News @ M-Media

Blog

  • လက်ဘနွန်တွင် ဧရာမပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

    လက်ဘနွန်တွင် ဧရာမပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

    ဩဂုတ် ၅၊ ၂၀၂၀
    M-Media

    -လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က သင်္ဘောဆိပ်ဂိုထောင်မှာ မနေ့က ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၀၀ ကျော်သေဆုံးကာ ၄၀၀၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။

    ပေါက်ကွဲရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးဘဲ အာဏာပိုင်တွေကတော့ လွန်ခဲ့တဲ့ ၆ နှစ်အရင်ကတည်းက သိမ်းဆည်းပြီး ဂိုထောင်ထဲထည့်ထားတဲ့ အမိုနီယမ်နိုက်ထရိတ် တန်ပေါင်း ၂၇၅၀ ကြောင့် ပေါက်ကွဲအား ဒီလောက်ကြီးမားခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    ပေါက်ကွဲမှုကြောင့် မြို့တစ်ဝိုက်က အဆောက်အဦးတော်တော်များများမှာ ပျက်ဆီးမှုတွေ ရှိခဲ့ပြီး လူ ၂ သိန်းလောက်လည်း အိမ်မဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

    လက်ဘနွန်သမ္မတ ​မိုက်ကယ် အေအွန်က အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ကာ ၂ ပတ်တာ အရေပေါ်အခြေအနေ ကြေငြာမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဝန်ကြီးချုပ် ဟာဆန် ဒီယဘ်က ဗုဒ္ဓဟူးနေ့ကို နိုင်ငံတော် ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ဒီအဖြစ်အပျက်မှာ တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • မြောက်ကိုရီးယားက နျူစီမံကိန်း ဆက်လုပ်နေမှုကို နိုင်ငံတကာက သတိပေး

    မြောက်ကိုရီးယားက နျူစီမံကိန်း ဆက်လုပ်နေမှုကို နိုင်ငံတကာက သတိပေး

    ဩဂုတ် ၄၊ ၂၀၂၀
    M-Media


    -မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်ထိပ်ဖူးမှာ ထည့်သွင်းအသုံးပြုနိုင်လောက်တဲ့အထိ သေးငယ်တဲ့ နျူလက်နက်မျိုးကို ထုတ်လုပ်ထားပြီးဖြစ်တယ်လို့ ယုံကြည်ရကြောင်း ကုလလုံခြုံရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြောက်ကိုရီးယားဟာ အရင်က နျူစမ်းသပ်မှု ၆ ခုအထိ လုပ်ဆောင်ထားပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှာတော့ လုပ်ဆောင်မှု မရှိတော့ပါဘူး။

    ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအရေးယူရေး ကော်မတီကို တနင်္လာနေ့က အဖွဲ့ဝင်နိုင်ငံတွေ တင်သွင်းတဲ့ အစီရင်ခံစာမှာ မြောက်ကိုရီးယားဟာ နျူသန့်စင်မှု၊ နျူဓာတ်ပေါင်းဖိုတည်ဆောက်မှု၊ နျူလက်နက်ထုတ်လုပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်ဆိုတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။

    နိုင်ငံတစ်ခုကလည်း မြောက်ကိုရီးယားဟာ ​ဒုံးခွင်းစနစ်ကို ဖောက်ထွက်နိုင်တဲ့ စွမ်းရည်၊ ထိပ်ဖူးအများအပြား ပါတဲ့ ဒုံးကျည်စနစ် ရရှိဖို့အတွက် လက်နက်တွေကို အသေးစားအထိ ချုံ့နိုင်အောင် ဆက်လက်ကြိုစားနေတယ်လို့ တွေ့ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ၂၀၁၈ ခုနှစ်ကစလို့ ၃ ကြိမ်တွေကဆုံကာ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ဆွေးနွေးခဲ့ကြပေမယ့် ထိရောက်တဲ့ တိုးတက်မှုတွေကို မတွေ့ရပါဘူး

