News @ M-Media

Blog

  • ကင်-ထရမ့် တတိယမြောက်တွေ့ဆုံမှုမှာ ဘာတွေ သဘောတူခဲ့သလဲ

    ကင်-ထရမ့် တတိယမြောက်တွေ့ဆုံမှုမှာ ဘာတွေ သဘောတူခဲ့သလဲ

    ဇူလိုင် ၁၊ ၂၀၁၉
    M-Media

    မြောက်ကိုရီးယားသို့ အမေရိကန်သမ္မတ ခြေချစဉ်

    -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ဇွန်လ ၃၀ ရက် (မနေ့က) ကိုရီးယားနှစ်နိုင်ငံ စစ်မက်ဇုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒါဟာ သမိုင်းဝင်တွေ့ဆုံမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

    တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ထရမ့်ဟာ ကင်နဲ့တွေ့ဆုံဖို့ ဇွန်လ ၂၉ ရက်နေ့ကမှ Twitter စာမျက်နှာကတစ်ဆင့် ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုကြောင့် ထရမ့်ဟာ မြောက်ကိုရီးယားဖက်ကို ပထမဆုံး ခြေချတဲ့ ရာထူးလက်ရှိ အမေရိကန်သမ္မတအဖြစ် မှတ်တမ်း ၀င်ခဲ့ပါတယ်။

    ဘာတွေ ဆွေးနွေးခဲ့သလဲ

    ထရမ့်နဲ့ ကင်တို့ရဲ့ အခုတစ်ကြိမ် တွေ့ဆုံမှုဟာ တစ်နှစ်ကျော်အတွင်း ၃ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်က စင်ကာပူနိုင်ငံမှာ တွေ့ဆုံစဉ် ခေါင်းဆောင်နှစ်ဦးဟာ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးကိစ္စ ဆောင်ရွက်ဖို့ နှုတ်အားဖြင့် သဘောတူခဲ့ကြပြီး နောက်ပိုင်းမှာ တိုးတက်မှုတစ်ချို့လည်း ရှိခဲ့ပါတယ်။ အခုနှစ်အစောပိုင်း ဗီယက်နမ် တွေ့ဆုံပွဲမှာတော့ ပိတ်ဆို့မှုအားလုံး ဖယ်ရှားပေးရေး ကင်ရဲ့ တောင်းဆိုမှုကို ထရမ့်က မလိုက်လျောခဲ့တဲ့အတွက် ဘာသဘောတူညီချက်မှ မရခဲ့ပါဘူး။

    အဲဒီတွေ့ဆုံပွဲအပြီး နှစ်ဖက် အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    မနေ့က တွေ့ဆုံမှုအတွင်း ကင်က လက်ဆွဲနှုတ်ဆက်မှုကို ‘ငြိမ်းချမ်းရေး နှုတ်ဆက်မှု’ လို့ ကင်ပွန်းတပ်ခဲ့ပြီး တောင်-မြောက် နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့နေရာမှာ အခုလို တွေ့ဆုံနိုင်မှုက မိမိတို့အနေနဲ့ အတိတ်ကို အတိတ်မှာသာထားခဲ့ဖို့ ဆန္ဒရှိနေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ထရမ့်ကလည်း မြောက်ကိုရီးယားဖက်ကို ခြေချနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုတွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားရဲ့ နျူစီမံကိန်းကိစ္စအတွက် ရပ်ဆိုင်းနေတဲ့ လုပ်ငန်းအဆင့် ဆွေးနွေးမှုကို ပြန်လည်လုပ်ဆောင်ဖို့ ခေါင်းဆောင် ၂ ဦးက သဘောတူခဲ့ကြပါတယ်။ ကင်ကို အိမ်ဖြူတော်လာဖို့ ထရမ့်က ဖိတ်ခေါ်ခဲ့ပြီး လာချင်တဲ့အချိန် လာရောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထရမ့်နဲ့ ကင်တို့ရဲ့ တတိယအကြိမ်မြောက် တွေ့ဆုံမှုနဲ့ပတ်သက်ပြီး နိုင်ငံရေး ကျွမ်းကျင်သူတွေမှာ အမြင်အမျိုးမျိုး ရှိနေပါတယ်။ အေးနေတဲ့ နျူအရေး ဆွေးနွေးမှု ပြန်လန်အရှိန်ရလာစေမယ့် ဆွေးနွေးမှုမျိုးလို့ ယူဆကြသလို၊ အမြင်ကောင်းစေဖို့ ဆောင်ရွက်မှုလို့လည်း ဆိုကြပါတယ်။

    Ref: AP

  • မြန်မာနိုင်ငံတွင် ထောင်နှင့်ချီသည့် စာသင်ကျောင်းများ ပျက်ဆီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ

    မြန်မာနိုင်ငံတွင် ထောင်နှင့်ချီသည့် စာသင်ကျောင်းများ ပျက်ဆီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ

    ဇူလိုင် ၁၊ ၂၀၁၉
    M-Media

    ပြည်တွင်း စာသင်ကျောင်းတစ်ခု (Photo Credit – UNICEF)

    -မြန်မာနိုင်ငံက စာသင်ကျောင်းတွေ၊ စာသင်ကျောင်းနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေထဲမှာ ထောင်နဲ့ချီတဲ့ ကျောင်းတွေဟာ ပျက်ဆီးမှု တစ်မျိုးမဟုတ်တစ်မျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိန်းကြီးက ပြောကြားလိုက်ပါတယ်။

    နိုင်ငံအတွင်း စာသင်ကျောင်း ၃၄၀၀၀၊ ကျောင်းနဲ့ပတ်သက်တဲ့ အဆောက်အဦး သိန်းချီရှိရာမှာ ၃၀၀၀ လောက်က ပျက်ဆီးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

    “မြန်မာနိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေပေမယ့်၊ ကျောင်းဆောက်ထားတဲ့ တစ်ချို့မြေတွေက ကျောင်းမြေတွေ မဟုတ်ဘူး။ တစ်ချို့ကျောင်းတွေမှာ ခြံစည်းရိုးမရှိဘူး။ ကျောင်းသားမိဘတွေက ကျောင်းအတွက် မြေ၀ယ်ပေးရတာတွေ ရှိတယ်။ တစ်ချို့ကျောင်းတွေမှာအဆောက်အဦးကောင်းကောင်း မရှိဘူး။ ဒီလိုအခြေအနေတွေကြောင့် တစ်နှစ်ကို ကျောင်းပေါင်း ၃၀၀၀ လောက်ဟာ ပျက်ဆီးမယ့်အနေအထားတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ဒုတိယဦးစားပေးလုပ်ငန်းက စာသင်ကျောင်းတွေအတွက် သင့်လျော်တဲ့ အဆောက်အဦး ဆောက်ပေးဖို့ပါ” လို့ ကြာသာပတေးနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ပညာရေးဖိုရမ်တစ်ခုမှာ ပညာရေးဝန်ကြီး ဦးမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

    နိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ နောက်ထပ် ဦးစားပေး လုပ်ဆောင်ရမယ့်ကိစ္စက ဆရာ၊ ဆရာမ၊ ကာယာဆရာ၊ စာကြည့်တိုက်နဲ့ နည်းပညာစနစ်တွေအတွက် ပညာရေးဝန်ထမ်း အသစ်တွေ ခန့်ထားရေး ဖြစ်တယ်လို့လည်း ၀န်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    နေပြည်တော်က အဲဒီဖိုရမ်ဟာ ပညာရေးကဏ္ဍမှာ နည်းပညာအသုံးပြုနိုင်ရေး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း ဒုတိယဥက္ကဌ ဒေါ်နွယ်နွယ်ဝင်းက ပြည်တွင်းကကျောင်းတွေမှာ နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ကျောင်းသားတွေအတွက် ပြိုင်ပွဲလုပ်ပေးတာ၊ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်အောင် ကူညီပေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့်သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • ဥရောပတွင် အပူချိန်လွန်ကဲမှုက ကမ္ဘ္ဘာ့ ရာသီဥတုပြဿနာကို မီးမောင်းထိုးပြနေ

    ဥရောပတွင် အပူချိန်လွန်ကဲမှုက ကမ္ဘ္ဘာ့ ရာသီဥတုပြဿနာကို မီးမောင်းထိုးပြနေ

    ဇူလိုင် ၁၊ ၂၀၁၉
    M-Media

    -လတ်တလော ဥရောပတိုင်းပြည်တွေမှာ အပူချိန်လွန်ကဲပြီး တောမီးလောင်မှု၊ လူသေဆုံးမှုတွေ ဖြစ်လာတာဟာ ကမ္ဘ္ဘာကြီးက ကြုံတွေ့နေရတဲ့ ရာသီဥတု ဖောက်ပြန်မှုကို မီးမောင်းထိုးပြနေတာဖြစ်ပြီး အချိန်မီ ဆောင်ရွက်ဖို့ လိုအပ်လာနေပြီလို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဥရောပမှာ ပူလှိုင်းဖြတ်နေပြီး မြောက်ပိုင်းနဲ့ အနောက်ပိုင်း နိုင်ငံတွေက အပူအချိန်သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပြင်သစ်၊ အီတလီနဲ့ စပိန်တို့မှာ အပူချိန် အလွန်အမင်းမြင့်မားမှု နောက်ဆက် ပြဿနာတွေကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပါတယ်။ အပူချိန် မြင့်တက်လာမှုကြောင့် တောမီးလောင်တာတွေလည်း ဖြစ်နေပါတယ်။

    ပြင်သစ်နိုင်ငံရဲ့ သောကြာနေ့အပူချိန် ၄၅.၉ ဒီဂရီ ဆဲလ်စီးယက်စ်ဟာ နိုင်ငံသမိုင်းတစ်လျှောက် အပူချိန် အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ အပူချိန် ၄၅ ဒီဂရီကို ကျော်သွားတဲ့ ဥရောပနိုင်ငံ အရေအတွက်ဟာ ပြင်သစ်အပါအ၀င် ၇ နိုင်ငံ ရှိလာပြီ ဖြစ်ပါတယ်။ အပူချိန် မြင့်တက်လာတာကြောင့် ပြင်သစ်မှာ ကောက်ပဲသီးနှံတွေ ပျက်ဆီးမှုလည်း ရှိလာပါတယ်။

    ၂၀၀၃ ခုနှစ်မှာလည်း ပြင်သစ်ဟာ အပူလှိုင်းဒဏ်ကို ခံစားခဲ့ရပြီး လူပေါင်း ၁၅၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    စပိန်က ဒေသ ၅၀ မှာ ၄၀ ကို အပူချိန်သတိပေးချက် ထုတ်ပြန်ထားရပြီး၊ ဒေသ ၇ ခုကတော့ အဆိုးဝါးဆုံး အန္တရာယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။ စပိန်နိုင်ငံမြောက်ပိုင်းဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအပူချိန် ၄၃.၉ ဒီဂရီ ဆဲလ်စီးယက်စ်ကို ရောက်ရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာလည်း အပူချိန် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

    အပူချိန်အလွန်အမင်း မြင့်တက်လာမှုကြောင့် ဥရောပက မြို့ကြီးတစ်ချို့မှာ လေထုသန့်ရှင်းမှု အရည်အသွေး ကျဆင်းကာ အာဏာပိုင်တွေက အရေးပေါ် ဆောင်ရွက်မှုတွေ ပြုလုပ်နေရပါတယ်။

    အပူဆုံးနှစ် ၂၀၁၉

    ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်ဆောင်တာကြောင့် အပူချိန်တွေဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတယ်လို့ မိုးလေ၀သပညာရှင်တွေက သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်ပေါင်း ၅၀၀ အတွင်း ဥရောပဟာ အပူဆုံးနှစ် ၅ နှစ်ကို အခုရာစုနှစ်မှာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ်ဟာ ကမ္ဘ္ဘာ့ အပူဆုံးနှစ်တွေထဲကတစ်ခု ဖြစ်လာနိုင်ပြီး ၂၀၁၅-၂၀၁၉ ကာလဟာ အပူချိန် စံချိန်တင်အမြင့်ဆုံး ၅ နှစ်တာကာလ ဖြစ်လာမယ်လို့ ကမ္ဘ္ဘာ့ မိုးလေ၀သအဖွဲ့ World Meteorological Organization က ပြီးခဲ့တဲ့တစ်ပတ် အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

    ဒါဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာခြင်းနဲ့ အဓိက သက်ဆိုင်နေတာကြောင့် ဖြစ်ပါတယ်။

    Ref: Aljazeera

  • ပြည့်ဝယူရေနီယံပမာဏကို တိုးမြှင့်မည်ဟု အီရန်ပြော

    ပြည့်ဝယူရေနီယံပမာဏကို တိုးမြှင့်မည်ဟု အီရန်ပြော

    ဇွန် ၃၀၊ ၂၀၁၉
    M-Media

    -၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ပါ ပြည့်ဝယူရေနီယံ ကန့်သတ်ချက်ကို ကျော်လွန်အောင် မကြာခင် ဆောင်ရွက်သွားတော့မယ်လို့ အီရန်က ပြောကြားလိုက်ပြီး ဒါဟာ စာချုပ်ပါနိုင်ငံတွေက အီရန်ရဲ့ တောင်းဆိုမှုကို မလိုက်လျောပေးတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

