News @ M-Media

Blog

  • ဘာသာရေးအမည်ခံ၍ အုပ်စုဖွဲ့ရိုက်နှက်သတ်ဖြတ်မှုကို အိန္ဒိယပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    ဘာသာရေးအမည်ခံ၍ အုပ်စုဖွဲ့ရိုက်နှက်သတ်ဖြတ်မှုကို အိန္ဒိယပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    ဇွန် ၂၇၊ ၂၀၁၉
    M-Media

    အိန္ဒိယတွင် ဘာသာရေးအမည်တပ်၍ အကြမ်းဖက်မှုကို လှောင်ပြောင်ထားသည့် ကာတွန်း

    -လူအုပ်စုဖွဲ့ပြီး ရိုက်နှက်သတ်ဖြတ်မှု မြင့်တက်လာတာကို ဆန့်ကျင်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက မြို့တော်တော်များများမှာ ပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး နိုင်ငံအရှေ့ပိုင်းမှာ မွတ်စလင်လူငယ်တစ်ဦးကို ဟိန္ဒူလူအုပ်စုက ရိုက်နှက်သတ်ဖြတ်မှုနောက်ပိုင်း ဒီလို ဆန့်ကျင်မှုတွေ တစ်ကျော့ပြန် ပေါ်ထွက်လာတာပါ။

    ဇွန်လ ၁၈ ရက်နေ့က ဂျာ့ခ်ဟန်းပြည်နယ် ခါဆာဝမ်ဒေသမှာ ဟိန္ဒူလူအုပ်စုတစ်စုက အသက် ၂၄ နှစ်အရွယ် မွတ်စလင်အမျိုးသား တက်ဘရက်ဇ် အန်ဆာရီကို သူခိုးလို့စွပ်စွဲကာ ကြိုးနဲ့တုပ်ပြီး ၁၂ နာရီလောက် ညှင်းပမ်းနှိပ်စက်ခဲ့သလို၊ ဟိန္ဒူနတ်ဘုရား ပူဇော်စာကိုလည်း အတင်းအဓမ္မ ရွတ်ဆိုခိုင်းခဲ့ပါတယ်။ အန်ဆာရီဟာ ရရှိတဲ့ဒဏ်ရာကြောင့် ၄ ရက်အကြာ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

    အန်ဆာရီကို ရိုက်နှက်နှိပ်စက်နေတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့သွားပြီးတဲ့နောက် အိန္ဒိယပြည်သူတွေဟာ ဒီကိစ္စကို ဝေဖန်ခဲ့ကြပြီး #JusticeForTabrez၊ #IndiaAgainstLynchTerror ခေါင်းစဉ်တွေနဲ့ ဆိုရှယ်မီဒီယာမှာ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    မနေ့က မြို့တော်ဒေလီ၊ ဂူဂျာရတ်ပြည်နယ်၊ အနောက်ဘန်ဂေါလ်ပြည်နယ်တို့မှာ ရာနဲ့ချီတဲ့ ပြည်သူတွေက ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ No more lynching in the name of religion (ဘာသာရေးခေါင်းစဉ်တပ် အုပ်စုဖွဲ့ရိုက်သတ်မှု ထပ်မရှိစေရ) ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ကြပြီး၊ အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ၊ အာဏာရ BJP ပါတီကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်အော်ခဲ့ကြပါတယ်။

    ဆန္ဒပြပွဲကို မြို့ပေါင်း ၅၀ မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ဘယ်နှစ်မြို့မှာ လုပ်ဆောင်နိုင်လဲဆိုတာ အတိအကျ မသိရပါဘူး။ ဆန္ဒပြသူတွေဟာ အန်ဆာရီ သတ်ဖြတ်ခံရမှုကိစ္စ အမှုမှန်ပေါ်ပေါက်ရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

    အန်ဆာရီကို ရိုက်နှက်သတ်ဖြတ်မှုကိစ္စအတွက် လူ ၁၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ရဲတပ်ဖွဲ့ဟာ ဒီအဖြစ်အပျက်ကို တားဆီးဖို့ မဆောင်ရွက်ခဲ့သလို၊ အန်ဆာရီကို အချိန်မီ ဆေးရုံမပို့ခဲ့ဘူးလို့လည်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ရှိနေပါတယ်။ လက်ရှိမှာ ရဲအရာရှိ ၂ ဦးကို တာဝန်ကနေ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

