News @ M-Media
Blog
  • အိန္ဒိယတွင် နှစ်ပေါင်း ၂၀၀ သက်တမ်းရှိသည့် ဗလီကို ဟိန္ဒူများက ထိန်းသိမ်းပေးထား
    အိန္ဒိယတွင် နှစ်ပေါင်း ၂၀၀ သက်တမ်းရှိသည့် ဗလီကို ဟိန္ဒူများက ထိန်းသိမ်းပေးထား
    စက်တင်ဘာ ၈၊ ၂၀၁၉
    M-Media
    ဘီဟာရ်တွင် ဟိန္ဒူများက ထိန်းသိမ်းပေးထားသည့် ဗလီ
    -အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ်က နှစ်ပေါင်း ၂၀၀ သက်တမ်းရှိတဲ့ ဗလီဝတ်ကျောင်းတော် တစ်လုံးကို ဟိန္ဒူတွေက ထိန်းသိမ်းစောင့်ရှောက်ထားပြီး လူမျိုးရေးပဋိပက္ခတွေ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အိန္ဒိယနိုင်ငံက မတူကွဲပြားစွာညီညွတ်မှု ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။
    နာလန်ဒါခရိုင်က မဒ်ဟီဆိုတဲ့ရွာမှာ မွတ်စလင် တစ်ယောက်မှ မရှိတော့ပေမယ့် ဟိန္ဒူရွာသားတွေက ဗလီမှာ ၀တ်ပြုနိုင်အောင် စီစဉ်ပေးထားပြီး တစ်နေ့ကို ၅ ကြိမ် အာဇန်နိဗ္ဗာန်ဆော်မှုလည်း
    ပြုလုပ်ပေးနေပါတယ်။
    “ကျွန်တော်တို့က ဟိန္ဒူတွေဆိုတော့ အာဇန်ဘယ်လိုပေးရမလဲ မသိဘူးဗျ။ ဒါပေမယ့် အာဇန်သံထည့်ထားတဲ့ pen drive နဲ့ နေ့စဉ် အာဇန်လွှင့်ပေးပါတယ်” လို့ ရွာသားတစ်ဦးဖြစ်သူ ဟန်စ် ကူးမားရ်က ပြောကြားခဲ့ပါတယ်။
    ရွာသားတွေဟာ ဗလီဝတ်ကျောင်းတော်ကိုလည်း ပြုပြင်စောင့်ရှောက်ပေးထားပါတယ်။ အရင်က အဲဒီရွာမှာ အစ္စလာမ်ဘာသာဝင် တော်တော်များများ ရှိခဲ့ပေမယ့် နောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ အခြားဒေသတွေကို ရွှေ့ပြောင်းသွားကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
    “ဗလီကို စောင့်ရှောက်မယ့်လူ မရှိဘူးဗျ။ အဲတော့ ဟိန္ဒူတွေကပဲ လုပ်ပေးရတာပေါ့” လို့ ဗလီဝတ်ကျောင်းတော် စောင့်ရှောက်ရေးမှာ ပါဝင်နေတဲ့ ဂေါက်သမ်က ပြောပါတယ်။
    ဗလီဟာ ဆုတောင်းပြည့်တယ်လို့ ယူဆတဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ ဟိန္ဒူတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
    “ဗလီကို သန့်ရှင်းအောင် လုပ်ပေးထားပြီး မနက်တိုင်း ညနေတိုင်းမှာ ဘုရားဝတ်ပြုဖို့ စီစဉ်ပေးထားပါတယ်။ အခက်အခဲတစ်စုံတစ်ခု ကြုံတွေ့သူတွေ ဒီမှာလာပြီး ဆုတောင်းတာမျိုးလည်း ရှိပါတယ်”
    Ref: Nationalheraldindia
  • ယူကေရှိ မြို့တစ်ခုက ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြု
    ယူကေရှိ မြို့တစ်ခုက ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြု
    စက်တင်ဘာ ၈၊ ၂၀၁၉
    M-Media
    မြို့တော်ကောင်စီရုံးရှေ့တွင် အောင်ပွဲခံမှု
    -အင်္ဂလန်နိုင်ငံ ရှက်ဖီးမြို့ဟာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အခုတစ်ပတ်အတွင်းမှာ အသိအမှတ်ပြုခဲ့ပြီး အခြားမြို့တွေနဲ့ ယူကေအစိုးရကပါ ဒီလိုဆောင်ရွက်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
    အတိုက်အခံ လေဘာပါတီအမတ်တွေ ကြီးစိုးတဲ့ ရှက်ဖီးမြို့ မြို့တော်ကောင်စီဟာ ဗုဒ္ဓဟူးနေ့က ဒီဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုခဲ့တာပါ။ ရှက်ဖီးမြို့ဟာ ယူကေမှာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံးမြို့လည်း ဖြစ်လာပါတယ်။
    မြို့တော်ကောင်စီက ကွန်ဆာဗေးတစ်တွေ ကြီးစိုးတဲ့ လက်ရှိ ယူကေအစိုးရဟာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် လတ်တလော အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတာ သိပေမယ့်၊ ဖိအားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ယူကေဆိုင်ရာ ပါလက်စတိုင်းသံအမတ် ဟူဆမ် ဇွန်လော့က ရှက်ဖီး မြို့တော်ကောင်စီရုံးရှေ့မှာ ပါလက်စတိုင်းအလံလွှင့်ထူကာ အောင်ပွဲခံခဲ့ပါတယ်။
    သမိုင်းဝင်ပါလက်စတိုင်းဒေသကို ဂျူးလက်နက်ကိုင်တွေက ၁၉၄၇ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့ပြီးတဲ့နောက်ပိုင်း ပါလက်စတိုင်းတွေဟာ နိုင်ငံမဲ့ဘ၀ကို ရောက်ခဲ့ပါတယ်။ ပါလက်စတိုင်းတွေဟာ အခုအချိန်အထိလည်း အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခံစားနေရပါတယ်။
    ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ ၅၆ နိုင်ငံကသာ ပါလက်စတိုင်းကို အသိအမှတ်မပြုဘဲ အဲဒီအထဲမှာအစ္စရေးနိုင်ငံထူထောင်ရေး ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ အမေရိကန်နဲ့ ယူကေတို့လည်း ပါဝင်ပါတယ်။
    Ref: Middle East Monitor
  • လတ်တလော ရှမ်းမြောက်တိုက်ပွဲများကြောင့် အရပ်သား ၁၇ ဦးသေဆုံး၊ ၂၇ ဦးဒဏ်ရာရ
    လတ်တလော ရှမ်းမြောက်တိုက်ပွဲများကြောင့် အရပ်သား ၁၇ ဦးသေဆုံး၊ ၂၇ ဦးဒဏ်ရာရ
    စက်တင်ဘာ ၈၊ ၂၀၁၉
    M-Media
    မဟာမိတ် ၃ ဖွဲ့ ဖျက်ဆီးခဲ့သည့် ဂုတ်တွင်းတံတား
    -ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား
    ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အရပ်သားတွေ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဖို့
    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က တိုက်တွန်းလိုက်ပါတယ်။
    သြဂုတ်လ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၇ ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရခဲ့ပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။
    အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ကလည်း ၇၅၀၀ လောက်ရှိနေပြီး ၃၅၀၀ က ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။
    ထိခိုက်ခံစားရသူတွေကို အကူအညီပေးရေး ကားတန်းတွေကို အစိုးရစ်စတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုစလုံးက တားဆီးဟန့်တားမှုတွေ ရှိနေတာကြောင့် အစားအသောက်နဲ့ ဆေးဝါး ပြတ်တောက်မှု ဖြစ်နေတယ်လို့ NGO အဖွဲ့အစည်းတွေက HRW ကို ပြောကြားခဲ့ပါတယ်။
