ့နေချုပ် ဒေါင်ဒါ ဂျာလိုက Facebook ရဲ့ တုန့်ပြန်မှုကို သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် အမုန်းစကားတွေ ဖြန့်ဝေရာမှာ Facebook ဟာ အဓိကကျတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခု ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေက ၂၀၁၈ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။ Facebook ကလည်း သူတို့အနေနဲ့ အမုန်းစကား ဖယ်ရှားရေး လုပ်ဆောင်နေတယ်လို့ တုန့်ပြန်ပါတယ်။

    Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ဟာ အမုန်းစကားနဲ့ အကြမ်းဖက်မှု ပပျောက်ရေး လုပ်ဆောင်နေတယ်လို့ မနေ့မှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “နိုင်ငံတကာ ရာဇဝတ်မှုတွေအပေါ် အရေးယူတာမျိုးကို ကျွန်တော်တို့ ထောက်ခံပြီး ဒီကိစ္စ စုံစမ်းစစ်ဆေးမှုတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်”

    ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုလုပ်ငန်းမှာ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း Facebook က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • ဖျက်ဆီးခံရသည့် ဘာဘရီဗလီနေရာတွင် ဟိန္ဒူဘုရားကျောင်းဆောက်ရန် ဝန်ကြီးချုပ်မိုဒီ အုတ်မြစ်ချ

    ဖျက်ဆီးခံရသည့် ဘာဘရီဗလီနေရာတွင် ဟိန္ဒူဘုရားကျောင်းဆောက်ရန် ဝန်ကြီးချုပ်မိုဒီ အုတ်မြစ်ချ

    ဩဂုတ် ၇၊ ၂၀၂၀
    M-Media

    ဘာဘရီဗလီနေရာတွင် အုတ်မြစ်ချနေသည့် မိုဒီ

    -အူတာပရာဒက်ရှ်ပြည်နယ် အယွဒ္ဒယမြို့က ဖျက်ဆီးခံထားရတဲ့ သမိုင်းဝင် ဘာဘရီဗလီနေရာမှာ ဟိန္ဒူဘုရားကျောင်းဆောင်လုပ်ဖို့အတွက် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဗုဒ္ဓဟူးနေ့မှာ အုတ်မြစ်ချပေးခဲ့ပါတယ်။

    မဂိုအင်ပါယာအုပ်စိုးစဉ် ၁၅၂၈ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ဘာဘရီဗလီဝတ်ကျောင်းတော်ဟာ ၁၉၉၂ ခုနှစ်က ဟိန္ဒူလူအုပ်ရဲ့ ဖျက်ဆီးဖြိုဖျက်မှုကို ခံခဲ့ရပါတယ်။ နောက်ဆက်တွဲအဖြစ် ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး မွတ်စလင်အများစုပါအဝင် လူ ၂၀၀၀ လောက် သေဆုံးခဲ့ပါတယ်။

    ဘာဘရီဗလီနေရာဟာ ရာမနတ်ဘုရား မွေးဖွားရာနေရာဖြစ်ပြီး အရင်က ဟိန္ဒူဘုရားကျောင်း တည်ရှိခဲ့တယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

    ဘာဘရီဗလီနေရာအတွက် ဟိန္ဒူအဖွဲ့နဲ့ မွတ်စလင်အဖွဲ့တို့အကြား နှစ်ပေါင်း ၃၀ ကြာ တရားရင်ဆိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ တရားရုံးချုပ်က ဗလီနေရာကို ဟိန္ဒူလူ့အဖွဲ့အစည်းထံပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဘာဘရီဗလီအစား ဗလီတစ်လုံး ဆောက်နိုင်ဖို့အတွက် အယွဒ္ဒယမြို့က အခြားနေရာမှာ မြေ ၅ ဧကကို မွတ်စလင်လူ့အဖွဲ့အစည်းထံ ပေးအပ်ဖို့လည်း တရားရုံးချုပ်ရဲ့ အမိန့်မှာ ပါဝင်ပါတယ်။

    သန်းနဲ့ချီတဲ့ အိန္ဒိယပြည်သူတွေ မထင်မှတ်ထားတဲ့ ဒီလိုသမိုင်းဝင်နေ့မျိုးကို ကြုံတွေ့ခွင့်ရတဲ့အတွက် အလွန်ကျေးဇူးတင်မိတယ်လို့ ဗုဒ္ဓဟူးနေ့က ဘုရားကျောင်းအုတ်မြစ်ချပွဲအခမ်းအနားမှာ ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့ပါတယ်။

    ဘာဘရီဗလီနေရာမှာ ရှိလာမယ့် ရာမဘုရားကျောင်းကို ၃ နှစ်ခွဲအတွင်း အပြီးဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။

    Ref : Aljazeera

  • မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ ပါတီသစ်ထောင်မည်

    မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ ပါတီသစ်ထောင်မည်

    ဩဂုတ် ၇၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံရဲ့ သက်တော်ရှည်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ ပါတီသစ်တည်ထောင်ကြောင်း ဩဂုတ်လ ၇ ရက်နေ့ ညနေပိုင်းမှာ ကြေငြာဖို့ရှိတယ်လို့ မလေးရှား ပြည်တွင်းမီဒီယာတစ်ချို့က ဖော်ပြကြပါတယ်။

    လက်ရှိဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က မဟာသီနဲ့ အခြား ပါတီဝင် ၅ ဦးကို Bersatu ပါတီကနေ မေလမှာ ထုတ်ပယ်ခဲ့ပါတယ်။

    ဒါဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက် ဆုံးဖြတ်ပေးဖို့ မဟာသီနဲ့အဖွဲ့က ကွာလာလမ်ပူ တရားရုံးမှာ လျှောက်ထားခဲ့ပေမယ့် လက်မခံတဲ့အတွက် ပါတီသစ်ထောင်ဖို့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

    ပါတီသစ်တည်ထောင်မှုနဲ့ပတ်သက်ပြီး ကွာလာလမ်ပူ ဆင်ခြေဖုံးက ဟိုတယ်တစ်ခုမှာ ဒီကနေ့ သတင်းစာရှင်းပွဲလုပ်ဖို့လည်း မဟာသီက စီစဉ်ထားပါတယ်။

    ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ မဟာသီရဲ့ Bersatu ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) ဟာ နာဂျစ်အစိုးရကို ဖြုတ်ချခဲ့ပြီးတဲ့နောက် မဟာသီဟာ တစ်ကျော့ပြန် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

    ဒါပေမယ့် ညွန့်ပေါင်းအစိုးရအတွင်း အကွဲအပြဲတွေ ဖြစ်လာခဲ့ပြီး ဖေဖော်ဝါရီလမှာ မုဟ်ယစ်ဒင်ဦးဆောင်တဲ့ Bersatu ပါတီ PH အဖွဲ့ကနေ နှုတ်ထွက်ခဲ့တာကြောင့် မဟာသီအစိုးရလည်း ပြိုလဲခဲ့ရပါတယ်။

    ဘုရင်ရဲ့ကြားဝင်စေ့စပ်မှုနဲ့အတူ မုဟ်ယစ်ဒင်ယာစင်က ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး မဟာသီက ဒီကိစ္စကို ကျေနပ်မှုမရှိဘဲ တောက်လျှောက်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Malaysia Kini