    ပြင်ပက ဖိအားတွေ၊ စစ်ရေးခြိမ်းခြောက်မှုတွေ မပြတ်ရှိ​နေပေမယ့် နျူလက်နက်တွေက တိုင်းပြည်ရဲ့ အနာဂတ်နဲ့ လုံခြုံရေးကို အာမခံပေးထားနိုင်တာကြောင့် နောက်ထပ်စစ်ပွဲတွေ ရှိလာမှာ မဟုတ်တော့ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    အဓိက နျူစမ်းသပ်ရာနေရာ Punggye-ri မှာ လှိုင်ခေါင်းတစ်ချို့ကို မြောက်ကိုရီးယားက ဖြိုချပြခဲ့ပေမယ့် ဧရိယာတစ်ခုလုံးကို ဖျက်ဆီးလိုက်တာမဟုတ်ဘဲ ၃ လအတွင်း နျူစမ်းသပ်ရာနေရာအဖြစ် ပြန်လည်တည်ဆောက်နိုင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြောက်ကိုရီးယားဟာ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်သလို ကမ္ဘာတစ်ဝှမ်း ဘဏ်တွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ကာ ဒေါ်လာဘီလီယံချီ ခိုးယူခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဖက်က တုန့်ပြန်တာမျိုး မလုပ်သေးပါဘူး။

    Ref: Reuters

  • ဘုရင်နှင့် တော်ဝင်မိသားစုကို ထိုင်းပြည်သူများ ဝေဖန်မှုပြုလာ

    ဘုရင်နှင့် တော်ဝင်မိသားစုကို ထိုင်းပြည်သူများ ဝေဖန်မှုပြုလာ

    ဩဂုတ် ၄၊ ၂၀၂၀
    M-Media

    -စစ်​တပ်အကြီးအကဲဟောင်း ပရာယွတ် ချန်အိုချာ ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး ထိုင်းပြည်သူတွေရဲ့ ဆန္ဒပြမှုမှာ ဘုရင်နဲ့ တော်ဝင်မိသားစုကို မကြုံစဖူး ဝေဖန်ထောက်ပြမှုတွေ ရှိလာပါတယ်။

    ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကို ပုတ်ခတ်ပြောဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ ပြင်းထန်တဲ့ ဥပဒေတစ်ရပ် ရှိနေတာပါ။

    ဟယ်ရီပေါ်တာရုပ်ရှင်ကားထဲက ဇာတ်ကောင်ဝတ်စုံတွေဝတ်ပြီး လူ ၂၀၀ လောက်ပါဝင်တဲ့ မနေ့က ဆန္ဒပြမှုမှာတော့ အစိုးရကို ဆန့်ကျင်တဲ့ ပြောဆိုမှုတွေအပြင် ဘုရင်နဲ့ တော်ဝင်မိသားစုတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်မှုတွေပါ ပါဝင်လာခဲ့ပါတယ်။

    အသက် ၄၃ နှစ်အရွယ် ရှေ့နေ Anon Nampa က တော်ဝင်မိသားစုရဲ့ အာဏာကို ပိုမိုဆုပ်ကိုင်ထားမှုဟာ ဒီမိုကရေစီကို ထိခိုက်စေပြီး၊ ပရာယွတ်အစိုးရက အတိုက်အခိုက်တွေကို နှိပ်ကွပ်တာကိုလည်း ဘုရင်က ဝင်ရောက်တားဆီးတာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိထိုင်းဘုရင် Maha Vajiralongkorn ဟာ ခမည်းတော် နတ်ရွာစံပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်မှာ ထီးနန်းဆက်ခံခဲ့တာပါ။ ပရာယွတ်လက်ထက် ၂၀၁၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အခြေခံဥပဒေသစ်မှာ ထိုင်းဘုရင်ကို အရေးပေါ်အာဏာ ပိုပေးထားပြီး၊ စစ်တပ်က တစ်ချို့တပ်ဖွဲ့တွေကို ထိန်းချုပ်ခွင့်၊ နန်းတော်ရဲ့ ဒေါ်လာဘီလီယံချီ ပိုင်ဆိုင်မှု ခံစားခွင့်တွေကို ဘုရင်က ရရှိခဲ့ပါတယ်။

    Anon က သူတို့ဟာ ဘုရင်စနစ်ကို ဖြုတ်ချဖို့ ပြောနေတာမျိုမဟုတ်ဘဲ ထိုင်းလူ့အဖွဲ့အစည်းမှာ သိက္ခာရှိတဲ့ ဒီမိုကရေစီနည်းကျ စည်းမျဉ်းခံဘုရင်စနစ်မျိုး ဖြစ်လာအောင် တိုက်တွန်းဆော်ဩနေတာဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    မနေ့က အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုအတွင်း ဘုရင်နဲ့ တော်ဝင်မိသားစုကို ဝေဖန်သူ ၆ ဦးအထိရှိခဲ့ပြီး နန်းတော်ကတော့ ဒီအတွက် သတင်းဌာနတွေကို မှတ်ချက်ပေးတာမျိုး မရှိပါဘူး။

    ထိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ Ratchada Thanadirek က တော်ဝင်မိသားစုအပေါ် ဝေဖန်သူတွေကို အရေးယူမလားဆိုတာဟာ ရဲတပ်ဖွဲ့နဲ့သာ ဆိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြမှုအတွင်း ဥပဒေချိုးဖောက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။

    Ref: Reuters

  • အိန္ဒိယမွတ်စလင်များမှာ နာဇီလက်ထက် ဂျူးများ၏ အခြေအနေကို ကြုံနေရဟု အင်မရန်းခန်းပြော

    အိန္ဒိယမွတ်စလင်များမှာ နာဇီလက်ထက် ဂျူးများ၏ အခြေအနေကို ကြုံနေရဟု အင်မရန်းခန်းပြော

    ဩဂုတ် ၄၊ ၂၀၂၀
    M-Media

    -အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ တောင်အာရှရဲ့ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးစနစ်ကို ဖျက်ဆီးနေပြီး အိန္ဒိယဟာလည်း အစွန်းရောက်ဝါဒရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပြီလို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက စွပ်စွဲပြောကြားလိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်ဖို့ရှိနေတဲ့ အလ်ဂျာဇီးရားသတင်းဌာနဲ့ အင်တာဗျူးမှာ အင်မရန်းခန်းက အိန္ဒိယနဲ့ ဆက်ဆံရေး၊ ကက်ရှ်မီးယားအရေး၊ အိန္ဒိယက မွတ်စလင်တွေရဲ့အရေး စတာတွေကို ထည့်သွင်းပြောဆိုခဲ့တာပါ။

    အိန္ဒိယက မွတ်စလင်တွေဟာ နာဇီဂျာမနီမှာ ဂျူး​တွေ လူမျိုးတုန်းသတ်ခံရစဉ်က အနေအထားမျိုးကို ကြုံတွေ့နေရတယ်လို့လည်း အင်မရန်းခန်းက ဆိုပါတယ်။

    “အိန္ဒိယဟာ RSS ရဲ့ အစွန်းရောက်ဝါဒအောက်ကို ကျရောက်သွားပါပြီ။ အိန္ဒိယကမွတ်စလင်တွေ တွေ့ကြုံနေရတဲ့ အခြေအနေမဟာ နာဇီဂျာမနီလက်ထက် ဂျူးတွေကြုံခဲ့ရတဲ့ အနေအထားအတိုင်းပါပဲ”

    RSS ဟာ အိန္ဒိယတစ်ခုလုံးကို ဟိန္ဒူဇာတ်သွင်းချင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ ဝါဒရေးရာ မိခင်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ရန်ဖက်တွေဖြစ်ပြီး ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ခွင့်ရရေးနဲ့ ပတ်သက်ပြီးတော့ စစ်ဖြစ်ဖူးပါတယ်။

