News @ M-Media

Blog

  • ပရိတ်သတ်အသည်းစွဲ ကစားသမား ဖရန့်လမ်းပတ်ကို ချယ်ဆီးက နည်းပြခန့်

    ပရိတ်သတ်အသည်းစွဲ ကစားသမား ဖရန့်လမ်းပတ်ကို ချယ်ဆီးက နည်းပြခန့်

    ဇူလိုင် ၄၊ ၂၀၁၉
    M-Media

    -အသင်းမှာ ၁၇ နှစ်ကြာ ကစားခဲ့ပြီး ပရိတ်သတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တယ်လို့ ချယ်ဆီးအသင်းက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ချယ်ဆီးနည်းပြ မောင်ရီဇီယို ဆာရီဟာ ယူရိုဖလား ဗိုလ်စွဲပြီးနောက်မှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေငြာခဲ့ပြီး လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ ဆာရီဟာ ချယ်ဆီးမှာ တစ်နှစ်သာ ကြာမြင့်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို များများစားစား မရခဲ့ပါဘူး။

    “ချယ်ဆီးအသင်းကို နည်းပြချုပ်အဖြစ် ပြန်လာခွင့်ရတဲ့အတွက် အရမ်း ဂုဏ်ယူမိပါတယ်။ အသင်းကို ကျွန်တော် ဘယ်လောက်ချစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အသင်းနဲ့လည်း ကျွန်တော်ဟာ သမိုင်းတွေ ရေးထိုးခဲ့ဖူးပါတယ်။ ဒါ့ပေမယ့် လက်ရှိ ကျွန်တော့်တာဝန်ကို အဓိက အာရုံစိုက်မှာဖြစ်ပြီး လာမယ့်ရာသီအတွက် ပြင်ဆင်သွားပါမယ်” လို့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီးတဲ့နောက် ဖရန့်လမ်းပတ်က ပြောကြားခဲ့ပါတယ်။

    အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ နည်းပြဘ၀ကို ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနဲ့ မနှစ်က စတင်ခဲ့တာဖြစ်ပြီး ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဘီအသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရေး ရှုံးထွက်ပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်လုပွဲရောက်မှ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

    လမ်းပတ်က ချယ်ဆီးအသင်းအတွက် အစွမ်းကုန် ကြိုးစားအားထုတ်ကာ အောင်မြင်မှုရအောင် စွမ်းဆောင်သွားမှာဖြစ်ပြီး၊ ရာသီသစ်စတင်ဖို့ မစောင့်နိုင်တော့ဘူးလို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာနိုင်ငံတွင် H1N1 ကြောင့် သေဆုံးသူ ၂၆ ဦး ရှိလာ

    မြန်မာနိုင်ငံတွင် H1N1 ကြောင့် သေဆုံးသူ ၂၆ ဦး ရှိလာ

    ဇူလိုင် ၄၊ ၂၀၁၉
    M-Media

    -ဇွန်လ ဒုတိယပတ်ကနေ ဇူလိုင် ၃ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း ရာသီတုပ်ကွေး H1N1 ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၆ ဦး ရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ရောဂါ ကူးစက်နေတယ်လို့ သံသယရှိသူ ၃၈၅ ဦးကို စစ်ဆေးရာမှာ ၁၁၄ ဦး ရောဂါကူးစက်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ H1N1 ကြောင့် သေဆုံးမှု အများဆုံးက ရန်ကုန်တိုင်းဒေသကြီးမှာဖြစ်ပြီး ၂၂ ဦးအထိ ရှိနေပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးက သေဆုံးသူအများစုဟာ နာတာရှည်ရောဂါအခံ ရှိတာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သေဆုံးသွားသူတွေရဲ့ ၃ ပုံ ၂ ပုံလောက်မှာ နာတာရှည် ကျန်းမာရေး ပြဿနာတွေ ရှိနေတာပါ။ သူတို့ရဲ့ ကိုယ်ခံစွမ်းအားဟာ အားနည်းလွန်းတာကြောင့် လွယ်လွယ်ကူကူနဲ့ ရောဂါ ကူးစက်တာပါ။ ဆီးချို၊ သွေးတိုး၊ နှလုံးနဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါ ရှိတဲ့သူတွေဟာ (H1N1 ကူးစက်ပြီးတဲ့နောက်) အသက်ဆုံးရှုံးဖို့အန္တရာယ် ပိုမို မြင့်မားပါတယ်”

    ၂၀၁၇ ခုနှစ်အတွင်း H1N1 သံသယရှိသူ ၁၁၆၅ ဦးကို စစ်ဆေးရာမှာ ၄၀၆ ဦး ကူးစက်နေတာကို တွေ့ခဲ့ရပြီး လူ ၃၀ သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရောဂါကူးစက်နေသူ ၁၃ ဦးရှိခဲ့ပြီး သေဆုံးမှု မရှိဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • တောင်တရုတ်ပင်လယ်တွင် တရုတ်က ဒုံးကျည်စမ်းသပ်မှု အမေရိကန် ဝေဖန်

    တောင်တရုတ်ပင်လယ်တွင် တရုတ်က ဒုံးကျည်စမ်းသပ်မှု အမေရိကန် ဝေဖန်

    ဇူလိုင် ၃၊ ၂၀၁၉
    M-Media

    -အငြင်းပွား တောင်တရုတ်ပင်လယ်မှာ တရုတ်က ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအတွက် စိတ်ပျက်မိပြီး ဒါဟာ ပိုင်နက်အငြင်းပွားနေတဲ့ ဒေသမှာ စစ်ဖက်ဆိုင်ရာနေရာ မလုပ်ဘူးဆိုတဲ့ ကတိက၀တ်တွေကို ဆန့်ကျင်ရာရောက်တယ်လို့ အမေရိကန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကုန်သွယ်ရေးစစ်ပွဲ၊ စီးပွားရေးပိတ်ဆို့မှုနဲ့ ထိုမ်ဝမ်ကိစ္စတွေအပါအ၀င် တရုတ်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ အဓိက အကြောင်းအရာတွေထဲမှာ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စလည်း ပါဝင်ပါတယ်။ တရုတ်ဟာ ဘရူးနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့အပါအ၀င် ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ တောင်တရုတ်ပင်လယ်မှာ
    ပိုင်ဆိုင်မှု အငြင်းပွားနေတာပါ။

    အငြင်းပွားကျွန်းတစ်ချို့မှာ စစ်ဖက်ဆိုင်ရာ အဆောက်အဦးတွေ ဆောက်လုပ်တာ၊ ကျွန်းအတုတွေ ဆောက်လုပ်တာတွေကို တရုတ်က လုပ်ဆောင်နေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နဲ့ မကြာခဏ အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ ရှိနေပါတယ်။

    အမေရိကန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဒေ့ဗ် အီတ်စ်ဘန်းက တရုတ်ဟာ အငြင်းပွား Spratly ကျွန်းမှာ ပြီးခဲ့တဲ့တစ်ပတ်က သင်္ဘောဖျက်ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့တယ်ဆိုတာကို မိမိတို့ သိရှိခဲ့ကြောင်း၊ ဒါဟာ ဒေသတွင်း ငြိမ်းချမ်းအောင် ဆောင်ရွက်ချင်တဲ့ဆိုတဲ့ တရုတ်ရဲ့ ပြောကြားမှုတွေနဲ့ ကွဲလွဲကာ အငြင်းပွားနေတဲ့ အခြားနိုင်ငံတွေကို စိန်ခေါ်တာမျိုး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    တရုတ်က တောင်တရုတ်ပင်လယ်မှာ ဒုံးကျည် စမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်းကို NBC သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပြီး၊ တရုတ်အစိုးရကတော့ ဒီအတွက် မှတ်ချက်မပေးသေးပါဘူး။

    Ref: Reuters

  • ရခိုင်ပြည်နယ်တွင် စစ်ရာဇ၀တ်မှု ထပ်ရှိလာနိုင်သည်ဟု ယန်ဟီးလီပြော

    ရခိုင်ပြည်နယ်တွင် စစ်ရာဇ၀တ်မှု ထပ်ရှိလာနိုင်သည်ဟု ယန်ဟီးလီပြော

    ဇူလိုင် ၃၊၂၀၁၉
    M-Media

    မြောက်ဦးတွင် အစိုးရစစ်တပ်၏ ဖမ်းဆီးစစ်ကြောမှုအတွင်း သေဆုံးသွားခဲ့သည့် ရခိုင်အမျိုးသားတစ်ဦး၏ ဈာပန (Photo credit – Irrawaddy)

    -နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ကျူးလွန်မှုတွေဟာ စစ်ရာဇ၀တ်မှုမြောက်နိုင်တယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်းဟီလီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်မှုနောက်ပိုင်း အစိုးရတပ်ရဲ့ စစ်ဆင်ရေးတွေမှာ စစ်ရာဇ၀တ်၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ရှိခဲ့တယ်လို့ ကုလက ပြောကြားခဲ့ပြီး၊ အခု ဒုတိယအကြိမ် ဒီလိုပြောကြားမှု ထွက်ပေါ်လာတာပါ။

    ၂၀၁၇ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်မြေရှင်းလင်းရေးမှာ အစိုးရတပ်ဖွဲ့တွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့တာ၊ ‘လူမျိုးတုန်းစေလိုတဲ့ ရည်ရွယ်ချက်’ နဲ့ သတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့လည်း ကုလက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၈ သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ARSA စစ်သွေးကြွတွေကိုသာ တိုက်ခိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    AA နှင့် တိုက်ပွဲ

    ၂၀၁၈ ခုနှစ် နှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်လာခဲ့ပြီး အရပ်သားတွေ သေဆုံးမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေလည်း ရှိခဲ့ပါတယ်။

    ဇွန်လ ၂၂ ရက်နေ့မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အင်တာနက် ၀န်ဆောင်မှုကို ဖြတ်တောက်ဖို့ အစိုးရက ဆက်သွယ်ရေးလုပ်ငန်းတွေကို အမိန့်ပေးခဲ့ပြီး “အင်တာနက်ကို အသုံးပြုပြီး တရားမ၀င်လုပ်ငန်းတွေမှာ ပါဝင်နေတာ၊ ငြိမ်းချမ်းရေးအတွက် အနှောက်အယှက်ဖြစ်စေတာတွေကြောင့်” ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလို အင်တာနက် ပိတ်ပင်မှုကို အခွင့်ကောင်းယူကာ အစိုးရစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်လာနိုင်တယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုစားလှယ် ယန်းဟီးလီက ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် အစိုးရစစ်တပ်နဲ့ AA တို့ရဲ့ ကျူးလွန်မှုတွေဟာ စစ်ရာဇ၀တ်မှု မြောက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်လို့လည်း ယန်ဟီးလီက လူ့အခွင့်အရေးကောင်စီမှာ မနေ့က ထပ်မံ ပြောကြားခဲ့ပါတယ်။

    “ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်းတို့မှာ ပြီးခဲ့တဲ့လတွေအတွင်း AA နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အရပ်သားတွေကတော့ ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားနေရပါတယ်။ တပ်မတော်နဲ့ AA တို့ရဲ့ လုပ်ရပ် တော်တော်များများဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေပြီး၊ စစ်ရာဇ၀တ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတောင် မြောက်နိုင်ပါတယ်”

    ပလက်ဝမှာ ဆောက်လုပ်ရေးလုပ်သား ၁၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရွာသား ၅၂ ဦးတို့အပါအ၀င် AA က အရပ်သားတွေ ပြန်ပေးဆွဲမှုကို ယန်ဟီးလီက လူ့အခွင့်အရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။

    စစ်တပ်ဟာ ရခိုင် အမျိုးသားတွေကို AA နဲ့ ဆက်သွယ်တယ်လို့ဆိုကာ ဖမ်းဆီးစစ်ကြောမှုတွေ ရှိနေပြီး ဖမ်းဆီးခံထားရသူတွေ သေဆုံးတာ၊ ဧပြီလအတွင်းက ဝါးခုတ်နေတဲ့ ရိုဟင်ဂျာ လူငယ်တွေကို ရဟတ်ယာဉ်ပေါ်ကနေ စစ်တပ်က ပစ်ခတ်တာတွေကိုလည်း ယန်းဟီးလီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ယခုနှစ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၃၅၀၀၀ လောက် ရှိနေတယ်လို့လည်း သူမက ဆိုပါတယ်။

    မြန်မာသံအမတ် ဦးကျော်မိုးထွန်းက မြန်မာအစိုးရဟာ သြဂုတ်လကတည်းက အပစ်ရပ်ရေး ကြေငြာခဲ့ပြီး အမျိုးသားရင်ကြားစေ့ရေးအတွက် ကြိုးပမ်းနေကြောင်း၊ လွတ်လပ်စွာ ဖော်ပြခွင့်၊ မီဒီယာလွတ်လပ်ခွင့်တို့ကို အလေးထားပေမယ့် လုံခြုံရေး၊ လွတ်လပ်ခွင့်နဲ့ တာဝန်ခံမှုတွေအကြား ဘက်မျှအောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေး ကောင်စီမှာ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    အင်တာနက် ဖြတ်တောက်မှုဟာ ရွာသားတွေကို ထိခိုက်စေပြီး၊ အကူအညီပေးရေးကို အဟန့်အတားဖြစ်စေကာ စစ်တပ်အတွက်တော့ အကာအကွယ်ပုံစံမျိုး ဖြစ်သွားတယ်လို့လည်း ယန်ဟီးလီက ထည့်သွင်း ထောက်ပြခဲ့ပါတယ်။

    Ref: Reuters

  • ထောက်လှမ်းရေးသင်္ဘောဟု လူသိများသည့် ရုရှား ရေငုပ်သင်္ဘောတစ်စီးတွင် မီးလောင်မှုကြောင့် ၁၄ ဦး သေဆုံး

    ထောက်လှမ်းရေးသင်္ဘောဟု လူသိများသည့် ရုရှား ရေငုပ်သင်္ဘောတစ်စီးတွင် မီးလောင်မှုကြောင့် ၁၄ ဦး သေဆုံး

    ဇူလိုင် ၃၊ ၂၀၁၉
    M-Media

    -ရေအောက် သုတေတသန လုပ်ဆောင်နေတဲ့ ရုရှား ရေငုပ်သင်္ဘောမှာ တနင်္လာနေ့က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ရေတပ်သား ၁၄ ဦး သေဆုံးခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    သမ္မတ ဗလာဒီမီရ် ပူတင်က စစ်သားတွေ သေဆုံးရမှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး၊ ကျန်ရစ်သူတွေအတွက် ၀မ်းနည်းကြောင်း မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့လည်း ပူတင်က အမိန့်ပေးခဲ့ပါတယ်။

    ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အဲဒီ ရေငုပ်သင်္ဘောဟာ သမုဒ္ဒရာအောက်က အဏ္ဏဝါဗေဒကို လေ့လာနေတဲ့ ရေတပ် သုတေသနသင်္ဘောတစ်စင်းဖြစ်ကြောင်း၊ မီးလောင်မှုကနေထွက်တဲ့ မီးခိုးကြောင့် သင်္ဘောသားတွေ အသက်ရှုကြပ် သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။

    မီးငြှိမ်းနိုင်ခဲ့ပြီးတဲ့နောက် ရေငုပ်သင်္ဘောကို နိုင်ငံမြောက်ပိုင်း ရေတပ်စခန်းမှာ ဒေါက်တင်ထားတယ်လို့ ဆိုပါတယ်။

    ရေငုပ်သင်္ဘောဟာ နျူကလီးယားစွမ်းအင်သုံး AS-12 အမျိုးအစားဖြစ်တယ်လို့ ရုရှားမီဒီယာ RBC က ဖော်ပြခဲ့ပါတယ်။ နော်ဝေအာဏာပိုင်တွေက ရေငုပ်သင်္ဘောအတွင်း ဂက်စ်အိုး ပေါက်ကွဲရာကနေ မီးလောင်ခဲ့တာဖြစ်ကြောင်း ရုရှားအာဏာပိုင်တွေကနေတစ်ဆင့် သိရတယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ရုရှားရဲ့ AS-12 ရေငုပ်သင်္ဘောကို ထောက်လှမ်းရေးသင်္ဘောလို့ အနောက်ကမ္ဘ္ဘာက သိကြပြီး စစ်ပွဲဖြစ်တဲ့အခါမျိုးမှာ အင်တာနက်နဲ့ ဆက်သွယ်ရေးလိုင်း အားလုံးကို ဖြတ်တောက်နိုင်တဲ့အထိ စွမ်းဆောင်နိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီရေငုပ်သင်္ဘောရဲ့ အမှန်တကယ် စွမ်းဆောင်နိုင်မှု ပမာဏကို တိတိကျကျ မသိရပါဘူး။

    ရုရှားမှာ အဆိုးဝါးဆုံး ရေငုပ်သင်္ဘော မတော်တဆမှုဟာ ၂၀၀၀ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ Kursk လို့ခေါ်တဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ နိုင်ငံမြောက်ပိုင်း ပင်လယ်ပြင်ရေအောက်ကြမ်းပြင်မှာ ပေါက်ကွဲမှု ၂ ခုဖြစ်ပွားကာ နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၁၁၈ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera