News @ M-Media

Blog

  • ကယ်လီဖိုးနီးယားတွင် ၂ ရက်အတွင်း အကြိမ် ၈၀ ကျော် ငလျင်လှုပ်

    ကယ်လီဖိုးနီးယားတွင် ၂ ရက်အတွင်း အကြိမ် ၈၀ ကျော် ငလျင်လှုပ်

    ဇူလိုင် ၆၊ ၂၀၁၉
    M-Media

    -ကြာသာပတေးနေ့က ၂၅ နှစ်အတွင်း အပြင်းဆုံးငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ မနေ့က အင်းအားပြင်း ငလျင်တစ်ခု ထပ်လှုပ်ခဲ့ပါတယ်။

    ပြင်းအား ၆.၄ မဂ္ဂနီကျုရှိတဲ့ ကြာသာပတေးနေ့က ငလျင်ကြောင့် ဂက်စ်ပိုက်လိုင်းပေါက်ကာ နေအိမ်နှစ်လုံး မီးလောင်ခဲ့ပြီး၊ လူတစ်ချို့ ဒဏ်ရာရခဲ့ပါတယ်။ အဆောက်အဦးနံရံတွေ အက်ကွဲမှု၊ ကားလမ်းတွေ အက်ကွဲကာ မြေအောက်ရေပိုက်တွေ ပေါက်ပြီး ရေစိမ့်ထွက်မှုလည်း ဖြစ်ပွားခဲ့ပါတယ်။ ငလျင်ဒဏ်ကို လူ သန်း ၂၀ လောက်ခံစားခဲ့ရပြီး လူ ၂၈၀၀၀ လောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

    ဒါဟာ လူ ၅၇ ဦး သေဆုံးပြီး ဒေါ်လာ ဘီလီယံချီ ပျက်စီးဆုံးရှုံးခဲ့တဲ့ ၁၉၉၄ ခုနှစ် ငလျင်နောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ အပြင်းဆုံး ငလျင်လည်း ဖြစ်ပါတယ်။ ကြာသာပတေးနေ့နောက်ပိုင်း နောက်ဆက်တွဲငလျင်ပေါင်း ၈၀ လောက်လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၅.၄ မဂ္ဂနီကျုရှိတဲ့ မနေ့က ငလျင်ဟာ အပြင်းဆုံး ဖြစ်ပါတယ်။

    ငလျင်ဒဏ်ကို အဓိကခံစားခဲ့ရတဲ့ ရစ်ဂ်ျခရက်စ်မြို့ မြို့တော်ဝန် ပစ်ဂျီ ဘရီဒန်က ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို အာဏာပိုင်တွေက ဆန်းစစ်နေပြီး ရှင်းလင်းရေးလုပ်ငန်း၊ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • မဲလ်ဘုန်းမြို့ရှိ တရုတ်သူဖုန်းစားဂိုဏ်းကို သြဇီအာဏာပိုင်များ ဖြိုခွင်း