    အန်ဆာရီ ရိုက်နှက်သတ်ဖြတ်ခံရပြီး ၂ ရက်အကြာမှာ အနောက်ဘန်ဂေါလ်ပြည်နယ် ကိုလ်ကတားမြို့ ရထားတစ်ခုပေါ်မှာ အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးကို ဟိန္ဒူလူအုပ်စုက ရထားပေါ်ကနေ တွန်းချမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ လူအုပ်စုက ဟိန္ဒူနတ်ဘုရား ပူဇော်စာကို အတင်းအဓမ္မ ရွတ်ဆိုခိုင်းရာမှာ မဆိုတဲ့အတွက် ဒီလို တွန်းချခံရတာဖြစ်တယ်လို့ ဘာသာရေးဆရာက ပြောကြားခဲ့ပါတယ်။

    အမုန်းအခြေပြု အကြမ်းဖက်မှု

    ဆန္ဒပြပွဲတွင် အသုံးပြုခဲ့သည့် ပိုစတာ

    ပြည်သူလူထုရဲ့ ဝေဖန်မှုတွေ မြင့်တက်လာပြီးတဲ့နောက် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ဒီကိစ္စအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မနေ့က လွှတ်တော်မှာ ပြောကြားခဲ့ပြီး ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဒါပေမယ့် ဂျာ့ခ်ဟန်းပြည်နယ်ကို အုပ်စုဖွဲ့ရိုက်နှက်မှု သန္ဓေတည်ရာနေရာအဖြစ် ပြောဆိုသုံးနှုန်းမှုတွေကို သဘောမတူဘူးလို့ မိုဒီက ဆိုပါတယ်။ ဂျာ့ခ်ဟန်းပြည်နယ်ဟာ မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP အုပ်စိုးတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ ၅ နှစ် BJP ပါတီ အာဏာရပြီးတဲ့နောက်ပိုင်း အိန္ဒိယမှာ လူနည်းစုတွေ အထူးသဖြင့် မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်ကစလို့ နွားတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအပါအ၀င် ခေါင်းစဉ်အမျိုးမျိုးနဲ့ ဟိန္ဒူလူအုပ်စုက မွတ်စလင်တွေကို ရိုက်နှက်သတ်ဖြတ်မှုဟာ သိသိသာသာ များပြားလာခဲ့ပါတယ်။ အိန္ဒိယက အမုန်းအခြေပြု ရာဇ၀တ်မှုတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့
    Factchecker.in ၀ဘ်ဆိုက်က အခုနှစ်အတွင်း ဒီလိုတိုက်ခိုက်မှုမျိုး ၁၁ ခုထက်မနည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

    လူအုပ်စုဖွဲ့ အကြမ်းဖက်မှုဟာ ‘ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ’ ဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ အိန္ဒိယ တရားရုံးချုပ်က ရှုတ်ချပြောဆိုခဲ့ပြီး ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဥပဒေတစ်ခု ပြဌာန်းဖို့လည်း အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ်ကတည်းကစလို့ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမုန်းအခြေပြု အကြမ်းဖက်မှုတွေမှာ ၅၉ ရာခိုင်နှုန်းက မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ ‘၂၀၁၉ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် စစ်တမ်း’ မှာ မိုဒီဦးဆောင်တဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီလက်ထက် အိန္ဒိယမှာ ဘာသာရေး သည်းမခံနိုင်မှု မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

    Ref: Reuters, Aljazeera

  • ပါလက်စတိုင်းတွင် သံရုံးဖွင့်မည်ဟု အိုမန်ကြေငြာ

    ပါလက်စတိုင်းတွင် သံရုံးဖွင့်မည်ဟု အိုမန်ကြေငြာ

    ဇွန် ၂၇၊ ၂၀၁၉
    M-Media

    အိုမန်ဘုရင် ဆူလ်တန် ကာဘွတ်စ်

    -ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းမှာ သံရုံးဖွင့်လှစ်သွားမယ်လို့ ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ အိုမန်က မနေ့မှာ ကြေငြာလိုက်ပြီး၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကလည်း ပါလက်စတိုင်းတွေရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုတဲ့ ဒီအစီအစဉ်ကို ကြိုဆိုခဲ့ပါတယ်။

    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်လို့ ခေါင်းစဉ်တပ်ထားတဲ့ စီးပွားရေး စီမံကိန်းတစ်ခုကို အမေရိကန်က ထုတ်ပြချိန်နဲ့ တိုက်ဆိုင်စွာပဲ အိုမန်က ဒီလို ကြေငြာလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စီမံကိန်းကို ပါလက်စတိုင်းအပါအ၀င် အရှေ့အလယ်ပိုင်း နိုင်ငံတော်တော်များများက ကန့်ကွက်ခဲ့ပြီး နိုင်ငံရေးအဖြေရှာမှု မရှိဘဲနဲ့ ဒီအစီအစဉ် အောင်မြင်မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

    ဘုရင့်နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ အိုမန်ဟာ အရင်က ဂါဇာကမ်းမြှောင်မှာ သံရုံး ဖွင့်ထားပေမယ့်
    ၂၀၀၆ ခုနှစ် အစ္စရေးက ဂါဇာကို ဗုံးကြဲတိုက်ခိုက်မှုနောက်ပိုင်း ပိတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် အိုမန်ဟာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားနိုင်ပါတယ်။

    အိုမန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ရာမာလာမှာ သံရုံးဖွင့်ရေးကိစ္စအတွက် ကိုယ်စားလှယ် အဖွဲ့တစ်ခုကို မကြာခင် စေလွှတ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    “ပါလက်စတိုင်းပြည်သူတွေကို ညီရင်းအစ်ကိုလို ပံ့ပိုးကူညီမယ်ဆိုတဲ့ နိုင်ငံရဲ့ ခံယူချက်နဲ့အညီ သံရုံးအဆင့်နဲ့ သံတမန်ဆက်ဆံမှုအသစ် စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သံရုံးတစ်ခုဖွင့်လှစ်နိုင်ရေး လုပ်ဆောင်စရာရှိတာတွေကို ဆောင်ရွက်ဖို့အတွက် ၀န်ကြီးဌာနက ကိုယ်စားလှယ်အဖွဲ့တစ်ခု ရာမာလာကို သွားမှာပါ”

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO က အကြီးတန်းအရာရှိ ဟာနန် အက်ရှ်ရာဝီက အိုမန်နိုင်ငံရဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။

    “အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု သရုပ်မှန်ကို အိုမန်အစိုးရ သိရှိစေဖို့အတွက် ဒီသံရုံးက အထောက်အကူ ဖြစ်စေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

    အိုမန်ဟာ အရှေ့အလယ်ပိုင်းမှာ အရင်ကတည်းက ကြားနေနိုင်ငံတစ်ခုအဖြစ် ရှိနေခဲ့ပြီး ပြဿနာတော်တော်များများကိုလည်း ၀င်ရောက်ဖြေရှင်းပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အမေရိကန်-အီရန် လျှို့ဝှက်ဆွေးနွေးပွဲတစ်ခုကို အိုမန်က စီစဉ်ပေးခဲ့ပြီး အဲဒီကနေတစ်ဆင့် သမိုင်းဝင် ၂၀၁၅ နျူသဘောတူညီချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ပြီးခဲ့တဲ့နှစ်က အိုမန်နိုင်ငံ မူစကတ်မြို့ကို ရုတ်တရက် သွားရောက်ကာ အိုမန်ဘုရင် ဆူလ်တန် ကာဘွတ်စ်နဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

    Ref: Reuters

  • ကျူးကျော်မှုထပ်လုပ်လျှင် တုန့်ပြန်မှု ပိုပြင်းထန်မည်ဟု အမေရိကန်ကို အီရန် သတိပေး

    ကျူးကျော်မှုထပ်လုပ်လျှင် တုန့်ပြန်မှု ပိုပြင်းထန်မည်ဟု အမေရိကန်ကို အီရန် သတိပေး

    ဇွန် ၂၇၊ ၂၀၁၉
    M-Media

    အီရန်ပြည်တွင်းဖြစ် ဒုံးခွင်း

    -နိုင်ငံရဲ့ နယ်စပ်တွေကို ကျူးကျော်မှု ဆက်လုပ်မယ်ဆိုရင် ဒရုန်းလေယာဉ် ပစ်ချမှုထက် ပိုမိုပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ကြုံတွေ့ရလိမ့်မယ်လို့ အီရန်လွှတ်တော် ဥက္ကဌ အလီ လာရီဂျာနီက အမေရိကန်ကို သတိပေးလိုက်ပါတယ်။

