News @ M-Media
Blog
  • S-400 ဒုံးခွင်းစနစ်ကို ရုရှားနှင့် ပူးပေါင်းထုတ်လုပ်မည်ဟူ တူရကီပြော
    S-400 ဒုံးခွင်းစနစ်ကို ရုရှားနှင့် ပူးပေါင်းထုတ်လုပ်မည်ဟူ တူရကီပြော
    ဇူလိုင် ၁၆၊ ၂၀၁၉
    M-Media
    -ရုရှားထံကနေ ၀ယ်ယူထားတဲ့ S-400 ဒုံးခွင်းစနစ်ဟာ ၂၀၂၀ ခုနှစ် ဧပြီလမှာ သုံးစွဲဖို့ အဆင်သင့်ဖြစ်မှာဖြစ်ပြီး တူရကီရဲ့ နောက်ထပ်ရည်မှန်းချက်တစ်ခုက S-400 စနစ်ကို ရုရှားနဲ့ ပူးပေါင်းထုတ်လုပ်သွားဖို့ ဖြစ်တယ်လို့ သမ္မတအာဒိုဂန်က ပြောကြားလိုက်ပါတယ်။
    တူရကီက ၀ယ်ယူထားတဲ့ S-400 ပထမအသုတ်ကို ရုရှားက လေယာဉ် ၉ စီးနဲ့ တနင်္လာနေ့မှာ ပို့ဆောင်ပေးခဲ့ပါတယ်။
    “၀ယ်လို့မရဘူးလို့ တစ်ချို့တိုင်းပြည်တွေက ပြောပေမယ့် S-400 တွေကို ကျွန်တော်တို့ စတင် ရရှိနေပါပြီ။ ဘုရားသခင်အလိုတော်နဲ့ ၂၀၂၀ ခုနှစ် ဧပြီလလောက်မှာ ဒီဒုံးခွင်းစနစ်တွေကို တပ်ဆင်သွားမှာပါ။ ကျွန်တော်တို့ တိုင်းပြည်ကို တိုက်ခိုက်ချင်တဲ့သူတွေကို ကာကွယ်ဖို့အတွက် S-400 က အကောင်းဆုံး စနစ် ဖြစ်ပါတယ်။ ရုရှားနဲ့ ပူးပေါင်းထုတ်လုပ်သွားဖို့လည်း ရည်ရွယ်ထားပါတယ်” လို့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အဖြစ် မနေ့ကပြုလုပ်တဲ့ အခမ်းအနားမှာ
    အာဒိုဂန်က ပြောကြားခဲ့ပါတယ်။
    အမေရိကန်ကတော့ တူရကီရဲ့ ၀ယ်ယူမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး F-35 တိုက်လေယာဉ် ရောင်းချမယ့်အစီအစဉ်၊ လေယာဉ်မှူးတွေ လေ့ကျင့်ပေးတဲ့အစီအစဉ်၊ တူရကီနဲ့ ပူးပေါင်းထုတ်လုပ်သွားမယ့်အစီအစဉ်တွေကို ရပ်ဆိုင်းထားပါတယ်။ ဒါ့အပြင် တူရကီအပေါ် ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန်က ခြိမ်းခြောက်ထားပါတယ်။
    တူရကီဟာ S-400 ကို ဘယ်အချိန်၊ ဘယ်နေရာတွေမှာ ချထားမလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ရုရှားဒုံးခွင်းစနစ်ကို အသုံးပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။
    S-400 ဒုံးခွင်းစနစ်ကို လက်ရှိ အကောင်းဆုံး လေကြောင်းရန်ကာကွယ်ရေးစနစ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားပါတယ်။ ဒီစနစ်ဟာ အချင်း ကီလိုမီတာ ၄၀၀ အမြင့် ၂၇ ကီလိုမီတာမှာရှိတဲ့ ပစ်မှတ် ၃၆ ခုကို တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။ အမေရိကန်ကတော့ ဒီစနစ်ဟာ နေတိုးအဖွဲ့ ကာကွယ်ရေးစနစ်တွေနဲ့ အပ်စပ်မှာမဟုတ်ဘဲ F-35 တိုက်လေယာဉ်အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူထားပါတယ်။
    Ref: Aljazeera
  • အီစတာဗုံးခွဲမှုကို မူးယစ်ဂိုဏ်းများက လုပ်ဆောင်ခြင်းဟု သီရိလင်္ကာ ထပ်မံထုတ်ပြန်
    အီစတာဗုံးခွဲမှုကို မူးယစ်ဂိုဏ်းများက လုပ်ဆောင်ခြင်းဟု သီရိလင်္ကာ ထပ်မံထုတ်ပြန်
    ဇူလိုင် ၁၆၊ ၂၀၁၉
    M-Media
    ဗုံးခွဲခံရသည့် ဘုရားကျောင်းကို အစောင့်ချထားစဉ်