    “အရပ်သားတွေကို အကာအကွယ်ပေးရေးဟာ စစ်ပွဲရဲ့ အဓိကလိုက်နာရမယ့် စည်းကမ်း ဖြစ်တယ်ဆိုတာ အစိုးရစစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင်တွေကပါ အသိအမှတ်ပြုရပါမယ်။ အရပ်သားတွေအပေါ် တရားလက်လွတ် တိုက်ခိုက်တာမျိုး နှစ်ဖက်စလုံးက ရပ်တန့်ပြီး၊ လို အပ်နေတဲ့သူတွေထံ အကူအညီတွေရောက်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ် အဒမ်က ပြောကြားခဲ့ပါတယ်။
    တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က လာရှိုး၊ နောင်ချိုနဲ့
    ပြင်ဦးလွင်တို့က စစ်ဖက်၊ အရပ်ဖက် ပစ်မှတ်တွေကို သြဂုတ်လ ၁၅ ရက်နေ့က တိုက်ခိုက်ပြီးတဲ့နောက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
    Ref: hrw.org
  • ဖိလစ်ပိုင်ရှိ မိုရိုလက်နက်ကိုင်များ ငြိမ်းချမ်းရေးသဘောတူညီချက်အရ လက်နက်စွန့်
    ဖိလစ်ပိုင်ရှိ မိုရိုလက်နက်ကိုင်များ ငြိမ်းချမ်းရေးသဘောတူညီချက်အရ လက်နက်စွန့်
    စက်တင်ဘာ ၈၊ ၂၀၁၉
    M-Media
    လကနက်စွန့်သည့်အခမ်းအနားတွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို တွေ့ရစဥ
    -ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မိုရိုလက်နက်ကိုင်တစ်ချို့ဟာ စက်တင်ဘာ ၇ ရက်နေ့က လက်နက်စွန့်ခဲ့ပြီး ဖိလစ်ပိုင်အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
    မိုရို အစ္စလာမ့်မစ်လွတ်မြောက်ရေးတပ်ဦး (MILF) က တပ်ဖွဲ့ဝင် တစ်ထောင်လောက်ဟာ လက်နက်မျိုးစုံ ၉၄၀ လောက်ကို အပ်နှံခဲ့တာဖြစ်ပါတယ်။ MILF က သူတို့မှာ အဖွဲ့ဝင် ၄ သောင်းလောက်ရှိပြီး လာမယ့်နှစ်တွေမှာ တစ်သုတ်ချင်းစီလက်နက်စွန့်ကာ နိုင်ငံရေးပါတီတစ်ခုအဖြစ် ထူထောင်သွားမယ်လို့ ပြောကြားထားပါတယ်။
    ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက ဌာနေမိုရိုလူမျိုးစုတွေဟာ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်တိုင်ဖန်တီးခွင့် ရဖို့အတွက် ၁၉၇၇ ခုနှစ်ကတည်းက ဖိလစ်ပိုင်အစိုးရကို လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
    နိုင်ငံရေးဆွေးနွေးမှုတွေကိုတော့ ၁၉၇၆ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ Comprehensive Agreement on Bangsamoro (CAB) သဘောတူညီချက်ကို ဖိလစ်ပိုင်အစိုးရနဲ့ မိုရိုခေါင်းဆောင်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
    သဘောတူညီချက်အရ တောင်ပိုင်းပြည်နယ်တွေကို ဖိလစ်ပိုင်အစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်ဖြည်းဖြည်းတိုးမြှင့်ပေးသွားမှာဖြစ်သလို၊ အပြန်အလှန်အားဖြင့် မိုရိုလက်နက်ကိုင်အဖွဲ့ MILF ကလည်း တစ်ဖြည်းဖြည်း လက်နက်စွန့်သွားမှာဖြစ်ပါတယ်။
    မနေ့က လက်နက်စွန့်မှုဟာ ပထမအသုတ်ဖြစ်ပြီး လာမယ့်နှစ်မှာ MILF ရဲ့ အဓိကတပ်ဖွဲ့ လက်နက်စွန့်မှာဖြစ်ပါတယ်။ ကျန်ရှိတဲ့တပ်ဖွဲ့ဝင်တွေက ၂၀၂၂ ခုနှစ် နောက်ဆုံးထားပြီး လက်နက်စွန့်မှာ ဖြစ်ပါတယ်။
    လက်နက်စွန့်သူတွေဟာ ထောက်ပံ့ကြေး ဖိလစ်ပိုင်ပီဆို ၁ သန်း (ကန်ဒေါ်လာ ၁၉၀၀၀) ထောက်ပံ့ကြေး၊ ပညာသင်ဆု၊ ကျန်းမာရေးအာမခံ စတာတွေ ရရှိမှာဖြစ်သလို၊ အရပ်သားစစ်စစ်တစ်ယောက် ဖြစ်လာရေး သင်တန်းပေးဖို့လည်း ဖိလစ်ပိုင်အစိုးရက စီစဉ်ထားပါတယ်။
    ရာဇ၀တ်မှုစွဲချက်တွေ တပ်ခံထားရသူတွေဟာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမှာဖြစ်ပြီး၊ အစိုးရ လုံခြုံရေးတပ်ဖွဲ့ကို ၀င်ရောက်ဖို့ အရည်အချင်းပြည့်မီသူတွေကတော့ ၀င်ရောက် တာဝန်ထမ်းဆောင်နိုင်မယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ငြိမ်းချမ်းရေးအကြံပေး ကာလီတို ဂါလ်ဗက်ဇ်က ပြောကြားခဲ့ပါတယ်။
    Ref: AFP
  • ‘မွတ်စလင်ထုတ် ပစ္စည်းများကိုသာ ရွေးဝယ်ပါ’ လှုပ်ရှားမှုကို မလေးရှားတာဝန်ရှိသူများ ရှုတ်ချ
    ‘မွတ်စလင်ထုတ် ပစ္စည်းများကိုသာ ရွေးဝယ်ပါ’ လှုပ်ရှားမှုကို မလေးရှားတာဝန်ရှိသူများ ရှုတ်ချ
    စက်တင်ဘာ ၈၊ ၂၀၁၉
    M-Media
    -‘တိုင်းရင်းသားတွေထုတ်တဲ့ ပစ္စည်းတွေကိုသာ ၀ယ်ယူအသုံးပြုပါ’ ဆိုတဲ့ တိုက်တွန်းမှုထက် ‘ပြည်တွင်းဖြစ်ပစ္စည်းများကို ၀ယ်ယူအသုံးပြုပါ’ ဆိုတဲ့ ဆော်သြမှုက ပိုမိုကောင်းမွန်ပြီး လူတိုင်း တန်းတူညီမျှ အသက်ရှင်ရပ်တည်ခွင့်ရှိရမယ်ဆိုတဲ့ အခြေခံဥပဒေနဲ့ ကိုက်ညီတယ်လို့ မလေးရှား ကုန်သွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မလေးမွတ်စလင်တွေထုတ်လုပ်တဲ့ ဟာလာလ်ကုန်ပစ္စည်းတွေနဲ့ တိုင်းရင်းသားတွေ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ၀ယ်ယူအသုံးပြုဖို့ မလေးလူမျိုးတွေကို တိုက်တွန်းပြီး၊ မွတ်စလင်မဟုတ်တဲ့သူတွေ ဟာလာလ်ထုတ်ကုန် ထုတ်လုပ်မှုကို ပိတ်ပင်ဖို့ဆော်သြတဲ့ လှုပ်ရှားမှုတစ်ခု မလေးရှား ဆိုရှယ်မီဒီယာမှာ ပေါ်ပေါက်လာခဲ့ပါတယ်။
    မလေးရှားနိုင်ငံသားတွေနဲ့ နိုင်ငံရေးသမားတွေဟာ ဒီပြောဆိုချက်ကို ဝေဖန်ရှုတ်ချခဲ့ပြီး လူမျိုးစုံဘာသာစုံရှိတဲ့ တိုင်းပြည်မှာ သွေးကွဲမှုတွေ ဖြစ်လာစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
    ကုန်သွယ်ရေးဝန်ကြီး ဆိုက်ဖူဒင် နာဆူရှင် အစ္စမာအီလ်က မလေးရှားလို လူမျိုးစုံ၊ ဘာသာစုံရှိတဲ့
    မလေးရှားမှာ ငြိမ်းချမ်းမှုနဲ့ သဟဇာတဖြစ်မှုကို ထိန်းသိမ်းဖို့အတွက် ဒီလို ပြောကြားမှုတွေကို ရှောင်ရှားဖို့လိုပြီး ပြည်တွင်းဖြစ်ပစ္စည်းကို အားပေးတဲ့ လှုပ်ရှားမှုမျိုးသာ ပိုလုပ်သင့်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့တိုင်းပြည်ရဲ့ အနေအထားနဲ့ဆိုရင် မလေးရှားဖြစ်ပစ္စည်းတွေကို အရင်ဝယ်ပါဆိုတဲ့ လှုပ်ရှားမှုမျိုးကိုသာ ပိုပြီး ဦးစားပေးသင့်ပါတယ်။ ‘မလေးတွေထုတ်တာအရင်ဝယ်’ ‘မွတ်စလင်ထုတ်တာ အရင်ဝယ်’ ဆိုတာမျိုး မလိုအပ်ပါဘူး”
    Ref: CNA