    အင်မရန်းခန်းက အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ပေမယ့် စီးပွားရေးအကျိုးစီးပွားတွေက အဟန့်အတားဖြစ်နေတယ်လို့ ဆိုပါတယ်။

    ကက်ရှ်မီးယားဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယအစိုးရက ၂၀၁၉ ခုနှစ်မှာ ရုပ်သိမ်းခဲ့မှုကို အင်မရန်းခန်းက ဝေဖန်ခဲ့ပြီး ဒီလုပ်ရပ်ကြောင့် ကက်ရှ်မီးယားရဲ့ စီးပွားရေး ပြိုလဲခဲ့ရသလို၊ အိန္ဒိယစစ်သား ၈ သိန်းနဲ့ လဟာပြင်အကျဉ်းထောင် ဖြစ်လာတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဇူလိုင် ၃၀၊ ၂၀၂၀
    M-Media

    င်္ဂါဂြိုဟ်စူးစမ်းရေးယာဉ်တစ်စီးကို ကန်လွှတ်တင်

    အင်္ဂါဂြိုဟ်မှာ သက်ရှိတွေကို ရှာဖွေမယ့် Perseverance စူးစမ်းလေ့လာရေးယာဉ်ကို အမေရိကန်က ဒီကနေ့ ဖလော်ရီဒါ အာကာသစခန်းကနေ လွှတ်တင်ခဲ့ပါတယ်။ ယာဉ်ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။ စူးစမ်းရေးယာဉ်ဟာ အင်္ဂါဂြိုဟ် ၁ နှစ် (ကမ္ဘာမြေ ၂ နှစ်) နေထိုင်ကာ သက်ရှိ ရှိ၊ မရှိကို လေ့လာမှာ ဖြစ်ပါတယ်။ အခုလအတွင်း အင်္ဂါဂြိုဟ်ကို စူစမ်းရေးယာဉ်စေလွှတ်မှု ၃ ခု ရှိခဲ့ပြီး ယူအေအီး၊ တရုတ်နဲ့ အခု အမေရိကန်တို့ ဖြစ်ပါတယ်။

    ပြိုင်ဘက်များကို နှိပ်ကွပ်မှုမရှိဟု ကမ္ဘာ့ နည်းပညာကုမ္ပဏီများ ငြင်း

    ပြိုင်ဘက်တွေကို အနိုင်ယူဖို့ မလျော်ဩဇာသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို Facebook၊ Amazon၊ Google နဲ့ Apple ကုမ္ပဏီတွေရဲ့ အကြီးအကဲတွေက ပယ်ချလိုက်ပါတယ်။ ဇက်ကာဘတ်၊ ဂျက်ဖ် ဘီဇော့စ်၊ ဆွန်ဒါ ပီချိုင်း၊ တင်မ်ကွတ်တို့ဟာ မနေ့က ကန်လွှတ်တော်အမတ်တွေရှေ့မှာ ဗီဒီယိုကနေတဆင့် ၅ နာရီကြာ ဖြေရှင်းချက်ပေးခဲ့ရပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေဟာ ကုမ္ပဏီငယ်တွေ ကြီးထွားမလာအောင် ဥပဒေပလုပ်ဆောင်တယ်လို့ ကန်လွှတ်တော်အမတ်တွေက ယူဆနေပြီး ဥပဒေတွေကို ပိုပိုတင်းကြပ်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်နေပါတယ်။ ကုမ္ပဏီ ၄ ခုက အကြီးအကဲတွေက သူတို့ရဲ့ ထုတ်ကုန်တွေဟာ ကုမ္ပဏီငယ်တွေကို အကူအညီဖြစ်စေပြီး စျေးကွက်ယှဉ်ပြိုင်မှုကို လမ်းဖွင့်ပေးထားတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

    Ref: BBC