    ဥရောပသမဂ္ဂနဲ့ ယူကေတို့အပါအ၀င် စာချုပ်ပါ အခြားနိုင်ငံတွေနဲ့ အီရန်တို့ဟာ ပြီးခဲ့တဲ့
    ရက်ပိုင်းက သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ရဲ့
    ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ရေး စာချုပ်ပါနိုင်ငံတွေက ကူညီပေးဖို့ အီရန်က တောင်းဆိုခဲ့ပေမယ့် သဘောတူညီချက် မရခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ အီရန်အစိုးရ တာဝန်ရှိသူတစ်ဦးကို
    ကိုးကားပြီး အီရန်သတင်းဌာန Fars က ဖော်ပြခဲ့ပါတယ်။

    “ဗီယင်နာက တွေ့ဆုံဆွေးနွေးမှုအတွင်း အီရန်ရဲ့ တောင်းဆိုမှုတွေ ရရှိခဲ့ခြင်း မရှိပါဘူး။ စာချုပ်ပါ သဘောတူညီချက်တွေကို မလိုက်နာဖို့ အီရန်က ဆုံးဖြတ်ခဲ့ပြီး ပြည့်ဝယူရေနီယံ ပမာဏကလည်း ကန့်သတ်ထားတဲ့ ၃၀၀ ကီလိုဂရမ်ကနေ မကြာခင် ကျော်လွန်တော့မှာ ဖြစ်ပါတယ်”

    အမေရိကန်ဟာ နျူသဘောတူညီချက်နေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီး
    အီရန်အပေါ် ပိတ်ဆို့မှုတွေ ပိုမို ပြုလုပ်ခဲ့ပါတယ်။ အီရန်က သဘောတူညီချက်ပါ ကျန်တဲ့ နိုင်ငံတွေအနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်အောင် ရက်ပေါင်း ၆၀ အတွင်း မလုပ်ပေးဘူးဆိုရင် သဘောတူညီချက်ပါ သတ်မှတ်ချက်တွေကို လိုက်နာမှာ မဟုတ်တော့ဘူးလို့
    အခုနှစ် မေလ ၈ ရက်နေ့မှာ အီရန်က ကြေငြာခဲ့ပါတယ်။

    အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုဟာ မေလအတွင်းမှာ ပိုမို ပြင်းထန်လာခဲ့ပြီး ပင်လယ်ကွေ့မှာ အမေရိကန်က တပ်တွေ တိုးချတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ အီရန်ဟာ အခုလအတွင်း အမေရိကန် မောင်းသူမဲ့ ဒရုန်းလေယာဉ်တစ်စီးကို ပစ်ချခဲ့ပြီး သူတို့ လေပိုင်နက်ထဲကို ၀င်လာတဲ့အတွက် ပစ်ချတာလို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကတော့ သူတို့ဒရုန်းဟာ နိုင်ငံတကာ လေပိုင်နက်မှာ ရှိနေစဉ် ပစ်ချခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို တုန့်ပြန်တဲ့အနေနဲ့ အီရန်က ပစ်မှတ်ချို့ကို တိုက်ခိုက်ဖို့ သမ္မတထရမ့်က အမိန့်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။ အီရန်ရဲ့ ဒုံးကျည် ကွန်ပျူတာကွန်ယက်ကို တိုက်ခိုက်ခဲ့တယ်လို့လည်း အမေရိကန်က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • လူအုပ်ကို ကားနှင့်ဝင်တိုက်သည့် လူဖြူအမျိုးသားရေးအစွန်းရောက်ကို အမေရိကန်က   ထောင်တစ်သက်ချ

    လူအုပ်ကို ကားနှင့်ဝင်တိုက်သည့် လူဖြူအမျိုးသားရေးအစွန်းရောက်ကို အမေရိကန်က ထောင်တစ်သက်ချ

    ဇွန် ၃၀၊ ၂၀၁၉
    M-Media

    နာဇီဆန့်ကျင်ရေးလူအုပ်ကို ကားဖြင့်ဝင်တိုက်ခဲ့သည့် လူဖြူအမျိုးသားရေးဝါဒီ ဂျိမ်းစ် အဲလက်စ်ဖီးလ်ဒ်

    -၂၀၁၇ ခုနှစ် ချားလော့စ်ဗီလီမြို့က အစွန်းရောက်ဝါဒ ဆန့်ကျင်ရေး ဆန္ဒပြလူအုပ်ကို ကားနဲ့ ၀င်တိုက်ခဲ့တဲ့ လူဖြူအမျိုးသားရေးသမားကို အမေရိကန်တရားရုံးက သောကြာနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

    သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်အတွင်း အသက် ၃၂ နှစ်အရွယ်
    အမျိုးသမီး ဟီသာ ဟေယာ သေဆုံးခဲ့ပြီး လူ ၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကားနဲ့ဝင်တိုက်ခဲ့တဲ့ လူဖြူအမျိုးသားရေးသမား အသက် ၂၂ နှစ်အရွယ် ဂျိမ်စ်း အဲလက်စ်ဖီးလ်ဒ်က ပြီးခဲ့တဲ့မတ်လမှာ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။

    သောကြာနေ့မှာတော့ ပြည်ထောင်စု တရားရုံးက ဂျိမ်းစ်ကို ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ဒီကိစ္စအတွက် ပြည်နယ်တရားရုံးမှာလည်း စွဲချက်တင်ခံထားရပြီး ဆက်လက် တရားရင်ဆိုင်ရအုံးမှာ ဖြစ်ပါတယ်။

    ဆုံးရှုံးနစ်နာခဲ့သူတွေအတွက် တောင်းပန်ကြောင်း၊ မိမိရဲ့ လုပ်ရပ်အတွင်း နောင်တရမိကြောင်း အမိန့်မချခင်မှာ ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ရသူတွေနဲ့ အသက်ဘေးကလွတ်မြောက်လာသူတွေဟာ သောကြာနေ့က အမိန့်ချမှုကို လာရောက်နားထောင်ခဲ့ပါတယ်။ ဟီသာရဲ့ မိဘတွေကတော့ သမီးဖြစ်သူကို ဆုံးရှုံးရမှုအတွက် ဘယ်တော့မှ ပုံမှန်ပြန်ဖြစ်မှာ မဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အမျိုးသားရေးအစွန်းရောက် ဆန့်ကျင်မှု

    ဗာဂျီးနီးယားပြည်နယ် ချားလော့ဗီလီမြို့က ကွန်ဖက်ဒရိတ် ဂုဏ်ပြုရုပ်ထုကို ဖယ်ရှားမယ်လို့ မြို့တော် တာဝန်ရှိသူတွေက ဆုံးဖြတ်ပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း လူဖြူ အမျိုးသားရေးဝါဒီတွေက အကြီးအကျယ်ဆန္ဒပြခဲ့ကြပြီး လတ်တလော အမေရိကန်သမိုင်းမှာ လူဖြူအမျိုးသားရေး ဝါဒီတွေရဲ့ အကြီးမားဆုံး ဆန္ဒပြမှုကြီးလည်း ဖြစ်ပါတယ်။

    အဲဒီဆန္ဒပြမှုအတွင်း ချားလော့ဗီလီမြို့ခံတွေ၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ လူမျိုးရေးအစွန်းရောက်မှု ဆန့်ကျင်ရေး၊ နာဇီဆန့်ကျင်ရေး အုပ်စုတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ လူဖြူအစွန်းရောက်တွေရဲ့ ဆန္ဒပြမှုအပြီး ဖက်စစ်ဆန့်ကျင်သူတွေက တန်ပြန်ဆန္ဒပြမှု ပြုလုပ်တဲ့အချိန်မှာတော့ ဂျိမ်းစ်က ဒီလူအုပ်ကို ကားနဲ့ ၀င်တိုက်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်မှာ ၂ ဖက်စလုံးမှားတယ်လို့ ပြောခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူမျိုးရေးခွဲခြားမှုကို အားပေးအားမြှောက်ပြုတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း လူဖြူ အမျိုးသားရေး ဝါဒီတွေကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ လူ ၁၈ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားရေးအစွန်းရောက်တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ Anti-Defamation League အဖွဲ့က ပြောပါတယ်။ အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးအဖွဲ့ FBI ရဲ့ မှတ်တမ်းတွေမှာ ၂၀၁၇ ခုနှစ်အတွင်း အမုန်းအခြေပြု ရာဇ၀တ်မှုအရေအတွက်ဟာ ၁၇ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

    လူဖြူအမျိုးသားရေးဝါဒီတွေဟာ ၂၀၁၈ ခုနှစ်ကလည်း ဝါရှင်တန်မှာ ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး တန်ပြန် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

    Ref: Aljazeera