    အီရန်ဟာ ဇွန်လ ၂၀ ရက်နေ့က နိုင်ငံတောင်ပိုင်း နယ်နမိတ်အတွင်း ၀င်ရောက်လာတဲ့ အမေရိကန် မောင်းသူမဲ့ Global Hawk လေယာဉ်ကို ဒုံးခွင်းနဲ့ ပစ်ချခဲ့တာပါ။ လာရီဂျာနီက ဒီလိုပစ်ချမှုဟာ နောက်ထပ် ကျူးကျော်မှုတွေကို ရှောင်ရှားဖို့ မှတ်သားလောက်တဲ့ ပညာပေးမှု ဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့ နယ်နမိတ်ကို ကျူးကျော်တဲ့ အမှားမျိုး ထပ်လုပ်မယ်ဆိုရင် အီရန်က ပိုမို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမှာပါ” လို့ လာရီဂျာနီရဲ့ ပြောကြားမှုကို Tasnim သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဒရုန်းလေယာဉ်ပစ်ချမှုနဲ့ပတ်သက်လို့ အမေရိကန်က အီရန်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အီရန်နိုင်ငံအတွင်းက ပစ်မှတ်တစ်ချို့ကို တုန့်ပြန်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် သမ္မတထရမ့်က နောက်ပိုင်းမှာ ဒီအစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့် အီရန်ရဲ့ ဒုံးကျည်ထိန်းချုပ်မှု ကွန်ပျူတာကွန်ယက်ကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ အီရန်ကတော့ အဲဒီ ဆိုက်ဘာတိုက်ခိုက်မှုဟာ မအောင်မြင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက အမေရိကန်နဲ့ စစ်မဖြစ်ချင်ဘူးလို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ထရမ့်ကလည်း အီရန်နဲ့ စစ်ဖြစ်မယ့် အခြေအနေဟာ ပိုမိုမြန်ဆန်လာနေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပေမယ့် စစ်မဖြစ်လိုဘူးလို့ ဆိုပါတယ်။

    Ref: Aljazeera

  • မလေးရှားတွင် မြေပြိုမှုကြောင့် မြန်မာအလုပ်သမား ၄ ဦး သေဆုံး

    မလေးရှားတွင် မြေပြိုမှုကြောင့် မြန်မာအလုပ်သမား ၄ ဦး သေဆုံး

    ဇွန် ၂၆၊ ၂၀၁၉
    M-Media

    ရုပ်အလောင်းများ သယ်ဆောင်လာမှု

    -မလေးရှားနိုင်ငံ ပီနန်မြို့မှာ မနေ့က မြေပြိုမှုတစ်ခုအတွင်း မြန်မာနိုင်ငံသား ၄ ဦး သေဆုံးသွားပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်ဖို့အတွက် မြန်မာသံရုံးကို ဆက်သွယ်ထားတယ်လို့ မလေးရှား အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    Lost Paradise အပန်းဖြေစခန်းမှာ မြေသားနံရံတည်ဆောက်နေတဲ့နေရာမှာ မနေ့ကညပိုင်း ၉ နာရီ ခွဲလောက်က မြေပြိုကျမှု ဖြစ်ပွားခဲ့တာပါ။

    ဂျော့ဂ်ျတောင်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ ချီ ဇိုင်မာနီ ချီ အေ၀မ်က အပန်းဖြေစခန်းနဲ့ တစ်ဖက်က လမ်းကိုခြားထားတဲ့ တောင်မှာ မြေပြိုမှုဖြစ်တာကို တွေ့ရပြီးတဲ့နောက် မြေထိန်းနံရံဆောက်လုပ်ဖို့အတွက် Ong ဆိုတဲ့ မြန်မာနိုင်ငံသားကို အပန်းဖြေစခန်းပိုင်ရှင်က ငှားထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “Ong ဟာ အပန်းဖြေစခန်းမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်သားအဖြစ် လုပ်ကိုင်နေတာ ၃ နှစ်လောက် ရှိပါပြီ။ မြေထိန်းနံရံဆောက်လုပ်ဖို့အတွက် အခြား မြန်မာနိုင်ငံသား ၃ ဦးကို သူက ခေါ်ခိုင်းခဲ့ပါတယ်”

