News @ M-Media

Blog

  • တမန်တော်မိုဟမ္မဒ်ကို စော်ကားမှုဖြင့် အဆိုတော်တစ်ဦးကို နိုက်ဂျီးရီးယားက သေဒဏ်ချ

    တမန်တော်မိုဟမ္မဒ်ကို စော်ကားမှုဖြင့် အဆိုတော်တစ်ဦးကို နိုက်ဂျီးရီးယားက သေဒဏ်ချ

    ဩဂုတ် ၁၁၊ ၂၀၂၀
    M-Media

    အမီနူကိစ္စနှင့်ပတ်သက်၍ ဆန္ဒပြမှု

    -တမန်တော်မိုဟာမ္မဒ်ကို စော်ကားပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မွတ်စလင်အဆိုတော်တစ်ဦးကို နိုက်ဂျီးရီးယား ရှရီအာတရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

    နိုင်ငံမြောက်ပိုင်း ကာနိုပြည်နယ်က အသက် ၂၂ နှစ်အရွယ် အဆိုတော် ယာယာ ရှာရစ်ဖ် အမီနူဆိုသူဟာ သူရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ကို မတ်လအတွင်းက WhatsApp မှာ ဖြန့်ဝေခဲ့တာပါ။

    ဒီသီချင်းမှာ ဆူဖီဝိပဿနာဂိုဏ်းတစ်ခုက အကြီးအကဲတစ်ဦးကို တမန်တော်မိုဟမ္မဒ်ထက် ပိုမိုကြီးမြတ်သယောင်ယောင် ရေးသားစပ်ဆိုထားတယ်လို့ ဝေဖန်မှုတွေရှိလာခဲ့ပြီးတဲ့နောက် အမီနူဟာ ဖမ်းဆီး တရားစွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။

    ကာနိုပြည်နယ်ရဲ့ ရရှီအာ တရားရုံးက အမီနူဟာ ဘာသာသာသနာကို ညှိုးနွမ်းစေမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် ကြိုးပေးကွပ်မျက်ဖို့ မနေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ အမီနူကတော့ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

    အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ ကာနိုပြည်နယ်မှာ ပြစ်မှုဆိုင်ရာဥပဒေအပြင်၊ ရရှီအာဥပဒေကိုလည်း ပြဌာန်းထားပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ လက်ထပ်မှု၊ ကွာရှင်းမှု၊ ဘာသာရေးအရ တားမြစ်ထားတဲ့ကိစ္စတွေ ကျူးလွန်လုပ်ဆောင်မှုတွေကို ကိုင်တွယ်ပါတယ်။ ရှရီအာဥပဒေဟာ အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာပဲ သက်ရောက်တာ ဖြစ်ပါတယ်။

    နိုက်ဂျီးရီးယားနိုင်ငံမှာ ရှရီအာ တရားရုံးတွေကို ၁၉၉၉ ခုနှစ်ကစတင်က ပြန်လည် အသုံးပြုခဲ့တာဖြစ်ပြီး အခုအချိန်အထိ ကွပ်မျက်မှုတစ်ခုသာ ရှိပါတယ်။ ဒါကတော့ ​ဇနီးနဲ့ သားသမီး ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို ၂၀၀၂ ခုနှစ်မှာ ကြိုးပေးကွပ်မျက်ခဲ့တာပါ။

    အမီနူရဲ့သီချင်းကြောင့် ပြည်နယ်အတွင်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး သူ့ရဲ့ မိသားစုနေအိမ်လည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

    ယာယာ ရှာရစ်ဖ် အမီနူဟာ Tijaniya ဆူဖီဝိပဿနာဂိုဏ်းဝင်ဖြစ်ပြီး ဂိုဏ်းဝင်တွေအကြား ဓမ္မတေးသီဆိုသူအဖြစ် သိကြပါတယ်။

    Ref: BBC

  • မြန်မာအခြေစိုက်သူပုန်များ တိုက်ခိုက်မှုကြောင့် အိန္ဒိယက နယ်စပ်တွင် တပ်လှန့်ထား

    မြန်မာအခြေစိုက်သူပုန်များ တိုက်ခိုက်မှုကြောင့် အိန္ဒိယက နယ်စပ်တွင် တပ်လှန့်ထား

    ဩဂုတ် ၉၊ ၂၀၂၀
    M-Media

    -မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ ခွဲထွက်ရေးသူပုန်တွေ ချုံခိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက် မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ တပ်လှန့်ထားတယ်လို့ အိန္ဒိယနိုင်ငံက ထုတ်ပြန်ထားပါတယ်။

    အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ကင်းလှည့်အဖွဲ့တစ်ခုဟာ ဇွန်လိုင်လ ၂၉ ရက်နေ့က မဏိပူရပြည်နယ်ရဲ့ နယ်စပ် ချန်ဒါလ်ခရိုင်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံခြေစိုက် သူပုန်အဖွဲ့ ၃ ခုက တိုက်ခိုက်မှုကို သူတို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ နယ်ချယ်မှုကို လက်တုန့်ပြန်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    တိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးက ဒီတိုက်ခိုက်မှုနောက်ပိုင်း နိုင်ငံအရှေ့မြောက်ပိုင်း မြန်မာနိုင်ငံနဲ့ကပ်နေတဲ့ နယ်စပ်က တိုက်ခိုက်ခံရနိုင်ချေရှိတဲ့နေရာတွေမှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံနဲ့ အိန္ဒိယတို့ရဲ့ နယ်စပ်ထိစပ်မှုဟာ ၁၆၄၃ ကီလိုမီတာရှိပြီး ချန်ဒါလ်ခရိုင်ဟာ တိုက်ခိုက်မှု မကြာခဏဖြစ်ပွားရာနေရာလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ဖြစ်ခဲ့တဲ့ ချုံခိုတိုက်ခိုက်မှုအတွင်း အိန္ဒိယစစ်သား ၁၈ ဦး သေဆုံးခဲ့ပါတယ်။

    ချန်ဒါလ်ခရိုင်ရဲ့ တစ်ဖက် မြန်မာဘက်အခြမ်းမှာ ‘ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ (မဏိပူရ)’ နဲ့ ‘ညီညွတ်သော အမျိုးသားလွတ်မြောက်ရေးတပ်ဦး’ တို့လို အင်အားတောင့်တဲ့ အိန္ဒိယသူပုန်အဖွဲ့ အနည်းဆုံး ၂ ခုအထိ ရှိနေတာပါ။ ဇူလိုင်လ ၂၉ ရက်နေ့ တိုက်ခိုက်မှုမှာ ဒီအဖွဲ့နှစ်ခုအပြင် အသစ်ဖွဲ့စည်းထားတဲ့ ‘မဏိပူရ နာဂလွတ်မြောက်ရေးတပ်ဦး’ လည်း ပါဝင်လာပါတယ်။

    Ref: The Diplomat

  • သာသနာညှိုးနွမ်းစေမှုဖြင့် မွတ်စလင်တစ်ဦးကို အင်ဒိုနီးရှား ထောင်ချ

    သာသနာညှိုးနွမ်းစေမှုဖြင့် မွတ်စလင်တစ်ဦးကို အင်ဒိုနီးရှား ထောင်ချ

    ဩဂုတ် ၉၊ ၂၀၂၀
    M-Media

    ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့်
    ဒိုနီ အီရာဝမ် မလေ

    -ကုရ်အာကျမ်းစာကို အဂါရ၀ပြုခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးကို အင်ဒိုနီးရှားက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။

    ထောင်ဒဏ်ချမှတ်ခံရသူဟာ အသက် ၄၄ နှစ်အရွယ် ဒိုနီ အီရာဝမ် မလေးဆိုသူဖြစ်ပြီး မြောက်ဆူမားတြားပြည်နယ် မီဒန်မြို့က ဗလီတစ်လုံးမှာ ကုရ်အာန်ကျမ်းစာတွေကို ဆုတ်ဖြဲလွှတ်ပစ်ခဲ့သူပါ။ အခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ မလေးကို ပြည်သူတွေက ဝိုင်းဖမ်းကာ ရဲလက်အပ်ခဲ့ပြီးတဲ့နောက် သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

    အင်္ဂါနေ့အမိန့်ချမှတ်မှုမှာ တရားသူကြီးက မလေးဟာ အစ္စလာမ်သာသနာကို စော်ကားခဲ့တဲ့အတွက် သာသနာညှိုးနွမ်းစေမှုနဲ့ အပြစ်ရှိကြောင်း တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ အစိုးရရှေ့နေတွေက အမြင့်ဆုံးထောင်ဒဏ် ၄ နှစ်အထိ ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး တရားရုံးက ၃ နှစ် ချမှတ်ခဲ့ပါတယ်။

    အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သာသနာ ညှိုနွမ်းစေမှု ဥပဒေကို အလွဲသုံးစားလုပ်ပြီး ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာဝင်တွေအပေါ် တရားစွဲဆိုမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ထားပါတယ်။

    အာဇန်နိဗ္ဗာန်ဆော်သံကို စော်ကားပြောဆိုတဲ့ တရုတ်လူမျိုး ဗုဒ္ဓဘာသာဝင်တစ်ဦးကို အင်ဒိုနီးရှားက ပြီးခဲ့တဲ့နှစ်မှာ ၁၈ လ ထောင်ချခဲ့ပြီး၊ ဂျကာတာမြို့ရဲ့ မြို့တော်ဝန်ဟောင်း တရုတ်လူမျိုး၊ ခရစ်ယာန်ဘာသာဝင်တစ်ဦးလည်း ၂၀၁၇ ခုနှစ်မှာ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မနဲ့ ထောင် ၂ နှစ်ချမှတ်ခံခဲ့ရပါတယ်။

    အင်ဒိုနီးရှားမှာ သမိုင်းနဲ့ချီရှိခဲ့တဲ့ အလယ်အလတ် အစ္စလာမ်သာသနာဟာ အစွန်းရောက်တွေရဲ့ လွှမ်းမိုးမှုကို ခံနေရပြီဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိလာပါတယ်။

    Ref: CNA

  • အိန္ဒိယတွင် မွတ်စလင်တက္ကဆီယာဉ်မောင်းတစ်ဦး ဘာသာရေးအကြမ်းဖက်ခံရ

    အိန္ဒိယတွင် မွတ်စလင်တက္ကဆီယာဉ်မောင်းတစ်ဦး ဘာသာရေးအကြမ်းဖက်ခံရ

    ဩဂုတ် ၉၊ ၂၀၂၀
    M-Media

    အကြမ်းဖက်ခံခဲ့ရသည့် ဂါဖာရ် အဟ်မဒ်

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း ရာဂျက်စတန်ပြည်နယ်မှာ မွတ်စလင်တက္ကဆီယာဉ်​မောင်းတစ်ဦးဟာ လူ ၂ ဦးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

    ဆီကာရ်ခရိုင်မှာ သောကြာနေ့မနက် အစောပိုင်းက အသက် ၅၂ နှစ်အရွယ် တက္ကဆီယာဉ်မောင်း ဂါဖာရ်အဟ်မဒ်မောင်းလာတဲ့ ကားကို လူနှစ်ဦးကတားကာ ဆေးလိပ်တောင်းသောက်ပြီးတဲ့နောက် ဂါဖာရ်ကို ကားထဲကနေ ဆွဲထုတ်ပြီး ထိုးကြိတ်ကန်ကျောက်ခဲ့တာပါ။ ကျူးလွန်သူတွေဟာ ဟိန္ဒူဘုရားစာကို အဓမ္မဆိုခိုင်းခဲ့ပြီး၊ ‘မိုဒီအဓွန့်ရှည်ပါစေ’ လို့လည်း ပြောခိုင်းခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် ဂါဖာရ်ဟာ မျက်နှာဖူးယောင်ဒဏ်ရာ၊ မျက်လုံးညိုမည်းဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ တိုက်ခိုက်သူတွေဟာ သူ သတိမေ့နေတဲ့အချိန် ရူပီ ၇၀၀ နဲ့ လက်ပတ်နာရီတစ်လုံး ခိုးယူသွားတယ်လို့လည်း ဂါဖာရ်က ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိသူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    ကျူးလွန်သူတွေဟာ အရင်က ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ မှတ်တမ်းရှိပြီး တရားရေးအရ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆီကာရ်ရဲစခန်းက Twitter စာမျက်နှာ ရေးသားခဲ့ပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း အိန္ဒိယမှာ ဒါလစ်ဇာနိမ့်တွေ၊ ခရစ်ယာန်တွေ၊ မွတ်စလင်တွေ အကြမ်းဖက်ခံရမှု မြင့်တက်လာခဲ့ပြီး ဟိန္ဒူဘုရားစာ အဓမ္မဆိုခိုင်းတာ၊ ဟိန္ဒူနတ်ဘုရားတွေကို ရှိခိုးခိုင်းတာလို ဘာသာရေးအကြမ်းဖက်မှုတွေလည်း ရှိလာပါတယ်။

    Ref: New Indian Express

  • မင်းသား ဆူရှန့်ဆင်း သေဆုံးမှုကို အိန္ဒိယ ထိပ်တန်းအဖွဲ့က ကိုင်တွယ်စစ်ဆေးမည်

    မင်းသား ဆူရှန့်ဆင်း သေဆုံးမှုကို အိန္ဒိယ ထိပ်တန်းအဖွဲ့က ကိုင်တွယ်စစ်ဆေးမည်

    ဩဂုတ် ၇၊ ၂၀၂၀
    M-Media

    -ဘောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင်မင်းသား ဆူရှန့်ဆင်း ရာဂျ်ပွတ် သေဆုံးမှုကို အိန္ဒိယရဲ့ ထိပ်တန်း ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ CBI က ကိုင်တွယ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

    အသက် ၃၄ နှစ် ဆူရှန့်ကို ဇွန်လက မွန်ဘိုင်းမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဆွဲကြိုးချအနေအထားနဲ့ သေဆုံးလျက် တွေ့ခဲ့ရတာပါ။ ရဲတပ်ဖွဲ့က မိမိကိုယ်ကို သတ်သေမှုလို့ ထုတ်ပြန်ထားပေမယ့် အိန္ဒိယဆိုရှယ်မီဒီယာမှာတော့ ဒီသေဆုံးမှုဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးလို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    မိသားစုက ဆူရှန့်ဟာ စိတ်ကျဝေဒနာကို ခံစားခဲ့ရပြီး၊ ရည်းစားဟောင်း မင်းသမီး ရီအာ ချက်ကရာဘော်တီကလည်း ဆူရှန့်ရဲ့ငွေတွေကို ခိုးတာ၊ အရှက်ရအောင်လုပ်တာတွေ ရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။ မင်းသမီးက ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ဖက်ဒရယ်အစိုးရက ကိုင်တွယ်ဖို့ တရားရုံးချုပ်ကို တောင်းဆိုခဲ့ပါတယ်။

    ဆူရှန့်ဟာ သူ့ မန်နေဂျာ ကိုယ့်ကိုယ်ကို သတ်သေပြီး တစ်ပတ်အကြာမှာ သေဆုံးခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့် မင်းသားမင်းသမီးအချို့ အပါအဝင် ဘောလီးဝုဒ် ရုပ်ရှင်လောကက ဖိအားတွေအကြောင်း ဝေဖန်ပြောဆိုမှုတွေ များပြားလာပါတယ်။

    အစိုးရတာဝန်ရှိသူ တူရှာရ် မဟ်တာက ဆူရှန့်အမှုကို ဖက်ဒရယ် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန CBI က ကိုင်တွယ်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera