News @ M-Media
Blog
  • ပါကစ္စတန်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး ဗုံးခွဲခံရ၊ ၃ ဦးသေဆုံး
    ပါကစ္စတန်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး ဗုံးခွဲခံရ၊ ၃ ဦးသေဆုံး
    မေ ၂၅၊ ၂၀၁၉
    M-Media
    -ပါကစ္စတန်နိုင်ငံအနောက်ပိုင်း ကွက်တာမြို့က ဗလီတစ်လုံးမှာ မနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်လဲဆိုတာ မသိရသေးဘဲ ကွက်တာမြို့ ရဲတပ်ဖွဲ့အကြီးအကဲ အဘ်ဒူလ် ရာဇက် ချီမာက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    ကွက်တာမြို့ဟာ ပါကစ္စတန်ရဲ့ အကြီးဆုံးနဲ့ လူဦးရေအနည်းဆုံး၊ သဘာဝသယံဇာတ ပေါကြွယ်ဝဆုံးပြည်နယ်ဖြစ်တဲ့ ဘာလိုချစ္စတန်ရဲ့မြို့တော် ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘာလိုချစ္စတန်ပြည်နယ်တစ်ဝှမ်းမှာ တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပြီး ဘာလို့ခ်ျ ခွဲထွက်ရေးသမားတွေ၊ တာလီဘန်အဖွဲ့နဲ့ IS သစ္စာခံအဖွဲ့တွေက ပြုလုပ်တာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့လက ဗလီအပြင်မှာ အစောင့်ချထားတဲ့ ရဲကားကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုအတွင်း အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သလို၊ မေလ ၁၂ ရက်နေ့ ဘာ့လို့ခ်ျ ခွဲထွက်ရေးသမားတွေက ပြည်နယ်တောင်ပိုင်း ကွာဒါဆိပ်ကမ်းမြို့က ကြယ် ၅ ပွင့်ဟိုတယ်တစ်ခုကို တိုက်ခိုက်မှုမှာလည်း ရေတပ်စစ်သားတစ်ဦး အပါအ၀င် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ပါတယ်။
    Ref: Aljazeera
  • အရှေ့အလယ်ပိုင်းတွင် တပ်ထပ်ချမည့် အမေရိကန်၏ အစီအစဉ် အလွန်အန္တရာယ်ရှိဟု အီရန်ပြော
    အရှေ့အလယ်ပိုင်းတွင် တပ်ထပ်ချမည့် အမေရိကန်၏ အစီအစဉ် အလွန်အန္တရာယ်ရှိဟု အီရန်ပြော
    မေ ၂၅၊ ၂၀၁၉
    M-Media
    ပင်လယ်ကွေ့ရှိ အမေရိကန် လေယာဉ်တင်သင်္ဘော
    -အရှေ့အလယ်ပိုင်းမှာ တပ်တွေ ထပ်တိုးချမယ့် အမေရိကန်ရဲ့ အစီအစဉ်ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် အလွန် အန္တရာယ်များတဲ့လုပ်ရပ် ဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။
    အမေရိကန်က အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ် တပ်ဖွဲ့ဝင် ၁၅၀၀ ချထားမယ်လို့ မနေ့က ထုတ်ပြန်ပြောကြားခဲ့ပြီး အီရန်ရဲ့ ရန်ကနေ ကာကွယ်ဖို့ ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
    ဇာရစ်ဖ်ကတော့ အမေရိကန်ရဲ့ တပ်တွေ ထပ်တိုးချထားမယ့် အစီအစဉ်ကို ဝေဖန်ခဲ့ပါတယ်။
    “ကျွန်တော်တို့ ဒေသအတွင်းမှာ အမေရိကန်ရဲ့ တည်ရှိမှုကို တိုးချဲ့တာဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တော်တော်လေးကို အန္တရာယ်ရှိပြီး ဒါကို ဖြေရှင်းရပါမယ်”
    တပ်တွေ ထပ်တိုးချထားဖို့ အမေရိကန်က အကြောင်းပြချက် ပေးရာမှာ မေလ ၁၂ ရက်နေ့က ယူအေအီးနိုင်ငံ ဖူဂျိုင်ရာ ကမ်းလွန်မှာ ရေနံတင်သင်္ဘော ၄ စင်း တိုက်ခိုက်ခံရမှုလည်း ပါဝင်ပါတယ်။ တိုက်ခိုက်မှုအတွင်း သူတို့ သင်္ဘော ၂ စီးဟာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့ ဆော်ဒီအာရေဗျက ထုတ်ပြန်ထားပါတယ်။
    အမေရိကန်တာဝန်ရှိသူတွေက တိုက်ခိုက်မှုမှာ အီရန်ပါဝင်တယ်ဆိုတာ ကနဦး သုံးသပ်မှုတွေအရ သိရတယ်လို့ ထုတ်ပြန်ထားပေမယ့် အသေးစိတ်အချက်အလက်တွေကတော့ ထွက်မလာသေးပါဘူး။
    သမ္မတထရမ့်က တပ်တွေ ထပ်တိုးချထားဖို့ စီစဉ်မှုဟာ အရှေ့အလယ်ပိုင်းမှာရှိနေတဲ့ အမေရိကန်တပ်တွေရဲ့ လုံခြုံရေးအတွက် ဖြစ်တယ်လို့ မနေ့က ဂျပန်ကို မသွားရောက်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ ထရမ့်က ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။ အမေရိကန်ဟာ အီရန်အပေါ် ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လုပ်ခဲ့သလို အခုလမှာတော့ အရှေ့အလယ်ပိုင်းဒေသမှာ လေယာဉ်တင်သင်္ဘော၊ ဗုံးကြဲလေယာဉ်နဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ် ချထားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
    Ref: Aljazeera
  • အိန္ဒိယရွေးကောက်ပွဲတွင် ၀န်ကြီးချုပ် မိုဒီ၏ပါတီ ထပ်မံအနိုင်ရရှိ
    အိန္ဒိယရွေးကောက်ပွဲတွင် ၀န်ကြီးချုပ် မိုဒီ၏ပါတီ ထပ်မံအနိုင်ရရှိ
    မေ ၂၄၊ ၂၀၁၉
    M-Media
    -ဧပြီလကတည်းက စတင်ကျင်းပခဲ့တဲ့ အိန္ဒိယရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်မိုဒီ ဦးဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP က သောင်ပြိုကမ်းပြို အနိုင်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး မိုဒီက ပြီးပြည့်စုံတဲ့ အနာဂတ်တစ်ခုဆီ လျှောက်လှမ်းသွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။
    ရွေးကောက်ပွဲ နောက်ဆုံးရလဒ် ပေါ်ထွက်မလာသေးပေမယ့် လက်ရှိ မဲရေတွက်မှုအရ အောက်လွှတ်တော် အမတ်အရေအတွက် ၅၄၃ နေရာမှာ BJP ပါတီက အများစု အနိုင်ရရမယ့် အမတ်နေရာထက် ကျော်လွန်ကာ ၃၀၂ နေရာ ရရှိထားတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။
    BJP ရဲ့ အဓိကပြိုင်ဘက် ကွန်ဂရက်ပါတီက ၅၁ နေရာသာ အနိုင်ရရှိထားပြီး ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဒီက ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း လက်ခံခဲ့သလို၊ မိုဒီကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။
    “အတူအကွ ရှေ့ဆက်ကြမယ်။ အတူတကွ အောင်မြင်အောင်လုပ်ကြမယ်။ အင်အားတောင့်တင်းပြီး၊ ပြီးပြည့်စုံတဲ့ အိန္ဒိယနိုင်ငံကို အတူတကွ တည်ဆောက်ကြမယ်။ အိန္ဒိယနိုင်ငံ တစ်ဖန်ပြန်အောင်ပွဲခံပါပြီ” လို့ ၀န်ကြီးချုပ် မိုဒီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ရလဒ်ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် မြို့တော်ဒေလီက BJP ဌာနချုပ်ရှေ့မှာ လူပေါင်းများစွာ စုဝေးအောင်ပွဲခံခဲ့ကြပါတယ်။ BJP ပါတီဟာ ၂၀၁၄ ခုနှစ်ကထက်ယှဉ်ရင် အခုရွေးကောက်ပွဲမှာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ခဲ့ပါတယ်။
    “ဒါဟာ မိုဒီရဲ့အောင်ပွဲ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ အားကိုးမှုတွေရဲ့ အောင်ပွဲပါ။ ရွေးကောက်ပွဲမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နောက်ချန်ထားပြီး ရှေ့ဆက်လျှောက်ရပါမယ်။ ခါးသီးတဲ့ အတိုက်အခံတွေအပါအ၀င် လူတိုင်းကို လက်တွဲခေါ်ရမှာပါ” လို့ မိုဒီက နယူးဒေလီက BJP ရုံးချုပ်ရှေ့မှာ အောင်ပွဲခံသူတွေကို ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera