News @ M-Media

Blog

  • တိုက်ခိုက်ခံရလျှင်ပင် လက်နက်မချဟု အီရန်ပြော

    တိုက်ခိုက်ခံရလျှင်ပင် လက်နက်မချဟု အီရန်ပြော

    မေ ၂၄၊ ၂၀၁၉
    M-Media

    အီရန်သမ္မတ ဟာဆန်ရူဟာနီ

    -အမေရိကန်ရဲ့ ဖိအားကို မိမိတို့အနေနဲ့ အညံ့ခံမှာမဟုတ်ဘဲ တိုက်ခိုက်ခံရမယ်ဆိုရင်တောင် ရည်မှန်းချက်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း သမ္မတထရမ့်က ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက် အီရန်အပေါ် အရင်ကထက် ပိုမိုပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလအတွင်းမှာတော့ နှစ်နိုင်ငံတင်းမာမှုဟာ ပိုဆိုးခဲ့ပြီး ပင်လယ်ကွေ့ဒေသမှာ အမေရိကန်က တပ်တွေ ထပ်တိုးချထားတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

    ၁၉၈၀-၈၈ အီရန်-အီရတ်စစ်ပွဲ နှစ်ပတ်လည်အခမ်းအနားအဖြစ် မနေ့ကကျင်းပတဲ့ပွဲမှာ ရူဟာနီက အီရန်အနေနဲ့ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ဆိုးရွားတဲ့ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တာ တစ်နှစ်ကြာသွားပြီး နေ့စဉ်ဘ၀မှာ ခက်ခဲမှုတွေ ရှိနေပေမယ့် ကျွန်တော်တို့ ပြည်သူတွေဟာ ဒီဖိအားကို ဦးမညွှတ်ခဲ့ပါဘူး။ ကျွန်တော်တို့ ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးငယ်တွေကို သတ်ဖြတ်တာ၊ ဒဏ်ရာရစေတာ၊ ဖမ်းဆီးတာတွေ လုပ်မယ်ဆိုရင်တောင် တိုင်းပြည် လွတ်လပ်ရေး၊ တိုင်းပြည် ဂုဏ်သိက္ခာအတွက် ကျွန်တော်တို့ရဲ့ ရည်မှန်ချက်တွေကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူးဆိုတာကို ရန်သူတွေက သိကြပါတယ်”

    အီရန်စစ်တပ်ရဲ့ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် မိုဟာမက် ဘက္ကရီက အီရတ်နဲ့စစ်ပွဲမှာ အနိုင်ရမှုဟာ ဘယ်လို ရန်သူမျိုးကိုမဆို အီရန်က ချေမှုန်းနိုင်စွမ်းရှိတယ်ဆိုတာ ပြသနေတာဖြစ်တယ်လို့လည်း မနေ့က ပြောကြားခဲ့ပါတယ်။

    အမေရိကန်နဲ့ အီရန်တို့အကြား စကားလုံးတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ သမ္မထရမ့်က အီရန်အနေနဲ့ စစ်တိုက်ချင်တယ်ဆိုရင် ဒါဟာ အီရန်နိုင်ငံ တရားဝင်အဆုံးသတ်မယ့်ကိစ္စဖြစ်ပြီး အမေရိကန်ကို ဘယ်တော့မှ မခြိမ်းခြောက်နဲ့လို့ တနင်္ဂနွေနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ခေတ္တ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က အရှေ့အလယ်ပိုင်းက မိမိတို့ရဲ့ စစ်တပ်ကို ကာကွယ်နိုင်ရေး တပ်တွေ ထပ်တိုးချထားဖို့ စီစဉ်နေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေး၏ ကြမ်းကြုတ်မှုများကို အမြဲတမ်း ရှုတ်ချသွားမည်ဟု မလေးဝန်ကြီးချုပ်ပြော

    အစ္စရေး၏ ကြမ်းကြုတ်မှုများကို အမြဲတမ်း ရှုတ်ချသွားမည်ဟု မလေးဝန်ကြီးချုပ်ပြော

    မေ ၂၄၊ ၂၀၁၉
    M-Media

    မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်

    -ပါလက်စတိုင်းပြည်သူတွေဖက်ကနေ ရပ်တည်တာဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တာဝန်တစ်ခုဖြစ်ပြီး အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု၊ ပါလက်စတိုင်းတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက် ရှုတ်ချသွားမယ်လို့ မလေးရှား ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

    မလေးရှားအခြေစိုက် ပါလက်စတိုင်းယဉ်ကျေးမှုအဖွဲ့ PCOM က ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့တဲ့ ၉ ကြိမ်မြောက် ဝါဖြေပွဲအခမ်းအနားမှာ မဟာသီက ဒီလို ပြောကြားလိုက်တာဖြစ်ပြီး မလေးရှားအနေနဲ့ ပါလက်စတိုင်းတွေဖက်မှာ အမြဲတမ်း ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

    “အစ္စရေးအစိုးရက ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ တရားမဲ့မှုတွေကို မြင်တွေ့နေရသမျှ ကျွန်တော်တို့ မသိချင်ယောင် ဆောင်နေမှာ မဟုတ်ပါဘူး”

    မလေးရှားပြည်သူတွေဟာ ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြှောင်ကို ရေလမ်း၊ ကုန်းလမ်းကနေတစ်ဆင့် နိုင်ငံတကာအသိုင်းအဝိုင်းက သွားရောက် အကူအညီပေးတဲ့ လှုပ်ရှားမှုတွေ၊ ပါလက်စတိုင်းတွေရဲ့ အခြားလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ဒါဟာ ပါလက်စတိုင်းတွေ ခံစားနေရတဲ့ ဒုက္ခသုက္ခတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိရေး ဆာင်ရွက်တာဖြစ်တယ်လို့လည်း မဟာသီက ပြောပါတယ်။

    အင်အားကြီးနိုင်ငံတွေဟာ ပါလက်စတိုင်းတွေရဲ့ ဒုက္ခကို လစ်လျူရှုပြီး အစ္စရေးရဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအတွက် အဆက်မပြတ် ကူညီပံ့ပိုးပေးနေတယ်လို့လည်း မဟာသီက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

    “အရင်ကလည်း အကြိမ်တော်တော်များများ ကျွန်တော်ပြောဖူးပါတယ်။ ကမ္ဘ္ဘာငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတစ်ခု ရှိမယ်ဆိုရင် အဲဒါကို ပါလက်စတိုင်းပြဿနာဖြေရှင်းဖို့ အသုံးပြုရမှာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပါလက်စတိုင်းတွေအတွက် အဖြေတစ်ခု ရှာရမယ်။ အစ္စရေးတွေက မတရားသဖြင့် သိမ်းယူထားတဲ့ သူတို့ရဲ့မြေတွေပေါ်ကို ပြန်ခွင့်ပြုရမယ်။ ပါလက်စတိုင်းတွေရဲ့ မြေတွေကိုသိမ်းပြီး လူမျိုးတုန်းအောင်လုပ်နေတဲ့ အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်ကို ရပ်တန့်ရမယ်။ ပါလက်စတိုင်းတွေကို သူတို့ရဲ့ အမိမြေကို ပြန်ခွင့်ပြုရပါမယ်”

    ပါလက်စတိုင်းပြဿနာကို မျှမျှတတ မဖြေရှင်းသမျှ ကာလပတ်လုံး အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေမှာဖြစ်ပြီး အဲဒီက အကြမ်းဖက်ဝါဒ၊ စစ်သွေးကြွဝါဒတွေဟာ ကမ္ဘ္ဘာတစ်ဝှမ်းလုံးကို ပြန့်နှံ့နေမှာ ဖြစ်တယ်လို့လည်း မဟာသီက သတိပေးခဲ့ပါတယ်။

    “အကြမ်းဖက်ဝါဒနဲ့ စစ်သွေးကြွဝါဒဟာ အစ္စရေးကကျူးလွန်တဲ့ အကြမ်းဖက်ဝါဒကနေ တိုက်ရိုက်ပေါ်ပေါက်လာတဲ့ ရလဒ်တွေပါ။ အင်အားကြီးတဲ့ အနောက်နိုင်ငံတွေကတော့ ဒီကိစ္စကို သိသိကြီးနဲ့ လစ်လျူရှုထားပါတယ်”

    အစ္စရေးလို့ခေါ်ဝေါ်တဲ့ မသမာတဲ့နိုင်ငံတစ်ခု ပေါ်ပေါက်လာအောင် ဖန်တီးပေးခဲ့ကြတဲ့ နိုင်ငံတွေဟာ ဒီကနေ့ကာလမှာလည်း ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ကာ ထိခိုက်နစ်နာအောင် လုပ်ဆောင်နတယ်လို့လည်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အစ္စရေးဟာ နေ့စဉ်နေ့တိုင်း နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်နေတယ်။ ပါလက်စတိုင်းတွေရဲ့မြေပေါ်မှာ တရားမ၀င် အခြေချအိမ်ယာတွေကို တည်ဆောက်နေတယ်။ ပါလက်စတိုင်းတွေကိုလည်း သူတို့ရဲ့ အမိမြေကို ၀င်ရောက်ခွင့်မပြုပါဘူး”

    Ref: Bernama

  • ကာတာကမ္ဘ္ဘာ့ဖလားတွင် ၄၈ သင်းပါဝင်နိုင်ရန် စီစဉ်မှုကို ဖီဖာဖျက်သိမ်း

    ကာတာကမ္ဘ္ဘာ့ဖလားတွင် ၄၈ သင်းပါဝင်နိုင်ရန် စီစဉ်မှုကို ဖီဖာဖျက်သိမ်း

    မေ ၂၃၊ ၂၀၁၉
    M-Media

    -၂၀၂၂ ကမ္ဘ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ၄၈ သင်းအထိ တိုးချဲ့ယှဉ်ပြိုင်နိုင်ရေး စီစဉ်ထားမှုကို ပယ်ဖျက်လိုက်တယ်လို့ ကမ္ဘ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောကြားလိုက်ပြီး ပင်လယ်ကွေ့ဒေသမှာ နောက်ထပ် အိမ်ရှင်နိုင်ငံတစ်ခု မရှာဖွေနိုင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၂ ခုနှစ် ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲကို မူလက သတ်မှတ်ထားတဲ့ ၃၂ သင်းအစား ၄၈ သင်းအထိ တိုးချဲ့နိုင်ဖို့အတွက် ဖီဖာက အခုနှစ်အစောပိုင်းမှာ စီစဉ်ခဲ့တာပါ။ မတ်လက ပြုလုပ်ခဲ့တဲ့ ဖီဖာအစည်းအဝေးမှာ ထပ်တိုးလာမယ့် ၁၆ ပွဲအတွက် ပင်လယ်ကွေ့မှာ နောက်ထပ် အိမ်ရှင်နိုင်ငံတစ်ခု ရှာဖွေကာ ဇွန်လ အစည်းအဝေးအမှီ တင်ပြဖို့ ဥက္ကဌ အအင် ဂီယန်နီ အင်ဖန်တီနိုကို တာဝန်ပေးခဲ့ပါတယ်။

    အင်ဖန်တီနိုဟာ ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ ယူအေအီး၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျတို့ကို သွားရောက်ကမ်းလှမ်းခဲ့ပေမယ့် ဒီ ၃ နိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်အရင်ကတည်းက ကာတာနိုင်ငံနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတဲ့အတွက် ပူးပေါင်းကျင်းပနိုင်မှာ မဟုတ်ဘူးဆိုတာကို ဖီဖာက တွေ့ခဲ့ပါတယ်။

    နောက်ပိုင်းမှာ အိုမန်နဲ့ ကူဝိတ်နိုင်ငံတို့ကိုလည်း အင်ဖန်တီနိုက သွားရောက်ခဲ့ပြီး အိုမန်က ကမ္ဘ္ဘာ့ဖလား အိမ်ရှင်အဖြစ် ဆောင်ရွက်ရေးကိစ္စကို ငြင်းဆန်ခဲ့ကာ ကူဝိတ်နိုင်ငံကလည်း လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေကို အချိန်မီ မပြင်ဆင်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    မနေ့က ထုတ်ပြန်တဲ့ ဖီဖာရဲ့ ကြေငြာချက်ထဲမှာ သက်ဆိုင်သူတွေအားလုံးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး အဆိုပြုချက်ကို ဇွန်လမှာ တင်နိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

    ဒါ့ကြောင့် ၄၈ သင်း တိုးချဲ့မယ့် အစီအစဉ်ကို မူလအစီအစဉ်အတိုင်း အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲမှသာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    ကာတာဟာ ၂၀၂၂ ကမ္ဘ္ဘာ့ဖလား အိမ်ရှင်အဖြစ် ၂၀၁၀ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရတာပါ။ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန်အားဖြင့် ဇွန်၊ ဇူလိုင်လတွေမှာ ကျင်းပလေ့ရှိပေမယ့် ကာတာနိုင်ငံရဲ့ ပြင်းထန်တဲ့ အပူချိန်ကြောင့် နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။

    Ref: Aljazeera

  • စွမ်းရည်မြင့်မားသည့် စောင့်ကြည့်ရေးဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယ လွှတ်တင်

    စွမ်းရည်မြင့်မားသည့် စောင့်ကြည့်ရေးဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယ လွှတ်တင်

    မေ ၂၃၊ ၂၀၁၉
    M-Media

    -ထူထဲတဲ့ တိမ်တွေကိုပါ ဖောက်ပြီး ရုပ်ပုံတွေ ရိုက်ကူးနိုင်မယ့် ကမ္ဘ္ဘာဂြိုဟ်စောင့်ကြည့်ရေး ဂြိုဟ်တုသစ်တစ်လုံးကို အိန္ဒိယနိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး နယ်စပ်လုံခြုံရေးအတွက် စစ်တပ်က ဒီဂြိုဟ်တုကို အသုံးပြုသွာဖို့ ရှိနေပါတယ်။

    RISAT-2B လို့ အမည်ပေးထားတဲ့ အဲဒီဂြိုဟ်တုဟာ အိန္ဒိယရဲ့ ပြည်တွင်းဖြစ် Vikram ပရော်ဆက်ဆာကို ပထမဆုံး အသုံးပြုထားပြီး နိုင်ငံအရှေ့တောင်ပိုင်း စရီဟာရီကိုတာကျွန်းကနေ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက လွှတ်တင်ခဲ့တာပါ။ အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ ISRO အကြီးအကဲ ကိုင်လာဆာဗာဒီဗိုက ဒီဂြိုဟ်တုဟာ ပုံရိပ်ဖမ်းယူနိုင်စွမ်းမှာ ထူးခြားတဲ့ လုပ်ဆောင်နိုင်စွမ်းတွေရှိပြီး ရာသီဥတု စောင့်ကြည့်ရေးလည်း လုပ်ဆောင်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ISRO က ထုတ်ပြန်ခြင်း မရှိတာကြောင့် စစ်တပ်အတွက် အသုံးပြုမယ်လို့ ယူဆရပါတယ်။ ဂြိုဟ်တုရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ဖမ်းယူနိုင်စွမ်းကြောင့် အိန္ဒိယစစ်တပ်ဟာ နယ်စပ်ဒေသက လှုပ်ရှားမှုတွေကို ပိုမို တိတိကျကျ စောင့်ကြည့်နိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

    အိန္ဒိယကာကွယ်ရေးဝန်ကြီး ချိုကီဒါ နီရ်မာလာက ဒီဂြိုဟ်တုဟာ ‘ကောင်းကင်ပေါ်က မိမိတို့ရဲ့မျက်လုံး’ ဖြစ်လာမယ်လို့ ညွှန်းဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီလအတွင်း ကက်ရှ်မီးယားအရေး တင်းမာမှုမှာ ပါကစ္စတန်ကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသအထိ ၀င်ရောက် အိန္ဒိယက ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ စခန်းကို ဗုံးကြဲတာလို့ အိန္ဒိယဖက်က ထုတ်ပြန်ပြောကြားခဲ့ပေမယ့် ခိုင်လုံတဲ့ ဂြိုဟ်တုပုံရိပ်တွေကို ထုတ်ပြနိုင်ခြင်း မရှိတဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ကျွမ်းကျင်သူတွေက အိန္ဒိယ လက်ရှိသုံးနေတဲ့ ဂြိုဟ်တုတွေဟာ တိမ်ထူထူတွေကို ဖောက်ထွက်ကာ မရိုက်ကူးနိုင်မှုကြောင့်
    ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: RT

  • ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ ဂျကတာတွင် ဆန္ဒပြမှုဖြစ်၊ ၆ ဦးသေဆုံး

    ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ ဂျကတာတွင် ဆန္ဒပြမှုဖြစ်၊ ၆ ဦးသေဆုံး

    မေ ၂၃၊ ၂၀၁၉
    M-Media

    ဆန္ဒပြမှုမြင်ကွင်းတစ်ခု

    -သမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့အတွက် အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာ ပြည်သူတွေရဲ့ ဆန္ဒပြမှုဟာ ၂ ရက် ရှိလာပြီဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ နှိမ်နှင်းမှုအတွင်း သေဆုံး၊ ဒဏ်ရာရမှုတွေလည်း ရှိနေပါတယ်။

    လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတွေက ခဲလုံးတွေ၊ မီးရှူးမီးပန်းတွေနဲ့ ပစ်ဖောက်မှုရှိသလို၊ ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပြန်လည်ပစ်ခတ်တာ၊ မီးသတ်ပိုက်တွေနဲ့ ထိုးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ဂျကာတာရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာဂို ယူဝိုနိုက ဆန္ဒပြပွဲကို ငွေကြေးပေး လုပ်ခိုင်တာဖြစ်ပြီး ဖမ်းဆီးထားသူ ၂၅၇ ဦးက တစ်ချို့မှာ ပိုက်ဆံအပြည့်ပါတဲ့ စာအိတ်တွေ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ကို ဆန္ဒပြဖို့ ခိုင်းစေခဲ့တာဖြစ်ပြီး အစီအစဉ်ချ လုပ်ဆောင်ခဲ့ကြောင်း သံသယရှိသူတွေက စစ်ကြောမှုမှာ ဖြေကြားခဲ့ပါတယ်။ ငွေကြေးပေးပြီး လုပ်ခိုင်းတဲ့လူကို ကျွန်တော်တို့ စုံစမ်း ရှာဖွေနေပါတယ်”

    ဂျကာတာမြို့တော်ဝန် အနီစ် ဘက်စ်ဝီဒန်က ဆန္ဒပြမှု ပထမရက်အတွင်း လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှား မီဒီယာတွေကတော့ ဒဏ်ရာရသူ ၃၅၀ ကျော်လောက် ရှိတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုက ပြိုင်ဘက် ပရာဘိုဝို ဆူဘီယန်တိုကို အနိုင်ရရှိခဲ့တယ်လို့ အင်္ဂါနေ့မှာ အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဆူဘီယန်တိုက ဒီရလဒ်ကို လက်မခံနိုင်ဘဲ တရားရုံးမှာ ရင်ဆိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲ ရလဒ်အတွက် တရားရုံးတက်ခဲ့ပေမယ့် ဂျိုကိုဝီကို ရှုံးနိမ့်ခဲ့ပါတယ်။

    ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်လို့ ဆူဘီယန်တိုကို ထောက်ခံသူတွေက ပြောကြားခဲ့ပေမယ့် အင်ဒို ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ဒီပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။

    Ref: Aljazeera