    မဲလ်ဘုန်းမြို့ရှိ တရုတ်သူဖုန်းစားဂိုဏ်းကို သြဇီအာဏာပိုင်များ ဖြိုခွင်း

    ဇူလိုင် ၅၊ ၂၀၁၉
    M-Media

    မဲလ်ဘုန်းမြို့လယ်ကောင်မှ သူဖုန်းစားတစ်ဦး

    -ငွေကြေးတောင်းရမ်းခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် လုပ်ဆောင်နေတဲ့ ဂိုဏ်းတစ်ခုကို နှိမ်နှင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သြစတေးလျ အာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    အသက် ၆၅ နှစ်ကနေ ၇၂ အကြား ရှိကြတဲ့ အဲဒီ လူ ၇ ဦးဟာ အလည်အပတ် ဗီဇာနဲ့ သြစတေးလျနိုင်ငံထဲကို ၀င်ရောက်လာတာဖြစ်ပြီး မဲလ်ဘုန်းမြို့လယ်ကောင်မှာ ငွေကြေးတောင်းရမ်းတဲ့အလုပ် လုပ်နေကြတာ ဖြစ်ပါတယ်။ အိမ်ခြေမဲ့လို့ပြောပေမယ့် သူတို့တွေမှာ နေထိုင်စရာအိမ်တွေ ရှိတယ်လို့ မဲလ်ဘုန်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    “မဲလ်ဘုန်း မြို့သူမြို့သားတွေရဲ့ သနားကြင်နာမှုကနေ ငွေရှာဖို့ သူတို့ တိုင်းပြည်ထဲ ရောက်လာကြတာပါ။ ကျွန်တော်တို့ ရက်ရောပေမယ့် ဒီလိုလုပ်ရပ်မျိုးကိုတော့ သည်းမခံပါဘူး” လို့ မဲလ်ဘုန်းမြို့ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျွန် တရာဗဂ်လီနီက ပြောကြားခဲ့ပါတယ်။

    ဖမ်းဆီးမှုအတွင်း ငွေသား သြဇီဒေါ်လာ ၁၀၀၀ (ကန်ဒေါ်လာ ၇၀၀)၊ သြဇီဒေါ်လာကို တရုတ်ငွေလဲထားတဲ့ ဖြတ်ပိုင်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ သြစတေးလျနိုင်ငံရဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ ပရော်ဖက်ရှင်နယ် ငွေကြေးတောင်းရမ်းမှုဟာ ရာဇ၀တ်မှုမြောက်ပါတယ်။ ဖမ်းဆီးမှုတွေကို ရဲတပ်ဖွဲ့နဲ့ ကယ်တင်ခြင်းတပ် Salvation Army တို့ ပူးပေါင်းကာ တနင်္လာ၊ အင်္ဂါနေ့တွေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ငွေကြေးတောင်းရမ်းသူတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့လက အွန်လိုင်းမှာ
    ပြန့်နှံ့သွားပြီးတဲ့နောက် မဲလ်ဘုန်းမြို့မှာ ပရော်ဖက်ရှင်နယ် သူဖုန်းစားဂိုဏ်းတွေ ရှိနေမှုကို လူတွေက အာရုံစိုက်လာကြပြီး နောက်ပိုင်းမှာ ဖမ်းဆီးတဲ့အထိ ဖြစ်လာတာ ဖြစ်ပါတယ်။

    ကယ်တင်ခြင်းတပ်က ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ပရော်ဖက်ရှင်နယ် သူဖုန်းစားတစ်ယောက်ဟာ ပျမ်းမျှ တစ်နေ့ကို သြဇီဒေါ်လာ ၄၀၀ လောက် ၀င်ငွေရှိပြီး ဒါဟာ သာမန်အလုပ်သမားတစ်ယောက်ရဲ့ ၆ ရက်လုပ်ခနဲ့ ညီမျှပါတယ်။

    Ref: CNA

  • ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရန် အပင် သန်းပေါင်း တစ်သန်းစိုက်ရမည်

    ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရန် အပင် သန်းပေါင်း တစ်သန်းစိုက်ရမည်

    ဇူလိုင် ၅၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ဖို့အတွက် အထိရောက်ဆုံး နည်းလမ်းဟာ သစ်ပင်ပေါင်း ၁ ထရီလီယံလောက် စိုက်ပျိုးမှု ဖြစ်တယ်လို့ ဆွစ်ဇာလန် သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုမှုကို Science ဂျာနယ်မှာ မနေ့က ဖော်ပြခဲ့တာပါ။ သစ်ပင်ပေါင်း ၁ ထရီလီယံ စိုက်ပျိုးဖို့အတွက် အမေရိကန်နိုင်ငံရဲ့ အကျယ်အ၀န်းလောက် မြေနေရာလိုအပ်ပြီး ဒီအတွက် ကမ္ဘ္ဘာကြီးမှာ နေရာ လုံလုံလောက်လောက် ရှိတယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။

