News @ M-Media

Blog

  • ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ပိတ်ထားမှု အဆုံးသတ်ရန် ကန် တိုက်တွန်း

    ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ပိတ်ထားမှု အဆုံးသတ်ရန် ကန် တိုက်တွန်း

    ဇွန် ၃၀၊ ၂၀၁၉
    M-Media

    -ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ အင်တာနက် ပိတ်ပင်ထားတာကို ဖယ်ရှားဖို့ တောင်းဆိုတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်လည်း ပါဝင်လာပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေ ပွင့်လင်းမြင်သာရှိဖို့အတွက် သတင်းအချက်အလက် စီးဆင်းမှု အရေးကြီးတယ်လို့လည်း
    ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ၈ မြို့နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တစ်ခုတို့မှာ မြန်မာအစိုးရက ဇွန်လ ၂၁ ရက်နေ့မှာ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခဲ့တာပါ။ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ဒီပိတ်ပင်မှု ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်ဂန် အိုတာဂက်စ်က ဒါဟာ လူတစ်သန်းလောက်ရဲ့ သတင်းအချက်အလက် ရရှိမှုကို အဟန့်အတားဖြစ်စေတဲ့အတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ မနေ့မှာ ပြောကြားခဲ့ပြီး အသုံးပြုခွင့် ချက်ခြင်းပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    “ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ အကြမ်းဖက်မှုတွေ တားဆီးဖို့ ရည်ရွယ်ပြီး ဥပဒေစိုးမိုးရေးအဖွဲ့တွေက စစ်ဆင်ရေးလုပ်ရပါတယ်ဆိုတဲ့ အစိုးရရဲ့ပြောကြားမှုတွေ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ခံမှု တာဝန်ရှိမှုရှိရေးတို့မှာ အင်တာနက် အသုံးပြုခွင့်က အကူအညီ ဖြစ်စေမှာပါ”

    ၂၀၁၈ ခုနှစ် နှောင်းပိုင်းကတည်းက AA နဲ့ အစိုးရစစ်တပ်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၃ သောင်းကျော်လောက် ထွက်ပြေးခဲ့ရပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့
    ARSAR ရဲ့ တိုက်ခိုက်မှုတွေအပြီး အစိုးရစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့
    နယ်မြေရှင်းလင်းရေးလုပ်ငန်းကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဖက်ကို
    ထွက်ပြေးခဲ့ရပါတယ်။

    စိုးရိမ်မှုရှိ

    အင်တာနက် အသုံးပြုခွင့် ပိတ်ပင်ထားမှုကြောင့် အကူအညီပေးရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေကို
    ထိခိုက်စေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က အခုတစ်ပတ် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ရန်ဟီးလီကလည်း
    လုံခြုံရေးတပ်ဖွဲ့တွေဟာ အင်တာနက် ပိတ်ပင်မှုကို အခွင့်ကောင်းယူပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်လာမှာကို စိုးရိမ်မိတယ်လို့ အခုတစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    အင်္ဂါနေ့က အလ်ဂျာဇီးရား သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ယန်ဟီးလီက မြန်မာစစ်တပ်ဟာ “အရေးယူမခံရဘဲ” ကျူးလွန်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

    “လက်ရှိအနေအထားအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု မလုပ်မချင်း စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ နိုင်ငံတော်လုံခြုံရေး ခေါင်းစဉ်အောက်မှာ သူတို့ လုပ်ချင်သလို လုပ်နိုင်မှာပါ”

    Ref: Aljazeera

  • ကုန်သွယ်ရေးတွင် ဒေါ်လာမသုံးတော့ရန် တရုတ်နှင့် ရုရှားတို့ သဘောတူ

    ကုန်သွယ်ရေးတွင် ဒေါ်လာမသုံးတော့ရန် တရုတ်နှင့် ရုရှားတို့ သဘောတူ

    ဇွန် ၂၈၊ ၂၀၁၉
    M-Media

    -နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာကို အသုံးမပြုဘဲ ရူဘဲလ်နဲ့ ယွမ်ငွေတွေကို အစားထိုး အသုံးပြုသွားဖို့အတွက် ရုရှားနဲ့ တရုတ်တို့က အခုလ အစောပိုင်းမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားနေ့စဉ်ထုတ်သတင်းစာ Izvestia က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တန် ဆီလူအေနော့ဗ်နဲ့ တရုတ်ပြည်သူ့ဘဏ် အကြီးအကဲ ယီဂျန်းတို့က လက်မှတ်ရေးထိုးခဲ့တာပါ။

    ရုရှားနဲ့ တရုတ်တို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး ငွေပေးချေမှုမှာ နည်းသစ်လမ်းသစ်တွေကို
    ဖော်ဆောင်နေတယ်လို့ ရုရှား ဒုတိယ ဘဏ္ဍာရေးဝန်ကြီး ဆာဂျီ စတောချက်က အောက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ အကြီးအကဲကို ပေးပို့တဲ့ အစီရင်ခံစာကို ကိုးကားပြီး Izvestia က ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    ငွေပေးချေမှုအတွက် SWIFTဆိုတဲ့ စနစ်ကို အသုံးပြုသွားမှာဖြစ်ပြီး၊ ရူဘဲလ်-ယွမ် အပြန်အလှန်
    အသုံးပြုနိုင်ရေးနဲ့ ငွေကြေး အတက်အကျမှာ ဆုံးရှုံးမှု နည်းနိုင်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းလမ်းတွေကို ဖော်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီစနစ် အကောင်အထည်ပေါ်လာရင် လာမယ့် နှစ်အနည်းငယ်အတွင်း ရူဘဲလ်-ယွမ် အသုံးပြုမှုနှုန်းဟာ ၅ ဆဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာဖို့ ခန့်မှန်းထားပါတယ်။

    နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ကိုယ်ပိုင်ငွေကြေးတွေ အသုံးပြုတဲ့စနစ်ကို ရုရှားနဲ့ တရုတ်တို့က လာမယ့်နှစ်မှာ စတင်မှာ ဖြစ်ပါတယ်။ အစပိုင်းမှာ စွမ်းအင်နဲ့ လယ်ယာလုပ်ငန်းလို နိုင်ငံပိုင် လုပ်ငန်းကြီးတွေမှာ စတင်အသုံးပြုမှာဖြစ်ပြီး နောက်ပိုင်းမှာ လုပ်ငန်းအားလုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    Ref: RT

  • ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု အကူအညီပေးရေးကို ထိခိုက်ဟု HRW ပြော

    ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု အကူအညီပေးရေးကို ထိခိုက်ဟု HRW ပြော

    ဇွန် ၂၈၊ ၂၀၁၉
    M-Media

    -ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ အင်တာနက် ဖြတ်တောက်ထားတာဟာ
    အတိဒုက္ခရောက်နေတဲ့သူတွေအတွက် အကူအညီပေးရေးလုပ်ငန်းကို ထိခိုက်စေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီကနေ့မှာ ပြောကြားလိုက်ပြီး ပိတ်ပင်မှုချက်ခြင်း ရပ်တန့်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

    ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေ၊ ချင်းပြည်နယ်က ပလက်ဝ မြို့နယ်တွေမှာ အင်တာနက်ဝန်ဆောင်မှုကို ဖြတ်တောက်ထားဖို့ အစိုးရက အမိန့်ပေးထားတယ်လို့ ဆက်သွယ်ရေး လုပ်ငန်းတွေက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Human Rights Watch အဖွဲ့ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ် အဒမ်က ဒီလို အင်တာနက် ပိတ်ပင်တာဟာ လူ့အခွင့်အရေး စောင့်ကြည့်သူတွေ၊ အကူအညီပေးသူတွေကို ခက်ခဲသွားစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပဋိပက္ခဖြစ်နေတဲ့ ဒီလိုအချိန်မှာ ရခိုင်နဲ့ ချင်းပြည်နယ်အတွင်း မြန်မာ အာဏာပိုင်တွေက အင်တာနက် ဖြတ်တောက်လိုက်တာဟာ အကူအညီပေးရေးလုပ်သားတွေ၊ လူ့အခွင့်အရေး စောင့်ကြည့်သူတွေရဲ့ အရေးပါတဲ့ ဆက်သွယ်ရေး နည်းလမ်းတွေကို ထိခိုက်စေပါတယ်။ ပြည်သူလူထု လုံခြုံရေးအတွက် အရေးပါတဲ့ အင်တာနက် အသုံးပြုခွင့်ကို အပြည့်အ၀ ပြန်ပေးဖို့ နိုင်ငံတကာ အစိုးရတွေနဲ့ ကုလတို့က မြန်မာအစိုးရကို ဖိအားပေးသင့်ပါတယ်”

    မြောက်ဦး၊ မင်းပြားနဲ့ ကျော်တော်တို့မှာ အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တွေက အင်တာနက် အသုံးပြုခွင့်မရတာကြောင့် သူတို့လုပ်ငန်းတွေ အခက်အခဲ ဖြစ်လာတယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။ အကူအညီပေးရေး အဖွဲ့တွေဟာ WhatsApp ကို အဓိကထား သုံးစွဲကြတာ ဖြစ်ပါတယ်။

    အင်တာနက် ဖြတ်တောက်မှုဟာ ဘယ်လောက်ကြာမြင့်မလဲဆိုတာကို အစိုးရ တိတိကျကျ ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်သေးပါဘူး။ ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ Telenor က ဒီကိစ္စအတွက် အသေးစိတ် ရှင်းလင်းပေးဖို့ အစိုးရကို တောင်းဆိုထားကြောင်း၊ ပဋိပက္ခတွေဖြစ်နေတဲ့ အခုလို အချိန်မျိုးမှာ ဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို အသုံးပြုခွင့်ပေးခြင်းဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို အလေးထားတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကန့်သတ်ခံရ

    ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ အစိုးရစစ်တပ်တို့အကြား ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တိုက်ခိုက်မှုတွေ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၃၃၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒါ့အပြင် အဲဒီဒေသတွေကို မီဒီယာတွေ ၀င်ရောက်ခွင့်၊ အကူအညီပေးရေး အဖွဲ့တွေ ၀င်ရောက်ခွင့်ကိုလည်း အစိုးရက တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။

    “တစ်ချို့သော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေအတွက် လိုအပ်ပြီး သင့်လျော်တဲ့ အင်တာနက် ကန့်သတ်မှုမျိုးသာ မြန်မာအစိုးရက လုပ်သင့်ပါတယ်။ အခုကိစ္စကတော့ ဒီလိုအနေအထား မျိုးမဟုတ်ပါဘူး။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာ ဖြစ်နေတဲ့အချိန်မျိုးမှာ လူ့အသက်တွေအတွက် အရေးကြီးတဲ့ သတင်းအချက်အလက် စီးဆင်းတာကို အဟန့်အတားဖြစ်စေတဲ့ သိမ်းကြုံး ပတ်ပင်တာမျိုး အာဏာပိုင်တွေက မလုပ်သင့်ပါဘူး” လို့ အဒမ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Human Rights Watch

  • နှလုံးခုန်နှုန်းကို လေဆာဖြင့်ဖတ်၍ ဘယ်သူဘယ်ဝါဟု ဖော်ထုတ်နိုင်တော့မည်

    နှလုံးခုန်နှုန်းကို လေဆာဖြင့်ဖတ်၍ ဘယ်သူဘယ်ဝါဟု ဖော်ထုတ်နိုင်တော့မည်

    ဇွန် ၂၈၊ ၂၀၁၉
    M-Media

    -နှလုံးခုန်နှုန်းကို အဝေးကနေ လေဆာရောင်ခြည်နဲ့တိုင်းတာကာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း
    ဖော်ထုတ်နိုင်တဲ့ နည်းပညာတစ်ခုကို အမေရိကန်စစ်တပ်က အောင်မြင်စွာ စမ်းသပ် တီထွင်နိုင်ခဲ့ပါတယ်။

    Jetson လို့ခေါ်တဲ့ အဲဒီနည်းပညာမှာ အနီအောက်ရောင်ခြည်ကို အသုံးပြုထားပြီး မီတာ ၂၀၀ (၆၅၀ ပေ) အကွာအဝေးကနေ လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီနည်းပညာဟာ နမူနာအဆင့်မှာသာ ရှိသေးပြီး စမ်းသပ်မှုတွေအရ လူတွေကို ဖော်ထုတ်မှုမှာ ၉၅ ရာခိုင်နှုန်း မှန်ကန်တာကို တွေ့ရပါတယ်။

    ဒါပေမယ့် ထူထဲတဲ့အ၀တ်အထည်တွေကို လေဆာက မဖောက်ထွင်းနိုင်တာ၊ လူတစ်ဦးချင်းစီရဲ့
    နှလုံးခုန်မှု အချက်အလက်တွေကို သိမ်းဆည်းထားတဲ့ ဒေတာဘေ့စ်မျိုး လိုအပ်နေတာ၊ ရွေ့လျားနေတဲ့အချိန်မှာ မှန်ကန်စွာ မဖော်ထုတ်နိုင်တာ စတဲ့ အားနည်းချက်တွေလည်း ရှိနေပါတယ်။

    ပညာရှင်တွေကတော့ နှလုံးခုန်နှုန်းကို အခြေခံတဲ့ ဒီနည်းပညာကို အနာဂတ်မှာ လက်ဗွေ၊
    မျက်နှာအနေအထားနဲ့ မျက်ကြည်လွှာတွေလို လူတွေရဲ့ ထူးခြားတဲ့ အခြား အမှတ်အသားတွေကို အခြေခံပြီး သုံးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

    အရာဝတ္ထုတွေရဲ့ တုန်ခါမှုကို တိုင်းတာပြီး တွက်ချက်တဲ့ နည်းပညာကို လက်ရှိ နယ်ပယ်စုံမှာ
    တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာ ဖြစ်ပါတယ်။

    နှလုံးခုန်နှုန်းကို လေဆာနဲ့ တိုင်းတာပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်မယ့် အခု နည်းပညာဟာ အကွာအဝေး ကန့်သတ်ချက် ရှိပေမယ့် နောက်ပိုင်းမှာ ပိုမိုဝေးကွာတဲ့ နေရာတွေအထိ
    အသုံးပြုလို့ရအောင် ဆောင်ရွက်ဖို့ ရှိနေပါတယ်။

    “အာကာသကနေ လှမ်းတိုင်းလို့ရတာမျိုး မဟုတ်ပေမယ့် အခုထက်ပိုဝေးတဲ့ အကွာအဝေးကနေ
    တိုင်းတာနိုင်တာမျိုး ဖြစ်နိုင်ပါတယ်”

    မျက်နှာအနေအထား၊ လက်ဗွေရာတွေကို ပြင်ဆင် ပြောင်းလဲနိုင်ပေမယ့် နှလုံးခုန်နှုန်းကို ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့အတွက် အခုနည်းပညာမှာ သိသိသာတဲ့ အားသာချက်မျိုး ရှိနေပါတယ်။

    Ref: Bussiness Insider

  • အတ္တလန်တိတ် သမုဒ္ဒရာအောက်တွင် ဧရာမ ရေချိုရင်းမြစ်တစ်ခု တွေ့ရှိ

    အတ္တလန်တိတ် သမုဒ္ဒရာအောက်တွင် ဧရာမ ရေချိုရင်းမြစ်တစ်ခု တွေ့ရှိ

    ဇွန် ၂၇၊ ၂၀၁၉
    M-Media

    -အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း ကမ်းရိုးတန်း အတ္တလန်တိတ် သမုဒ္ဒရာအောက်မှာ ဧရာမ ရေချိုရင်းမြစ်တစ်ခုကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီး ရေချို ရှားပါးလာတဲ့ ကမ္ဘ္ဘာကြီးအတွက် ၀မ်းမြောက်ဖွယ်ရာ တွေ့ရှိမှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီ ရေချိုရင်းမြစ်ဟာ သမုဒ္ဒရာအောက် ပေပေါင်း ၆၀၀ လောက်မှာ ရေအောင်းလွှာအဖြစ်
    သီးခြား တည်ရှိနေတာ ဖြစ်ပါတယ်။ နယူးဂျာစီပြည်နယ်ကနေ မက်ဆာချူးဆက်ပြည်နယ်အထိ ၇၅ မိုင် ရှည်လျားတဲ့ ဒီရေအောင်းလွှာမှာ ရေချို ဂါလံပေါင်း ၇၃၉ ထရီလီယံလောက် ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်း တွက်ချက်ထားပါတယ်။ ဒါဟာ အိုလံပစ်မှာ အသုံးပြုတဲ့ ရေကူးကန်ပေါင်း ၁.၁ ဘီလီယံလောက်ကို ရေဖြေည့်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။

    ရှာဖွေဖော်ထုတ်မှုကို ကိုလံဘိယာ တက္ကသိုလ်နဲ့ အမေရိကန်အခြေစိုက် သမုဒ္ဒရာဆိုင်ရာ လေ့လာမှုအဖွဲ့ Woods Hole Oceanographic Institution တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ရလဒ်ကို ပြီးခဲ့တဲ့တစ်ပတ်က Scientific Reports ဂျာနယ်မှာ ဖော်ပြထားပါတယ်။

    ဒီရေအောင်းလွှာဟာ လူ့သမိုင်းတစ်လျှောက် တွေ့ရှိရသမျှ ပင်လယ်အောက် ရေအရင်းအမြစ်တွေထဲမှာ အကြီးမားဆုံးဖြစ်ပြီး ကမ္ဘ္ဘာ့အခြေားဒေသတွေမှာလည်း ဒီလို ရေအရင်းအမြစ်တွေ ရှိနေအုံးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကမ္ဘ္ဘာကြီးမှာ မိုးခေါင်ရေရှားပြီး လူဦးရေ မြင့်တက်လာနေတဲ့အချိန် ဒီတွေ့ရှိမှုက အရေးပါတဲ့ တွေ့ရှိမှု ဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။

    ၁၉၇၀ ပြည့်နှစ် အမေရိကန်ကမ်းရိုးတန်းဒေသတွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စတင် တူးဖော်ထုတ်လုပ်စဉ် အချိန်ကတည်းက အရှေ့မြောက် သမုဒ္ဒရာအောက်မှာ ရေချိုရင်းမြစ် ရှိတယ်ဆိုတာကို သိခဲ့ရပေမယ့် အခုအချိန်မှ တိတိကျကျ ဖော်ထုတ်နိုင်တာလည်း ဖြစ်ပါတယ်။

    သမုဒ္ဒရာအောက် ရေချိုတွေ ဘယ်ကရောက်လာသလဲ

    သိပ္ပံပညာရှင်တွေက ရေခဲခေတ်နှောင်းပိုင်းမှာ ရေခဲတွေ အရည်ပျော်ရာကနေ သမုဒ္ဒရာအောက်က အလွှာတစ်ခုမှာ ပိတ်မိခဲ့တာကြောင့် ဒီနေ့အချိန်အထိ ရေချိုတွေ ရှိနေတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားပါတယ်။

    အမေရိကန်ရဲ့ အခြား ကမ်းရိုးတန်းဒေသတွေမှာ ရှာဖွေဖော်ထုတ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့လည်း ပညာရှင်တွေက စီစဉ်ထားပါတယ်။ အခုတွေ့ရှိထားတဲ့ ရေချိုရင်းမြစ်မှာ ရေတွေဟာ ပင်လယ်ရေအနည်းငယ်ဝင်ထားပြီး ဆားဓာတ် နည်းနည်းပါနေတာကြောင့် သန့်စင်ပြီးမှ သောက်သုံးနိုင်မယ်မှာ ဖြစ်ပါတယ်။

    Ref: CNN