News @ M-Media

Blog

  • သန့်စင်ယူရေနီယံ ကန့်သတ်ချက်ကို အီရန်ကျော်လွန်ပြီ

    သန့်စင်ယူရေနီယံ ကန့်သတ်ချက်ကို အီရန်ကျော်လွန်ပြီ

    ဇူလိုင် ၈၊ ၂၀၁၉
    M-Media

    -၂၀၁၅ ခုနှစ် နျူသဘောတူညီချက်မှာ ပါဝင်နေတဲ့ ပြည့်ဝ ယူရေနီယံ ကန့်သတ်ချက် ပမာဏကို ကျော်လွန်သွားပြီလို့ အီရန်က ဒီကနေ့မှာ ကြေငြာလိုက်ပြီး စာချုပ်ပါ အချက်အလက်တွေကို
    လိုက်နာမှာ မဟုတ်တော့ဘူးလို့ ကြေငြာထားမှုကို တစ်ပတ်အတွင်း ၂ ကြိမ်မြောက် သက်သေပြလိုက်တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် မေလမှာ အမေရိကန်က သဘောတူညီချက်နေ နှုတ်ထွက်ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ စာချုပ်ပါ အခြားနိုင်ငံတွေ အနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုကိုတွေကို ကျော်လွှားနိုင်ရေး ကူညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကျေနပ်လောက်တဲ့ တုန့်ပြန်မှုမျိုး မရခဲ့ဘူးလို့ အီရန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    အီရန် အနုမြူစွမ်းအင်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘဲဟ်ရုဇ် ကာမာလ်ဗန်ဒီက ယူရေနီယံ သန့်စင်မှုကို ၃.၆၇ ရာခိုင်နှုန်းပဲ လုပ်ဆောင်ရမယ်ဆိုတဲ့ စာချုပ်ပါ သတ်မှတ်ချက်ကို အီရန်က ကျော်လွန်သွားခဲ့ပြီး ၄.၅ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ခဲ့ပြီလို့ ဒီကနေ့မှာ ပြည်တွင်းသတင်းဌာနတစ်ခုကို ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ကလည်း အီရန်ဟာ စာချုပ်ပါ ယူရေနီယံ သိုလှောင်မှုကန့်သတ်ချက်ကို ကျော်လွန်အောင် ဆောင်ရွက်ခဲ့ပါတယ်။

    စာချုပ်ကို ဒီလိုကျော်လွန် လုပ်ဆောင်မှုတွေ ရှိပေမယ့် ရက် ၆၀ ကြာတိုင်း ပြန်လည်သုံးသပ်မှု ပြုလုပ်သွားမှာဖြစ်ပြီး ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားတို့က အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်အောင် ကူညီမယ်ဆိုရင် စာချုပ်ပါ အချက်အလက်တွေကို ပြန်လည် လိုက်နာသွားမယ်လို့ အီရန်အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    အမေရိကန်က နျူကိစ္စနဲ့ ပတ်သက်ပြီး အီရန်အပေါ် ပိုမိုတင်းကြပ်တဲ့ ပိတ်ဆို့မှုတွေ၊ ကမ္ဘ္ဘာ့အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    တရုတ်နဲ့ ရုရှားတို့က အီရန် နျူပြဿနာမှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေက အဓိက အကြောင်းအရင်းဖြစ်နေပြီး သံတမန်နည်းလမ်းနဲ့သာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera

  • နယ်စပ်တွင်ပုန်းခိုနေသည့် IS အဖွဲ့ဝင်များကို ရှင်းလင်းရန် အီရတ်က စစ်ဆင်ရေးတစ်ခု စတင်

    နယ်စပ်တွင်ပုန်းခိုနေသည့် IS အဖွဲ့ဝင်များကို ရှင်းလင်းရန် အီရတ်က စစ်ဆင်ရေးတစ်ခု စတင်



    ဇူလိုင် ၈၊ ၂၀၁၉
    M-Media

    -ဆီးရီးယားနဲ့ ကပ်နေတဲ့ နိုင်ငံအနောက်ပိုင်း နယ်မြေတွေမှာ လူစုနေတဲ့ IS အကြမ်းဖက်အဖွဲ့ စစ်ဆင်ရေးတစ်ခုကို အီရတ်နိုင်ငံက မနေ့မှာ စတင်လိုက်ပြီး အစိုးရစစ်တပ်အဖွဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    အီရတ်နိုင်ငံဟာ IS အကြမ်းဖက်အဖွဲ့ကို ၂၀၁၇ ခုနှစ်မှာ အပြီးသတ် တိုက်ထုတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် နိုင်ငံအနောက်ပိုင်း ဆာလာဟက်ဒင်၊ နီနီဗာဟ်နဲ့ အန်ဘာရ် ပြည်နယ်တွေက ဝေးလံခေါင်ဖျား ဒေသတွေမှာ IS အဖွဲ့ဝင်တစ်ချို့ ပုန်းရှောင်က လူစုနေပြီး စစ်ဆေးရေးဂိတ်တွေ၊ အစိုးရ အဆောက်အဦးတွေနဲ့ ဒေသခံ အာဏာပိုင်တွေကို ပြောက်ကြားစနစ်နဲ့ တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

    Will of Victory လို့ အမည်ပေးထားတဲ့ အခုစစ်ဆင်ရေးသစ်မှာတော့ အီရတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံကြားက နယ်စပ်ဒေသတွေမှာ IS ဖွဲ့ဝင် တစ်ထောင်လောက်ကို ရှင်းလင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    စစ်ဆင်ရေးကို အစိုးရစစ်တပ်၊ ရှီအာအများစုပါဝင်တဲ့ Hashed al-Shaabi တပ်ဖွဲ့၊ အခြား လူမျိုးစုတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေက လေကြောင်းကနေ ပစ်ကူပေးမယ်လို့ အီရတ်စစ်တပ်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆီးရီးယားနိုင်ငံမှာတော့ IS အကြမ်းဖက်အဖွဲ့ကို အခုနှစ် မတ်လအတွင်းက အောင်မြင်စွာ ရှင်းလင်း တိုက်ထုတ်နိုင်ခဲ့ပါတယ်။

    Ref: Arab News



  • အမျိုးသမီး ကမ္ဘ္ဘာ့ဖလားတွင် အမေရိကန်ဗိုလ်စွဲပြီး၊ ကိုပါအမေရိကဖလားတွင် ဘရာဇီးလ်ဗိုလ်စွဲ

    အမျိုးသမီး ကမ္ဘ္ဘာ့ဖလားတွင် အမေရိကန်ဗိုလ်စွဲပြီး၊ ကိုပါအမေရိကဖလားတွင် ဘရာဇီးလ်ဗိုလ်စွဲ



    ဇူလိုင် ၈၊ ၂၀၁၉
    M-Media

    -မနေ့က ကစားခဲ့တဲ့ ကိုပါအမေရိက နောက်ဆုံးဗိုလ်လုပွဲမှာ ဘရာဇီးလ်အသင်းက ပီရူးအသင်းကို အနိုင်ရခဲ့ပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ အဲဗာတန် ဆိုအာရက်စ်၊ ဂါဘရီယဲလ် ဂျီးဆက်စ်နဲ့ ရီချာလီဆန်တို့က ၁ ဂိုးစီ သွင်းပေးခဲ့တာပါ။ အဲဗာတန်ဟာ ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသလို၊ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

    ဘရာဇီးလ် ညာနောက်ခံလူ ဒါနီ အဲလ်ဗက်စ်က ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ် ခံခဲ့ရပါတယ်။

    ပီရူးဟာ အုပ်စုတွင်းမှာလည်း ဘရာဇီးလ်ကို ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပီရူးအသင်း ကိုပါအမေရိကဖလားကို နောက်ဆုံးရှိခဲ့တာဟာ ၁၉၇၅ ခုနှစ်မှာဖြစ်ပြီး အဲဒါဟာ သူတို့ရဲ့ ဒုတိယမြောက် ကိုပါအမေရိကဖလား ဖြစ်ပါတယ်။

    ဘရာဇီးလ်ကတော့ ကိုပါအမေရိကဖလားကို ၉ ကြိမ်မြောက် ရရှိတာဖြစ်ပြီး၊ ဘရာဇီးလ်မြေမှာ ၅ ကြိမ်မြောက် ကိုင်မြှောက်နိုင်ခြင်းပါ။

    ချန်ပီယံဘွဲ့ ကာကွယ်တဲ့ အမေရိကန်

    မနေ့က ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာ ကစားခဲ့တဲ့ အမျိုးသမီး ကမ္ဘ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာ အမေရိကန်အသင်းက နယ်သာလန်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ချန်ပီယံဘွဲ့ကို
    ကာကွယ်နိုင်ခဲ့ပါတယ်။

    အမေရိကန်အတွက် အနိုင်ဂိုးတွေကို မီဂန် ရာပီနိုးနဲ့ ရို့စ် လာဗီလီတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးကမ္ဘ္ဘာ့ဖလားမှာ ဂျာမနီပြီးတဲ့နောက် အမေရိကန်ဟာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

    အမေရိကန်ဟာ ၁၉၉၁၊ ၁၉၉၉ နဲ့ ၂၀၁၅ ခုနှစ်တွေမှာလည်း ဗိုလ်စွဲဖူးပါတယ်။ အခုနှစ်ကျင်းပတဲ့
    ပြိုင်ပွဲဟာ အမျိုးသမီး ကမ္ဘ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် စိတ်ဝင်စားမှုအများဆုံး ရရှိခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

    Ref: Aljazeera



  • အိုက်ဗရီကို့စ် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဗိုလ်စွဲ

    အိုက်ဗရီကို့စ် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဗိုလ်စွဲ

    ဇူလိုင် ၈၊ ၂၀၁၉
    M-Media

    Photo Credit – Facebook page of Thet Htar Thuzar

    -အိုက်ဗရီကို့စ်နိုင်ငံ အဘီဂျန်မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတာ ကြက်တောင်ရိုက်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်းပွဲစဉ်မှာ မြန်မာကစားသမား သက်ထားသူဇာက ကမ္ဘ္ဘာ့အဆင့် ၈၂ ရှိတဲ့ အိန္ဒိယကစားသမား ကရစ်ရှနား ပရီယာ ကူဒါ ရာဗာလီ ကို ၂ ပွဲပြတ်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

    ကရစ်ရှနားဟာ အဲဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ တစ်ပေးခံရသူ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ သက်ထားသူဇာက ၁၇-၂၁၊ ၁၃-၂၁ နဲ့ နှစ်ပွဲပြတ်အနိုင်ရရှိခဲ့တာပါ။

    သက်ထားသူဇာဟာ လက်ရှိမှာ ကမ္ဘ္ဘာ့အဆင့် ၁၀၁ ရှိနေပြီး အခုလို ဗိုလ်စွဲနိုင်ခဲ့တာကြောင့် အဆင့် ၈၀ ကျော် ၉၀ ၀န်းကျင်ကို တက်လာဖို့ရှိနေကာ မနက်ဖြန်မှာ သတ်မှတ်ချက်ကို အတိအကျ သိရမယ်လို့ သူမရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

    ပြီးခဲ့တဲ့လအတွင်း ဘီနင်နဲ့ မော်ရေးရှက်စ်နိုင်ငံတွေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကြက်တောင်ရိုက် ပြိုင်ပွဲတွေမှာ သက်ထားသူဇာဟာ ဗိုလ်စွဲခဲ့ပြီး ကမ္ဘ္ဘာ့အဆင့် ၁၁၄ ကနေ ၁၀၁ အထိ ခုန်တက်ခဲ့ပါတယ်။

    ပရော်ဖက်ရှင်နယ် ကြက်တောင်ကစားသမားဘ၀မှာ သက်ထားသူဇာဟာ စုစုပေါင်း ရွှေတံဆိပ် ၆ ခု ရရှိထားပြီး ကမ္ဘ္ဘာ့အဆင့် ၁၀၀ အတွင်း ၀င်ဖို့ရှိနေတာကြောင့် အိုလံပစ်ပြိုင်မှာလည်း ၀င်ရောက်ကစားနိုင်မှာ ဖြစ်ပါတယ်။

    အခုနှစ်အတွင်း နောက်ထပ် နိုင်ငံတကာပြိုင်ပွဲပေါင်း ၇ ခုကိုမှာ သွားရောက်စားဖို့ ရှိနေကာ ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းမှာလည်း နိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

    Ref: Telangana, Irrawaddy

  • ဝီဂါမွတ်စလင် ကလေးငယ်များကို တရုတ်အစိုးရက ပေါ်တာဆွဲကာ ဦးနှောက်ကျဉ်းမှု လုပ်ဆောင်နေ

    ဝီဂါမွတ်စလင် ကလေးငယ်များကို တရုတ်အစိုးရက ပေါ်တာဆွဲကာ ဦးနှောက်ကျဉ်းမှု လုပ်ဆောင်နေ

    ဇူလိုင် ၇၊ ၂၀၁၉
    M-Media

    မိဘများထံမှ ပျောက်ဆုံးသွားသည့် ဝီဂါ ကလေးငယ်များ

    -တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသမှာ ဝီဂါမွတ်စလင်ကလေးငယ်တွေကို တရုတ်အစိုးရက မိဘတွေနဲ့ခွဲကာ ထိန်းသိမ်းထားပြီး ရိုးရာ၊ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ အဆက်ပြတ်အောင် လုပ်ဆောင်နေတယ်လို့ BBC သတင်းဌာနက စုံစမ်း ဖော်ထုတ်လိုက်ပါတယ်။

    အရွယ်ရောက်ပြီးတဲ့ ဝီဂါ အမျိုးသား၊ အမျိုးသမီး တစ်သန်းလောက်ကို အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းကာ ဦးနှောက်ကျင်းမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းနဲ့ အခုနှစ် အစောပိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်အစိုးရက ဒီသတင်းကို အစောပိုင်းက ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပါတယ်။ ဒါပေမယ့် ဒီစခန်းတွေဟာ အကျဉ်းစခန်းတွေမဟုတ်ဘဲ အစွန်းရောက်တိုက်ဖျက်ရေး ပြုပြင်ရေးကျောင်းတွေ
    ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    BBC ရဲ့ အခု ဖော်ထုတ်မှုအသစ်အရ တရုတ်အစိုးရဟာ လူကြီးတွေကိုသာမကဘဲ ကလေးငယ်တွေကိုပါ တစ်ပြိုင်နက်တည်း တရုတ်ဇာတ်သွင်းနေတယ်ဆိုတာ ဖော်ပြနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဝီဂါတွေဟာ တာ့ခ်အနွယ်တွေဖြစ်ပြီး တူရကီစကားပြောကာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။

    နိုင်ငံခြားရောက်နေတဲ့ ဝီဂါမိသားစုတွေကို တွေ့ဆုံမေးမြန်းမှု၊ တရုတ်အစိုးရ ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်း အထောက်အထားတွေကို ကိုးကားပြီး BBC က ဒီသတင်းကိုဖော်ပြခဲ့တာပါ။ အရွယ်ရောက်သူတွေရဲ့ အမှတ်သညာကို ပြောင်းလဲအောင်လုပ်ဆောင်နေရုံသာ မကဘဲ၊ ကလေးတွေကိုလည်း ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာတရားတွေကနေ အဆက်ပြတ်အောင် လုပ်ဆောင်နေကြောင်း ခိုင်မာတဲ့အထောက်အထားတွေ တွေ့ရတယ်လို့ BBC က ပြောပါတယ်။

    ကလေး ရာနဲ့ချီ ပျောက်ဆုံး

    ရှင်ကျန်းပြည်နယ်က တစ်ချို့မြို့နယ်တွေမှာဆိုရင် ပျောက်ဆုံးသွားတဲ့ ကလေးငယ်အရေအတွက်ဟာ ၄၀၀ ကျော်လောက်ရှိနေပြီး၊ အာဏာပိုင်တွေဟာ စနစ်တကျ စီစဉ်ပြီးမှ ကလေးတွေကို ထိန်းသိမ်းတာ ဖြစ်ပါတယ်။

    လုံခြုံရေး အလွန် တင်းကျပ်ထားတာကြောင့် ရှင်ကျန်းမှာ BBC သတင်းထောက်တွေ တွေ့ဆုံမေးမြန်းခွင့် မရပေမယ့်၊ တူရကီကို ထွက်ပြေးလာရတဲ့ ဝီဂါမွတ်စလင်တွေက သူတို့ကလေးတွေ ပျောက်ဆုံးမှုကို အသေးစိတ် ပြောပြခဲ့ပါတယ်။

    တွေ့ဆုံမေးမြန်းမှု ၆၀ လောက် လုပ်ဆောင်ခဲ့ရာမှာ မိခင်တွေ၊ ဖခင်တွေက သူတို့သားသမီးတွေ ရုတ်တရက်ပျောက်ဆုံးသွားမှုတွေအကြောင်း ဖွင့်ဟခဲ့ကြပြီး၊ မိဘမဲ့ဂေဟာမှာ တရုတ်အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်ဆိုတာကို နောက်မှသိရတယ်လို့ ဆိုပါတယ်။ BBC ရဲ့ တွေ့ဆုံမေးမြန်းမှုကို လာရောက်ဖြေကြားတဲ့ ဝီဂါမိသားစုတွေကို ဆန်းစစ်လိုက်ရင် ပျောက်ဆုံးမှုအရေအတွက်ဟာ ၁၀၀ ကျော်လောက် ရှိနေပြီး၊ ကလေး ၃ ယောက်မွေးထားတဲ့ တစ်ချို့မိသားစုတွေမှာ ၃ ယောက်စလုံးကို တရုတ်အာဏာပိုင်တွေက ခေါ်ဆောင်ထိန်းသိမ်းထားတွေကိုလည်း တွေ့ခဲ့ရပါတယ်။

    မိသားစုတွေဟာ ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေရဲ့ ပုံတွေကိုလည်း ပြသခဲ့ကြပါတယ်။

    ကျောင်းများ တိုးချဲ့ဆောက်လုပ်

    BBC က ခန့်အပ်တာဝန်ပေးထားတဲ့ သုတေသနအဖွဲ့ရဲ့ လေ့လာဆန်းစစ်မှုအရ ရှင်ကျန်းပြည်နယ်မှာရှိနေတဲ့ စာသင်ကျောင်းတွေမှာ အိတ်ဆောင်တွေနဲ့အခြား အဆောက်အဦးတွေကို အကြီးအကျယ် တိုးချဲ့တာတွေလုပ်ဆောင်နေတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

    ရှင်ကျန်းက အရွယ်ရောက်ပြီးသား ဝီဂါမွတ်စလင်တွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းစခန်းကြီးတွေကို ကမ္ဘ္ဘာကသိအောင် ဖော်ထုတ်နိုင်ခဲ့တဲ့ ဂျာမန် သုတေသနပညာရှင် ဒေါက်တာ အေဒရီယန်ဇန့်က ထိန်းသိမ်းရေးစခန်းတွေကို တည်ဆောက်နေတဲ့ တစ်ချိန်တည်းမှာပဲ တရုတ်အာဏာပိုင်တွေဟာ ပြည်နယ်တွင်း စာသင်ကျောင်းတွေမှာ အိမ်ဆောင်တွေကို အကြီးအကျယ် တို့ချဲ့နေတာ၊ ဘော်ဒါကျောင်း ထပ်တိုးဆောက်လုပ်နေတာတွေ ရှိနေတယ်လို့ တရားဝင် စာရွက်စာတမ်းတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် တစ်ခုတည်းမှာပဲ ရှင်ကျန်းပြည်နယ်က မူကြိုတွေမှာ တက်ရောက်တဲ့ ကလေးငယ်အရေအတွက်ဟာ သန်းဝက်ကျော်လောက် တိုးလာခဲ့ပြီး အဲဒီအထဲက ၉၀ ရာခိုင်နှုန်းဟာ ဝီဂါနဲ့ အခြား တိုင်းရင်းသားလူနည်းစုတွေ ဖြစ်ပါတယ်။

    ရွာတွေအနီး ကျောင်းအိပ်ကျောင်းစားကျေင်းတွေ ဖွင့်လှစ်ကာ ရွာထဲက ကလေးငယ်တွေကို အဲဒီကျောင်းမှာ ရွှေ့ပြောင်းထားတာတွေလည်း ရှိနေတယ်လို့ ဒေါက်တာ အေဒရီယန်ဇန့်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ လူအဖွဲ့အစည်းအတွင်း တည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်စေဖို့ ဒီလိုကျောင်းတွေ ဆောက်လုပ်တာဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပေမယ့် တကယ်တမ်းက လူနည်းစုတွေရဲ့ အမှတ်သညာပျောက်အောင် ဦးနှောက်ကျင်းမှု လုပ်ဆောင်နေတယ်လို့ ဇန့်က ဆိုပါတယ်။

    ကျောင်းတွေမှာ တရုတ် ဘာသာစကားကလွဲလို့ တိုင်းရင်းသား ဘာသာစကားတွေ ပြောခွင့်မပေးဘဲ ဒီသတ်မှတ်ချက်ကို ဖောက်ဖျက်တဲ့ ကျောင်းသားတွေ၊ ဆရာမတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးလေ့ရှိပါတယ်။

    ရှင်ကျန်းပြည်နယ် ဝါဒဖြန့်ချီရေးဌာနက တာဝန်ရှိသူ ရှီကွေ့ရှန်က ကလေးငယ်တွေကို မိဘတွေနဲ့ခွဲကာ ထိန်းသိမ်းထားတယ်ဆိုတဲ့သတင်းတွေဟာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ မိသားစုတစ်ခုလုံး ပြုပြင်ရေးကျောင်း အပို့ခံရတယ်ဆိုရင် ဒီမိသားစုဟာ ဆိုးဆိုးဝါးဝါး ပြဿနာရှိနေလို့ပဲ ဖြစ်ရမယ်လို့ သူကဆိုပြီး ဒါမျိုးပုံစံ မရှိဘူးလို့လည်း ဆိုပါတယ်။

    အစိုးရစာရွက်စာတမ်းများက ဖော်ပြ

    ပြုပြင်ရေးကျောင်းတွေကို အပို့ခံရသူတွေရဲ့ ကျန်ရစ်သူ သားသမီးတွေကို ကျောင်းအိပ်ကျောင်းစား ကျောင်းတွေမှာ ထိန်းသိမ်းထားဖို့ တရုတ်အစိုးရကဆောင်ရွက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေကို ဒေါက်တာ အေဒရီယန်ဇန့်က ရရှိခဲ့ပါတယ်။

    အဲဒီအထောက်အထားတွေထဲမှာ ကလေးတွေကို သီးသန့် ထိန်းသိမ်းရမလားဆိုတာကို ဆန်းစစ်ရာမှာ ဒေသခံအာဏာပိုင်တွေက အသုံးပြုတဲ့ ဖောင်တွေ၊ ကလေးတွေကို ထိန်းသိမ်းရာမှာ ပါဝင်တဲ့ အဖွဲ့တွေရဲ့အကြောင်းကို ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေ၊ ကလေးတွေကို ကိုင်တွယ်ဖို့နဲ့ သူတို့ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပစ်ဖို့ ဒေသခံပညာရေးဌာနကို တရုတ်အစိုးရက ညွှန်ကြားထားတဲ့စာတွေ ပါဝင်ပါတယ်။

    ဒါတွေကို ကြည့်ခြင်းအားဖြင့် ကလေးငယ်တွေကို အကျယ်ချုပ်ချထားဖို့ဟာ လိုအပ်ချက်တစ်ခုဖြစ်တယ်လို့ တရုတ်အစိုးရက ယူဆထားမှုကို မြင်တွေ့ရပြီး၊ ဒီလုပ်ဆောင်ချက်တွေကို
    လူတွေသိအောင် ချပြလိုစိတ်မရှိဘူးလို့လည်း ဒေါက်တာ ဇန့်က သုံးသပ်ပါတယ်။

    အကျဉ်းစခန်းတွေ၊ ဘော်ဒါကျောင်းတွေထံ တရုတ်မီဒီယာတွေကို ဖိတ်ပြီး ချီးကျူးရေးသားခိုင်းတာတွေ ရှိတယ်ဆိုတာကိုလည်း BBC ရဲ့ စုံစမ်းဖော်ထုတ်မှုမှာ တွေ့ခဲ့ရပါတယ်။

    ရှင်းကျန်းက ပညာရေးဌာနတွေကို ဖုန်းဆက်မေးမြန်းရာမှာ တော်တော်များများက ဒီကိစ္စကို ဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး တစ်ချို့တာဝန်ရှိသူတွေကတော့ ကျောင်းတွေဟာ ဘော်ဒါကျောင်းတွေဖြစ်ကြောင်း၊ ကလေးငယ်တွေရဲ့ နေရေးထိုင်ရေး၊ စားသောက်ရေးနဲ့ ပညာရေးတွေ အားလုံးကို ကျောင်းက တာဝန်ယူပေးထားကြောင်း၊ ကလေးငယ်တွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ဖို့အတွက် အာဏာပိုင်တွေက အမိန့်ပေးထားကြောင်း ပြန်ဖြေခဲ့တယ်လို့ BBC သတင်းဌာနက ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    Ref: BBC