News @ M-Media
Blog
  • နိုင်ငံခြား လက်နက်ကိုင်အဖွဲ့ ၃ ခုမှ စစ်သွေးကြွ ၄ ဦးကို မလေးရှား ဖမ်းဆီး
    နိုင်ငံခြား လက်နက်ကိုင်အဖွဲ့ ၃ ခုမှ စစ်သွေးကြွ ၄ ဦးကို မလေးရှား ဖမ်းဆီး
    ဇူလိုင် ၁၀၊ ၂၀၁၉
    M-Media
    -ပြည်နယ်နှစ်ခုမှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း ပြည်ပ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွ ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
    ဆီလန်ဂေါနဲ့ ကဒါဟ် ပြည်နယ်တို့မှာ ဇွန်လ ၁၄ ရက်နေ့က ဇူလိုင်လ ၃ ရက်နေ့အတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ၂ ဦး၊ ဖိလစ်ပိုင် တစ်ဦးနဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့တာပါ။
    မလေးရှားရဲချုပ် ဒါတွတ်ဆရီ အဘ်ဒူလ် ဟာမစ် ဘဒွရ်က ဖိလစ်ပိုင်နိုင်ငံသား အသက် ၅၄ နှစ်အရွယ် အမျိုးသားကို ဇွန်လ ၁၄ ရက်နေ့က ကလန်းမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူဟာ ဖိလစ်ပိုင်က အဘူဆယက်ဖ် အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်မှုရှိသူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆာဘားပင်လယ်ပြင်မှာ အဘူဆယက်ဖ်အဖွဲ့က ကျူးလွန်တဲ့ ပြန်ပေးဆွဲမှုတွေမှာ ဒီအမျိုးသား ပါဝင်ခဲ့ပြီး အရှေ့ဆာဘား လုံခြုံရေးဌာနချုပ် Esscom က အလိုရှိနေသူလည်းဖြစ်ပါတယ်။
    အသက် ၂၄ နှစ်အရွယ် အိန္ဒိယနိုင်ငံသားကို အမ်ပန်းမြို့မှာ ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဓာတ်လှေကားပြုပြင်သူအဖြစ် လုပ်ကိုင်နေတဲ့သူဟာ Babbar Khalsa International (BKI) အကြမ်းဖက်အဖွဲ့ဝင်ဖြစ်ပြီး အဖွဲ့ရဲ့ အရှေ့တောင်အာရှ လုပ်ငန်းတွေအတွက် မလေးရှားရင်းဂစ် ၇၆၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။
    မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၂ ဦးကိုတော့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA နဲ့ ဆက်သွယ်မှုရှိတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲချုပ် အဘ်ဒူလ် ဟာမစ်က ပြောကြားခဲ့ပါတယ်။
    အသက် ၄၁ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားကို ကဒါဟ်ပြည်နယ် စွန်ငိုင်း ပက်တာနီမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာကို အသက်အန္တရယ်ခြိမ်းခြောက်တဲ့ ဗီဒီယို လွှင့်တင်မှုအတွက် ဖမ်းဆီးခံရတာဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ မလေးရှားကို တရားမ၀င် ၀င်ရောက်လာမှု၊ ၂၀၁၂ ခုနှစ်မှာ ခရီးသွားအထောက်အထားအတု သုံးစွဲမှု၊ လူကုန်ကူးမှုမှာပါဝင်မှု စတဲ့ ရာဇ၀တ်မှုမှတ်တမ်းတွေ ရှိတယ်လို့ မလေးရှားရဲချုပ်က ပြောပါတယ်။
    ဇူလိုင်လ ၃ ရက်နေ့က ကဒါဟ်ပြည်နယ် အေလိုဆီတာမြို့မှာ ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာအမျိုးသားက အသက် ၂၅ နှစ်အရွယ်ရှိနေပြီး ဘူကစ်ပီနန်မြို့ မဒ်ရာဆာ ဘာသာရေးစာသင်ကျောင်းမှာ ကျောင်းဆရာလုပ်နေသူဖြစ်ပါတယ်။ သူဟာ ARSA အဖွဲ့ကို အားပေးထောက်ခံတဲ့အတွက် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ရဲချုပ် အဘ်ဒူလ် ဟာမစ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    Ref: The Star
  • မောင်တောမှ အိုးအိမ်စွန့်ခွာရသူများအတွက် အိန္ဒိယက နေအိမ် ၂၅၀ ဆောက်ပြီး လွှဲပြောင်းပေးအပ်
    မောင်တောမှ အိုးအိမ်စွန့်ခွာရသူများအတွက် အိန္ဒိယက နေအိမ် ၂၅၀ ဆောက်ပြီး လွှဲပြောင်းပေးအပ်
    ဇူလိုင် ၁၀၊ ၂၀၁၉
    M-Media
    အိန္ဒိယက ဆောက်လုပ်ပေးသည့် နေအိမ်များ
    -ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့မှာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခက်ပြေးခဲ့ရတဲ့ ရခိုင်၊ ဟိန္ဒူနဲ့ ရိုဟင်ဂျာမိသားစုတွေ နေထိုင်ဖို့အတွက် ဆောက်လုပ်ပြီးသား အိမ် အလုံး ၂၅၀ ကို အိန္ဒိယနိုင်ငံက မြန်အစိုးရထံ လွှဲပြောင်းပေးခဲ့ပါတယ်။
    အဲဒီအိမ်တွေဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ အိမ်တွေ လွှဲပြောင်းပေးခဲ့မှုအကြောင်းကို နှစ်ဖက် အာဏာပိုင်တွေက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
    ဒီစီမံကိန်းအတွက် မြန်မာအစိုးရက မြေနေရာ ၃ ခု သတ်မှတ်ပေးခဲ့ပြီး အိမ်တွေကို ဟိန္ဒူ၊ ရိုဟင်ဂျာနဲ့ ရခိုင်လူ့အဖွဲ့အစည်းတွေထံ ခွဲဝေပေးခဲ့ပါတယ်။ အိမ်တွေရဲ့ အကျယ်အ၀န်းဟာ စကွဲယားမီတာ ၄၀ ရှိပါတယ်။ နေအိမ်တွေ ဆောက်လုပ်မှုအတွင်း ဒေသခံလူ့အဖွဲ့အစည်းဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိခဲ့ပါတယ်။
    အိန္ဒိယက ဆောက်လုပ်ပေးခဲ့တဲ့ နေအိမ် ၂၅၀ မှာ ၁၄၈ လုံးက ဟိန္ဒူလူ့အဖွဲ့အစည်းအတွက်ဖြစ်ပြီး၊ ၆၀ က ရိုဟင်ဂျာ လူ့အဖွဲ့အစည်း၊ ၄၂ လုံးက ရခိုင်လူ့အဖွဲ့အစည်းတွေအတွက် ဖြစ်ပါတယ်။ အိမ်တွေကို မီးလိုင်းတွေ တပ်ဆင်ပေးထားပြီး၊ ရွာသားတွေ လာရောက်နေထိုင်ချိန်အမီ ဇူလိုင်လကုန်ပိုင်းမှာ ရေပိုက်လိုင်းတွေလည်း တပ်ဆင်ဖို့ ရှိနေပါတယ်။
    မြန်မာအာဏာပိုင်တွေဟာ ဟိန္ဒူတွေနေထိုင်တဲ့ ရွှေဇားရွာကိုသာ ဂျာနယ်လစ်တွေကို ခေါ်ဆောင် ပြသခဲ့ပြီး၊ ရိုဟင်ဂျာတွေရဲ့ ကြိမ်ချောင်းတောင်ရွာနဲ့ ရခိုင်တွေရဲ့ နန့်သာတောင်ရွာတို့ကို မပြခဲ့ပါဘူး။
    ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ နေထိုင်နိုင်ရေးအတွက် တရုတ်နဲ့ ဂျပန်တို့ကလည်း နေအိမ်တွေ ဆောက်လုပ်ပေးနေပါတယ်
    မြန်မာနဲ့ အိန္ဒိယတို့ရဲ့ ၂၀၁၇ ခုနှစ် သဘောတူညီချက်အရ အိန္ဒိယဟာ နောက်ထပ် အိမ်အလုံးပေါင်း ၇၅၀ ဆောက်လုပ်ပေးဖို့ ကျန်ရှိနေသေးပြီး စီမံကိန်း ပြီးစီးမယ့် အချိန်အတိအကျကို မသတ်မှတ်ရသေးပါဘူး။
    Ref: CNA
  • ရခိုင်ပြည်နယ်အား ဘင်္ဂလားဒေ့ရှ်ထဲထည့်ရန် အဆိုပြုချက်ကို ရှိခ်ဟာဆီနာ ဝေဖန်
    ရခိုင်ပြည်နယ်အား ဘင်္ဂလားဒေ့ရှ်ထဲထည့်ရန် အဆိုပြုချက်ကို ရှိခ်ဟာဆီနာ ဝေဖန်
    ဇူလိုင် ၉၊ ၂၀၁၉
    M-Media
    -ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ သွတ်သွင်းဖို့ အမေရိကန်လွှတ်တော်အမတ်ရဲ့ ပြောဆိုမှုဟာ ‘မှားယွင်းတဲ့ အဆိုပြုမှု’ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောကြားလိုက်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မိမိတို့က အလေးထားတယ်လို့ ဆိုပါတယ်။
    ဇွန်လ ၁၃ ရက်နေ့ အမေရိကန်လွှတ်တော်အစည်းအဝေးအတွင်း အာရှပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီရဲ့ ဥက္ကဌ ဘရက်ဒလေ ရှားမန်းက မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို မလိုချင်ဘူးဆိုရင် ရိုဟင်ဂျာတွေရဲ့ဒေသကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်ပေးသင့်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံကအပြန် ပြုလုပ်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ် ဟာဆီနာက ရှားမန်ရဲ့ ဒီပြောကြားမှုကို ဝေဖန်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ပြည်တွင်းစစ်ဒဏ် ခံစားခဲ့ရပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အလုပ်မျိုးကို မိမိတို့က ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ သူမက ပြောပါတယ်။
    ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်ပြီး ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားကြောင်း၊ မိမိတို့ လိုချင်တာက ရိုဟင်ဂျာတွေ သူတို့ရဲ့ဇာတိမြေကို အန္တရာယ်ကင်းစွာ ပြန်ရေးဖြစ်ကြောင်း ဟာဆီနာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ရှားမန်ရဲ့ ဒီပြောဆိုချက်ဟာ ‘မှားယွင်းတဲ့ အဆိုပြုမှု’ ဖြစ်တယ်လို့လည်း သူမကဆိုပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး လှုံ့ဆော်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    “ဒီမှတ်ချက်ဟာ မှားယွင်းတဲ့ အဆိုပြုမှုပါ။ စကွဲယားကီလိုမီတာ ၅၄၀၀၀ ရှိနေတဲ့ နယ်နမိတ်နဲ့တင် ကျွန်မတို့ အဆင်ပြေပါတယ်”
    ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်နဲ့ အကူအညီပေးနေတာဟာ ရခိုင်ပြည်နယ်ကို တိုင်းပြည်ထဲ သွတ်သွင်းချင်လို့ မဟုတ်ဘူးလို့လည်း ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ်လမှာ မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။ ဒီစစ်ဆင်ရေးမှာ စစ်သားတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး၊ ‘လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်နဲ့’ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ကုလက ပြောကြားထားပါတယ်။
    နိုင်ငံတိုင်းမှာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုရှိပြီး ရှားမန်းဟာ လူတွေ သူ့ကို ပိုသိလာအောင် ဒီလို အဆိုပြုတာဖြစ်ကြောင်း၊ အင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားပေမယ့် မြန်မာနိုင်ငံကတော့ နိုင်ငံသားတွေကို မောင်းထုတ်ခြင်းအားဖြင့် မိမိတို့
    ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်ခေါ်ရေး ဖိအားပေးဖို့ တရုတ်ခရီးစဉ်အတွင်း ပြောကြားခဲ့ပြီး တရုတ်ခေါင်းဆောင်တွေကလည်း ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ရပ်တည်မယ်လို့ အာမခံခဲ့ကြောင်း သူမက ဆိုပါတယ်။
    “ဒါဟာ ကျွန်မတို့အတွက် သတင်းကောင်းပဲ မဟုတ်လား”
    Ref: NDTV
  • တောင်အာဖရိကမှ နာမည်ကျော် အာကာသယာဉ်မှူးလောင်း ဆိုင်ကယ်မတော်တဆဖြစ်၍ သေဆုံး
    တောင်အာဖရိကမှ နာမည်ကျော် အာကာသယာဉ်မှူးလောင်း ဆိုင်ကယ်မတော်တဆဖြစ်၍ သေဆုံး
    ဇူလိုင် ၉၊ ၂၀၁၉
    M-Media
    -တောင်အာဖရိကနိုင်ငံက နာမည်ကြီး အာကာသ လေယာဉ်မှူးလောင်း မန်ဒလာ မာဆီကိုဟာ စနေနေ့က ဆိုင်ကယ် မတော်တဆဖြစ်ပြီး ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
    အသက် ၃၀ အရွယ် ရှိပြီဖြစ်တဲ့ မာဆီကိုဟာ တောင်အာဖရိက လေတပ်က လေယာဉ်မှူးတစ်ယောက်ဖြစ်ပြီး အမေရိကန် အာကာသအကယ်ဒမီမှာ သွားရောက် လေ့ကျင့်နိုင်ရေး တောင်အာဖရိကအစိုးရက ၂၀၁၃ ခုနှစ်မှာ စီစစ်ရွေးချယ်ခဲ့တဲ့ ၂၃ ဦးထဲမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီရွေးချယ်ပွဲကို လူ တစ်သန်းလောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
    မာဆီကိုကို Afronaut၊ Spaceboy စသဖြင့် ချစ်စနိုး ခေါ်ဝေါ်ကြပြီး သူကတော့ သူဟာ သာမန်တောသားတစ်ဦး ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုဖူးပါတယ်။ မာဆီကို ကွယ်လွန်ခဲ့ကြောင်းကို မိသားစုက အတည်ပြုခဲ့ပြီး ပြည်သူတွေက ဆိုရှယ်မီဒီယာကနေတစ်ဆင့် ၀မ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။
    ၂၀၁၅ ခုနှစ်မှာ အာကာသကို တစ်နာရီကြာသွားရောက်မယ့် ခရီးစဉ်အတွက် မာဆီကိုဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က ကနေဒီ အာကာသစခန်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အာကာသသွားမယ့် အစီအစဉ် ဖြစ်မလာတဲ့အတွက် အာကာသရောက် ပထမဆုံး အာဖရိကလူမည်း ဖြစ်မယ့် မာဆီကိုရဲ့ အိပ်မက်ဟာ ပျက်ပြယ်သွားခဲ့ပါတယ်။ ပျံသန်းမှုကို စီစဉ်တဲ့ XCOR Aerospace ကုမ္ပဏီဟာလည်း ၂၀၁၇ ခုနှစ်မှာဒေဝါလီခံသွားပါတယ်။
    နောက်ပိုင်းမှာ မာဆီကိုဟာ တောင်အာဖရိကကိုပြန်ပြီး လေတပ်မှာ ပြန်လည်အမှုထမ်းခဲ့ပါတယ်။ အားလပ်ချိန်မှာတော့ သူဟာ ဆိုင်ကယ် မောင်းတာ၊ ဒီဂျေတီးတာတွေနဲ့ ပျော်မွေ့ခဲ့ပါတယ်။
    BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ မာဆီကိုက အာဖရိကက လူငယ်တွေ အားကျစေမယ့် လုပ်ရပ်မျိုးကို လုပ်ဆောင်ချင်တယ်လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
    Ref: BBC
  • မွတ်စလင်များကို ဆင်ဟာလီဇာတ်သွင်းရန်နှင့် တိုင်းပြည်ကို ဆင်ဟာလီကြီးစိုးရန် လုပ်မည်ဟု အစွန်းရောက်ဘုန်းကြီး ကြုံးဝါး
    မွတ်စလင်များကို ဆင်ဟာလီဇာတ်သွင်းရန်နှင့် တိုင်းပြည်ကို ဆင်ဟာလီကြီးစိုးရန် လုပ်မည်ဟု အစွန်းရောက်ဘုန်းကြီး ကြုံးဝါး
    ဇူလိုင် ၈၊ ၂၀၁၉
    M-Media
    BBS အဖွဲ့ခေါင်းဆောင် ဘုန်းတော်ကြီး
    Galagoda Aththe Gnanasara (လယ်)
    -မွတ်စလင်တွေကို ဆင်ဟာလီဇာတ်သွင်းရေး ဘုန်းကြီးတွေကို လုပ်ပိုင်ခွင့်ပေးဖို့ သီရိလင်္ကာနိုင်ငံက အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့အစည်း BBS ရဲ့ ခေါင်းဆောင်က မနေ့မှာ အစိုးရကို တောင်းဆိုလိုက်ပြီး၊ ဆင်ဟာလီလူမျိုးတစ်မျိုးတည်း ကြီးစိုးတဲ့ လွှတ်တော်ဖြစ်ရေး ဆောင်ရွက်မယ်လို့လည်း ကြုံးဝါးခဲ့ပါတယ်။
    မနေ့က ကန်ဒီမြို့မှာ ပြုလုပ်တဲ့ BBS ရဲ့ ချီတက်ပွဲမှာ ဘုန်းတော်ကြီး Galagoda Aththe Gnanasara က ဒီလို ပြောကြားခဲ့တာပါ။ ဆန္ဒပြပွဲကို ဘုန်းကြီး အပါး ၁၀၀၀ လောက်နဲ့ လူရာချီ တက်ရောက်ခဲ့ကြပါတယ်။
    “အစ္စလာမ့်မစ် အစွန်းရောက်ဝါဒကို ချေမှုန်းရေး ဘုန်းကြီးတွေကို တာဝန်ပေးဖို့ နိုင်ငံ့ခေါင်းဆောင်တွေကို တောင်းဆိုပါတယ်။ မီဒီယာက ကျုပ်တို့ဖက်မှာ ရှိရှိ၊ မရှိရှိ ဘုန်းကြီးတွေက အဆင်သင့်ပါပဲ။ အောက်ခြေလူတန်းစားတွေနဲ့ တွေ့ဆုံတာ၊ ဆွေးနွေးတာတွေ လုပ်နိုင်သလို၊ အဲဒီလူတွေ လိုချင်တဲ့ပုံစံမျိုး ဖြစ်လာအောင် မွတ်စလင်တွေကို ပုံသွင်းနိုင်ပါတယ်” လို့ ဘုန်းတော်ကြီး Gnanasara က မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
    သီရိလင်္ကာဟာ ဆင်ဟာလီတွေရဲ့ တိုင်းပြည်ဖြစ်ပြီး အိမ်တွေ၊ စီးပွားရေးတွေမှာ ပိုင်ရှင်ရှိသလို၊ တိုင်းပြည်မှာလည်း ပိုင်ရှင်ရှိကြောင်း၊ တိုင်းပြည် ချောက်ထဲမကျအောင် ဆင်ဟာလီတွေက ကယ်တင်ရမှာဖြစ်ကြောင်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “အကျင့်မကောင်းတဲ့ကောင်တွေ ကျုပ်တို့အိမ်ထဲကို ၀င်လာတယ်။ ဒီကောင်တွေက ထကိုက်မယ့် မြွေပွေးတွေ။ ကျုပ်တို့ကိုပဲကိုက်မှာမဟုတ်ဘူး။ အချင်းချင်းလည်း ကိုက်ကြမှာ။ ဒီအိမ်မှာရှိနေတဲ့သူတွေအားလုံး ဒီမြွေပွေးတွေကို တွေ့တဲ့နေရာမှာ သတ်ပစ်ရမယ်။ ဒါကို အောင်မြင်အောင် ဓားနဲ့လုပ်ရမယ်။ ဓားက ဘာသာတရားပဲ။ ခဲလုံးလေးနဲ့ ပေါက်နေလို့ မရဘူး”
    လွှတ်တော်ကို သိမ်းမည်
    သီရိလင်္ကာနိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာလောက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး လက်ရှိသမ္မတ Maithripala Sirisena၊ ကာကွယ်ရေး ၀န်ကြီးဟောင်း Gotabaya Rajapaksa နဲ့ လက်ရှိ ၀န်ကြီးချုပ် Ranil Wickremesinghe တို့ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
    Gnanasara က ဘုန်းကြီးတွေဟာ ဆင်ဟာလီလူမျိုးတွေသာပါတဲ့ အစိုးရတစ်ရပ် ဖြစ်လာရေးနဲ့ ဆင်ဟာလီလူမျိုးတွေကို ကာကွယ်မယ့် လွှတ်တော်တစ်ရပ် ဖြစ်လာရေးအတွက် ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    သီရိလင်္ကာနိုင်ငံမှာ ဘာသာရေးနဲ့ လူမျိုးရေး ပြဿနာဖြစ်ပွားတဲ့ သမိုင်းကြောင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။ ဆင်ဟာလီ ဗုဒ္ဓဘာသာ အစိုးရက သူတို့ကို ညှင်းပမ်းဖိနှိပ်တယ်ဆိုတဲ့ ခံယူချက်နဲ့ လူနည်းစု တမီလ်ဟိန္ဒူတွေဟာ သီရိလင်္ကာအစိုးရကို ဆယ်စုနှစ်ချီ လက်နက်စွဲကိုင် တော်လှန်ခဲ့ပြီး အဲဒီပြည်တွင်းစစ်ဟာ ၂၀၀၉ ခုနှစ်ကျမှ အဆုံးသတ်ခဲ့ပါတယ်။
    တိုင်းပြည်လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့ BBS နောက်လိုက်တွေရဲ့ အကြမ်းဖက်မှုတွေကို
    ခံစားလာခဲ့ရပါတယ်။ မနေ့က BBS ချီတက်ပွဲလုပ်တဲ့ ကန်ဒီမြို့မှာ ပြီးခဲ့တဲ့နှစ်အတွင်း အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဗလီတစ်လုံး၊ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံခဲ့ရကာ ပစ္စည်းတွေလည်း လုယက်ခံခဲ့ရပါတယ်။
    ချီတက်ပွဲကို နိုင်ငံတစ်ဝှမ်းက ဘုန်းကြီး တစ်သောင်းလောက် တက်ရောက်ဖို့ Gnanasara က လှုံ့ဆော်ခဲ့ပေမယ့် တစ်ထောင်လောက်သာ တက်ရောက်ခဲ့ပါတယ်။
    နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်း ၇၀၀၀ လောက်ဟာ နိုင်ငံရေးတပ်ဦးတစ်ခုအတွက် တစ်ကျောင်းကို လူတစ်သောင်းရဲ့မဲရအောင် စွမ်းဆောင်နိုင်တယ်လို့လည်း Gnanasara က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးတပ်ဦးဆိုတာ လက်ရှိ အာဏာရပါတီကို ညွှန်းဆိုမှု၊ ဒါမှမဟုတ် ပါတီအသစ်ကို ညွှန်းဆိုမှု ဒါမှမဟုတ် သူနဲ့ သူ့အဖွဲ့ BBS ကို ညွှန်းဆိုမှုလားဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိပါဘူး။
    “တွက်ချက်တာတွေ လုပ်ပြီးသွားပြီ။ ပါလီမန် ဒီမိုကရေစီစနစ်အကြောင်းကိုပဲ လူတိုင်းက ပြောကြတယ်။ ဒီမိုကရက်တစ် လွှတ်တော်တစ်ခု လိုအပ်လာပြီဆိုရင် အဲဒီလွှတ်တော်ကို ဘုန်းကြီးတွေပဲ ပိုင်ရမယ်။ ဘုန်းကြီးတွေသာ ညီညွတ်ကြရင် သင်္ကန်းရဲ့အကူအညီနဲ့ ကျုပ်တို့ နိုင်ရမယ်”
    Ref: Reuters, Colombotelegraph