    -ဧပြီလက ဖြစ်ပွားခဲ့တဲ့ အီစတာနေ့ အသေခံ ဗုံးဖောက်ခွဲမှုတွေကို နိုင်ငံတကာ မူးယစ်ဂိုဏ်းတွေက လုပ်ဆောင်တာဖြစ်တယ်လို့ သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီဆီနာက မနေ့မှာ ထုတ်ပန်ပြောကြားခဲ့ပြီး မွတ်စလင်အစွန်းရောက်တွေ လုပ်ဆောင်တယ်ဆိုတဲ့ အရင်က ထုတ်ပြန်ချက်နဲ့ ကွဲလွဲနေတာ ဖြစ်ပါတယ်။
    ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် နေရာ ၈ နေရာမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲမှုတွေကြောင့် လူပေါင်း ၂၅၀ သေဆုံးခဲ့ပြီး ၅၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှုကို လူသိနည်းတဲ့ မွတ်စလင်အစွန်းရောက်အဖွဲ့ National Thowheeth Jama’ath (NTJ) နဲ့ ပြင်ပ အကြမ်းဖက်အုပ်စုတွေ ပူးပေါင်း ဆောင်ရွက်တာလို့ အခင်းဖြစ်ပြီး နောက်တစ်ရက်မှာပဲ သီရိလင်္ကာအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
    IS အကြမ်းဖက်အဖွဲ့ကလည်း ဒါဟာ သူတို့လက်ချက်ဖြစ်ပြီး ဆီးရီးယားမှာ နယ်မြေဆုံးရှုံးမှုကို လက်တုန့်ပြန်တာလို့ ဆိုပါတယ်။
    ဒါပေမယ့် သီရိလင်္ကသမ္မတရုံးက ထုတ်ပြန်တဲ့ မနေ့ကကြေငြာချက်မှာ တိုက်ခိုက်မှုကို နိုင်ငံတကာ မူးယစ်ရာဇာတွေက လုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။
    “ကျွန်တော့်ကို သိက္ခာချဖို့နဲ့ ကျွန်တော်ဆောင်ရွက်နေတဲ့ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းကို အရှိန်ကျစေဖို့အတွက် မူးယစ်ဂိုဏ်းတွေက တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာပါ” လို့ သမ္မတ ဆရီဆီနာက ပြောပါတယ်။
    မူးယစ်မှုမှာ သေဒဏ်ပေးမှုကို ပယ်ဖျက်ဖို့ လွှတ်တော်မှာ အတိုက်အခံတွေရဲ့ ဆောင်ရွက်မှုကို ဆရီဆီနာက ရင်ဆိုင်နေရချိန် ဒီလိုထုတ်ပြန်မှု ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။
    တိုက်ခိုက်မှုပြုလုပ်မယ့်သတင်းကို အိန္ဒိယထောက်လှမ်းရေးက အကြိမ်ကြိမ် အသိပေးခဲ့ပေမယ့် သီရိလင်္ကာအစိုးရက မတားဆီးခဲ့ပါဘူး။ သမ္မတ မိုင်သရီပါလာ ဆရီဆီနာက ရဲချုပ်ကို အပြစ်တင်ခဲ့ပါတယ်။ ရဲချုပ်က သူတို့အနေနဲ့ တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် သမ္မတက ခွင့်မပြုခဲ့တာလို့ လွှတ်တော်ကြားနာမှုမှာ ဖြေကြားခဲ့ပါတယ်။
    ဆရီဆီနာရဲ့ မနေ့က ထုတ်ပြန်ချက်ကို ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီဆင်ဟီက လက်မခံပါဘူး။
    “စုံစမ်းစစ်ဆေးမှုကို ရဲတပ်ဖွဲ့က ၂ ပတ်အတွင်း အပြီးအစီး ဆောင်ရွက်ခဲ့ပါတယ်”
    သီရိလင်္ကာရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဧပြီလ ၂၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်နေပြီး သီရိလင်္ကာနိုင်ငံသား ၁၀၀ ကျော်လောက်ကို ဖမ်းဆီးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    “သီရိလင်္ကာက အစွန်းရောက်နေတဲ့ မွတ်စလင်အုပ်စုတစ်ခုက စီစဉ်ကျူးလွန်တဲ့ တိုက်ခိုက်မှုဖြစ်တယ်ဆိုတဲ့အပေါ် အခြေခံပြီး ကျွန်တော်တို့ ကိုင်တွယ်နေတာပါ။ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့လူတွေအားလုံးမှာ သေတဲ့လူက သေသွားပြီး၊ ကျန်တဲ့လူတွေကို ထိန်သိမ်းထားပါတယ်” လို့ အမည်မဖေါ်လိုတဲ့ သီရိလင်္ကာ ရဲအရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    သမ္မတ ဆရီဆီနာနဲ့ ၀န်ကြီးချုပ် ရာနီးလ်တို့ဟာ တိုက်ခိုက်မှုမဖြစ်ခင် သီတင်းပတ်အနည်းငယ်အတွင်းမှာ အာဏာအားပြိုင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဆရီဆီနာက ရာနီးလ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ရာနီးလ်က ဒါဟာ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်မှုဖြစ်တယ်လို့ဆိုတာ ရာထူးကနေ မထွက်ပေးဘဲ နေခဲ့တာပါ။ ဒီကိစ္စမှာ ဆရီဆီနာက အလျော့ပေးခဲ့ရပါတယ်။
    Ref: AFP
  • အီတလီ လက်ယာစွန်းရောက်များထံမှ ဒုံးကျည်နှင့် လက်နက်အမြောက်များ သိမ်းဆည်းရမိ
    အီတလီ လက်ယာစွန်းရောက်များထံမှ ဒုံးကျည်နှင့် လက်နက်အမြောက်များ သိမ်းဆည်းရမိ
    ဇူလိုင် ၁၆၊ ၂၀၁၉
    M-Media
    ဖမ်းဆီးရမိသည့် ဒုံးကျည်
    -အီတလီနိုင်ငံမှာ လက်ယာအစွန်းရောက်တွေနဲ့ နာဇီလက်သစ်အဖွဲ့တွေကို ၀င်ရောက်စီးနင်းမှုအတွင်း ဒုံကျည်တွေအပါအ၀င် ခေတ်ပေါ် လက်နက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အီတလီ ရဲတပ်ဖွဲ့က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
    ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနဟာ မီလန်၊ ဗာရီစီ၊ ဖော်လီနဲ့ နိုဗာရာမြို့တွေမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးအဖွဲ့တွေကို အကူအညီပေးနေတဲ့ အီတလီက လက်ယာစွန်းရောက် နှိမ်နှင်းရေး တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
    စစ်ဆင်ရေးအတွင်း အီတလီနဲ့ ဆွစ်ဇာလန်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့သလို ဒုံးကျည်တစ်ခုနဲ့ လက်နက်အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ဒုံးကျည်ဟာ ပြင်သစ်နိုင်ငံလုပ် Super 530 F အမျိုးအစားဖြစ်ပြီး၊ ကာတာစစ်တပ်မှာ အသုံးပြုတဲ့ ဒုံးကျည်မျိုး ဖြစ်တယ်လို့ အီတလီရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နာဇီ ဝါဒဖြန့် စာရွက်စာတမ်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။
    ဂျီနိုအာမြို့မှာ လူ ၃ ဦးကို ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေနဲ့ ပူးပေါင်းမှုအတွက် ဇူလိုင်လ ၃ ရက်နေ့မှာ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး အခုဖမ်းဆီးမှုဟာ အဲဒီ စစ်ဆေးမှုကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    ၂၀၁၄ ခုနှစ် ဧပြီလက ယူကရိန်းအရှေ့ပိုင်းဒေသတွေမှာ စတင်ခဲ့တဲ့ ခွက်ထွက်ရေးလှုပ်ရှားမှုကြောင့် လူ တစ်သောင်းကျော် သေဆုံးခဲ့ပါတယ်။ ခွဲထွက်ရေးသမားတွေကို ရုရှားက အထောက်အပံ့ပေးထားတယ်လို့ သတင်းတွေထွက်နေပြီး လက်ရှိအချိန်မှာတော့ တိုက်ပွဲတွေ ရပ်ဆိုင်းနေတာ ၁ နှစ်ကျော်နေပြီ ဖြစ်ပါတယ်။
    ဖမ်းဆီးရမိသည့် လက်နက်များ
    ဖမ်းဆီးရမိသည့် လက်နက်များ
    Ref: BBC
  • သမိုင်းတွင်မည့် အာကာသယာဉ် လွှတ်တင်မှုကို ၅၆ မိနစ်အလိုတွင် အိန္ဒိယက ရပ်ဆိုင်း
    သမိုင်းတွင်မည့် အာကာသယာဉ် လွှတ်တင်မှုကို ၅၆ မိနစ်အလိုတွင် အိန္ဒိယက ရပ်ဆိုင်း
    ဇူလိုင် ၁၅၊ ၂၀၁၉
    M-Media
    -အာကာသသမိုင်းမှာ သမိုင်းတွင်မယ့် ခရီးစဉ်အတွက် အာကာသယာဉ် လွှတ်တင်ရေးကို စက်ပိုင်းဆိုင်ရာပြဿနာကြောင့် လွှတ်တင်ဖို့ ၅၆ မိနစ်အလိုမှာ အိန္ဒိယက ရပ်ဆိုင်းလိုက်ပါတယ်။
    အိန္ဒိယဟာ လပေါ်ဆင်းသက်မယ့် Chandrayaan-2 အာကာသယာဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့ ဒေသစံတော်ချိန် မနက် ၂ နာရီ ၅၁ မိနစ်မှာ အန်ဒရာပရာဒက်ရှ်ပြည်နယ် Satish Dhawan အာကာသစခန်းကနေ လွှတ်တင်ဖို့ စီစဉ်ထားတာပါ။
    ဒါပေမယ့် စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့် လွှတ်တင်ဖို့ ၅၆ မိနစ်နဲ့ ၂၄ စက္ကန့်အလိုမှာ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီး၊ လွှတ်တင်မယ့်ရက်ကို နောက်ပိုင်းမှာ ထပ်မံကြေငြာမယ်လို့ အိန္ဒိယ အာကာသ စူးစမ်းရှာဖွေရေးအဖွဲ့ ISRO က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ချို့ယွင်းမှုဟာ လွှတ်တင်မယ့်စနစ်မှာ ဖြစ်ပွားခဲ့တာလို့ ISRO တာဝန်ရှိသူတွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    အိန္ဒိယရဲ့ Chandrayaan-2 ခရီးစဉ်မှာ လပေါ်ကို ဆင်းသက်ကာ အရင်က လူသားတွေ မလေ့လာဘူးသေးတဲ့ လမျက်နှာပြင်မှာ သုတေသနပြုလုပ်မှာ ဖြစ်ပါတယ်။ ဆင်းသက်မှု အောင်မြင်ခဲ့ရင် အိန္ဒိယဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့နောက်ပိုင်း လပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
    Chandrayaan-2 အာကာသယာဉ်၊ အာကာသယာဉ်က သယ်ဆောင်သွားမယ့် လဆင်းယာဉ်ငယ် အားလုံးနီးပါးကို အိန္ဒိယက ကိုယ်တိုင် ထုတ်လုပ်တာ ဖြစ်ပါတယ်။ လွှတ်တင်မယ့် GSLV Mk III ဒုံးပျံကလည်း အိန္ဒိယက တီထွင်ထားတဲ့ အားအကောင်းဆုံး ဒုံးပျံဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၁၄၀ ကုန်ကျပြီး လပေါ်ကို အာကာသယာဉ် လွှတ်တင်မှုသမိုင်းမှာ ဈေးအသက်သာဆုံး ခရီးစဉ် ဖြစ်ပါတယ်။
    ၁၉၆၀ ပြည့်နှစ်တွေနဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ အမေရိကန်က လွှတ်တင်ခဲ့တဲ့ အပိုလို အာကာခရီးစဉ်တွေဟာ စုစုပေါင်း ကန်ဒေါ်လာ ၂၅ ဘီလီယံ ကုန်ကျခဲ့ပြီး ဒီနေ့ငွေဈေးနဲ့ဆိုရင် ဒေါ်လာ ဘီလီယံ ၁၀၀ လောက်ရှိပါတယ်။
    အိန္ဒိယဟာ သူတို့ရဲ့ ပထမဆုံး လသွား အာကာသခရီးစဉ်အတွက် ၂၀၀၈ ခုနှစ်က Chandrayaan-1 အာကာသယာဉ်ကို လွှတ်တင်ခဲ့ပြီး လပေါ်ကို ဆင်းသက်ခြင်းမပြုဘဲ ဂြိုဟ်ပတ်လမ်းမှာနေကာ လကို လေ့လာစူးစမ်းခဲ့ပါတယ်။ လူသားလိုက်ပါမယ့် အာကာသခရီးစဉ်ကို
    ၂၀၂၂ ခုနှစ်မှာဆောင်ရွက်ဖို့၊ အဲဒီနောက်ပိုင်း ကိုယ်ပိုင် အာကာသစခန်းတစ်ခု တည်ဆောက်သွားဖို့လည်း အိန္ဒိယက စီမံကိန်းချထားပါတယ်။
    အိန္ဒိယဟာ အင်္ဂါဂြိုဟ်ကိုလည်း လေ့လာစူးစမ်းမှုတွေ ပြုလုပ်နေပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း အင်္ဂါဂြိုဟ်ပတ်လမ်းထဲ ဂြိုဟ်တုတစ်စင်း ပို့ဆောင်နိုင်တာကြောင့် အင်္ဂါဂြိုဟ်ကို ဂြိုဟ်တုလွှတ်တင်နိုင်တဲ့ စတုတ္တမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    Ref : CNA
  • အင်ဒိုနီးရှားတွင် အင်အားပြင်းငလျင်လှုပ်၊ ၁ ဦးသေ
    အင်ဒိုနီးရှားတွင် အင်အားပြင်းငလျင်လှုပ်၊ ၁ ဦးသေ
    ဇူလိုင် ၁၅၊ ၂၀၁၉
    M-Media
    -အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှာ မနေ့ညပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁ ဦးသေဆုံးခဲ့ပြီး နေအိမ်တွေ၊ အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
    နော့သ်မာလူကူပြည်နယ် မြို့တော် တာရ်နာတီရဲ့ အရှေ့တောင်ဖက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်ဟာ ပြင်းအား ၇.၃ မဂ္ဂနီကျု ရှိပါတယ်။ ငလျင်ဗဟိုချက်နဲ့ နီးတဲ့ ဆောက်သ်ဟာလ်မာဟီရာ ခရိုင်မှာတော့ နေအိမ်၊ အဆောက်အဦးပေါင်း ၁၆၀ လောက် ပြိုကျခဲ့ပါတယ်။ သေဆုံးသူဟာ
    အမျိုးသမီးဖြစ်ပြီး နေအိမ်ပြိုကျစဉ် အပျက်အစီးတွေ ပိမိခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
    ငလျင်ကြောင့် ဆူနာမီဖြစ်နိုင်ခြေ မရှိပေမယ့် နောက်ဆက်တွဲငလျင်တွေကို ကြောက်ရွံ့တဲ့အတွက် ပြည်သူတွေဟာ စာသင်ကျောင်းတွေ၊ အစိုးရအဆောက်အဦးတွေနဲ့ ဗလီတွေမှာ သွားရောက်လိုလှုံနေကြပါတယ်။
    နော့သ်မာလူကူပြည်နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း ပြင်းအား ၆.၉ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရမှု၊ ကြီးကြီးမားမား ထိခိုက်ပျက်ဆီးမှုတွေ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်က ဆူလာဝေစီပြည်နယ် ပါလူမြို့ကိုဗဟိုပြုတဲ့ ပြင်းအား ၇.၅ မဂ္ဂနီကျု ငလျင်ကြောင့် လူ ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ တစ်ထောင်လောက် ပျောက်ဆုံးခဲ့ပါတယ်။
    ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ဆူမားတြားကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၉.၁ မဂ္ဂနီကျု ငလျင်ကြောင့် အိန္ဒိယသမုဒ္ဒရာက ဒေသတစ်ဝှမ်း လူပေါင်း ၂ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး အင်ဒိုနီးရှားက ၁ သိန်း ၇ သောင်းလောက် ပါဝင်ခဲ့ပါတယ်။
    Ref: CNA