News @ M-Media
Blog
  • မွတ်စလင်များသာ ရာဇ၀တ်မှုကျူးလွန်သည်ဟု အိန္ဒိယရဲ ထက်ဝက်က ထင်မြင်ယူဆနေ
    မွတ်စလင်များသာ ရာဇ၀တ်မှုကျူးလွန်သည်ဟု အိန္ဒိယရဲ ထက်ဝက်က ထင်မြင်ယူဆနေ
    သြဂုတ် ၂၉၊ ၂၀၁၉
    M-Media
    -မွတ်စလင်တွေဟာ ရာဇ၀တ်မှုတွေ ပိုမိုကျူးလွန်တဲ့ သဘာဝရှိတယ်ဆိုတဲ့ အတွေးမျိုး အိန္ဒိယရဲတွေရဲ့ ထက်ဝက်လောက်မှာ ရှိနေတယ်ပြီး၊ သံသယရှိသူကို ရိုက်နှက် စစ်ချက်ယူတာမျိုး လုပ်သင့်တယ်ဆိုတဲ့ တရားသေ အတွေးအခေါ်မျိုးတွေလည်း ရှိနေတယ်လို့ စစ်တမ်းကောက်ယူမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။
    အခုစစ်တမ်းကောက်ယူမှုမှာ နိုင်ငံတစ်ဝှမ်း ပြည်နယ် ၂၁ ခုက ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၂၀၀၀ လောက်ကို မေးမြန်းခဲ့ပြီး ရလဒ်ကို The Status of Policing in India Report: Police Adequacy and Working Conditions ခေါင်းစဉ်နဲ့ အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တာပါ။
    ရဲတပ်ဖွဲ့ဝင် ထက်ဝက်ကျော်လောက်က မွတ်စလင်တွေဟာ ရာဇ၀တ်မှုတွေကို ပိုမိုလုပ်ဆောင်တဲ့ ဗီဇမျိုးရှိတယ်လို့ ပြောခဲ့သလို၊ နွားကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေရဲ့ အုပ်စုဖွဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကလည်း ‘ပုံမှန်ကိစ္စ’ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင် ၃ ပုံတစ်ပုံက ဖြေကြားခဲ့ပါတယ်။
    “တွေ့ရှိချက်တွေထဲကတစ်ချို့ဟာ တော်တော်လေး အံ့သြဖို့ကောင်းပါတယ်။ ဒီလို သဘောထားတွေဟာ သာမန်လူတွေရဲ့ ယူဆချက်မျိုးဖြစ်ပြီး ရဲတွေမှာ ဒီလိုအတွေးမျိုး ရှိလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး” လို့ စစ်တမ်းကောက်ယူမှုမှာ ပါဝင်ခဲ့တဲ့ မန်ဂျက်ရှ် ရာနာက ပြောကြားခဲ့ပါတယ်။
    စစ်တမ်းကောက်ယူမှုဟာ တစ်နှစ်တာ ကြာမြင့်ခဲ့ပါတယ်။
    ဒီလိုအတွေးအခေါ်မျိုးဟာ မြေပြင် ရဲလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိလားနေတယ်ဆိုတာကို
    ခိုင်ခိုင်လုံလုံ မပြောနိုင်ပေမယ့် ဒီလိုအလားအလာမျိုး ရှိတယ်လို့လည်း ရာနာက ထည့်သွင်းဆိုခဲ့ပါတယ်။
    တရားသေအတွေး
    စစ်တမ်းကောက်ယူမှုမှာ ဖြေကြားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က တစ်ခြားပြည်နယ်တွေကနေ ၀င်ရောက်လာတဲ့ အခြေချသူတွေဟာ ရာဇ၀တ်မှု ပိုမိုကျူးလွန်နိုင်တယ်လို့
    ယူဆကြောင်း ဖြေကြားခဲ့ကြပါတယ်။
    ရဲတပ်ဖွဲ့ဝင်တွေရဲ့ အတွေးအမြင်တွေ၊ လုပ်ငန်းခွင် အခြေအနေ၊ ရရှိတဲ့ ရင်းမြစ်တွေ၊ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရာမှာ တွေ့ရှိရတဲ့ အခက်အခဲတွေ စသဖြင့် ရဲလုပ်ငန်း ကဏ္ဍစုံကို ခြုံငုံထားတဲ့ အဲဒီစစ်တမ်းကောက်ယူမှု ပုံစံဟာ အိန္ဒိယမှာ ပထမဆုံးလုပ်ဆောင်တာ ဖြစ်ပါတယ်။
    ကျား၊ မ အခြေပြု အကြမ်းဖက်မှုအဖြစ် တိုင်ကြားမှုတွေဟာ လုပ်ကြံတိုင်ကြားမှုတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင် ၆၀ ရာခိုင်နှုန်းလောက်က ယူဆထားကြပါတယ်။ ရာဇ၀တ်မှုတွေ စစ်ဆေးရာမှာ နိုင်ငံရေးသမားတွေထံကနေလာတဲ့ ဖိအားတွေဟာ အကြီးမားဆုံး အခက်အခဲ ဖြစ်နေတယ်လို့လည်း ၃ ပုံတစ်ပုံနီးပါးက ဖြေကြားခဲ့ပါတယ်။
    ၇၂ ရာခိုင်နှုန်းက နိုင်ငံရေးသြဇာရှိတဲ့သူတွေ ပါဝင်တဲ့ အမှုတွေမှာ နိုင်ငံရေးဖိအားတွေကို ကြုံတွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ အသေးစား ရာဇ၀တ်မှုတွေကို တရားစွဲဆိုတာထက် ပြစ်ဒဏ်အငယ်တွေ ပေးတာမျိုး ပိုသဘောကျတယ်လို့ ရဲတပ်ဖွဲ့ဝင် ၃ ပုံ ၁ ပုံကျော်က ဖြေကြားခဲ့ပြီး၊ အန္တရာယ်ရှိတဲ့ ရာဇ၀တ်ကောင်းတွေကို တရားစွဲဆိုတာထက် သတ်ပစ်လိုက်တာ ပိုကောင်းတယ်လို့ ဖြေကြားသူကတော့ ၅ ပုံ ၁ ပုံ ရှိပါတယ်။
    သံသယရှိသူတွေထံကနေ စစ်ချက်ရအောင် ရိုက်နှက်တာမျိုးဟာ မှားယွင်းတဲ့ လုပ်ဆောင်မှုမျိုး မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ဝင် ၄ ပုံ ၁ ပုံက ယူဆနေကြောင်း စစ်တမ်းကောက်ယူမှုမှာ တွေ့ခဲ့ရပါတယ်။
    Ref: Aljazeera
  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    သြဂုတ် ၂၈၊ ၂၀၁၉
    M-Media
    ဂျရတ်ညီကို အနိုင်ကျင့်ခဲ့သည်ဆိုသည့် သတင်းများကို လီဗာပူးလ် ငြင်းဆို
    =============
    ဂန္တ၀င်ကွင်းလယ်လူဟောင်း ဂျရတ်ရဲ့ ညီဝမ်းကွဲဖြစ်တဲ့ လူငယ်တိုက်စစ်မှူးဘ်ာဘီ ဒူကန်ကို စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လီဗာပူးလ်အသင်းက ငြင်းဆိုလိုက်ပါတယ်။ ဒူကန်ကို စီးရီးအေကလပ်ဖီအိုရင်တီးနားအသင်းက စိတ်ဝင်စားခဲ့ပေမယ့် လီဗာပူးလ်က ကစားသမားရဲ့ဆန္ဒနဲ့ ဆန့်ကျင်ကာ အသင်းမှာ ဆက်ရှိနေစေခဲ့တယ်လို့ ဒူကန်ရဲ့အေးဂျင့် စအစ်ဖ် ရူဘီက ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်ရဲ့
    ထုတ်ပြန်ချက်မှာတော့ ရူဘီရဲ့ ပြောကြားမှုကို ငြင်းဆိုထားပြီး ကစားသမားကိုစိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု လုပ်ဆောင်မှာမဟုတ်သလို၊ တက်လမ်းကိုလည်းဖျက်ဆီးမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။
    မန်ယူသို့ ပြန်လာချင်ကြောင်း အီဗရာဟီမိုဗစ် ဖွင့်ဟ
    ==============
    မန်ယူကအလိုရှိရင် ပြန်လာချင်တယ်လို့ အမေရိကန် မေဂျာလိဂ်ကလပ် အလ်အေဂလက်ဆီအသင်းတိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပြောကြားလိုက်ပါတယ်။ အသက် ၃၇ နှစ်အရွယ် မိုဗစ်ဟာ ၂၀၁၈ ခုနှစ် မတ်လက ဂလက်ဆီအသင်းကို ရောက်ရှိလာပြီး ၄၉ ပွဲကစား ၄၆ ဂိုး သွင်းယူပေးထားပါတယ်။ ၂၀၁၆-၁၇ မန်ယူ ပထမဆုံးရာသီမှာ မိုဗစ်ဟာ ၂၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး နောက်ပိုင်းမှာ ဒူးဒဏ်ရာကို ခံစားခဲ့ရပါတယ်။ အဲဒီနောက် နှစ်ဖက်သဘောတူညီမှုနဲ့ အမေရိကန်ကိုရောက်ခဲ့တာပါ။ မိုဗစ်ကတော့ ပရီးမီးယားလိဂ်မှာ အေးအေးဆေးဆေး ကစားနိုင်သေးတယ်လို့ ဆိုပါတယ်။
    Ref : BBC
  • အာဆီယံ ရေတပ်စစ်ရေးလေ့ကျင့်မှု မြန်မာပါဝင်မည်
    အာဆီယံ ရေတပ်စစ်ရေးလေ့ကျင့်မှု မြန်မာပါဝင်မည်
    သြဂုတ် ၂၈၊ ၂၀၁၉
    M-Media
    -လာမယ့်တစ်ပတ်မှာ ပြုလုပ်မယ့် အာဆီယံ ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ မြန်မာရေတပ် ပါဝင်သွားမယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့မှာ ပြောကြားလိုက်ပြီး ဒီလိုပါဝင်တာဟာ အမေရိကန်က မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ရာရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
    အဲဒီစစ်ရေးလေ့ကျင့်မှုကို ထိုင်းပင်လယ်ကွေ့မှာ စက်တင်ဘာ ၂ ရက်နေ့ စတင်မှာဖြစ်ပြီး အမေရိကန်ရေတပ်လည်း ပါဝင်မှာပါ။
    “အာဆီယံအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လေ့ကျင့်မှုမှာ ပါဝင်ဖို့ ကျွန်တော်တို့ကို ဖိတ်ကြားထားပါတယ်” လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
    လေ့ကျင့်မှုဟာ ရာဇ၀တ်မှု၊ ပင်လယ်ဓားပြမှု တားဆီးရေး၊ ရေကြောင်းလုံခြုံရေးတွေကို အဓိကထားမှာဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြား ထိပ်တန်း စစ်ဖက်အရာရှိ ၃ ဦးကို အမေရိကန်က ခရီးသွားလာခွင့် ပိတ်ပင်ထားတာနဲ့ အခု စစ်ရေးလေ့ကျင့်မှုဟာ သီးခြားစီဖြစ်တယ်လို့ ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “ပိတ်ဆို့မှုက ပုဂ္ဂိုလ်ရေးကိစ္စပါ။ ဒီလေ့ကျင့်မှုက အာဆီယံနဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မှုပါ”
    လေ့ကျင့်မှုဟာ အမေရိကန်ရဲ့ အာဆီယံဒေသနဲ့ ဆက်ဆံမှု တိုးမြှင့်ရေး တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
    ဒီလို လေ့ကျင့်ခြင်းအားဖြင့် ဒေသတွင်းလုံခြုံရေးအတွက် အာဆီယံ နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    Ref: AFP
  • အင်္ဂါနေ့ ဘောလုံးသတင်းများ
    အင်္ဂါနေ့ ဘောလုံးသတင်းများ
    သြဂုတ် ၂၈၊ ၂၀၁၉
    M-Media 
    မန်ယူကွင်းလယ်လူဟောင်း ကန်တိုနာကို Uefa President’s Award ချီးမြှင့်မည်
    ======================
    မန်ယူအသင်းရဲ့ ဂန္တ၀င်ကွင်းလယ်လူ အဲရစ်ကန်တိုနာရဲ့ ပရဟိတလုပ်ဆောင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က Uefa President’s Award ကို လာမယ့် ကြာသာပတေးနေ့ မိုနာကိုမှာ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ 
    မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ FA ဖလား ၂ ကြိမ်ရခဲ့တဲ့ ကန်တိုနာဟာ အသက် ၃၀ အရွယ်၁၉၉၇ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူခဲ့ပြီးတဲ့နောက် ပရဟိတလုပ်ငန်းတွေကို အစဉ်တစ်စိုက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကန်တိုနာဟာ လက်ရှိမှာ အသက် ၅၃ နှစ် ရှိနေပါပြီ။ 
    UEFA ဥက္ကဌ အလက်ဇန်ဒါး ကဖီရင်က ဒီဆုဟာ ကန်တိုနာရဲ့ စားသမားဘ၀ အောင်မြင်မှုကိုသာမကဘဲ၊ သူရဲ့ ဖြစ်တည်မှုကို ဂုဏ်ပြုတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘောလုံးသမားတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးအောင်မြင်မှုကို အသိအမှတ်ပြုတဲ့ Uefa President’s Award ကို အရင်က ဒေးဗစ်ဘက်ခမ်း၊ ဂျိုဟန်ခရိုက်ဖ်၊ ဘောဘီချာလ်တန်၊ ဖရန့်ဇ် ဘက်ကင်ဘောင်ဝါ၊ ဘော်ဘီရော့ဘ်ဆန်နဲ့ ပါဘလို မာလ်ဒီနီတို့လည်း ရရှိခဲ့ဖူးပါတယ်။ 
    နေးမာကို ပြန်ခေါ်ရေး ပီအက်စ်ဂျီနှင့် ဘာကာဆွေးနွေး
    =================
    နေးမာကို ပြန်ခေါ်ရေးအတွက် ဘာစီလိုနာဟာ ဒီကနေ့ ပဲရစ်မှာ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့ပြီး တိုးတက်မှုတွေ ရှိပေမယ့် ဆက်လက်ဆောင်ရွက်စရာတွေ ရှိသေးတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ နေးမာကို ပီအက်စ်ဂျီက ၂၀၁၇ ခုနှစ်မှာ ကမ္ဘ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ နဲ့ ဘာစီလိုနာကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ဘာစီလိုနာက ၁၅၃ သန်းနဲ့ပြန်ခေါ်ဖို့ ကြိုးစားနေတာပါ။ နေးမာကလည်း ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ရေး မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ 
    Ref: BBC
  • အမေဇုန်ကို ကာကွယ်ရေး G7 နိုင်ငံများ ဒေါ်လာ သန်း ၄၀ ကျော် လှူဒါန်း
    အမေဇုန်ကို ကာကွယ်ရေး G7 နိုင်ငံများ ဒေါ်လာ သန်း ၄၀ ကျော် လှူဒါန်း
    သြဂုတ် ၂၇၊ ၂၀၁၉
    M-Media
    -အမေဇုန်သစ်တောကြီး မီးလောင်နေမှုကို တားဆီးနိုင်ရေးနဲ့ ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ကန်ဒေါ်လာ သန်း ၄၀ ကျော် လှူဒါန်းသွားမယ်လို့ G7 နိုင်ငံတွေက မနေ့မှာ ကတိပြု ပြောဆိုလိုက်ပါတယ်။
    ဘရာဇီးလ်က အမေဇုန်သစ်တောကြီးမှာ တောမီးလောင်မှုဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကတည်းက စတင်ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ အခုတစ်ပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မီးလောင်မှု နောက်ထပ် ၁၁၁၃ ခု ဖြစ်ပွားတယ်လို့ ဘရာဇီးလ် အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
    G7 ထိပ်သီးအစည်းအဝေးကို ပြင်သစ်နိုင်ငံမှာ ပြုလုပ်နေတာဖြစ်ပြီး အဖွဲ့အနေနဲ့ အမေဇုန်အတွက် ကန်ဒေါ်လာ သန်း ၂၀၊ ဗြိတိန်နဲ့ ကနေဒါတို့က သီးသန့် ၁၂ သန်းနဲ့ ၁၁ သန်းစီ ထောက်ပံ့ပေးသွားမယ်လို့ ပြောကြားခဲ့တာပါ။ ကနေဒါဟာ မီညှိမ်းသတ်ဖို့အတွက် မီးသတ်လေယာဉ်တွေ လွှတ်ပေးဖို့လည်း ရှိနေပါတယ်။
    ဘရာဇီးလ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး ရီကာဒို ဆာလက်စ်က ဒီလို ကူညီမှုကို ကြိုဆိုကြောင်း ရရှိငွေတွကို ဘယ်လိုအသုံးပြုသွားမလဲဆိုတာ ဘရာဇီးလ်က ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    တောင်အမေရိကက နိုင်ငံပေါင်း ၉ နိုင်ငံလောက်မှာ ပြန့်နှံ့နေတဲ့ အမေဇုန် သစ်တောကြီးဟာ ကမ္ဘ္ဘာ့ ရာသီဥတုကို ထိန်းသိမ်းပေးရာမှာ အဓိကကျတဲ့ သစ်တောကြီး ဖြစ်ပါတယ်။ လူသားတွေ ရှူရှိုက်နေတဲ့ အောက်ဆီဂျင်ရဲ့ ၂၀ ရာခိုင်နှုန်းကို ထုတ်ပေးပြီး ရေချိုရင်းမြစ်ရဲ့ ၂၀ ရာခိုင်နှုန်းကိုလည်း အမေဇုန်က ထိန်းသိမ်းပေးထားပါတယ်။
    ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခုအတွင်း အမေဇုန်သစ်တော ထိန်းသိမ်းကာကွယ်ရေးအတွက် ကမ္ဘ္ဘာ့နိုင်ငံတွေက စုစုပေါင်း ကန်ဒေါ်လာ ၁ ဘီလီယံကျော် လှူဒါန်းခဲ့ကြပါတယ်။ လှူဒါန်းမှု အများစု ပြုလုပ်ခဲ့တဲ့ ဂျာမနီနဲ့ နော်ဝေတို့က ဘရာဇီးလ်အစိုးရဟာ အမေဇုန်ကာကွယ်ရေးကို ကောင်းမွန်စွာ မဆောင်ရွက်နိုင်ဘူးလို့ဆိုကာ လှူဒါန်းမှုကို မကြာသေးခင်ကပဲ ရပ်ဆိုင်းခဲ့ပါတယ်။
    လက်ရှိ ဖြစ်ပွားနေတဲ့ အမေဇုန်သစ်တော မီးလောင်မှုအတွက် ဘရာဇီးလ်သမ္မတ ဘိုလ်ဆိုနာရိုကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။
    Ref: Aljazeera