    အဲဒီသစ်ပင်တွေဟာ လာမယ့် ဆယ်စုနှစ်တွေမှာ ကာဘွန်ဒိုင်အောက်ဆိုက် တန်ပေါင်း ဘီလီယံ ၇၅၀ လောက် လေထုထဲကနေ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း လူသားတွေ ထုတ်လွှတ်ခဲ့တဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ ဖြစ်ပါတယ်။

    “ဒီနည်းလမ်းဟာ အခုလက်ရှိနဲ့ နောက်ထပ် နှစ်ပေါင်းများစွာကြာအောင် ဈေးအသက်သာဆုံး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနည်းလမ်း ဖြစ်မှာပါ ” လို့ ဇူးရစ်ခ်ျမြို့အခြေစိုက် နည်းပညာတက္ကသိုလ် Swiss Federal Institute of Technology က ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပညာရှင် သောမတ်စ် ခရိုသာက ပြောကြားခဲ့ပါတယ်။

    သစ်ပစ်တွေစိုက်ပျိုးဖို့အတွက် နေရာအများဆုံးရှိနေတဲ့ တိုင်းပြည်တွေက ရုရှား၊ အမေရိကန်၊ ကနေဒါ၊ သြစတေးလျ၊ ဘရာဇီးလ်နဲ့ တရုတ်နိုင်ငံတို့ ဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ထည့်သွင်း ရေးသားခဲ့ပါတယ်။

    ခရိုသာက သစ်တောထိန်းသိမ်းခြင်ဟာ ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်ရာမှာ အရေးပါတဲ့ နည်းလမ်းတစ်ခုအဖြစ် အရင်က သိရှိခဲ့ပေမယ့် တကယ်တော့ ဒါဟာ လက်ရှိ ရနိုင်သမျှ နည်းလမ်းတွေထဲမှာ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်ဆိုတာကို အခုလေ့လာမှုကနေ တွေ့ရှိခဲ့တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်တွင် ဝီဂါများ ဖိနှိပ်ခံရမှုကိစ္စအတွက် အဖြေတစ်ခု ရှာနိုင်မည်ဟု အာဒိုဂန်ပြော

    တရုတ်တွင် ဝီဂါများ ဖိနှိပ်ခံရမှုကိစ္စအတွက် အဖြေတစ်ခု ရှာနိုင်မည်ဟု အာဒိုဂန်ပြော

    ဇူလိုင် ၅၊ ၂၀၁၉
    M-Media

    ရှင်ကျန်းပြည်နယ် မြို့တော် အူရွမ်ကီမှ မြင်ကွင်း

    -တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဝီဂါမွတ်စလင်တွေကို ကူညီနိုင်ရေး အဖြေတစ်ခု ရှာတွေ့နိုင်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပြီး နှစ်ဖက် ထိလွယ်ရှလွယ်မှုကို ထည့်သွင်း စဉ်းစားရမယ်လို့ ဆိုပါတယ်။

    ဝီဂါတွေကို တရုတ်အစိုးရက ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်ဆောင်နေပြီး ဝီဂါတစ်သန်းလောက် အကျဉ်းစခန်းတွေထဲမှာ နေထိုင်နေရတယ်လို့ ကမ္ဘ္ဘာ့မီဒီယာတွေက ဖော်ထုတ်ခဲ့ကြပါတယ်။ တရုတ်အစိုးရက ဒီသတင်းတွေကို ငြင်းဆိုပြီး အစွန်းရောက်ဝါဒတိုက်ဖျက်ရေး ဆောင်ရွက်တာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရကို ဝေဖန်တဲ့ မွတ်စလင်နိုင်ငံတစ်ချို့မှာ တူရကီလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂါနေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ အာဒိုဂန်ရဲ့ အခုမှတ်ချက်ကတော့ အရင်ကထက် ပိုမို ပျော့ပြောင်းနေပါတယ်။

