News @ M-Media

Blog

  • လပေါ်က ဂြိုဟ်ဆင်းယာဥ်ငယ်ကို  ပြန်အသက်သွင်းဖို့ ကြိုးစားမယ့် ဂျပန်

    လပေါ်က ဂြိုဟ်ဆင်းယာဥ်ငယ်ကို ပြန်အသက်သွင်းဖို့ ကြိုးစားမယ့် ဂျပန်

    ဇန်န၀ါရီ ၂၂၊ ၂၀၂၄

    M-Media 


    -လပေါ်ကိုဆင်းပြီး စက်သတ်ထားရတဲ့ လသွားယာဥ်ငယ်ဟာ နောက်ပိုင်းမှာ ပြန်လည်အသက်၀င်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ဂျပန်အာကာသစူးစမ်းရေး အေဂျင်စီ JAXA က ထုတ်ပြန်ပါတယ်။ 

    ဂျပန်ရဲ့ လစူးစမ်းရေးဂြိုဟ်တုက လသွားယာဥ်ငယ် Moon Sniper ဟာ စနေနေ့မှာ လမျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာပါ။ 

    အဲဒါကြောင့် ဂျပန်ဟာ ကမ္ဘာမှာ လပေါ်ကို စူးစမ်းရေးယာဥ် ဆင်းသက်နိုင်တဲ့ ပဥ္စမမြောက်နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ဒါပေမယ့် ဘတ္ထရီကိုအားသွင်းတဲ့ ဆိုလာဆဲလ်တွေ ပြဿနာကြောင့် ဆင်းသက်ပြီး မိနစ် ၂၀ လောက်မှာပဲ စက်ကို သတ်ထားလိုက်ရပါတယ်။ 

    JAXA က လသွားယာဥ်ငယ်ရဲ့ ဆိုလာဆဲလ်တွေဟာ လက်ရှိမှာ နေရောင်မရတဲ့ အနောက်ဖက်ကို မျက်နှာမူနေတဲ့အတွက် ဘတ္ထရီကို အားမသွင်းနိုင်ဘဲ အား ၁၂ ရာခိုင်နှုန်းနဲ့ စက်ပိတ်ခဲ့ထားရတယ်လို့ ထုတ်ပြန်ပါတယ်။ 

    နောက်ပိုင်း နေရောင်ရတဲ့အခါမှာ စက်ပြန်နှိုးကာ အသုံးပြုနိင်ဖို့ မျှော်လင့်ထားပြီး၊ ဒီအတွက် ပြင်ဆင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ဂျပန်အာကာစူးစမ်းရေး အေဂျင်စီဟာ Moon Sniper လပေါ်ကို ဆင်းသက်စဥ်က အချက်အလက်တွေကို ရရှိထားပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပါတယ်။ 

    ဂျပန်ရဲ့ ဒီစီမံကိန်းဟာ လရဲ့ အတွင်းပိုင်းအလွှာကို လေ့လာစူးစမ်းဖို့ ဖြစ်ပါတယ်။ 

    Ref: Reuters

  • လူ ၁၀၀ မှာ တစ်ယောက်နှုန်း အသတ်ခံနေရတဲ့ ဂါဇာ

    လူ ၁၀၀ မှာ တစ်ယောက်နှုန်း အသတ်ခံနေရတဲ့ ဂါဇာ

    ဇန်န၀ါရီ ၂၂၊ ၂၀၂၄

    M-Media 


    -ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အနည်းဆုံး လူ ၁၉၀ လောက် အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ 

    ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ လူ ၃ သောင်းလောက် ခိုလှုံနေတဲ့ ဒုက္ခသည်စခန်း ၅ ခုကို မနေ့ကတစ်နေ့လုံး အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူ အရေအတွက်ဟာ ၂၅၂၉၅ ဦး ရှိလာပြီဖြစ်ပါတယ်။ 

    ဒဏ်ရာရသူအရေအတွက်က ၆၃၀၀၀ ကျော်ရှိပြီး၊ လူ ၈ ထောင်လောက် အဆောက်အဦးအပျက်အဆီးတွေကြားထဲမှာ ပိတ်မိ ပျောက်ဆုံးနေပါတယ်။ 

    ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းဦးရေ ၂ ဒဿမ ၂ သန်းရှိနေပြီး လူ ၁၀၀ မှာ တစ်ယောက်နှုန်း အသတ်ခံနေရတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အိန္ဒိယနိုင်ငံ အယွဒ္ဓယမြို့တွင် ဟိန္ဒူဘုရားကျောင်းသစ်ကြီး ဖွင့်လှစ်

    အိန္ဒိယနိုင်ငံ အယွဒ္ဓယမြို့တွင် ဟိန္ဒူဘုရားကျောင်းသစ်ကြီး ဖွင့်လှစ်

    ဇန်န၀ါရီ ၂၂၊ ၂၀၂၄

    M-Media 


    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အယွဒ္ဓယမြို့က ဘာဘရီဗလီနေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုကို ၀န်ကြီးချုပ် နာရန်ဒရာမိုဒီက ဒီကနေ့မှာ ဖွင့်လှစ်ပေးလိုက်ပါတယ်။ 

    ရာမနတ်ဘုရားကို ရည်စူးကာ တည်ထားကိုးကွယ်တဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ 

    ဘုရားကျောင်း ဆောက်လုပ်တဲ့နေရာဟာ မဂိုဘုရင် ဘာဘာက ၁၆ ရာစုမှာ တည်ဆောက်ထားတဲ့ ဘာဘရီဗလီ၀တ်ကျောင်းတော် နေရာဖြစ်ပါတယ်။ 

    ၁၉၄၉ ခုနှစ်မှာ ဟိန္ဒူအဖွဲ့တစ်ခုက ရာမနတ်ဘုရား ဆင်းတုတွေကို ဘာဘရီဗလီ၀တ်ကျောင်းတော်ထဲ ၀င်ထားပြီး ဒီနေရာဟာ ရာမနတ်ဘုရား ဖွားမြင်ရာနေရာဖြစ်တယ်လို့ စတင်စွပ်စွဲခဲ့ပါတယ်။ 

    အဲဒီပြဿနာကြောင့် အာဏာပိုင်တွေက ဘာဘရီဗလီမှာ မွတ်စလင်တွေ ၀တ်ပြုခွင့်ကို စတင်ပိတ်ပင်ခဲ့ပါတယ်။ 

    ၁၉၉၀ ခုနှစ်မှာ လက်ရှိအာဏာရ BJP ပါတီက ဗလီနေရာမှာ ရာမဘုရားကျောင်းဆောက်ဖို့ စတင်လှုံ့ဆော်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူလူအုပ်က ဘာဘရီဗလီကို ၀င်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

    နောက်ဆက်တွဲအဖြစ် နိုင်ငံတစ်၀ှမ်း ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းဖြစ်ပွားကာ လူပေါင်း ၂ ထောင်ကျော်လောက် သေဆုံးခဲ့ပါတယ်။ 

    ဘာဘရီဗလီနေရာအတွက် လူ့အဖွဲ့အစည်းနှစ်ခုက တရားရုံးမှာ တိုင်ကြားလျှောက်ထားခဲ့ကြပြီး ၂၀၁၉ ခုနှစ်မှာ ဟိန္ဒူလူ့အဖွဲ့အစည်းက တရားနိုင်ခဲ့ပါတယ်။ 

    ဘာဘရီဗလီကိုဖြိုကာ ရာမနတ်ဘုရားကျောင်းဆောက်ခွင့် တရားရုံးက ပေးခဲ့ပြီး မွတ်စလင်တွေ အစားထိုးဗလီ ပြန်လည်ဆောက်လုပ်နိုင်ရေး မြေနေရာပေးအပ်ဖို့လည်း ဆုံးဖြတ်ပေးခဲ့ပါတယ်။ 

    ဘာဘရီဗလီနေရာက ရာမနတ်ဘုရားကျောင်းကို ၂၀၂၀ ခုနှစ်မှာ အုတ်မြစ်ချခဲ့ပြီး၊ ဒီကနေ့မှာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

    အသစ်ပေါ်ထွက်လာတဲ့ ရာမဘုရားကျောင်းနဲ့အတူ အယွဒ္ဓယမြို့ဟာ ဟိန္ဒူ ဘာသာရေးဆိုင်ရာ အချက်အခြာနေရာတစ်ခု ဖြစ်လာမယ့် အနေအထား ရှိနေပါတယ်။ 

    Ref: Aljazeera 

  • မြန်မာနယ်စပ်ကို ထိန်းချုပ်တော့မယ့် အိန္ဒိယ

    မြန်မာနယ်စပ်ကို ထိန်းချုပ်တော့မယ့် အိန္ဒိယ

    ဇန်န၀ါရီ ၂၁၊ ၂၀၂၄

    M-Media 


    -မြန်မာဖက်က ၀င်လာတာတွေကို တားမြစ်ဖို့အတွက် နယ်စပ်ကို ခြံစည်းရိုးကာမယ်လို့ အိန္ဒိယက ပြောပါတယ်။ 

    အိန္ဒိယနဲ့ မြန်မာတို့ဟာ ကီလိုမီတာ ၁၂၀၀ ကျော်လောက် နယ်မြေခြင်း ထိစပ်နေကြတာပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယဖက်ကို ထွက်ပြေးသူတွေ ပိုမိုများပြားလာတာပါ။  

    တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေရဲ့ အောက်တိုဘာလက စတင်တဲ့ ထိုးစစ်ကြောင့် ရာနဲ့ချီတဲ့ မြန်မာစစ်သားတွေပါ အိန္ဒိယဖက် ထွက်ပြေးခဲ့ရပါတယ်။ 

    နိုင်ငံမြောက်ပိုင်း အာသံပြည်နယ်က တာ၀န်ရှိသူတွေနဲ့ စနနေ့တွေ့ဆုံမှုအတွင်း အိန္ဒိယ ပြည်ထဲရေး၀န်ကြီး အေမစ်ရှားက မြန်မာနဲ့ ကပ်နေတဲ့နယ်စပ်ကို ခြံစည်းရိုး ကာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    “အိန္ဒိယမြန်မာ နယ်စပ်က ပွင့်နေတဲ့ နေရာအားလုံးကို ခြံစည်းရိုးခတ်ဖို့ အစိုးရက ဆုံးဖြတ်ထားပါတယ်”

    ဒီလုပ်ငန်း ဘယ်တော့စတင်မယ်၊ ဘယ်လောက်ကြာမယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ အေမစ်ရှားက ထည့်မပြောခဲ့ပါဘူး။ 

    နှစ်နိုင်ငံ လွတ်လပ်စွာကူးသန်းခွင့် သဘောတူညီချက်ကိုလည်း ရုပ်သိမ်းသွားမယ်လို့ ပြည်ထဲရေး၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The Star 

  • ဂါဇာမှ အစ္စရေး၏လူသတ်ပွဲ အသတ်ခံရသူ ၂၅၀၀၀ ကျော်ပြီ

    ဂါဇာမှ အစ္စရေး၏လူသတ်ပွဲ အသတ်ခံရသူ ၂၅၀၀၀ ကျော်ပြီ

    ဇန်န၀ါရီ ၂၁၊ ၂၀၂၄

    M-Media 


    -ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူ ၁၇၈ ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကို ခံရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၂၅၁၀၅ ဦး ရှိလာခဲ့ပြီဖြစ်ပါတယ်။ အနည်းဆုံး ၉၆၀၀ က ကလေးငယ်တွေပါ။ 

    ဒဏ်ရာရသူအရေအတွက်က ၆၂၆၈၁ ဦး ရှိနေပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် ပြိုကျသွားတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိပျောက်ဆုံးနေသူ ၈ ထောင်ကျော် ရှိနေပါတယ်။  

    ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်း လူဦးရေ  ၂ ဒဿမ ၃ သန်းရှိပြီး ၃ လကျော်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ၈၅ ရာခိုင်နှုန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

    ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရသူတွေက ၁ ဒဿမ ၇ သန်း ရှိနေပါတယ်။ 

    လူနေအိမ်ယာပေါင်း ၃ သိန်း ၆ သောင်းကျော်၊ ပညာရေးအဆောက်အဦး ၃၇၈ ခု၊ ဘာသာရေးအဆောက်အဦး ၂၂၁၊ မုန့်ဖို ၁၁ ဖို စတာတွေကို အစ္စရေးက ဖျက်ဆီးထားပါတယ်။ 

    ဂါဇာမှာ ဆေးရုံပေါင်း ၃၅ ရုံရှိရာမှာ ၁၉ ခုက လုံး၀ ဖျက်ဆီးခံလိုက်ရပြီး ကျန်တဲ့ ၁၆ ခုကလည်း တစ်စိတ်တစ်ပိုင်းသာ လည်ပတ်နိုင်ပါတော့တယ်။ လူနာတင်ယာဥ် ၁၂၂ စီးကိုလည်း အစ္စရေးက တိုက်ခိုက်ခဲ့ပါတယ်။ 

    ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း ၃ လအတွင်း အစ္စရေးက ၃၆၉ ဦးသတ်ဖြတ်ခဲ့ပြီး၊ ဒဏ်ရာရသူအရေအတွက်က ၄၀၀၀ ကျော် ရှိနေပါတယ်။ 

    Ref: Aljazeera