News @ M-Media
Blog
  • အိမ်ဖြူတော်မှာ အစ္စရေးက သူလျှိုလုပ်ငန်း ဘယ်လိုလုပ်ဆောင်လဲ???
    အိမ်ဖြူတော်မှာ အစ္စရေးက သူလျှိုလုပ်ငန်း ဘယ်လိုလုပ်ဆောင်လဲ???
    စက်တင်ဘာ ၁၄၊ ၂၀၁၉
    M-Media
    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု
    -အစ္စရေးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်က တာဝန်ရှိသူတွေရဲ့ ဖုန်းတွေကို ခြေရာခံကာ လျှို့ဝှက်ထောက်လှမ်းနေတယ်လို့ အမေရိကန် နိုင်ငံရေးဂျာနယ်တစ်ခုဖြစ်တဲ့ Politico က စက်တင်ဘာ ၁၂ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
    အိမ်ဖြူတော်အတွင်းနဲ့ အနီးအနားတစ်ဝိုက်က နေရာတွေမှာ ဖုန်းကြားဖြတ်နားထောင်တဲ့ ကိရိယာတွေထားပြီး ထောက်လှမ်းနေတာလို့ဆိုပါတယ်။ အစ္စရေးဟာ အရင်ကလည်း သူလျှိုတွေလွှတ်ကာ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လျှို့ဝှက်ထောက်လှမ်းတဲ့သမိုင်း ရှိခဲ့ဖူးပါတယ်။
    အခုသတင်းကိုတော့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ၂ ဦးစလုံးက ငြင်းဆိုခဲ့ပါတယ်။
    အာဏာပိုင်တွေ အတည်ပြု
    အစ္စရေးက သမ္မတထရမ့်အပါအ၀င် အိမ်ဖြူတော် တာဝန်ရှိသူတွေရဲ့ ဖုန်းတွေကို ကြားဖြတ်နားထောင်တယ် ဆိုတဲ့သတင်းကို အွန်လိုင်းသတင်းဌာန အမေရိကန် ထောက်လှမ်းရေးဌာန FBI နဲ့ အခြား အမေရိကန်အစိုးရ အေဂျင်စီက တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး အခုတစ်ပတ်မှာ Politico ဂျာနယ်က ဖော်ပြခဲ့ပါတယ်။
    နိုင်ငံရပ်ခြားက သူလျှိုလုပ်ငန်း လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကို အမေရိကန်အာဏာပိုင်တွေက စုံစမ်းဖော်ထုတ်ရာမှာ ဖုန်းခေါ်ဆိုမှု ကြားဖြတ်နားထောင်တဲ့စက် StingRay တွေကို ဝါရှင်တန်မြို့ မြို့လယ်ကောင်မှာ ၂၀၁၇ ခုနှစ်က တွေ့ရှိခဲ့ပါတယ်။
    FBI နဲ့ အမေရိကန်အစိုးရ အေဂျင်စီက မှုခင်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒါဟာ အစ္စရေးထောက်လှမ်းရေးအေးဂျင့်တွေရဲ့ လက်ချက်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
    “ဒါတွေဟာ အစ္စရေးရဲ့လက်ချက်ဆိုတာ သိပ်ကို ထင်ရှားပါတယ်” လို့ အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူတစ်ဦးက Politico ကို ပြောကြားခဲ့ပါတယ်။
    နောက်ထပ် တာဝန်ရှိသူတစ်ဦးကလည်း ဒီကိရိယာတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊သူ့ရဲ့အကြံပေးတွေ၊ နီးစပ်သူတွေကို ပစ်မှတ်ထားတာဖြစ်ပြီး အောင်မြင်လားဆိုတာ မသေချာဘူးလို့ ဆိုပါတယ်။
    စုံစမ်းမှုရလဒ် ပေါ်ထွက်လာပြီးတဲ့နောက် ထရမ့်ဟာ ဒီကိစ္စအတွက် ဘယ်လိုအရေးယူမှုမှ မလုပ်ခဲ့သလို၊ အစ္စရေးခေါင်းဆောင်တွေကို သတိပေးတာမျိုးတောင်မရှိဘူးလို့လည်း အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူဟောင်းတစ်ဦးက ပြောပါတယ်။
    StingRay ဆိုတာဘာလဲ
    StingRay ကိရိယာ၏ လုပ်ဆေင်မှု
    ဖုန်းလိုင်းမိနေတယ်လို့ အသုံးပြုသူတွေ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ကာ ဆက်သွယ်မှုတွေ အချက်အလက်တွေကို စောင့်ကြည့်ရာယူတဲ့စက်ဖြစ်ပြီး IMSI ကိရိယာလို့ လူသိများပါတယ်။
    ဒီစက်ကို များသောအားဖြင့် ရဲတပ်ဖွဲ့မှာ အသုံးပြုကြတာပါ။ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို လုပ်တဲ့အခါ သံသယရှိသူတွေရဲ့ ဖုန်းတွေကို ဒီစက်နဲ့ ကြားဖြတ်နားထောင်တာ၊ မက်ဆေ့ခ်ျ၊ Contacts နဲ့ တည်နေရာအချက်အလက်တွေ ရယူတာမျိုး လုပ်ကြပြီး ၀ရမ်းမပါဘဲနဲ့ ဒီစက်ကိုအသုံးပြုတဲ့အတွက် ဝေဖန်သူမှုလည်း ရှိနေပါတယ်။
    စက်ရဲ့ခြိမ်းခြောက်နိုင်စွမ်းကို စစ်ဆေးဖော်ထုတ်တဲ့ စီမံကိန်းတစ်ခုကို အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက လွန်ခဲ့တဲ့ ၂ နှစ်အရင်က လုပ်ဆောင်ခဲ့ရာမှာ ဝါရှင်တန်မြို့အတွင်း IMSI စက် အများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။
    အိမ်ဖြူတော်လုံ လုံခြုံရေးအရ အထိအခိုက်မခံတဲ့ အဆောက်အဦးတွေမှာပါ ဒီစက်တွေကို တွေ့ခဲ့တယ်လို့ ၂၀၁၈ ခုနှစ် မေလအတွင်း လွှတ်တော်အမတ် ရွန်ဝေဒန်ကို ပေးပို့တဲ့စာမှာ ပြည်တွင်းလုံခြုံရေဌာနက ဖော်ပြထားပါတယ်။
    အစ္စရေးကငြင်း၊ ထရမ့်ကလည်း လက်မခံ
    သမ္မတ ဒေါ်နယ်ထရမ့်က ဒီသတင်းတွေကို ပယ်ချခဲ့ပြီး အစ္စရေးဟာ အမေရိကန်ကို လျှို့ဝှက်ထောက်လှမ်းနေတယ်လို့မထင်ကြောင်း၊ အစ္စရေးနဲ့ မိမိရဲ့ဆက်ဆံရေးဟာ ကောင်းမွန်နေကြောင်း ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
    ရုရှားကိုရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း Politico ရဲ့ ဖော်ပြမှုကို ငြင်းဆိုခဲ့ပါတယ်။
    အမေရိကန်အပေါ် လျှို့ဝှက်ထောက်လှမ်းမှုလုပ်တာကို မိမိက ပိတ်ပင်ထားတဲ့အတွက် ဒီလိုအဖြစ်အပျက်မျိုး မရှိဘူးလို့ သူက ပြောပါတယ်။
    “အမေရိကန်မှာ ထောက်လှမ်းရေးအဆက်အသွယ်မထားရ၊ သူလျှိုလုပ်ငန်း မလုပ်ရလို့ ကျွန်တော် ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ဘယ်လိုခြွင်းချက်မျိုးမှမထားဘဲ ညွှန်ကြားချက်ကို လိုက်နာခိုင်းထားပါတယ်။ သတင်းတွေဟာ လုံးဝ လုပ်ကြံဖော်ပြမှုပါ”
    အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း ဒီသတင်းတွေဟာ လုံးဝ လိမ်လည်မှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
    Ref: South China Morning Post
  • သောကြာနေ့ ဘောလုံးသတင်းများ
    သောကြာနေ့ ဘောလုံးသတင်းများ
    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media
    လူမျိုရေးခွဲခြားမှုကို တုန့်ပြန်ရန် အင်္ဂလန်ကစားသမားများကို အကြံဉာဏ်ပေးမည်
    =====================
    အောက်တိုဘာလ ၁၄ ရက်နေ့ ဘူလ်ဂေးရီးယားက ယူရို ၂၀၂၀ခြေစစ်ပွဲမှာ လူမျိုးရေးခွဲခြားခံရရင် ဘယ်လိုတုန့်ပြန်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးဖို့အတွက် ကစားသမားတွေကို ခေါ်တွေ့မယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကပြောကြားလိုက်ပါတယ်။ အင်္ဂလန်ကစားသမားတွေဟာ ၂၀၁၁ ခုနှစ်က ဘူလ်ဂေးရီးယားမှာ လူမျိုးရေးခွဲခြား ခံရဖူးပါတယ်။ ဇွန်လက ကစားခဲ့တဲ့ ပွဲစဉ်တစ်ခုမှာ ပရိတ်သတ်တွေကပြိုင်ဘက်ကစားသမားတွေကို လူမျိုးရေးခွဲခြားခဲ့တာကြောင့် ရှေ့လာမယ့်အင်္ဂလန်နဲ့ ချက်အသင်းတို့ပွဲစဉ်မှာ အိမ်ရှင်ဘူလ်ဂေးရီးယားဟာ ကွင်းရဲ့ တစ်စိတ်တစ်ပိုင်းကို ပိတ်ထားရမှာပါ။ ဆောက်ဂိတ်ကတော့ အဲဒီကိုသွားကစားရင် တစ်ခုခုဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုမျိုး ရှိတဲ့အတွက်ကြိုတင်ပြင်ဆင်မှုမျိုး လုပ်ထားမယ်လို့ ဆိုပါတယ်။
    ပရီးမီးယားလိဂ်တွင် VAR ဖြင့်ဆုံးဖြတ်ရန် ပျက်ကွက်မှု ၄ ခု ရှိခဲ့
    ==================
    အခုနှစ် ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်မှာ VAR အသုံးပြုပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့လစ်ဟင်းခဲ့တဲ့ အရေအတွက် ၄ ခုရှိတယ်လို့ ဆိုပါတယ်။ ၄ ပွဲမှာ ဂိုး၊ အနီကဒ်၊ ပြစ်ဒဏ်ကျူးလွန်မှုအပါအ၀င် ဆုံးဖြတ်ချက် ၂၂၇ ခုရှိခဲ့ပြီး အဲဒီအထဲက VAR နဲ့ ၆ ခုကိုပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြင်ဆင်ဖို့ပျက်ကွက်ခဲ့တဲ့ ဆုံးဖြတ်ချက်က ၄ ခုရှိခဲ့ပြီး အဲဒါတွေက ပင်နယ်တီပေးဖို့ ပျက်ကွက်မှု ၂ ခု၊ ကစားသမားတစ်ဦးကို ထုတ်ပယ်ဖို့ ပျက်ကွက်မှု ၁ ခုနဲ့ ဂိုးရသွားစေတဲ့ လက်ထိဘောကို ပြစ်ဒဏ်ပေးဖို့ ပျက်ကွက်မှု ၁ ခု တို့ ဖြစပါတယ်။ ဒါပေမယ့် ခြုံငုံသုံးသပ်ရင် VAR အသုံးပြုမှုဟာ ကျေနပ်စရာကောင်းတဲ့ အတိုင်းအတာရှိနေတယ်လို့ ပရီးမီးယားလိဂ် ဒိုင်လူကြီးအဖွဲ့ အကြီးအကဲ မိုက်ရီလေးက ပြောကြားခဲ့ပါတယ်။
    Ref: BBC
  • လက်နက်ကိုင်ဆောင်မှုကို နယူးဇီလန်က ထပ်မံတင်းကြပ်မည်
    လက်နက်ကိုင်ဆောင်မှုကို နယူးဇီလန်က ထပ်မံတင်းကြပ်မည်
    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media
    နယူးဇီလန်ဝန်ကြီးချုပ်ကို လွှတ်တော်၌ တွေ့ရစဉ်
    -ဥပဒေ အားနည်းချက်ကြောင့် လူဖြူအမျိုးသားရေးအစွန်းရောက်တွေ ဆီမီးအော်တို သေနတ် ပိုင်ဆိုင်နိုင်တာကို တွေ့ရှိခဲ့ပြီးတဲ့နောက် နယူးဇီလန်က လက်နက်ကိုင်ဆောင်မှု ဥပဒေကို ထပ်မံ တင်းကြပ်ဖို့ စီစဉ်နေပါတယ်။
    သေနတ်ကိုင်ဆောင်ခွင့် ထပ်မံတင်းကြပ်မယ့် ဥပဒေတစ်ခုကို ၀န်ကြီးချုပ် ဂျာဆင်ဒါ အာရ်ဒန်က ဒီကနေ့ လွှတ်တော်မှာ ကြေငြာလိုက်တာပါ။
    မတ်လ ၁၅ ရက်နေ့က ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီနှစ်လုံးကို လူဖြူအစွန်းရောက်တစ်ဦးက ၀င်ရောက်အကြမ်းဖက်မှုကြောင့် လူ ၅၁ ဦးသေဆုံးတဲ့ ဖြစ်ရပ်အပြီး ၆ လအကြာမှာ နယူးဇီလန်က သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို ဒုတိယမြောက် တင်းကြပ်တာလည်း ဖြစ်ပါတယ်။
    ” သေနတ်ကိုင်တယ်ဆိုတာ အခွင့်အရေး မဟုတ်ပါဘူး။ အခွင့်ထူးပါ။ တိုက်ခိုက်မှုကြောင့် ဥပဒေအားနည်းချက်တွေကို သိလာရပြီး ပြင်ဆင်ဖို့လည်း ကျွန်မတို့မှာ စွမ်းအား ရှိနေပါတယ်။ ဒါကို မဖြေရှင်းဘူးဆိုရင် ကျွန်မတို့ဟာ တာဝန်ခံမှုရှိတဲ့အစိုးရ ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဒီကနေ့ ဥပေဒမူကြမ်း တင်သွင်းမှုမှာ အာရ်ဒန်က ပြောကြားခဲ့ပါတယ်။
    မူကြမ်းမှာ ‘တရားဝင် လက်နက်ကိုင်ဆောင်သူတိုင်းကို စာရင်းပြုစုထားပြီး စောင့်ကြည့်ရမယ်’ ဆိုတဲ့အချက်၊ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ကို အရင်က ၁၀ နှစ်တစ်ကြိမ် သက်တမ်းတိုးရာကနေ ၅ နှစ်တစ်ကြိမ် သက်တမ်းတိုးရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
    အချက်အလက် အသေးစိတ်ကို အများပြည်သူ သိရှိအောင် နယူးဇီလန်အစိုးရကထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ မူကြမ်းဆွေးနွေးမှုကို နယူးဇီလန်လွှတ်တော်က စက်တင်ဘာ ၂၄ ရက်နေ့မှာ စတင်လုပ်ဆောင်မှာပါ။
    ခရိုက်ချက်မြို့ကဗလီတွေ တိုက်ခိုက်ခံရမှုနောက်ပိုင်း သီတင်းပတ်အနည်းငယ် အကြာမှာပဲ နယူးဇီလန်လွှတ်တော်ဟာ စစ်တပ်သုံး ဆီးမီးအော်တိုသေနတ်တွေ ကိုင်ဆောင်ခွင့် ပိတ်ပင်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းခဲ့ပါတယ်။
    လူဦးရေ ၅ သန်းအောက်သာရှိတဲ့ နယူးဇီလန်နိုင်ငံမှာ လက်နက်ပေါင်း ၁.၅ သန်းလောက် ပြန့်နှံ့နေပြီး အရပ်သားတွေ သေနတ်ကိုင်ဆောင်မှုအများဆုံးနိုင်ငံတွေစာရင်းမှာ အဆင့် ၁၇ နေရာ ရှိနေပါတယ်။
    အကြမ်းဖက်မှု ၆ လပြည့်အဖြစ် ခရိုက်ချက်မြို့ကိုရောက်နေတဲ့ အာရ်ဒန်က တိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားရသူတွေရဲ့ စိတ်ဒဏ်ရာကို ကုသနိုင်ရေး ငွေကြေး ပိုမိုသုံးစွဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • မြောက်ဦးမြို့ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယူနက်စကိုထံ အဆိုပြုလွှာ တင်သွင်းမည်
    မြောက်ဦးမြို့ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယူနက်စကိုထံ အဆိုပြုလွှာ တင်သွင်းမည်
    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media
    photo credit – mmtimes
    -ရခိုင်ပြည်နယ်က မြောက်ဦးမြို့ကို ကမ္ဘ္ဘာအမွေအနှစ်စာရင်း သွင်းနိုင်ရေးအတွက် ယူနက်စကိုထံ အဆိုပြုချက် တင်သွင်းသွားမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
    ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဦးလွင်က မြောက်ဦးမှာရှိတဲ့ ထိတွေ့ကိုင်တွယ်နိုင်တဲ့ အမွေအနှစ်တွေ၊ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အမွေအနှစ်တွေအားလုံးကို အဆိုပြုချက်မှာ ထည့်သွင်းဖော်ပြသွားမယ်လို့ ဆိုပါတယ်။
    “လျှောက်လွှာ တင်သွင်းမယ့်ရက်ကို အတိအကျကို မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် ဒီလအတွင်း ဖြစ်မှာပါ။ နောက်ဆုံး အဆိုပြုချက်ကိုတော့ ဒီဇင်ဘာလမှာ တင်သွင်းမှာ ဖြစ်ပါတယ်”
    ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရေး လျှောက်လွှာကို ယူနက်စကိုထံ စက်တင်ဘာလကုန်ထက် နောက်မကျဘဲ တင်သွင်းရမှာ ဖြစ်ပါတယ်။
    မြောက်ဦးဒေသဟာ ထူးခြားတဲ့ ရှေးဟောင်းအမွေအနှစ်တွေ အများအပြား ရှိတဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၁၅ ရက်နေ့က အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား
    ဖြစ်ပွားတဲ့ တိုက်ပွကြောင့် ရှေးဟောင်းနေရာတစ်ချို့ ပျက်ဆီးခဲ့ပြီး ပညာရှင်တွေကတော့ ဒီအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။
    မြန်မာနိုင်ငံမှာ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်တဲ့နေရာ ၂ ခုရှိပြီး ဧရာဝတီတိုင်းဒေသကြီးက ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့တွေနဲ့ မန္တလေးတိုင်းဒေသကြီးက ပုဂံမြို့တို့ ဖြစ်ပါတယ်။
    Ref: mmtimes
    (Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
  • နေအဖွဲ့အစည်း အပြင်ဘက်တွင် ကမ္ဘ္ဘာနှင့်တူသည့် ဂြိုဟ်တစ်လုံး တွေ့ရှိ
    နေအဖွဲ့အစည်း အပြင်ဘက်တွင် ကမ္ဘ္ဘာနှင့်တူသည့် ဂြိုဟ်တစ်လုံး တွေ့ရှိ
    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media
    -ကမ္ဘ္ဘာတည်ရှိရာ နေအဖွဲ့အစည်းအလွန်က ဂြိုဟ်တစ်ခုရဲ့ လေထုမှာ ရေခိုးရေငွေ့တွေကို တွေ့ရပြီး၊ အပူချိန်ကလည်း သက်ရှိတွေနေထိုင်နိုင်မယ့် အခြေအနေ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
    K2-18b လို့ အမည်ပေးထားတဲ့ အဲဒီဂြိုဟ်ဟာ နေအဖွဲ့အစည်းကနေ အလင်းနှစ်ပေါင်း ၁၁၀ အကွာအဝေးမှာ တည်ရှိနေတာပါ။
    လန်ဒန်တက္ကသိုလ် အာကာသအချက်အလက်ဆိုင်ရာစင်တာက နက္ခတဗေဒပညာရှင်တွေက ဒီဂြိုဟ်ကို နာဆာရဲ့ Hubble Space တယ်လီစကုပ်နဲ့ လေ့လာပြီးတဲ့နောက် သူတို့ရဲ့တွေ့ရှိချက်ကို Nature Astronomy ဂျာနယ်မှာ ဗုဒ္ဓဟူးနေ့က ရေးသားခဲ့ပါတယ်။
    “ကမ္ဘ္ဘာလွဲပြီး လူနေထိုင်နိုင်တယ်လို့ထင်ရတဲ့ အခြားဂြိုတစ်ခုမှာ ရေကိုရှာတွေ့တာဟာ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်”
    K2-18b ဟာ ကမ္ဘ္ဘာကြီးထက် ၂ ဆကြီးပြီး ၈ ဆလောက် ပိုမိုသိပ်သည်းတာကြောင့် ဆွဲအားလည်း ကမ္ဘ္ဘာကြီးထက် အလွန်အမင်းများပြားဖို့ရှိတယ်လို့ ဆိုပါတယ်။
    “K2-18b ကို ‘ဒုတိယကမ္ဘ္ဘာ’ လို့ပြောလို့မရပါဘူး။ အလွန်အမင်းသိပ်သည်းပြီး၊ လေထုဖွဲ့စည်းပုံကလည်း မတူပါဘူး။ ဒါပေမယ့် ‘ကမ္ဘ္ဘာကြီးဟာ ထူးခြားတဲ့ဂြိုဟ်လား’ ဆိုတဲ့ မေးခွန်းအတွက် အဖြေရဖို့ ပိုပြီး နီးစပ်လာပါတယ်”
    နာဆာက K2-18b ဂြိုဟ်ဟာ K2-18 ကြယ်ကို လှည့်ပတ်နေပြီး၊ ဓာတ်ရောင်ခြည် ပိုမိုများပြားနိုင်တာကြောင့် ကမ္ဘ္ဘာထက်ပိုပြီး ကြမ်းတမ်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။
    နေကအလင်းတန်းဟာ ကမ္ဘ္ဘာကိုရောက်ဖို့ ၇ မိနစ်ကနေ ၈ မိနစ်အထိသာ ကြာပေမယ့် K2-18b ဂြိုဟ်ကိုရောက်ဖို့ နှစ် ၁၀၀ လောက် ကြာမြင့်တာကြောင့် မိမိတို့ ရိုက်ယူထားတဲ့ K2-18b ပုံရိပ်ဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ က ပုံရိပ်သာဖြစ်ကြောင်း၊ လူတွေသွားရောက်ဖို့ မဖြစ်နိုင်ကြောင်း နာဆာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    နာဆာရဲ့ Kepler Space တယ်လီစကုပ်နဲ့ လေ့လာမှုအတွင်း ကမ္ဘ္ဘာနဲ့ နက်ပကျွန်းဂြိုဟ်ကြား အရွယ်ရှိပြီး သက်ရှိတွေ ရှင်သန်နိုင်မယ်လို့ ယူဆရတဲ့ ဂြိုဟ်ပေါင်း ရာချီ တွေ့ရှိထားပါတယ်။
    Ref: Aljazeera