    “နှစ်ဖက် ထိလွယ်ရှလွယ် ဖြစ်မယ့်ကိစ္စတွေကို ထည့်သွင်းစဉ်းစားပြီး ဒီပြဿနာအတွက် ကျွန်တော်တို့ အဖြေတစ်ခု ရှာတွေ့မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ တရုတ်နိုင်ငံကနေ တူရကီကို
    မပြန်ခင် အာဒိုဂန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ဝီဂါတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုဟာ လူသားထုအတွက် အလွန် အရှက်ရစရာကောင်းပြီး အကျဉ်းစခန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ ဝီဂါတွေဟာ ညှင်းပမ်းမှုတွေ၊ နိုင်ငံရေး ဦးနှောက်ကျင်းမှုတွေ ခံနေရတယ်လို့ တူရကီနိုင်ငံခြားရေး ၀န်ကြီးက ဖေဖော်ဝါရီလမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ တိုင်းရင်းသားလူနည်းစုတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေကြတယ်လို့ အာဒိုဂန်က ပြောကြားကြောင်း တရုတ် နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် တူရကီသတင်းထောက်တွေကို အာဒိုဂန်က ဒီလို ပြောကြားခဲ့ခြင်း မရှိပါဘူး။

    ဝီဂါကိစ္စကို အသုံးချကာ တရုတ်နဲ့ တင်းမာမှု မဖန်တီးဖို့လည်း အာဒိုဂန်က သတိပေးခဲ့ပြီး ဒီလိုလုပ်ရင် တူရကီ-တရုတ် ဆက်ဆံရေးကို ထိခိုက်မှာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့လည်း ဒီလို အသုံးချခွင့်မရအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အရှေ့တာကစ္စတန်ကို ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်သွားမယ်လို့လည်း အာဒိုဂန်က ပြောကြားခဲ့ပါတယ်။ အရှေ့တာကစ္စတန်ဆိုတဲ့အမည်ဟာ ဝီဂါ တက်ကြွလှုပ်ရှားသူတွေ ရှင်ကျန်းပြည်နယ်ကို ခေါ်ဝေါ်တဲ့အမည် ဖြစ်ပါတယ်။

    အာဒိုဂန်ရဲ့ ပြန်ကြားရေး တာဝန်ရှိသူ ဖာရက်တင် အလ်သွန်က သမ္မတရဲ့ အခုခရီးစဉ်ဟာ တရုတ်အစိုးရရဲ့ ဖိတ်ကြားမှုကြောင့် သွားရောက်တာဖြစ်ကြောင်း၊ ဝီဂါတွေအတွက် တစ်ခုတည်းသော ဆန္ဒက ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ရေးဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: Aljazeera

  • ဆော်ဒီမွတ်စလင်များ ပြောပြသည့် ဂျပန်နိုင်ငံက အစ္စလာမ်သာသနာ

    ဆော်ဒီမွတ်စလင်များ ပြောပြသည့် ဂျပန်နိုင်ငံက အစ္စလာမ်သာသနာ

    ဇူလိုင် ၄၊ ၂၀၁၉
    M-Media

    မြို့တော်တိုကျိုမှ ဂျပန်နိုင်ငံ၏ အကြီးဆုံး ဗလီဝတ်ကျောင်းတော် Tokyo Camii

    -ဖူရတ်ဘန်တန်ဟာ ဆော်ဒီ ဘာသာပြန်တစ်ယောက်ဖြစ်ပြီး ဂျပန်မှာ ဘာသာပြန်အဖြစ် လုပ်ကိုင်နေတာ ၁၃ နှစ် ရှိနေပါပြီ။ သူ့ရဲ့ ဘ၀ရည်မှန်းချက်က ရိုးရှင်းပါတယ် – ဂျပန်ဘာသာစကားနဲ့ပတ်သက်ပြီး အကောင်းဆုံး အာရပ် ဘာသာပြန်တစ်ယောက် ဖြစ်လာဖို့၊ အာရပ်ကမ္ဘ္ဘာနဲ့ ဂျပန်နိုင်ငံတို့အကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ဖို့ – ဖြစ်ပါတယ်။

