News @ M-Media
Blog
  • ဆော်ဒီဂျာနယ်လစ်အသတ်ခံရမှု အသံမှတ်တမ်းအပြည့်အစုံကို တူရကီမီဒီယာ ထုတ်ပြန်
    ဆော်ဒီဂျာနယ်လစ်အသတ်ခံရမှု အသံမှတ်တမ်းအပြည့်အစုံကို တူရကီမီဒီယာ ထုတ်ပြန်
    စက်တင်ဘာ ၁၀၊ ၂၀၁၉
    M-Media
    ကောင်စစ်ဝန်ရုံးတွင် အသတ်ခံခဲ့ရသည့် ကာရှိုဂျီ
    -အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုအသံမှတ်တမ်းပါ ပြောစကားအပြည့်အစုံကို တူရကီသတင်းစာ Daily Sabah က မနေ့မှာ ရေးသားထုတ်ပြန်လိုက်ပါတယ်။
    တူရကီ ထောက်လှမ်းရေးအဖွဲ့ထံကနေ ရရှိခဲ့တဲ့ အဲဒီအသံမှတ်တမ်းမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့က ကာရှိုဂျီ ကောင်စစ်ဝန်ရုံးထဲ ၀င်သွားတဲ့အချိန်ကနေ၊ အသတ်ခံရပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တစ်စစီ ဖြတ်တောက်ကာ အလောင်းဖျောက်တဲ့အချိန်အထိ အသံမှတ်တမ်းတွေ ပါဝင်ပါတယ်။
    ဝါရှင်တန်ပို့စ်သတင်းထောက်ဖြစ်တဲ့ ကာရှိုဂျီဟာ ဆော်ဒီအစိုးရနဲ့ တော်ဝင်မိသားစုကို ဝေဖန်ရေးသားလေ့ရှိသူ ဖြစ်ပါတယ်။ အသတ်ခံရမယ့်နေ့က ကာရှိုဂျီဟာ လက်ထပ်ဖို့ လိုအပ်တဲ့ အထောက်အထားတွေကို ကောင်စစ်ဝန်ရုံးမှာ သွားယူခဲ့တာပါ။
    ရုံးထဲကိုဝင်ဝင်ခြင်း အရင်က သူနဲ့ရင်းနှီးနေတဲ့ လူတစ်ဦးက နှုတ်ဆက်ခဲ့ပြီး အခန်းတစ်ခုထဲ ဆွဲသွင်းခဲ့ပါတယ်။ အဲဒီနောက် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ သက်တော်စောင့် ဆော်ဒီ ထောက်လှမ်းရေးတာဝန်ရှိသူ မာဟီရ် အဘ်ဒူလ် အဇစ် မူသ်ရဘ်က နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုက အမိန့်ထွက်ထားတာကြောင့် ဆော်ဒီကို ပြန်ခေါ်သွားရမယ်လို့ ကာရှိုဂျီကို ပြောခဲ့ပါတယ်။
    ကာရှိုဂျီက ဒီပြောကြားမှုကိုလက်မခံဘဲ အပြန်အလှန် အချေအတင်ပြောဆိုခဲ့ကြပါတယ်။ မသတ်ခင် နောက်ဆုံး ၁၀ မိနစ်မှာ မူသ်ရဘ်က ဆက်သွယ်လို့မရရင် စိတ်မပူဖို့ပြောတဲ့ စာတိုတစ်စောင် သားဖြစ်သူထံ ပို့ဖို့ ကာရှုဂျီကို ပြောခဲ့ပြီး ကာရှိုဂျီက ဒီပြောကြားမှုကိုလည်း လက်မခံပါဘူး။
    “မစ္စတာ ဂျမာလ်း – ရေးစမ်းပါ။ မြန်မြန်လုပ်။ ကျွန်တော်တို့ကို ခင်ဗျားကူညီမှ ကျွန်တော်တို့လည်း
    ခင်ဗျားကို ကူညီနိုင်မှာ။ နောက်ဆုံးမှာ ခင်ဗျားကို ဆော်ဒီခေါ်သွားရမှာ။ ခင်ဗျားကျွန်တော်တို့ကို
    မကူညီရင် အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုတာ ခင်ဗျားလည်း သိမှာပါ” လို့ မူသ်ရဘ်က ခြိမ်းခြောက်ခဲ့ကြောင်း အသံမှတ်တမ်းမှာ ကြားရပါတယ်။
