News @ M-Media
Blog
  • အစ္စရေးဒရုန်းများဝင်ရောက်လာမှု အချုပ်အခြာကို ခြိမ်းခြောက်ခြင်းဟု လက်ဘနွန်ပြော
    အစ္စရေးဒရုန်းများဝင်ရောက်လာမှု အချုပ်အခြာကို ခြိမ်းခြောက်ခြင်းဟု လက်ဘနွန်ပြော
    သြဂုတ် ၂၆၊ ၂၀၁၉
    M-Media
    -မြို့တော်ဘေရွတ်တောင်ဘက် ဆင်ခြေဖုံးမှာ အစ္စရေးရဲ့ ဒရုန်းတွေ ရောက်လာတာဟာ တိုင်းပြည်ရဲ့ အချုပ်အခြာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု၊ ဒေသတွင်းတင်းမာမှုတွေ ပိုဖြစ်လာအောင် လှုံ့ဆော်မှု ဖြစ်တယ်လို့ လက်ဘနွန်ဝန်ကြီးချုပ် ဆအဒ် ဟာရီရီက ပြောကြားလိုက်ပါတယ်။
    မနေ့က ဘေရွတ်မြို့ဆင်ခြေဖုံးက မိုအောင်ဝဒ်ရပ်ကွက်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ မီဒီယာဌာနချုပ်ရုံးအနီး အစ္စရေးရဲ့ ဒရုန်း ၂ စီး ပျက်ကျခဲ့တာပါ။ ပထမတစ်စီးဟာ မီဒီယာရုံးရဲ့ ခေါင်မိုးပေါ် ပျက်ကျခဲ့ပြီး အဲဒီတစ်စီးကို ရှာဖွေဖို့ လွှတ်လိုက်တယ်လို့ ယူဆရရဲ့ နောက်ထပ် ဒရုန်းတစ်စီးကတော့ လေပ်ါမှာ ပေါက်ကွဲသွားခဲ့ပါတယ်။
    “ဒီကျူးကျော်မှုအသစ်ဟာ ဒေသတွင်း တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပြီး အခြေအနေတွေကို ပိုဆိုးအောင် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်” လို့ လက်ဘနွန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နာဆာရွလ္လာဟ်ကလည်း ဒီအဖြစ်အပျက်ဟာ အန္တရာယ်ရှိတဲ့ အဖြစ်အပျက်မျိုး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်လို့ အစ္စရေးဖက်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အစ္စရေး စစ်ဖက်လေယာဉ်တွေဟာ လက်ဘနွန်လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ပြီး ဆီးရီးယားက ပစ်မှတ်တွေကို ပုံမှန်လိုလို တိုက်ခိုက်လေ့ရှိပါတယ်။
    လက်ဘနွန်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ဟာ ၂၀၀၆ ခုနှစ်က နယ်စပ်မှာ တစ်လတာကြာမြင့်တဲ့ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ စစ်ဖြစ်နေတဲ့အခြေအနေမျိုး ဖြစ်ပေမယ့် တိုက်ခိုက်မှုတွေတော့ မရှိတော့ပါဘူး။
    Ref: Aljazeera
  • နျူသဘောတူညီချက်ကိစ္စ လမ်းကြောင်းမှန်ပေါ် ရောက်လာသည်ဟု အီရန်ပြော
    နျူသဘောတူညီချက်ကိစ္စ လမ်းကြောင်းမှန်ပေါ် ရောက်လာသည်ဟု အီရန်ပြော
    သြဂုတ် ၂၄၊ ၂၀၁၉
    M-Media
    -နျူကလီးယား သဘောတူညီချက်နဲ့ပတ်သက်ပြီး တင်းမာမှုလျှော့ချရေး ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ရဲ့ အကြံပြုချက်တွေဟာ မှန်ကန်တဲ့ လမ်းကြောင်း ဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။
    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ အဲဒီ နျူသဘောတူညီချက်ကနေ အမေရိကန် ပြီးခဲ့တဲ့နှစ် မေလမှာ နှုတ်ထွက်ခဲ့ပါတယ်။ အီရန်ကတော့ ဒီသဘောတူညီချက် ဆက်လက်တည်တံ့ရေး ဥရောပသမဂ္ဂနဲ့ အခြား လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေက ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိဘူးလို့ ဝေဖန်ထားတာပါ။
    ပြင်သစ်သမ္မတ မာခရွန်က ပြီးခဲ့တဲ့တစ်ပတ်မှာ အီရန်သမ္မတ ဟာဆန်ရူဟာနီနဲ့တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။
    “ပြီးခဲ့တဲ့တစ်ပတ်က သမ္မတမာခရွန်ဟာ သမ္မတ ရူဟာနီကို အကြံပြုတာမျိုးတွေ လုပ်ခဲ့တယ်။ သူတို့ဟာ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း သွားနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီလမ်းကြောင်းပေါ် မရောက်သေးပါဘူး” လို့ မနေ့က ပဲရစ်မှာ မာခရွန်နဲ့တွေ့ဆုံပြီးတဲ့နောက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်က ပြောကြားခဲ့ပါတယ်။
    သူနဲ့ မာခရွန်တို့ရဲ့ တွေ့ဆုံမှုဟာ ကောင်းမွန်ခဲ့ပြီး ဖြစ်နိုင်ချေတွေကို ဆွေးနွေးခဲ့ကြောင်း၊ အခြား ဥရောပနိုင်ငံတွေ၊ အခြားမိတ်ဖက်နိုင်ငံတွေနဲ့ မာခရွန် ဒီကိစ္စကို ဆွေးနွေးမှာဖြစ်ကြောင်း ဇာရစ်ဖ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    အမေရိကန်ဟာ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ပြီးနောက်ပိုင်း အီရန်အပေါ် ပိတ်ဆို့မှုတွေ ပိုမို ပြုလုပ်လာခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေကို ကျော်လွှားပြီး အီရန်နဲ့ ကုန်သွယ်မှု ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့က INSTEX လို့ခေါ်တဲ့ ဘဏ္ဍာရေးလမ်းကြောင်းတစ်ခုကို ဖော်ဆောင်ခဲ့ပေမယ့် သိသိသာသာ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။
    မာခရွန်အပါအ၀င် G7 ခေါင်းဆောင်တွေဟာ မနက်ဖြန် ပြင်သစ်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။
    Ref: Aljazeera
  • ကမ္ဘ္ဘာကြီးရဲ့အဆုတ် မီးလောင်မှုအကြောင်း သိကောင်းစရာ
    ကမ္ဘ္ဘာကြီးရဲ့အဆုတ် မီးလောင်မှုအကြောင်း သိကောင်းစရာ
    သြဂုတ် ၂၄၊ ၂၀၁၉
    M-Media
    -ကမ္ဘ္ဘာကြီးရဲ့ အဆုတ်လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ အမေဇုန်သစ်တောကြီး မီးလောင်နေတာသီတင်းပတ်နဲ့ချီရှိလာပြီး နိုင်ငံတကာက သတိပေးပြောဆိုမှုတွေလည်း ကျယ်လောင်လာပါတယ်။
    အမေဇုန်ဟာ ကမ္ဘ္ဘာပေါ်မှာ အကြီးဆုံး အပူပိုင်းသစ်တောကြီးဖြစ်ပြီး ဘရာဇီးလ်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပြင်သစ်ဂီနီ၊ ဂူယာနာ၊ ပီရူး၊ ဆူရီနမ်နဲ့ ဗင်နီဇွဲလား စတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံမှာ စကွဲယားကီလိုမီတာ ၅ သန်းလောက် ပြန့်နှံ့နေတာပါ။
    ကမ္ဘ္ဘာ့အကြီးဆုံး ကာဘွန်သိုလှောင်ရုံကြီးလည်းဖြစ်ပြီး လူသားတွေထုတ်လွှတ်တဲ့ ကာဘွန် စုစုပေါင်း နှစ် ၁၀၀ စာလောက်ကို စုပ်ယူထားပါတယ်။ ဒါ့ကြောင့် အမေဇုန်ဟာ ကမ္ဘ္ဘာ့ရာသီဥတုကို ထိန်းညှိပေးရာမှာ အလွန်အရေးပါပါတယ်။
    လူသားတွေရှူသွင်းတဲ့ အောက်ဆီဂျင်ရဲ့ ၂၀ ရာခိုင်နှုန်းကို အမေဇုန်က ထုတ်လွှတ်ပေးသလို၊ ကမ္ဘ္ဘာပေါ်မှာ စီးဆင်းနေတဲ့ ရေချို ၂၀ ရာခိုင်နှုန်းကို ထိန်းသိန်းပေးထားပါတယ်။
    ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း အမေဇုန်သစ်တောရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးဟာ ပြုန်းတီးသွားခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ လာမယ့် ၁၀ စုနှစ်တွေအတွင်း ၂၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက် ထပ်မံပြုန်းတီးဖို့ရှိနေပြီး ဒီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို လူသားတွေ သိသိသာသာ ခံစားရမယ်လို့ သတိပေးထားပါတယ်။
    ဘယ်မှာလောင်နေလဲ???
    ဘရာဇီးလ်နိုင်ငံရဲ့ အမေဇုန်သစ်တောကြီးမှာ မီးတွေ လောင်ကျွမ်းနေတာပါ။
    အမေဇိုနက်စ်ပြည်နယ်၊ အက်ရီပြည်နယ်၊ ရွန်ဒိုနီယားပြည်နယ်နဲ့ မာတိုဂရိုဆို ဒို ဆူလ် ပြည်နယ်တွေဟာ အမေဇုန်သစ်တော မီးလောင်မှုဒဏ်ကို အကြီးအကျယ်ခံစားနေရပါတယ်။
    ဘရာဇီးလ် အာကာသ စူးစမ်းရှာဖွေရေးအဖွဲ့ (INPE) က အမေဇုန်သစ်တောမှာ သြဂုတ် ၁၅ ရက်နေ့ကစလို့ မီးလောင်မှုပေါင်း ၉၅၀၀ ကျော်လောက် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မီးခိုးငွေ့တွေကတော့ လက်တင်အမေရိက တစ်ဝိုက်နဲ့ အတ္တလန်တိတ် ကမ်းရိုးတမ်းတွေအထိ ပြန့်နှံ့နေပါတယ်။
    ဘရာဇီးလ်နိုင်ငံရဲ့ အကြီးဆုံးပြည်နယ် အမေဇိုနက်စ်မှာ သြဂုတ်လ ၉ ရက်နေ့ကတည်းက အရေးပေါ်အခြေအနေ ကြေငြာထားရပြီး အက္ကရီပြည်နယ်မှာတော့ သြဂုတ်လ ၁၆ ရက်နေ့မှာ သဘာသပတ်ဝန်းကျင် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
    INPE က အမေဇုန်ဒေသတစ်ဝိုက်က အခြားတိုင်းပြည်တွေမှာလည်း တောမီးလောင်မှုဟာ အရင်နှစ်တွေကထက် သိသိသာသာ များပြားလာတယ်လို့ ဆိုပါတယ။်
    ဘယ်လောက်များလဲ???
    အခုနှစ် ဇန်နဝါရီလကတည်းက ဘရာဇီးလ် အမေဇုန်သစ်တောမှာ မီးလောင်မှုပေါင်း ၇၃၀၀၀ လောက် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့နှစ် အခုလိုအချိန်ကထက် ၈၀ ရာခိုင်နှုန်းကျော် မြင့်တက်လာတာပါ။ ဒါဟာ INPE က လေ့လာမှုစတင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ အမြင့်ဆုံး ပမာဏလည်း ဖြစ်ပါတယ်။
    နာဆာရဲ့ သြဂုတ်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ လက်ရှိ အမေဇုန်သစ်တောမှာ မီးလောင်မှု ပမာဏဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း လောင်းကျွမ်းမှုအားလုံးပေါင်းရဲ့ ပမာဏလောက်ရှိတယ်လို့ ဆိုပါတယ်။
    ဘာ့ကြောင့်လောင်တာလဲ???
    ခြောက်သွေ့ရာသီရောက်ရင် အမေဇုန်သစ်တောမှာ မီးလောင်မှု ပုံမှန်ဖြစ်ပွားပေမယ့် အခုလို မီးလောင်မှု အများအပြား မြင့်တက်လာတာကတော့ လူတွေရဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်ပါတယ်။
    တောင်ယာလုပ်ဖို့၊ ထင်းရဖို့ မီးရှို့မြေရှင်းရာကနေ မီးလောင်ကြတာဖြစ်ပြီး INPE ကလည်း မီးလောင်မှု သိသိသာသာမြင့်တက်လာတာဟာ သဘာဝထက် လူတွေရဲ့ ပယောဂါကြောင့်ဆိုတာ
    အမေဇုန်သစ်တောမှာ မီးလောင်မှုအတွက် လက်ရှိ ဘရာဇီးလ်သမ္မတ ဘိုလ်ဆိုနာရိုလည်း အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။ သစ်တောဒေသအတွင်း တောင်ယာနဲ့ သတ္တုတွင်းလုပ်ငန်းတွေ အုံနဲ့ကျင်းနဲ့ လုပ်ကိုင်ခွင့်ပေးလိုက်တာကြောင့် သစ်တော ခုတ်ထွင်မှုကို မတားဆီးနိုင်တော့တာလို့ ဆိုပါတယ်။ ဘိုလ်ဆိုနာရိုလက်ထက်မှာ အမေဇုန်သစ်တောအတွင်း မီးလောင်မှုက အလွန်အမင်းကို မြင့်တက်လာခဲ့ပါတယ်။
    ဇူလိုင်လအတွင်း ဘရာဇီးလ်အမေဇုန်သစ်တော ဖျက်ဆီးခံရမှုဟာ ၂၇၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
    သမ္မတကတော့ မိုးခေါင်တာလို သဘာဝအကြောင်းအရင်းတွေကို လက်ညှိုးထိုးခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်မှုကို ထိန်းနိုင်ဖို့နဲ့ တရားမ၀င် သစ်တောခုတ်ထွင်မှုကို ရပ်တန့်ဖို့အတွက် မနေ့က စစ်သားတွေ စေလွှတ်လိုက်ရပါတယ်။
    အမေဇုန်ကို မှီခိုသူ ဘယ်လောက်ရှိလဲ???
    အမေဇုန် သစ်တောကြီးမှာ လူနေထိုင်မှုသက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း ၁၁၀၀၀ လောက်ရှိခဲ့ပြီး လူပေါင်း သန်း ၃၀ လောက် မှီတင်းနေထိုင်ကြပါတယ်။ အဲဒီအထဲက ၃ ပုံ ၂ ပုံလောက်က သစ်တောတစ်ဖြစ်လဲ မြို့တွေမှာ နေထိုင်နေကြတာပါ။
    အမေဇုန်မှာ နေထိုင်သူတွေထဲမှာ ၁ သန်းလောက်က ဌာနေမျိုးနွယ်တွေဖြစ်ပြီး စုစုပေါင်း လူမျိုးစု ၄၀၀ လောက် ရှိနေတယ်လို့ ဌာနေမျိုးနွယ်စု အခွင့်အရေးဆိုင်ရာအဖွဲ့ Survival International က ဆိုပါတယ်။
    အများစုက အမေဇုန်သစ်တောတစ်ဝိုက်က ရွာတွေမှာ နေထိုင်ကြပေမယ့် တောတွင်းမှာ ဆက်လက်နေထိုင်သူတွေလည်း ရှိနေပါတယ်။
    လူသားတွေအပြင် အမေဇုန်မှာ သားရိုင်းတိရစ္ဆာန်တွေလည်း မှီတင်းနေထိုင်နေကြပါတယ်။ ကမ္ဘ္ဘာပေါ်မှာ လူသားတွေ သိရှိထားတဲ့ သားရိုင်းတိရစ္ဆာန်မျိုးစိတ်တွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က အမေဇုန်မှာ ရှိနေတာပါ။ သဘာဝဆိုင်ရာ ကမ္ဘ္ဘာ့ရန်ပုံငွေအဖွဲ့ WWF က ပျမ်းမျှ ၃ ရက်တိုင်းမှာ အမေဇုန်သစ်တောအတွင်း တိရစ္ဆာန်နဲ့ အပင်မျိုးစိတ်အသစ်တွေ တွေ့ရှိလေ့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
    ကမ္ဘ္ဘာကြီးက ဘယ်လိုတုန့်ပြန်လဲ???
    အမေဇုန်သစ်တောကြီး မီးလောင်နေတဲ့အတွက် ကမ္ဘ္ဘာကြီးက ဘရာဇီးလ်သမ္မတ ဘိုလ်ဆိုနာရိုကို အဓိကထားပြီး ဝေဖန်ပြစ်တင်နေကြပါတယ်။
    ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်နဲ့ အိုင်ယာလန်ဝန်ကြီးချုပ် လီယိုဗာရဒ်ကာတို့ဆိုရင် ဘရာဇီးလ်အနေနဲ့ အမေဇုန်မီးလောင်မှုကို တားဆီးနိုင်အောင် မလုပ်မချင်း ဥရောပသမဂ္ဂနဲ့ ကုန်သွယ်မှုကို ရပ်ဆိုင်းထားမယ်လို့ သတိပေးခဲ့ပါတယ်။
    သြဂုတ် ၂၅ ရက်နေ့ ပဲရစ်မှာပြုလုပ်ဖို့ရှိနေတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ဒီကိစ္စကို အဓိကထား ဆွေးနွေးဖို့ မာခရွန် တိုက်တွန်းခဲ့ပါတယ်။
    ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်ကတော့ အမေဇုန်သစ်တော မီးလောင်မှုဟာ တကယ့်ကိုအရေးပေါ်ကိစ္စဖြစ်ပြီး G7 ရဲ့ ရည်ရွယ်ချက်နဲ့လည်း သက်ဆိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    နော်ဝေနဲ့ ဂျာမနီနိုင်ငံတို့က အမေဇုန်ထိန်းသိမ်းရေးအဖွဲ့ Amazon Fund အပေါ် ငွေကြေးထောက်ပံ့နေမှုကို အခုလအစောပိုင်းမှာ ရပ်ဆိုင်းခဲ့ပြီး ဘရာဇီးလ်အစိုးရက အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို အလေးမထားတာကြောင့်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
    ဆိုရှယ်မီဒီယာတွေမှာလည်း #PrayForAmazonia and #PrayForAmazon ခေါင်းစဉ်တွေနဲ့ အမေဇုန်သစ်တောကို ကာကွယ်ထိန်းသိမ်းရေး အရှိန်မြှင့် ဆော်သြလာကြပါတယ်။
    Ref: Aljazeera
  • ဥရောပ၌ အကြီးဆုံးနှင့် အလှဆုံး ဗလီကို ရုရှားတွင် ဖွင့်လှစ်
    ဥရောပ၌ အကြီးဆုံးနှင့် အလှဆုံး ဗလီကို ရုရှားတွင် ဖွင့်လှစ်
    သြဂုတ် ၂၄၊ ၂၀၁၉
    M-Media
    အသစ်ဖွင့်လှစ်လိုက်သည့် ‘တမန်တော်မြတ်ဗလီ’
    -ဥရောပမှာ အလှဆုံးနဲ့ အကြီးဆုံး ဗလီလို့ သမုတ်ကြတဲ့ ဗလီသစ်တစ်လုံးကို ရုရှားနိုင်ငံ ချေချင်းညာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာ မနေ့က ဖွင့်လှစ်ခဲ့ပါတယ်။
    ဗလီဝတ်ကျောင်းတော်ဖွင့်ပွဲ အခမ်းအနားကို ချေချင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင် ရမ်ဇာန် ကာဒီရော့ဗ်၊ ပြည်နယ်အစိုးရ အရာရှိတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ ချေချင်းညာ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
    ‘တမန်တော်မြတ်ဗလီ’ လို့ အမည်ပေးထားတဲ့ အဲဒီဗလီကို စကျင်ကျောက်နဲ့ ဆောက်လုပ်ထားတာ ဖြစ်ပြီး ချေချင်းညာမြို့တော် ဂရိုဇနီရဲ့ အပြင်ဘက် ရှာလီမြို့မှာ တည်ရှိတာပါ။ တစ်ချိန်တည်းမှာ လူပေါင်း ၃ သောင်းကျော် ၀တ်ပြုနိုင်ပါတယ်။
    ချေချင်းညာ တာဝန်ရှိသူတွေကတော့ ဒီဗလီဟာ ဥရောပမှာ ‘အကြီးဆုံးနဲ့ အလှဆုံးဗလီ’ ဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။ ဒီဗလီကို ဥဇဘက် ဗိသုကာပညာရှင်က ဒီဇိုင်းဆွဲပေးခဲ့တာပါ။
    ဒေသခေါင်းဆောင် ရမ်ဇာန် ကာဒီရော့ဗ်က ဗလီဟာ ‘ဒီဇိုင်းပိုင်းမှာ ထူးခြားပြီး၊ အရွယ်အစားနဲ့ တင့်တယ်မှုမှာလည်း နန်းဆန်တယ်’ လို့ ဆိုပါတယ်။
    ရုရှားသမ္မတ ဗလီဒီမီရ် ပူတင်က ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်နိုင်မှုကို ဂုဏ်ယူတယ်လို့ဆိုပြီး ဒါဟာ နိုင်ငံနဲ့ ချေချင်းညာဒေသတို့အတွက် ကြီးကျယ်မှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဗလီဝတ်ကျောင်းတော်မှာ ပန်းဥယျာဉ်တွေ၊ ရေပန်းတွေလည်း ပါဝင်ပါတယ်။ ၂၀၀၈ ခုနှစ်ကလည်း လူပေါင်း ၁ သောင်းလောက် ၀တ်ပြုလို့ရတဲ့ ‘ချေချင်းညာနှလုံးသား’ ဆိုတဲ့ ဗလီဝတ်ကျောင်းတော် တစ်လုံးကို မြို့တော် ဂရိုဇနီမှာ ဖွင့်လှစ်ခဲ့ပါတယ်။
    ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် ရုရှားနဲ့ ချေချင်း ခွဲထွက်ရေးသမားတွေအကြား ၂ ကြိမ်တိုင်တိုင် စစ်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ချေချင်းညာဒေသဟာ ပျက်ဆီးခဲ့ရပါတယ်။ လက်ရှိခေါင်းဆောင် ရမ်ဇာန်ကာဒီရော့ဗ်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ မဟာမိတ်တစ်ဦးဖြစ်ပြီး
    ချေချင်းဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။
    Ref: Moscow Times
  • သောကြာနေ့ ဘောလုံးသတင်းများ
    သောကြာနေ့ ဘောလုံးသတင်းများ
    သြဂုတ် ၂၃၊ ၂၀၁၉
    M-Media
    လီဗာပူးလ်တိုက်စစ်မှူဟောင်း တောရက်စ် ဘောလုံးလောကမှ အနားယူ
    ========================
    အက်သလက်တီကိုမက်ဒရစ်၊ လီဗာပူးလ်နဲ့ ချယ်ဆီးအသင်းတို့မှာ ကစားခဲ့ပြီး စပိန်အသင်းနဲ့အတူကမ္ဘ္ဘာ့ဖလား၊ ဥရောပဖလားတွေ ရရှိခဲ့ဖူးတဲ့ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ဟာ ဒီကနေ့မှာဘောလုံးလောကကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီး ဂျပန်ကလပ် Sagan Tosu မှာ ကစားနေတဲ့ တော်ရက်စ်ဟာ ဒီကနေ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ နောက်ဆုံးပွဲကို စားခဲ့ပါတယ်။ သူဟာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ ဇွန်လကတည်းက ကြေငြာထားတာပါ။
    အမုန်းစကားတားဆီးရန် ဆိုရှယ်မီဒီယာကို ဆိုးလ်ရှားတိုက်တွန်း
    =====================
    ဆိုရှယ်မီဒီယာကုမ္ပဏီတွေအနေနဲ့ အွန်လိုင်းမှာ အမုန်းစကား ပြန့်နှံ့နေတာကို တားဆီးဖို့ လိုအပ်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပြီး ကွင်းလယ်လူပေါ့ဘာလူမျိုးရေးခွဲခြားခံရမှုကို တုန့်ပြန်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပရီးမီးယားလိဂ်ကကစားသမား ၃ ဦး အွန်လိုင်းမှာ အကြီးအကျယ် လူမျိုးရေးခွဲခြား ခံခဲ့ရပါတယ်။ ဆိုးလ်ရှားက ဒါမျိုးတွေအတွက် အာဏာပိုင်တွေက တစ်ခုခု လုပ်သင့်တယ်လို့ ဆိုပါတယ်။ ပေါ့ဘာ လူမျိုးရေးခွဲခြားခံရမှုအတွက်မန်ယူကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့၊ မက်ဂွီရီ၊ နောက်ခံလူဟောင်း ဖီးလ်နဗီးလ်တို့ကလည်းဆိုရှယ်မီဒီယာတွေကို လူသိရှင်ကြား ဝေဖန်ခဲ့ကြပါတယ်။
    ပီအက်စ်ဂျီမှ နေးမာကို ကြားဖြတ်ခေါ်ယူရန် ရီးယဲလ် ကြိုးစားလာ
    =====================
    ပီအက်စ်ဂျီကနေ ဘရာဇီးလ်တိုက်စစ်မှူး နေးမာကို ခေါ်ယူဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ အပြင် ဂျိမ်းစ်ရော်ဒရီဂက်စ်၊ ဘေးလ်နဲ့ ဂိုးသမား ကီလာ နာဗက်စ်တို့ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ ရှိနေတယ်လို့ စပိန်မီဒီယာတွေက ဒီကနေ့မှာ ဖော်ပြပါတယ်။ နေးမာကို ဘာစီလိုနာက ပြန်လိုချင်ပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ အဆင်မပြေပါဘူး။ စပိန်အားကစားသတင်းစာ Marca က ရီးယဲလ်တာဝန်ရှိသူတွေဟာ ပဲရစ်ကို ရောက်ရှိနေပြီး
    ဆွေးနွေးမှုတွေလည်း ပြုလုပ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။
    Ref: BBC, Daily Mail