    အရင်ကာ ‘တိုကျို အာရပ် အစ္စလာမ်အသင်း’ မှာ အလုပ်လုပ်ခဲ့တဲ့ ဘန်တန်ဟာ လက်ရှိ လက်ဘနွန်သံရုံးမှာ ဘာသာပြန်တစ်ယောက်အဖြစ် ဆောင်ရွက်နေပါတယ်။ အဲဒီ အာရပ်အစ္စလာမ်အသင်းဟာ ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့ Al-Imam Mohammad ibn Saud တက္ကသိုလ်လက်အောက်မှာ ရှိပါတယ်။ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ဖို့နဲ့ အာရပ်ယဉ်ကျေးမှုအပေါ် နားလည်လာစေရေး မျှော်မှန်းချက်တွေနဲ့ ဆော်ဒီအစိုးရက ဒီအသင်းကို တည်ထောင်ပေးထားတာပါ။

    “ဂျပန်တွေရဲ့ ယဉ်ကျေးမှု၊ ဘာသာတရားကို ပိုမို နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်ချင်ပါတယ်။ ဒါမှသာ ကျွန်တော်ဟာ သူတို့ရဲ့ အတွေးအခေါ်ကို ဆက်စပ်နိုင်ပြီး သူတို့ နားလည် သဘောပေါက်တဲ့ ပုံစံမျိုးနဲ့ အစ္စလာမ့်သင်ကြားမှုတွေကို ဖြန့်ချီနိုင်မှာ ဖြစ်ပါတယ်” လို့ ဘန်တန်က ပြောကြားခဲ့ပါတယ်။

    အစ္စလာမ်သာသနာဟာ ကမ္ဘ္ဘာပေါ်မှာ လိုက်နာကျင့်သုံးမှု အများဆုံး ဘာသာတရားတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘ္ဘာတစ်ဝှမ်း အစ္စလာမ်ဘာသာကို သက်ဝင်သူ ၁.၆ ဘီလီယံလောက် ရှိတယ်လို့ Pew Research Center က ထုတ်ပြန်ထားပါတယ်။

    ဒါပေမယ့် ဂျပန်နိုင်ငံက အစ္စလာမ်ဘာသာဝင် အရေအတွက်ဟာ အခြားသော အရှေ့အာရှ နိုင်ငံတွေနဲ့ယှဉ်ရင် အလွန် နည်းနေပါးသေးတယ်။ မှတ်တမ်း အတိအကျ မရှိပေမယ့် အာဏာပိုင်တွေရဲ့ ထုတ်ပြန်မှုအရ ဂျပန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင် အရေအတွက်ဟာ ၁ သိန်းကနေ ၁၈၅၀၀၀ ကြား ရှိတယ်လို့ သိရပါတယ်။ ဒါဟာ လူဦးရေ ၁၂၆.၈ သန်းလောက်ရှိတဲ့ နိုင်ငံမှာ အလွန်နည်းပါးတဲ့ ပမာဏ ဖြစ်ပြီး ၀.၁ ရာခိုင်နှုန်းအောက်သာ ရှိနေတာပါ။

    အရေအတွက် နည်းပေမယ့် ဂျပန်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်မှုကတော့ ခိုင်မာလှပါတယ်။ အစ္စလာမ့်ရေးရာ သင်ကြားမှုတွေနဲ့ ၀တ်ပြုဆုတောင်းမှုတွေကို ဆောင်ရွက်ဖို့ အသင်းအဖွဲ့ တော်တော်များများ ဂျပန်နိုင်ငံမှာ ရှိနေပြီး ထင်ရှားတဲ့ အဖွဲ့တွေကတော့ Japan Islamic Trust၊ Islamic Center of Japan နဲ့ Nippon Asia Halal Association
    တို့ ဖြစ်ပါတယ်။

    ဂျပန်နိုင်ငံတစ်ဝှမ်းမှာ ဗလီဝတ်ကျောင်းတော်ပေါင်း ၂၀၀ ကျော်ရှိပြီး ဗလီအသွင်သဏ္ဍာန် အပြည့်အ၀ရှိတဲ့ Tokyo Camii ဗလီကနေ၊ ရပ်ကွက်၊ တက္ကသိုလ်က ၀တ်ပြုဆောင်တွေ၊ လေဆိပ်၊ ကားဂိတ်တို့က ၀တ်ပြုဆောင်တွေအထိ အရွယ်အစားမျိုးစုံ ရှိနေပါတယ်။

    မြို့ပြနဲ့ ဝေးကွာတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ ၀တ်ပြုဖို့ အဆင်ပြေစေရေးအတွက် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှား မွတ်စလင်တွေဟာ ဗလီဝတ်အသေးလေးတွေ ဆောက်လုပ်ဖို့ ရန်ပုံငွေ မတည် ကောက်ခံနေတာတွေလည်း ရှိပါတယ်။

    တိုကျို အာရပ်အစ္စလာမ်အသင်းက အာရဘီ ဘာသာစကား စိတ်ဝင်စားတဲ့ ဂျပန်တွေကို အခမဲ့ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ဘန်တန်က လူတွေ ထင်ထားတဲ့ အရေအတွက်ထက်ပိုပြီး ဂျပန်တွေ ဒီသင်တန်းကို လာတက်ကြောင်း၊ ယနေ့ခေတ် နိုင်ငံရေး အခင်းအကျင်းမှာ ဂျပန်ပြည်သူတွေဟာ အစ္စလာမ်သာသနာအပေါ် ပိုပြီး စိတ်ဝင်စားလာကြောင်း ပြောကြားခဲ့ပါတယ်။

    ဒေသတွင်း အစ္စလာမ့်အသင်းအဖွဲ့တွေထံမှာ အစ္စလာမ်အကြောင်း လေ့လာခဲ့တဲ့ ဂျပန်လူမျိုးတစ်ချို့ နောက်ပိုင်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်လာကြတယ်လို့လည်း သူက ဆိုပါတယ်။

    “အာရပ်အစ္စလာမ်အသင်းမှာ ကျွန်တော် အလုပ်လုပ်တုန်းက တစ်ပတ်ကို လူ ၂ ယောက်၊ ၃ ယောက် အစ္စလာမ်ကို သက်ဝင်လာကြတာ တွေ့ခဲ့ရပါတယ်။ အခုအချိန်မှာ အစ္စလာမ်သာသနာကို ကျွမ်းကျင်တဲ့ ဂျပန်လူမျိုး တရားဟောဆရာ ရှိလာတဲ့အတွက်ကြောင့် ဒီအရေအတွက်က ဆပွားတိုးတက်လာပါတယ်”

    ဂျပန်နိုင်ငံက သေးငယ်လှတဲ့ အစ္စလာမ်ဘာသာဝင် အသိုင်းအဝိုင်းဟာ နိုင်ငံတစ်ဝှမ်း အစ္စလာမ့်သတင်းစကား ပြန့်နှံ့ဖို့အတွက် လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါတယ်။ အခြား အရှေ့အာရှနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် ဂျပန်နိုင်ငံကို အစ္စလာမ်သာသနာ ရောက်ရှိလာမှုဟာ တော်တော်လေး ကွဲပြားပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် တမန်တော် မိုဟမ္မဒ်ကို မှီလိုက်တဲ့ သာဝကကြီးတွေရဲ့ တရားဟောကြားမှုကြောင့် အစ္စလာမ်သာသနာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက ပြန့်နှံ့နေခဲ့ပြီး ဖြစ်ပါတယ်။

    ဂျပန်နိုင်ငံကို အစ္စလာမ်နဲ့ ပထမဆုံး မိတ်ဆက်ပေးခဲ့သူက ၉ ရာစုမှာ ရောက်လာတဲ့ ပါရှန် ပထဝီဗေဒပညာရှင် အစ်ဗနေ့ ခိုရ်ဒါဘတ် ဖြစ်တယ်လို့ ပြောစမတ် ရှိပါတယ်။ ဒါပေမယ့် တာ့က်-တာတာ မွတ်စလင်တွေ ရုရှားရဲ့ ဖိနှိပ်မှုကြောင့် ဂျပန်နိုင်ငံမှာ ခိုလှုံခဲ့ရတဲ့ Bolshevik တော်လှန်ရေးနောက်ပိုင်းမှသာ ဂျပန်နိုင်ငံမှာ အစ္စလာမ်ဘာသာ သိသိသာသာ ထွန်းကားလာခဲ့တာပါ။ ခိုလှုံလာသူတွေထဲက အချို့ဟာ ဒေသခံ ဂျပန်ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံလာရာကနေ အစ္စလာမ်သာသနာကို ဟောကြား ဖြန့်ဖြူးခဲ့ကြတာ ဖြစ်ပါတယ်။

    ဂျပန်နိုင်ငံက အစ္စလာမ်သာသနာသမိုင်းမှာ ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုက ၁၉၆၈ ခုနှစ်မှာ ဂျပန်လူမျိုး အစ္စလာမ်ဘာသာဝင် ရိုအီချီ မီတာက ကုရ်အာန်ကျမ်းတော်မြတ်ကို ဂျပန်ဘာသာ ပြန်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက္ကာအခြေစိုက် ကမ္ဘ္ဘာ့မွတ်စလင်လိဂ်က အတည်ပြုပေးခဲ့ပြီးတဲ့နောက် ၁၉၇၂ ခုနှစ်မှာ ဂျပန်ဘာသာနဲ့ ကုရ်အာန်ကျမ်းစာကို ပထမဆုံး ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ပါတယ်။

    ခေတ်သစ်ဂျပန်ပြည်ဟာ အစ္စလာမ်ကမ္ဘ္ဘာနဲ့ စီးပွားရေးဆက်ဆံမှု ကျယ်ကျယ်ပြန့်ပြန့် ရှိလာပါတယ်။ ဂျပန်နဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံရဲ့ နှစ်စဉ် ကုန်သွယ်မှုပမာဏ တစ်ခုတည်းတင် အမေရိကန်ဒေါ်လာ ၂၆.၆၇ ဘီလီယံ ရှိနေပါတယ်။ ဆော်ဒီအတွက် ဂျပန်ဟာ အကြီးမားဆုံး သွင်းကုန်မိတ်ဖက်နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးနိုင်ငံ၊ ကုန်သွယ်မှု တတိယအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။

    ဂျပန် မွတ်စလင်တို့၏ ဘဝ

    ဒီကနေ့ ဂျပန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုဟာ ဘယ်လိုရှိမလဲ။ ဂျပန်မှာ နေထိုင်နေတာ ၁၂ တာ ကြာမြင့်ပြီဖြစ်တဲ့ ဆော်ဒီနိုင်ငံသား အဘ်ဒူလ် အဇစ် အလ် ဖိုရီက အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်ရခြင်းအတွက် ဂျပန်မှာ ထွေထွေထူးထူး အခက်အခဲ မရှိဘူးလို့ ပြောပါတယ်။ ဂျပန်တွေဟာ ဘာသာရေးလို ကိစ္စတွေနဲ့ပတ်သက်ပြီး တစ်စိမ်းတွေနဲ့
    ပြောဆိုတာမျိုး မရှိတဲ့အတွက် ဖြစ်မယ်လို့ သူက သုံးသပ်ပါတယ်။

    “ခင်ဗျားက ဘာသာတရားတစ်ခုခုကို လိုက်နာကျင့်သုံးနေပြီဆိုရင် သူတို့က ဒီဘာသာကို လက်ခံခံ၊ မခံခံ သိပ်ကို အလေးထားပါတယ်။ အပြင်တွေဘာတွေသွားလို့ ထောင့်တစ်နေရာမှာ ကျွန်တော် ဘုရားဝတ်ပြုလို့ရှိရင်လည်း ဘယ်သူမှ ဘာမှ မပြောကြပါဘူး”

    အလ်ဖိုရီဟာ နီပွန် နည်းပညာတက္ကသိုလ်ကနေ မဟာဘွဲ့ရရှိကာ ဂျပန်နိုင်ငံမှာ နေထိုင်နေသူပါ။ ဂျပန်လူမျိုးတစ်ချို့နဲ့ပေါင်းပြီး ကုမ္ပဏီတစ်ခုလည်း သူက ထူထောင်ထားပါတယ်။

    ဟာလာလ်အစားအသောက်ကတော့ ရှာဖို့ခက်တယ်လို့ သူက ပြောပါတယ်။ ဂျပန်စကားပြောတတ်ရင် ရှာရတာ လွယ်ကူပေမယ့် ခရီးသွားနေရာမဟုတ်ရင် အင်္ဂလိပ်ကစကားပြောတဲ့ သူတွေအတွက် ရှာရတာ ခက်တယ်လို့ ဆိုပါတယ်။

    “ဂျပန်စကားပြောတတ်တယ်ဆိုရင်တော့ ဟာလာလ် အစားအသောက် ရှာစားရတာ သိပ်လွယ်ပါတယ်”

    နားလည်မှု အလွဲ

    ဂျပန်နိုင်ငံမှာ သတိပြုမိတာတစ်ခုက ဂျပန်မီဒီယာတွေဟာ အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီး ရှုထောင့်အမှားကနေ ဖော်ပြတာ ဖြစ်တယ်လို့ အလ်ဖိုရီက ပြောပါတယ်။ ဂျပန်တွေရဲ့ အဓိက အစားအသောက် ၂ မျိုးဖြစ်တဲ့ ၀က်သား၊ အရက်တွေကို မွတ်စလင်တွေက မစားမသောက်တာနဲ့ပတ်သက်ပြီး ဝေဖန်ဖော်ပြတာတွေ၊ ဆော်ဒီအမျိုးသားတိုင်းဟာ မိန်းမ ၄ ယောက်ယူကြတယ်ဆိုတဲ့ ဖော်ပြချက်မျိုးတွေကြောင့် လူတွေမှာ အသိပညာ ရမယ့်အစား လှုံ့ဆော်မှုတွေ ဖြစ်စေတယ်လို့ အလ်ဖိုရီက ထောက်ပြပါတယ်။

    “ဒီလို အထင်မှား အမြင်မှားတွေကို ကိုယ့်ဘက်ကတော့ နိုင်သလောက် ဖြေရှင်းပေးနေတာပဲ။ ထိရောက်မယ်လို့ မျှော်လင့်ပါတယ်”

    ဂျပန်မှာ ရမ်ဇာန်ဥပုသ်လဆိုရင် ဆော်ဒီထက်ပိုပြီး သက်တောင့်သက်သာဖြစ်တယ်လို့ အလ်ဖိုရီက ပြောပါတယ်။

    “ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေက မွတ်စလင်ဘာလဲဆိုတာ သိကြတယ်။ ကျွန်တော် ဥပုသ်စောင့်ပြီဆိုရင် လုပ်ဖော်ကိုင်ဖက်တွေက စိတ်ဝင်တစားနဲ့ မေးကြ မြန်းကြတယ်။ လိုက်လုပ်ကြည့်ကြတယ်။ အလုပ်တွေများနေတော့ အချိန် ဘယ်လိုကုန်လို့ ကုန်မှန်းတောင် ကျွန်တော် မသိလိုက်ဘူး”

    ဒါပေမယ့် ဝါကျွတ်အီးဒ်ပွဲတော် ဆင်နွှဲတဲ့အချိန်မှာတော့ အိမ်ကို လွမ်းမိတယ်လို့ အလ်ဖိုရီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Arab News

    (Arab News သတင်းဌာနတွင် ဖော်ပြထားသည့် Japan-Islam ties in focus as Saudi Crown Prince tours G20 host country ဆောင်းပါးကို လေးမောင်က ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)