    အဲဒီနောက် ကာရှိုဂျီရဲ့ ဦးခေါင်းကို ပလက်စတစ်အိတ်စွပ်ပြီး အသက်ရှုကြပ်အောင်လုပ်ကာ သတ်ဖြတ်ခဲ့ပါတယ်။
    ကာရှိုဂျီရဲ့ နောက်ဆုံးစကားလုံးက “ငါ့မှာ ပန်းနာရင်ကြပ်ရှိတယ်။ မလုပ်ပါနဲ့။ မင်းတို့ ငါ့ကို အသက်ရှူကြပ်အောင် လုပ်နေတာ” ဖြစ်တယ်လို့လည်း Daily Sabah မှာ ရေးသားဖော်ပြထားပါတယ်။
    သတ်ဖြတ်ပြီးတဲ့နောက် ခန္ဓာကိုယ်ကို အပိုင်းပိုင်းတစ်ခဲ့ပြီး အဲဒီအသံတွေကိုလည်း အသံမှတ်တမ်းမှာ ကြားခဲ့ရပါတယ်။
    ကြိုတင်ကြံရွယ်သတ်ဖြတ်မှု
    ကာရှိုဂျီပျောက်ဆုံးသွားတဲ့သတင်း ထွက်လာပြီးတဲ့နောက် တူရကီအစိုးရက ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးထဲမှာပဲ အသတ်ခံလိုက်ရတယ်လို့ ပြောကြားခဲ့ပါတယ်။
    ဆော်ဒီက ဒီပြောကြားမှုကို ပထမပိုင်းမှာငြင်းဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ ၀န်ခံခဲ့ပါတယ်။ ၀န်ထမ်းတွေနဲ့စကားများရာကနေ လက်လွန်ပြီးသတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။
    တူရကီက ဒီသတ်ဖြတ်မှုဟာ ဆော်ဒီအစိုးရက စီစဉ်ကျူးလွန်တဲ့ သတ်ဖြတ်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA ကလည်း အိမ်ရှေ့မင်းသား ဘင် ဆလ်မန်ကိုယ်တိုင် အမိန့်ပေးသတ်ခိုင်းတာလို့ ကောက်ချက်ချခဲ့ပါတယ်။ ဒီပြောကြားမှုတွေကို ဆော်ဒီဖက်က ငြင်းဆိုပါတယ်။
    ကာရှိုဂျီရဲ့ အလောင်းကို အခုအချိန်အထိ မတွေ့သေးပါဘူး။ တူရကီထောက်လှမ်းရေးက အလောင်းကို အပိုင်းပိုင်းတစ်ပြီး ကောင်စစ်ဝန်ရုံးရဲ့နေအိမ်မှာ အက်စစ်ဖျော ဖျောက်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
    ကာရှိုဂျီသတ်ဖြတ်ခံရမှုအတွက် ၁၁ ဦးကို လူသတ်မှုနဲ့ တရားစွဲဆိုထားပြီး အဲဒီအထဲက ၅ ဦးဟာ သေဒဏ်ချမှတ်ခံရဖွယ်ရှိတယ်လို့ ဆော်ဒီအစိုးရက ဆိုပါတယ်။
    Ref: Aljazeera
  • တနင်္လာနေ့ဘောလုံးသတင်းများ
    တနင်္လာနေ့ဘောလုံးသတင်းများ
    စက်တင်ဘာ ၉၊ ၂၀၁၉
    M-Media
    မန်စီးတီးအသင်း၏ လူစာရင်း ယူရို ၁ ဘီလီယံတန်ဖိုးရှိ
    =====================
    လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းရဲ့ လက်ရှိလူစာရင်းတန်ဖိုးဟာ ယူရို ၁ ဘီလီယံ ကျော်နေပြီး ဘောလုံးလောကမှာ ပထမဆုံး ယူရို ၁ ဘီလီယံကျော်တန် လူစာရင်းရှိတဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားတယ်လို့ ဘောလုံးအားကစား စောင့်ကြည့်ရေးအဖွဲ့ CIES Football Observatory က ထုတ်ပြန်ခဲ့ပါတယ်။မန်စီးတီးအသင်း ကစားသမားစုစုပေါင်းရဲ့ တန်ဖိုးဟာ ယူရို ၁.၀၁၄ ဘီလီယံဖြစ်ပြီး၊ ပီအက်စ်ဂျီက ၉၁၃ သန်းနဲ့ ဒုတိယနေရာ၊ ရီးယဲလ်မက်ဒရစ်က ၉၀၂ သန်းနဲ့ တတိယနေရာ၊ မန်ချက်စတာ ယူနိုက်တက်က ၇၅၁ သန်းနဲ့ စတုတ္တနေရာမှာ ရှိနေပါတယ်။
    ထိပ်ဆုံး ၁၀ သင်းမှာ ပရီးမီးယားလိဂ်က လီဗာပူးလ်၊ အာဆင်နယ်နဲ့ ချယ်ဆီးတို့အပါအ၀င် ၅ သင်း၊လာလီဂါက ၃ သင်း၊ စီးရီးအေက ဂျူဗင်တစ်ပ်တစ်သင်း အသီးသီး ပါဝင်နေပါတယ်။
    ချန်ပီယံလိဂ်ပြိုင်ပွဲ ပြုပြင်ပြောင်းလဲမှုအစီအစဉ် ဖျက်သိမ်းရဖွယ်ရှိ
    ======================
    ၂၀၂၄ ခုနှစ်မှာ ချန်ပီယံလိဂ်ကို ၈ သင်းပါ ၄ အုပ်စုခွဲပြီး စနေ၊ တနင်္ဂနွေ နေ့တွေမှာပါ ထည့်သွင်းကစားဖို့ ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေရဲ့ စီစဉ်ထားမှုဟာနောက်ရွှေ့ရမယ့် ဒါမှမဟုတ် ဖျက်သိမ်းရမယ့်အနေအထား ရှိနေပါတယ်။ လက်ရှိမှာ ၄ သင်း ၈ အုပ်စုခွဲကစားတာဖြစ်ပြီး ပြောင်းလဲမယ့်အစီအစဉ် စတင်အဆိုပြုကတည်းက ဥရောပလိဂ် ၅ ခုရဲ့ ကန့်ကွက်မှုကို ခံခဲ့ရတာပါ။ နောက်ပိုင်းမှာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် ဘုံသဘောတူညီချက်တစ်ခု မရခဲ့ပါဘူး။ ယူအီးအက်ဖ်အေဟာ ၂၀၂၁ ခုနှစ်မှာ ဥရောပတတိအဆင့် ကလပ်တွေ ၀င်ကစားနိုင်မယ့် ယူရိုပါလိဂ် ၂ ကို စတင်ကျင်းပဖို့ရှိနေပြီး ယူရိုပါလိဂ်ကို တန်းတက်၊ တန်းဆင်းစနစ်လည်း ပါဝင်မှာဖြစ်ပါတယ်။
    Ref: BBC
  • အစ္စလာမ်တွင် ‘ဘာသာတူရာဆိုင်မှာ အားပေးပါ’ လှုပ်ရှားမှုကို လက်ခံခွင့်ပြုထားသလား
    အစ္စလာမ်တွင် ‘ဘာသာတူရာဆိုင်မှာ အားပေးပါ’ လှုပ်ရှားမှုကို လက်ခံခွင့်ပြုထားသလား
    စက်တင်ဘာ ၉၊ ၂၀၁၉
    M-Media
    -မွတ်စလင်မဟုတ်သူများက ထုတ်လုပ်သည့် ပစ္စည်းများကို မွတ်စလင်များက သပိတ်မှောက်ခြင်း၊ မွတ်စလင်ထုတ်ပစ္စည်းများကို မွတ်စလင်မဟုတ်သူများက သပိတ်မှောက်ခြင်းတို့သည် တစ်ဖက်နှစ်တစ်ဖက် သွေးကွဲစေပြီး လူမျိုးစုံဘာသာစုံရှိသည့် လူ့အဖွဲ့အစည်းတွင် မလိုမုန်းထားမှုကိုသာ ပေါက်ဖွားစေသည်။ အပြန်အလှန် တုန့်ပြန်မှုကို ဖိတ်ခေါ်နေသည့် ထိုလှုပ်ရှားမှုသည် ဗဟုလူ့အဖွဲ့အစည်းအတွက် အနာဂတ်ကောင်း ဖြစ်လာမည်မဟုတ်။
    အမှန်ကိုဆိုရလျှင် – မွတ်စလင်မဟုတ်သူများ၏ ပစ္စည်းများကို သပိတ်မှောက်ရန် အုပ်စုတစ်ချို့က လတ်တလော ဆော်သြဆောင်ရွက်နေမှု အဓိကအကြောင်းအရင်းမှာ နိုင်ငံရေးအကျိုးစီးပွားဖြစ်ပြီး၊ နိုင်ငံ၏ လူမျိုးစုံ ညီညွတ်နေမှုကို ဖျက်ဆီးသည့် လှုံ့ဆော်မှုမျိုး ဖြစ်လာနိုင်သည်။ မွတ်စလင်အချင်းချင်း လုပ်သည်ဖြစ်စေ၊ မွတ်စလင်မဟုတ်သူများနှင့် လုပ်သည်ဖြစ်စေ သမ္မာအာဇီဝမကျသော စီးပွားရေးမျိုးကိုသာ အစ္စလာမ်သာသနာက တားမြစ်ထားခြင်းဖြစ်သည်။
    သပိတ်မှောက်လှုပ်ရှားမှုကို ဆောင်ရွက်သူများက ဆိုရှယ်မီဒီယာကို အသုံးပြု၍ ဝါဒဖြန့်ရာတွင် မွတ်စလင်မဟုတ်သူများ ပိုင်ဆိုင်သည်ဟုဆိုသည့် ကုမ္ပဏီများ၊ အမှတ်တံဆိပ်များကိုပင် စာရင်းထုတ်ထားသည်။ ထိုလုပ်ငန်းများ အမှတ်တံဆိပ်များကို သပိတ်မှောက်ခြင်းသည် စိန်ခေါ်မှုတစ်မျိုးဖြစ်ပြီး အောင်မြင်မည်လည်း မဟုတ်ပေ။ နိုင်ငံအတွင်း သုံးစွဲနေသည့် ပြည်တွင်းထုတ်ပစ္စည်း၊ နိုင်ငံခြားမှ တင်သွင်းသည့်ပစ္စည်းအများစုကို မွတ်စလင် မဟုတ်သူများက ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြစ်သည်။
    ပြည်တွင်းကို ကြည့်လျှင် မွတ်စလင်မဟုတ်သူများပိုင်ဆိုင်သည့် ကုမ္ပဏီအားလုံးနီးပါးက ထောင်သောင်းချီသော မွတ်စလင်များကို အလုပ်ခန့်ထားသည်။ မွတ်စလင်များ၏ ၀င်ငွေရင်းမြစ်ဖြစ်သည်။
    ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မသမာသည့်နည်းလမ်းများ အသုံးပြုခြင်း မရှိသည့် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် လိုအပ်ပါ၏လော??? မွတ်စလင်မဟုတ်သူများ ထုတ်လုပ်သော်လည်း တစ်ပါးသူကို ထိခိုက်နစ်နာစေခြင်းမရှိသည့် ကုန်ပစ္စည်းများကို သပိတ်မှောက်ခြင်းသည် အစ္စလာမ်သာသနာ၏ အခြေခံသင်ကြားမှုနှင့် ဆန့်ကျင်နေသည်။ စီးပွားရေးလုပ်ရာတွင်ဖြစ်စေ၊ ပေါင်းသင်းဆက်ဆံရာတွင်ဖြစ်စေ ‘ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ’ နည်းလမ်းကိုသာ အစ္စလာမ် သာသနာက အားပေးထားသည်။ မိမိတို့၏ စီးပွားရေးသည် အခြားသူများ၏ သာယာဝပြောမှုကို မထိခိုက်စေရန် အမြဲတမ်း အပြန်အလှန် နားလည်မှုထားရှိရမည် ဟူ၏။
    အစ္စလာမ့်သမိုင်းက သင်ခန်းစာများ
    လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ အစ္စလာမ်သာသနာ ပေါ်ပေါက်စဉ်ကတည်းက အစ္စလာမ်ဘာသာဝင်များသည် လူမျိုးစုံ၊ ဘာသာစုံ လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်နေထိုင်လာခဲ့ကြပြီး ယခုကဲ့သို့ ‘သူ၊ ငါ စည်းခြား’ လှုပ်ရှားမှုလည်း အလျင်းမရှိခဲ့။ တကယ်တော့ ထိုလှုပ်ရှားမှုကို ဆော်သြသူများကိုယ်တိုင် အစ္စလာမ်သမိုင်းကို ထဲထဲဝင်ဝင် နားမလည်ကြ။
    သမိုင်းကိုပြန်ကြည့်လျှင် မွတ်စလင်မဟုတ်သူများနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ စီးပွားရေးပြုလုပ်ခြင်း မှားယွင်းသည်ဟု အစ္စလာမ်က မပြောခဲ့။ တမန်တော် မုဟမ္မဒ်သခင်၏ ဇနီးဖြစ်သူ ခတီဂျာသခင်မကိုယ်တိုင် ဂျူးများအပါအ၀င် မွတ်စလင်မဟုတ်သူများနှင့် လူမှုရေး၊ စီးပွားရေး ဆက်နွယ်ပတ်သက်မှု ရှိသည်။ သူမသည် အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။
    တမန်တော် မုဟမ္မဒ်သခင် ကိုယ်တော်တိုင်ပင် ဂျူးများနှင့် စီးပွားရေးဆက်ဆံမှုကို ထိန်းသိမ်းထားခဲ့သည်။ ခိုင်ဘာဒေသ စီးပွားရေးစီမံခန့်ခွဲမှုများအတွက် အကျိုးအမြတ်မျှစားသည့် ပုံစံဖြင့် တမန်တော်က ဂျူးများကို ယုံကြည်စွာ လွှဲအပ် တာဝန်ပေးခဲ့သည်။ တမန်တော်မှာ ကွယ်လွန်ချိန်အထိ ဂျူးများနှင့် စီးပွားရေးအဆက်အသွယ် ပြုခဲ့လေသည်။
    အီမာမ် ဘူခါရီ၊ အီမာမ် မွတ်စလင်၊ အီမာမ် အဟ်မဒ်နှင့် အခြားသော အစ္စလာမ့်ပညာရှိ ကဝိကျော်များကလည်း ၎င်းတို့၏ ဟဒီးစ်သြဝါဒတော်ကျမ်းများတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်။
    “…..တစ်ခါက တမန်တော်မြတ် (ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ) သည် ဂျူးကုန်သည်တစ်ဦးထံမှ ဂျုံအနည်းငယ် ၀ယ်ယူခဲ့သည်။ သို့သော်လည်း ပေးချေစရာ ငွေမရှိသောကြောင့် ဒိုင်းလွှားတစ်ခုကို အပေါင်အဖြစ် ဂျူးကုန်သည်ထံ ထားခဲ့လေသည်။ ကိုယ်တော်သည် ကွယ်လွန်သွားသည့်အချိန်အထိ အဆိုပါ ဒိုင်းလွှားကို ငွေသားဖြင့် ပြန်လည်ရွေးယူနိုင်ခြင်းမရှိပေ”
    တမန်တော်၏နောက်ပိုင်း သြဇာအာဏာ အထွပ်အထိပ်သို့ ရောက်ခဲ့သည့် အချိန်တွင်လည်း မွတ်စလင်များသည် အခြားဘာသာဝင်များနှင့် စီးပွားရေးဆောင်ရွက်မှုကို ရပ်တန့်ခဲ့ခြင်းမရှိပေ။ အူမရ် အစ်ဗနေ့ အလ် ခသဘ် ဘုန်းမီးနေလ ထွန်းတောက်သည့် အချိန်တွင် ထိုအခြေအနေက ဆက်ရှိနေခဲ့သည်။ မွတ်စလင်များအခြား အခြားဘာသာဝင်များအကြား တစ်ဖက်နှစ်တစ်ဖက် ရန်စောင်နေသည့်အချိန်မျိုးတွင်ပင် စီးပွားရေးဆက်ဆံမှုက ပျက်သုဉ်းခြင်းမရှိဘဲ ပိုမိုတိုးတက်၍လာခဲ့သည်။ အူမရ်သခင်သည် ၎င်း၏ အင်ပါယာအတွင်းသို့ ၀င်ရောက် ရောင်းဝယ်ဖောက်ကားသည့် မွတ်စလင်မဟုတ်သော စီးပွားရေးလုပ်ငန်းရှင်များကို တန်းတူညီမျှ ဆက်ဆံခဲ့သည့် သမိုင်းလည်း ရှိခဲ့သည်။
    အတိတ်ကိုပြန်ကြည့်လျှင် တမန်တော် မုဟမ္မဒ်သခင်သည် ဂျူးမျိုးနွယ်တစ်ချို့၊ ကိုရိုက်ရှ်မျိုးနွယ်တို့နှင့် ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုခဲ့သည်။ အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်လာခဲ့သည့်အချိန်မှ အထွပ်အထိပ်သို့ ရောက်ရှိချိန်၊ ‘အစ္စလာမ့်ရွှေခေတ်’ ဟု ခေါ်တွင်သည့် ၈ ရာစုမှ ၁၄ ရာစုကာလတို့ကို လေ့လာကြည့်လျှင် ထိုကာလသည့် အစ္စလာမ့်သမိုင်းတွင် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် သိပ္ပံဆိုင်ရာ တိုးတက်ထွန်းကားဆုံးဖြစ်သည်ကို တွေ့ရမည်။ အခြားဘာသာဝင်များနှင့် စီးပွားဆက်နွယ်သည့် မွတ်စလင်များ၏ အလေ့အထလည်း ပြောင်းလဲမှုမရှိပေ။ ယနေ့ကမ္ဘ္ဘာတွင်လည်း မွတ်စလင်ကမ္ဘ္ဘာသည် မွတ်စလင်မဟုတ်သည့် နိုင်ငံများနှင့် ကုန်သွယ်နေကြသည်။ စီးပွားရေးလုပ်ရာတွင် မည်သည့်မွတ်စလင်နိုင်ငံကမှ အပယ်ခံလိုခြင်း မရှိကြ။ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအပါအ၀င် မွတ်စလင်နိုင်ငံများသည့် မွတ်စလင်မဟုတ်သည့်နိုင်ငံများမှ အများအပြား ရယူခံစားနေကြသည်။
    အထက်ပါအချက်များက တရားတော်တွင်တားမြစ်ထားသည့် လုပ်ငန်းများအပ အခြားဘာသာဝင်များနှင့် စီးပွားရေး ဆက်နွယ်ပတ်သက်မှုကို အစ္စလာမ်က လက်ခံသည်ဆိုသည့် အထောက်အထားပင် ဖြစ်သည်။
    တားမြစ်ထားမှုမရှိ
    နိုင်ငံတကာကုန်သွယ်မှုတွင် မွတ်စလင်နိုင်ငံ၊ မွတ်စလင်မဟုတ်သည့်နိုင်ငံ စသဖြင့် မည်သည့်နိုင်ငံနှင့် ကုန်သွယ်သင့်သည်ဆိုသည်ကို ဆုံးဖြတ်ရန်မှာ အစိုးရ၏ အခန်းကဏ္ဍဖြစ်သည်။ နိုင်ငံရေးအကျိုးစီးပွား မျှော်ကိုးသည့် အဖွဲ့များ၏ ကိစ္စမဟုတ်။ တရားတော်နှင့် မကိုက်ညီသည့် ကုန်ပစ္စည်းများကို ပိတ်ပင်ခြင်း၊ အခြားနိုင်ငံများက ကုန်ပစ္စည်းများကို သပိတ်မှောက်ခြင်း တင်သွင်းခွင့်ပိတ်ပင်ခြင်း စသည့်ဆုံးဖြတ်ချက်များသည် အစိုးရအာဏာပိုင်များ၏လက်တွင်သာရှိပြီး သာမန်နိုင်ငံသားများနှင့် မဆိုင်ပေ။ အစိုးရက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ မိမိတို့၏ နိုင်ငံရေးအကျိုးစီးပွားအတွက် ထိုကဲ့သို့ သပိတ်မှောက်မှုကို ခွင့်ပြုပေးထားပါက လူမျိုးစုံ ဘာသာစုံရှိသော မိမိတို့တိုင်းပြည်တွင် မလိုလားအပ်သည့် ဆိုးကျိုးများကိုသာ ဖြစ်လာစေမည်ဖြစ်သည်။
    ပြည်တွင်းတွင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူ စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို မလေးရှားနိုင်ငံသားအများစုက လက်ခံသုံးစွဲကြသည်။ မလေးရှားနိုင်ငံသား လူမျိုးစုံသည် နိုင်ငံအတွင်း ငြိမ်းချမ်းစွာ၊ သဟာဇတဖြစ်စွာ နေထိုင်နေကြပြီး တစ်မိုးအောက်တွင် အလုပ်အတူ တွဲလုပ်ကြသည်။ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းများတွင် မိတ်ကောင်းဆွေကောင်းများ ဖြစ်နေကြသည်။ တရားတော်ကတားမြစ်ထားသည့် ပစ္စည်းမျိုး မဟုတ်လျှင် မွတ်စလင်မဟုတ်သူများ ထုတ်လုပ်ရောင်းချသည့် ပစ္စည်းများကို ၀ယ်ယူသုံးစွဲမှုကို တားမြစ်ထားခြင်းမရှိဆိုသည့် သဘောထားမျိုးကို လက်ခံကြပါစို့။ မွတ်စလင်မဟုတ်သူများကလည်း မွတ်စလင်များ ထုတ်လုပ်သည့် ထုတ်ကုန်များကို မ၀ယ်ဘဲ ရှောင်ရှားမှုမျိုး မရှိသင့်ပေ။
    Ref: Freemalaysiatoday
    ( မလေးရှားနိုင်ငံသား Moaz Nair ရေးသားထားပြီး Free Malaysia Today တွင် လွှင့်တင်ထားသည့် ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးသည် မလေးရှားနိုင်ငံတွင် ပြီးခဲ့တစ်ပတ်က ပေါ်ထွက်လာသော ‘မွတ်စလင်ထုတ်ကုန်များကို အရင်ဝယ်ပါ’ ဆိုသည့် လှုပ်ရှားမှုကို သုံးသပ်ရေးသားထားခြင်းဖြစ်ပါသည်။)
  • တူရကီ ဗိသုကာအဖွဲ့က သာမန်ဗလီများမှခွဲထွက်သည့် ဒီဇိုင်းသစ်တစ်ခု ရေးဆွဲ
    တူရကီ ဗိသုကာအဖွဲ့က သာမန်ဗလီများမှခွဲထွက်သည့် ဒီဇိုင်းသစ်တစ်ခု ရေးဆွဲ
    စက်တင်ဘာ ၉၊ ၂၀၁၉
    M-Media
    -တူရီနိုင်ငံ အရှေ့တောင်ပိုင်းက အူရ်ဖာမြို့မှာ ဆောက်လုပ်မယ့် ဗလီဝတ်ကျောင်းတော် တစ်လုံးအတွက် ဗိသုကာအဖွဲ့တစ်ခုက သာမန်ဒီဇိုင်းတွေနဲ့ ခွဲထွက်ပြီး သဘာဝကို ရောင်ပြန်ဟပ်စေမယ့် ဒီဇိုင်းတစ်ခုကို ရေးဆွဲခဲ့ပါတယ်။
    BeOffice Architects အဖွဲ့က ကမ္ဘ္ဘာတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်တွေမှာတွေ့ရတဲ့ အချွန်အတက်ဒီဇိုင်းမျိုး မဟုတ်ဘဲ စက်ဝိုင်းပုံစံ ဆွဲထားတာပါ။ သစ်ပင်ပန်းမာလ်တွေနဲ့ စိမ်းစိုမှုကို အဓိကထားကာ သဘာဝအလင်းရောင်း အပြည့်အ၀ ရရှိဖို့လည်း ပညာရှင်တွေက ထည့်သွင်းစဉ်းစားထားပါတယ်။ မင်နာရတ်မျှော်စင်တော့ လေးထောင့်ဖြစ်ပါတယ်။
    ဗလီဝတ်ကျောင်းတော်ရဲ့ ပရဝုဏ်ကို ကျယ်ကျယ်ဝန်းဝန်းထားပြီး သစ်ပင်တွေ၊ ရေပန်းတွေ၊ ချောင်းငယ်လေးတွေ သာသာယာယာနဲ့ စိတ်အပန်းဖြေ ကြည်နူးစရာနေရာတစ်ခုအဖြစ် ဗိသုကာပညာရှင်တွေက ဖန်တီးထားသလို၊ ဗလီဆောက်လုပ်ရေးနဲ့ လည်ပတ်ရေးအတွက် သဘာဝပစ္စည်းတွေကိုသာ လေ့လွင်းမှုအနည်းဆုံးနဲ့ အသုံးပြုဖို့ စီစဉ်ထားပါတယ်။
    BeOffice Architects အဖွဲ့က ဗလီကို ၀တ်ပြုရာနေရာတစ်ခုအဖြစ်ထက် ပညာရေး၊ လူမှုရေး
    ပံ့ပိုးကူညီပေးတဲ့နေရာ၊ ပြည်သူလူထုအကြား စုစည်းညီညွတ်စေတဲ့ နေရာတစ်ခုအဖြစ် ရည်ရွယ်ကာ ဒီဇိုင်းဆွဲထားတာလို့ ပြောကြားခဲ့ပါတယ်။
    Ref: Archdaily
  • အာဏာသိမ်းသူများ ဈာပနမလာရန် ဇင်ဘာဘွေအာဏာရှင်ဟောင်း မှာကြားခဲ့
    အာဏာသိမ်းသူများ ဈာပနမလာရန် ဇင်ဘာဘွေအာဏာရှင်ဟောင်း မှာကြားခဲ့
    စက်တင်ဘာ ၉၊ ၂၀၁၉
    M-Media
    -ဇင်ဘာဘွေ အာဏာရှင်ဟောင်း ရောဘတ်မူဂါဘီရဲ့ နောက်ဆုံးဆန္ဒက သူ့ကို ရာထူးကနေ ဖြုတ်ချကာ အာဏာသိမ်းသူတွေ သူ့ရဲ့ ဈာပနအခမ်းအနားကို မတက်ရောက်ဖို့ ဖြစ်တယ်လို့ ဆွေးမျိုးနီးစပ်သူတွေက ပြောပါတယ်။
    အသက် ၉၅ နှစ်အရွယ် မူဂါဘီဟာ ပြီးခဲ့တဲ့တစ်ပတ်က စင်ကာပူမှာ ဆေးကုသမှု ခံယူနေရင်း ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
    ကျန်ရှိတဲ့ရုပ်ကလပ်ကို ဘယ်မှာမြှုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး ဇင်ဘာဘွေအစိုးရနဲ့ မူဂါဘီ မိသားစုအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်နေပါတယ်။ အစိုးရက သူရဲကောင်းဗိမာန်မှာ မြှုပ်နှံဖို့ အလိုရှိနေပေမယ့် မိသားစုက မူဂါဘီရဲ့ဆန္ဒအတိုင်း မိသားစုသုဿာန်မှာ မြှုပ်ချင်နေတာပါ။
    အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ဈာပနအခမ်းအနား ကျင်းပမယ်လို့ ဇင်ဘာဘွေအစိုးရက နိုင်ငံခြားသံရုံးတွေကို စာပို့ထားပေမယ့် ဘယ်မှာမြှုပ်မလဲဆိုတာ မပါဝင်ပါဘူး။
    တိုင်းပြည်ကို နှစ်ပေါင်း ၄၀ နီးပါး အုပ်စိုးခဲ့တဲ့ မူဂါဘီဟာ ဇနီး ဂရေ့စ်ကို သူ့နေရာဆက်ခံဖို့ ဆောင်ရွက်တာကြောင့် ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ တပည့်ဖြစ်သူ လက်ရှိသမ္မတ မန်ဂါဂွါနဲ့ စစ်တပ်တို့ရဲ့ ဖြုတ်ချမှုကို ခံခဲ့ရပါတယ်။
    မူဂါဘီရဲ့ မိသားစုဝင်တစ်ဦးက ရုပ်ကလပ် ဘယ်မှာမြှုပ်နှံရမလဲဆိုတာနဲ့ပတ်သက်လို့ အစိုးရနဲ့ မိသားစုဝင်တွေအကြား ဆွေးနွေးနေဆဲဖြစ်တယ်လို့ အလ်ဂျာဇီးရား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    အခြားဆွေမျိုးတစ်ဦးကလည်း မူဂါဘီနဲ့ မနန်ဂါဂွါတို့အကြား ဆက်ဆံရေးဟာ အာဏာသိမ်းပြီးတဲ့နောက် ဆိုးရွားသွားကြောင်း၊ သူ့ဆီလာရောက်ပြီး ဆွေးနွေးမှု မပြုလုပ်တဲ့အတွက် မူဂါဘီဟာ မနန်ဂါဂွါကို စိတ်ဆိုးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
    မူဂါဘီဟာ ဇင်ဘာဘွေနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုကြောင့် တိုင်းပြည်ရဲ့ ချွတ်ချုံကျပြီး ပြည်သူတွေရဲ့ ပြစ်တင်ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။
    Ref: Aljazeera