    အပန်းဖြေစခန်းပိုင်ရှင်ဟာ Ong ခေါ်လာတဲ့ ၃ ဦးကို ဘယ်သူဘယ်ဝါမှန်း မသိရှိဘူးလို့လည်း ဇိုင်မာနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    သေဆုံးသွားသူ မြန်မာနိုင်ငံသား ၄ ဦးစလုံးဟာ အမျိုးသားတွေဖြစ်ပြီး မလေးရှား မီးသတ်တပ်ဖွဲ့က ရုပ်အလောင်း ၄ ခုစလုံးကို မြေပုံအောက်ကနေ ထုတ်ယူနိုင်ခဲ့ပါတယ်။

    ဇိုင်မာနီက သေဆုံးသွားသူ ၄ ဦးစလုံးမှာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ မရှိတာကြောင့် မြန်မာသံရုံးနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ပီနန်က ဘူကစ် ကူကွစ်ဒေသမှာ လမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း မြေပြိုမှု ဖြစ်ပွားခဲ့တာကြောင့် နိုင်ငံခြားသား အလုပ်သမား ၉ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

    Ref: The Star

  • S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စ လုံးဝ နောက်မဆုတ်ဟု အာဒိုဂန် ထပ်ပြော

    S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စ လုံးဝ နောက်မဆုတ်ဟု အာဒိုဂန် ထပ်ပြော

    ဇွန် ၂၆၊ ၂၀၁၉
    M-Media

    -အမေရိကန်နဲ့ တင်းမာမှုတွေ ရှိနေပေမယ့် ရုရှားထံက S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စကို နောက်ဆုတ်သွားမှာမဟုတ်ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က အင်္ဂါနေ့ ရုပ်သံမိန့်ခွန်းမှာ ထပ်လောင်းပြောကြားလိုက်ပါတယ်။

    “S-400 ကိစ္စဟာ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ကိစ္စပါ။ လုံးဝ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ ဘုရားသခင်အလိုတော်နဲ့ နောက်လမှာ S-400 ပို့ဆောင်မှုကို စတင်မှာ ဖြစ်ပါတယ်”

    တူရကီဟာ အမေရိကန်ထံကနေ နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် အစီး ၁၀၀ လောက် ၀ယ်ယူဖို့နဲ့ လေယာဉ်အစိတ်အပိုင်းတွေကို ဖက်စပ်ထုတ်လုပ်ဖို့ သဘောတူညီချက် ရှိထားပါတယ်။ အမေရိကန်က S-400 ဟာ နေတိုးအဖွဲ့ ကာကွယ်ရေးစနစ်တွေနဲ့ ကိုက်ညီမှုရှိမှာ မဟုတ်တဲ့အတွက် ကန့်ကွက်ထားပြီး ရှေ့ဆက်လုပ်မယ်ဆိုရင် F-35 သဘောတူညီချက်ကို ဖျက်သိမ်းမယ်လို့ သတိပေးထားပါတယ်။

    ဒါ့အပြင် စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

    “လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပြည့်စုံဖို့ဆိုရင် တူရကီဟာ ဘယ်သူဆီက ခွင့်ပြုချက်မှ ယူမှာမဟုတ်ပါဘူး။ ဘယ်ဖိအားကိုမဆို ရင်ဆိုင်သွားမှာပါ” လို့ အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ရုရှားဟာ S-400 စနစ်တွေကို ဇူလိုင်လမှာ ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။

    အမေရိကန်နဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် အခုတစ်ပတ်နှောင်းပိုင်းမှာ ပြုလုပ်မယ့် အိုဆာကာ G20 ထိပ်သီးအစည်းအဝေးမှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့အတွက် အာဒိုဂန်က စီစဉ်ထားပါတယ်။ နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်က ရုရှားရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ၀ယ်ယူမယ်ဆိုရင် တူရကီကို F-35 လေယာဉ် အသုံးပြုခွင့်၊ လေယာဉ်အစိတ်အပိုင်းတွေ ထုတ်လုပ်ခွင့် ပေးမှာမဟုတ်ဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera