News @ M-Media
Blog
  • ၂ ရက်အတွင်း ပြင်သစ်နိုင်ငံသား IS ၄ ဦးကို အီရတ်က သေဒဏ်ချမှတ်
    ၂ ရက်အတွင်း ပြင်သစ်နိုင်ငံသား IS ၄ ဦးကို အီရတ်က သေဒဏ်ချမှတ်
    မေ ၂၇၊ ၂၀၁၉
    M-Media
    -ပြင်သစ်နိုင်ငံသား IS အဖွဲ့ဝင်တစ်ဦးကို အီရတ်နိုင်ငံက ဒီကနေ့မှာ သေဒဏ်ချမှတ်ခဲ့ပြီး IS အဖွဲ့နဲ့ ပတ်သက်မှုအတွက် သေဒဏ်ချခံရတဲ့ ပြင်သစ်နိုင်ငံသားအရေအတွက်ဟာ ၂ ရက်အတွင်း ၄ ဦးအထိ ရှိလာပါတယ်။
    အသက် ၃၇ နှစ်အရွယ် မူစတာဖာ မိုဟာမက် အီဘရာဟင်ဆိုသူကို ကြိုးကွင်းစွပ် ကွပ်မျက်ဖို့ အမိန့်ချခဲ့တာပါ။ အီရတ်တရားရုံးဟာ မနေ့ကလည်း ပြင်သစ်နိုင်ငံသား ၃ ဦးကို IS နဲ့ ဆက်နွယ်မှုအတွက် သေဒဏ်ချမှတ်ခဲ့ပါတယ်။ တရားစွဲဆိုမှုမှာ ပါဝင်ခဲ့တဲ့ ပဉ္စမမြောက် IS အဖွဲ့ဝင်ဟာ ထိန်းသိမ်းမှုအတွင်း ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့အတွက် အမိန့်ချမှတ်မယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အဂ်နက်စ် ဗွန်ဒါ မူးလ်က IS အဖွဲ့ဝင်တွေအပေါ် တရားစီရင်မှုအာဏာဟာ အီရတ်နိုင်ငံရဲ့လက်ထဲမှာ ရှိတယ်ဆိုတာကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပေမယ့် သေဒဏ်ပေးမှုကိုတော့ မိမိတို့အစိုးရက ကန့်ကွက်တယ်လို့ ဆိုပါတယ်။
    IS အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ဥပဒေကြောင်းအရ ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းတွေ မြင့်တက်နေစဉ်မှာ ဒီလို သေဒဏ်ချမှတ်မှု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
    အီရတ်က အခု သေဒဏ်ချမှတ်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း ဆီးရီးယားက အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ကနေ လွှဲပြောင်းပေးအပ်ခဲ့တဲ့ IS အဖွဲ့ဝင် ပြင်သစ်နိုင်ငံသား ၁၂ ဦးထဲက ဖြစ်ပါတယ်။ ကာ့ဒ်တပ်ဖွဲ့ ဦးဆောင်တဲ့ SDF ဟာ ဆီးရီးယားနိုင်ငံမှာ IS အဖွဲ့ကို အမြစ်ဖြတ်နိုင်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
    Ref : Daily Mail
  • မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်တွင် ဇမ်ဇမ်ရေပုံးများ ပိုမိုချထားပေး
    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်တွင် ဇမ်ဇမ်ရေပုံးများ ပိုမိုချထားပေး
    မေ ၂၇၊ ၂၀၁၉
    M-Media
    -နှစ်စဉ် မြင့်တက်လာတဲ့ ကမ္ဘာတစ်ဝှမ်းက ဘုရားဖူးခရီးသွားတွေ အဆင်ပြေပြေ သောက်သုံးနိုင်ဖို့အတွက် မြင့်မြတ်သော ဇမ်ဇမ်ရေ ပုံးတစ်သောင်းကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ဆော်ဒီက ထပ်တိုးချထားလိုက်ပါတယ်။
    ဒါ့ကြောင့် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ဇမ်ဇမ်ရေ ပုံးကြီး ၂၅၀၀၀ ရှိလာပြီဖြစ်ပါတယ်။ အဲဒီရေပုံးတွေကို ကျောက်နဲ့ပြုလုပ်ထားတဲ့ စင်ပေါင်း ၆၅၀၊ ရေတိုင်ကီ ၂၁၆ နဲ့ အဆင်ပြေအောင် နေရာချထားပြီး ဟဂ်ျ၊ အွမ္မရာဟ် ဘုရားဖူးခရီးသွားတွေနဲ့ နေ့စဉ် ၀တ်ပြုသူတွေ
    အလွယ်တကူ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။
    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ လာရောက်ဝတ်ပြုကြသူတွေကို ကူညီဖို့ စေတနာ့ဝန်ထမ်း အရေအတွက်ကိုလည်း ဆော်ဒီ အစိုးရက ထပ်တိုး ချထားပါတယ်။
    အခုလအစောပိုင်းက စတင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လအတွင်း ဆော်ဒီအာရေဗျက မက္ကာနဲ့ မဒီနာမှာရှိတဲ့ မြင့်မြတ်ရာ ၀တ်ကျောင်းတော်တွေကို ကမ္ဘာတစ်ဝှမ်းက ယုံကြည်သူတွေ ဘုရားဖူး လာရောက်ကြပြီး၊ မကြာခင် ဟဂ်ျဘုရားဖူးကာလလည်း ကျရောက်တော့မှာ ဖြစ်ပါတယ်။
    Ref: Saudi Gazette
  • စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခံရသည့် ၀န်ထမ်းအရေအတွက် တစ်နေ့လျှင် ပျမ်းမျှ ၂ ဦးခန့်ရှိ
    စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခံရသည့် ၀န်ထမ်းအရေအတွက် တစ်နေ့လျှင် ပျမ်းမျှ ၂ ဦးခန့်ရှိ
    မေ ၂၇၊ ၂၀၁၉
    M-Media
    – ၀န်ထမ်းစည်းကမ်းမလိုက်နာတာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရတဲ့ ၀န်ထမ်းအရေအတွက်ဟာ တစ်နေ့ကို ပျမ်းမျှ ၂ ဦးအထိ ရှိနေတယ်လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ထုတ်ပြန်ပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်း ၀န်ထမ်းပေါင်း ၂၃၇၇ ဦးကို အရေးယူခဲ့ပြီး အဲဒီအထဲမှာ ၇၃၉ ဦးကို ထုတ်ပယ်ခဲ့တယ်လို့ အဖွဲ့ရဲ့အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ၀န်ထမ်း ၁၆၃၈ ဦးကိုတော့ ရာထူးအပြောင်းအရွှေ့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
    အရေးယူခံရမှု အများဆုံး ၀န်ကြီးဌာနက အားကစားနှင့် ကျန်းမာရေး ၀န်ကြီးဌာနဖြစ်ပြီး စုစုပေါင်း ဦးရေ ၈၃၀ ရှိကာ၊ ပြည်ထဲရေးဝန်ကြီးဌာနမှာ အရေးယူခံရသူ ၃၆၀ ရှိပါတယ်။
    ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံမှာ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ၀န်ထမ်းအရေအတွက်ဟာ ၉ သိန်းခန့် ရှိတယ်လို့ သိရပါတယ်။
    Ref: mmtimes
    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
  • အမေရိကန်စစ်သင်္ဘောအား လျှို့ဝှက်လက်နက်ဖြင့် မြှုပ်နိုင်သည်ဟု အီရန် စစ်ဖက်အကြီးအကဲ ပြော
    အမေရိကန်စစ်သင်္ဘောအား လျှို့ဝှက်လက်နက်ဖြင့် မြှုပ်နိုင်သည်ဟု အီရန် စစ်ဖက်အကြီးအကဲ ပြော
    မေ ၂၅၊ ၂၀၁၉
    M-Media
    လေယာဉ်တင်သင်္ဘော ပါဝင်သည့် အမေရိကန် ရေတပ်သင်္ဘော အုပ်စု
    -ပင်လယ်ကွေ့မှာ တပ်ဖြန့်ချထားတဲ့ အမေရိကန် စစ်သင်္ဘောတွေကို ဒုံးကျည်တွေ၊ လျှို့ဝှက်လက်နက်တွေ အသုံးပြုပြီး ပစ်မြှုပ်နိုင်တယ်လို့ အီရန်စစ်တပ် ထိပ်တန်းအကြီးအကဲတစ်ဦးက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    နှစ်ဖက် တင်းမာမှုတွေ မြင့်တက်လာတာကြောင့် အမေရိကန်ဟာ အခုလအစောပိုင်းမှာ ပင်လယ်ကွေ့ဒေသကို လေယာဉ်တင်သင်္ဘော၊ ဗုံးကြဲလေယာဉ်နဲ့ ဒုံးခွင်းစနစ်တွေ ပို့ဆောင်ခဲ့သလို့ နောက်ထပ် စစ်သည် ၁၅၀၀ လောက် ပို့ဆောင်ဖို့လည်း ရှိနေပါတယ်။ ဒါဟာ အီရန်ရဲ့ရန်ကို
    ကာကွယ်ဖို့ဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။
    အီရပ်စစ်တပ်ရဲ့ အကြံပေးတစ်ဦးဖြစ်သူ ဗိုလ်ချုပ် မော်တီဇာ ကုရ်ဘာနီက အမေရိကန်ကို သတိပေးခဲ့ပါတယ်။
    “အမေရိကန်ဟာ ဒေသတွင်းကို ရေတပ်သင်္ဘော ၂ စီး လွှတ်ထားတယ်။ နည်းနည်းလေး မိုက်ရူးရဲ ဆန်လိုက်တာနဲ့ ကျွန်တော်တို့ဟာ ဒုံးကျည်နှစ်လုံး၊ လျှို့ဝှက်လက်နက်သစ် ၂ ခုနဲ့ အဲဒီသင်္ဘောတွေကို ရေအောက် မြှုပ်ပစ်လိုက်မှာပါ”
    မေလ ၁၂ ရက်နေ့က ယူအေအီးနိုင်ငံ ကမ်းလွန်မှာ ရေနံတင်သင်္ဘော ၄ စင်း တိုက်ခိုက်ခံရမှုဟာ အီရန်ရဲ့လက်ချက် ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က အရှေ့အလယ်ပိုင်းမှာ အမေရိကန်တပ်တွေ ထပ်တိုးချထားမယ့် အစီအစဉ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အလွန် အန္တရာယ်ကြီးတဲ့လုပ်ရပ် ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
    Ref: The Star
  • ဧ၀ရက်တောင်တွင် လူကြပ်မှု နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိလာ
    ဧ၀ရက်တောင်တွင် လူကြပ်မှု နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိလာ
    မေ ၂၅၊ ၂၀၁၉
    M-Media
    ဧ၀ရက်တောင် မြင်ကွင်း
    -တောင်တက်ရာသီ လူကြပ်မှုရဲ့ နောက်ဆက်တွဲကြောင့် ဧ၀ရက်တောင်ထိပ်မှာ သေဆုံးသူအရေအတွက်ဟာ အခုလအတွင်း ၁၀ ဦးအထိ ရှိလာခဲ့ပြီလို့ နီပေါအာဏာပိုင်တွေက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
    ဒီနေ့မနက်ပိုင်းမှာ အသက် ၄၄ နှစ်အရွယ် ဗြိတိန်တောင်တက်သမား ရော်ဘင် ဟေးနက်စ်ဖစ်ရှာဆိုသူဟာ တောင်ထိပ်ကနေ ပြန်အဆင်း အမြင့် မီတာ ၈၇၀၀ မှာ ရုတ်တရက် လဲကျသေဆုံးခဲ့ပါတယ်။ သောကြာနေ့က အိုင်ယာလန်နိုင်ငံသားတစ်ဦး အမြင့် မီတာ ၇၀၀၀ မှာ သေဆုံးခဲ့သလို၊ အသက် ၃၃ နှစ်အရွယ် နီပေါနိုင်ငံသား တစ်ဦးလည်း တောင်ခြေစခန်းမှာ သေဆုံးခဲ့ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်အတွင်း အိန္ဒိယနိုင်ငံသား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ တောင်ပေါ်ကနေ ပြန်အဆင်းမှာ သေဆုံးခဲ့ကြပြီး၊ အခုလ အစောပိုင်းမှာ အမေရိကန်၊ အိန္ဒိယရဲ့ သြစတြီးယား တောင်တက်သမားတွေလည်း သေဆုံးခဲ့ပါတယ်။ မေလ ၁၆ ရက်နေ့က ပျောက်ဆုံးသွားတဲ့ အိုင်ယာလန်နိုင်ငံသား တောင်တက်သမားတစ်ဦးကိုတော့ အာဏာပိုင်တွေက သေဆုံးပြီလို့ ယူဆခဲ့ကြပါတယ်။
    ရာသီဥတုကောင်းမွန်လေ့ရှိတဲ့ အခုလို တောင်တက်ရာသီမှာ ဧ၀ရက်တောင်နဲ့ ဟိမ၀န္တာက အခြား တောင်တွေကို တာင်တက်သမားတွေ ရာနဲ့ချီ တက်ကြတာကြောင့် တောင်ပေါ်မှာ တန်းစီ စောင့်ဆိုင်းရတာတွေ ရှိနေတယ်လို့ နီပေါအာဏာပိုင်တွေက ပြောပါတယ်။ တောင်ပေါ်မှာ အကြာကြီးနေရတာကြောင့် နှင်းကိုက်တာ၊ လေဖိအားကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို တောင်တက်သမားတွေက ခံစားနေရကြရပြီး နောက်ဆက်တွဲ သေဆုံးမှုတွေလည်း ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
    Ref: Aljazeera