News @ M-Media

Blog

  • နိုင်ငံခြားသားများအတွက် ခံစားခွင့်ပိုမိုပါဝင်မည့် အမြဲတမ်းနေထိုင်ခွင့် ပါမစ်သစ်ကို  ဆော်ဒီထုတ်ပေးမည်

    နိုင်ငံခြားသားများအတွက် ခံစားခွင့်ပိုမိုပါဝင်မည့် အမြဲတမ်းနေထိုင်ခွင့် ပါမစ်သစ်ကို ဆော်ဒီထုတ်ပေးမည်

    မေ ၉၊ ၂၀၁၉
    M-Media

    ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်

    -နိုင်ငံခြားက စွန့်ဦးတီလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကျွမ်းကျင်လုပ်သားတွေအတွက် အရင်ကထက် ခံစားခွင့်တွေ ပိုမိုပါဝင်မယ့် အမြဲတမ်းနေထိုင်ခွင့်ပါမစ်အသစ် ထုတ်ပေးရေး ဥပဒေတစ်ခုကို ဆော်ဒီအတိုင်ပင်ခံကောင်စီက မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    ဒီဥပဒေကြောင့် နိုင်ငံခြား လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေဟာ ဆော်ဒီနိုင်ငံသား လုပ်ငန်းရှင်၊ အာမခံပေးသူတွေ မလိုအပ်ဘဲ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ကို လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ အမြဲတမ်းနေထိုင်ခွင့်လက်မှတ်ကို Privileged Iqama လို့ ခေါ်ဝေါ်ပြီး အမေရိကန်က Green Card နဲ့ ဆင်တူပါတယ်။

    ပါမစ်ရရှိသူတွေဟာ ဆော်ဒီမှာ အမြဲတမ်းနေထိုင်ခွင့်အပြင် ၀န်ထမ်းခန့်ထားခွင့်၊ မြေယာ၊ အဆောက်အဦးနဲ့ အစီးအနင်းတွေ ပိုင်ဆိုင်ခွင့်၊ နိုင်ငံအတွင်း အချိန်မရွေး ၀င်ထွက်သွားလာခွင့်၊ မိသားစုနဲ့ ဆွေမျိုးတွေကို အလည်ဗီဇာနဲ့ ခေါ်ယူခွင့်တွေလို အခြား အခွင့်အရေးတွေကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။

    ဆော်ဒီရဲ့ အမြဲတမ်းနေထိုင်ခွင့်ပါမစ်မှာ နှစ်မျိုးရှိပြီး တစ်မျိုးက အချိန်ကန့်သတ်မထားတဲ့ ပါမစ်နဲ့ နောက်တစ်မျိုးက တစ်နှစ်သက်တမ်းရှိပြီး နှစ်စဉ် သက်တမ်းတိုးနိုင်မယ့် ပါမစ်တို့ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ သက်တမ်းမကုန်သေးတဲ့ နိုင်ငံကူးလက်မှတ်၊ ဆေးမှတ်တမ်း၊ ရာဇ၀တ်မှုကင်းရှင်းမှုမှတ်တမ်း၊ Credit မှတ်တမ်းတွေ လိုအပ်ပါတယ်။

    ၂၀၁၃ ခုနှစ် မှတ်တမ်းတွေအရ ဆော်ဒီအာရေဗျမှာ နိုင်ငံခြားအလုပ်သမား ၉ သန်းလောက်ရှိပြီး အများစုဟာ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အာဖရိက နိုင်ငံတွေက ဖြစ်ပါတယ်။

    Ref: Alarabiya

  • နည်းပညာမြင့် လေယာဉ်တင်သင်္ဘောသစ်ကို တရုတ်က လျှို့ဝှက် တည်ဆောက်နေ

    နည်းပညာမြင့် လေယာဉ်တင်သင်္ဘောသစ်ကို တရုတ်က လျှို့ဝှက် တည်ဆောက်နေ

    မေ ၉၊ ၂၀၁၉
    M-Media

    လက်ရှိအသုံးပြုနေသည့် တရုတ်လေယာဉ်တင်သင်္ဘော

    -တရုတ်ဟာ လက်ရှိ ရှိပြီးသား လေယာဉ်တင်သင်္ဘော ၂ စီးထက် ပိုမိုကြီးမားပြီး ခေတ်ပေါ်နည်းပညာတွေ အသုံးပြုထားတဲ့ လေယာဉ်တင်သင်္ဘောတစ်စင်းကို တည်ဆောက်နေတယ်လို့ အမေရိကန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Center for Strategic and International Studies က ဂြိုဟ်တု ပုံရိပ်တွေကို ကိုးကားပြီး ပြောကြားလိုက်ပါတယ်။

    လေယာဉ်တင်သင်္ဘောသစ် ဆောက်လုပ်နေတယ်ဆိုတာကို တရုတ်က တရားဝင် ထုတ်ဖော်ပြောဆိုထားတာမျိုး မရှိပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ တရုတ်နိုင်ငံပါမီဒီယာက ‘မျိုးဆက်သစ် လေယာဉ်တင်သင်္ဘောတစ်စီး’ လာတော့မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ တရုတ်ဟာ ဒီသင်္ဘောသစ်ကို ဆောက်လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

    လေယာဉ်တင်သင်္ဘောသစ် တည်ဆောက်နေသည့် ဂြိုဟ်တု ပုံရိပ်

    ၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ရိုက်ယူထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး CSIS အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တရုတ်ဟာ Type 002 လေယာဉ်တင်သင်္ဘောကို နိုင်ငံတောင်ပိုင်း ကျန်းနန်သင်္ဘောကျင်းမှာ ဆောက်လုပ်နေပြီး၊ အသေးစိတ်အချက်အလက်တွေကို ရရှိဖို့ ခက်ခဲပေမယ့် ဒါဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘော ဖြစ်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

    တရုတ်ဟာ လက်ရှိမှာ Type 001 Liaoning လို့ အမည်ရတဲ့ လေယာဉ်တင်သင်္ဘောကို ရေတပ်မှာ အသုံးပြုနေပြီး ဆိုဗီယက်ခေတ်က မပြီးစီးခဲ့တဲ့ သင်္ဘောကို ၀ယ်ယူပြုပြင်ထားတာ ဖြစ်ပါတယ်။

    ဒုတိယမြောက်ဖြစ်လာမယ့် Type 001A လေယာဉ်တင်သင်္ဘောကတော့ တရုတ်ပြည်တွင်းမှာ တည်ဆောက်တာဖြစ်ပါတယ်။ လက်ရှိ ဒီသင်္ဘောဟာ ၅ ကြိမ်မြောက် ပင်လယ်ပြင် စမ်းသပ်ခုတ်မောင်းမှု ပြီးစီးသွားပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ တပ်တော်ဝင်မယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။

    ဒီလေယာဉ်တင်သင်္ဘော နှစ်ခုလစုံးဟာ ပုံမှန်သင်္ဘောတွေအတိုင်းသာဖြစ်ပြီး ခေတ်ဟောင်း လေယာဉ်ပျံတက်မှုစနစ် STOBAR ကို အသုံးပြုထားပါတယ်။ လက်ရှိတည်ဆောက်နေတဲ့ Type 002 သင်္ဘောကတော့ ပိုမိုကြီးမားကာ လေယာဉ်တွေ ပိုဆန့်နိုင်မှာဖြစ်သလို အန္တရာယ်ကင်းကင်းနဲ့ အတက်အဆင်းပြုလုပ်နိုင်မယ့် ခေတ်သစ် လေယာဉ်ပျံတက်မှုစနစ် CATOBAR လည်း ပါဝင်လာမယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက သုံးသပ်ထားပါတယ်။

    တတိယမြောက် လေယာဉ်တင်သင်္ဘောမှာ CATOBAR စနစ်မျိုး ပါဝင်လာတာဟာ တရုတ်နိုင်ငံအတွက် ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခု လှမ်းနိုင်တာဖြစ်ကြောင်း၊ ဒီလိုနည်းပညာမျိုးကို နိုင်ငံတစ်ချို့ကသာ သုံးနိုင်တဲ့အတွက် ကမ္ဘာ့ စစ်ရေးထိပ်တန်း နိုင်ငံအနည်းစုတွေထဲမှာ တရုတ် ပါဝင်လာစေမှာဖြစ်တယ်လို့ CSIS က တာဝန်ရှိသူ မက်သယူး ဖူနိုင်ဝိုလေးက Business Insider နဲ့ အရင်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    Ref : Business Insider

  • ယူရေနီယံသန့်စင်မှုလုပ်ငန်းကို ပြန်လည်လုပ်ဆောင်မည်ဟု အီရန် ပြော

    ယူရေနီယံသန့်စင်မှုလုပ်ငန်းကို ပြန်လည်လုပ်ဆောင်မည်ဟု အီရန် ပြော

    အီရန်သမ္မတ ဟာဆန် ရူဟာနီ

    မေ ၉၊ ၂၀၁၉
    M-Media

    -၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်ပါ ကတိက၀တ်တွေကို ကမ္ဘာ့နိုင်ငံတွေက မလိုက်နာတော့ဘူးဆိုရင် မိမိတို့အနေနဲ့ ယူရေနီယံ သန့်စင်မှုလုပ်ငန်းကို ပြန်လည်လုပ်ဆောင်သွားမယ်လို့ အီရန်သမ္မတ ဟာဆန် ရူဟာနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အီရန်အနေနဲ့ ယူရေနီယံသန့်စင်ရေးလုပ်ငန်းကို အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းဖို့နဲ့ အပြန်အလှန်အားဖြင့် စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ အမေရိကန်အပါအ၀င် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ဟာ အီရန်နဲ့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က အီရန်ဟာ သဘောတူညီချက်အတိုင်း လိုက်နာလုပ်ဆောင်နေတယ်လို့ ပြောပေမယ့် အမေရိကန်က ပြီးခဲ့တဲ့နှစ် မေလမှာ စာချုပ်ကနေ နှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။

    မနေ့က ရုပ်သံကတစ်ဆင့်ပြောကြားတဲ့မိန့်ခွန်းမှာ အီရန်သမ္မတ ရူဟာ နီက အီရန် ရေနံနဲ့ ဘဏ်လုပ်ငန်းအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကာကွယ်ပေးမယ်ဆိုတဲ့ ကတိက၀တ်တွေကို စာချုပ်မှာ ကျန်ရှိနေတဲ့ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ရုရှားတို့က အကောင်အထည်ဖော်ဖို့ ရက်ပေါင်း ၆၀ အချိန်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြည့်ဝယူရေနီယံ ရရှိအောင် သန့်စင်မှုမလုပ်ဘူးဆိုတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ပါ ကတိက၀တ်ကို အီရန်က လိုက်နာတော့မှာ မဟုတ်ဘူးလို့လည်း ရူဟာနီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “စာချုပ်ပါ နိုင်ငံတွေအနေနဲ့ နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း ကတိက၀တ်တွေကို ဆက်လက်လိုက်နာပြီး အီရန်ရဲ့ အကျိုးစီးပွား အန္တရာယ်ကင်းအောင် မဆောင်ရွက်ပေးဘူးဆိုရင် အီရန်က နောက်ထပ် လုပ်ဆောင်စရာရှိတာတွေ ဆက်လုပ်သွားမှာပါ။ နှစ်ဖက်စလုံး အမြတ်ထွက်နိုင်မယ့် အခြေအနေမျိုးကို အီရန်က လက်ခံသွားမှာ ဖြစ်ပါတယ်”

    Ref : Aljazeera

  • ပါကစ္စတန်ရှိ နာမည်ကျော် ဆူဖီဂူဗိမာန်တစ်ခု တိုက်ခိုက်ခံရ

    ပါကစ္စတန်ရှိ နာမည်ကျော် ဆူဖီဂူဗိမာန်တစ်ခု တိုက်ခိုက်ခံရ

    တိုက်ခိုက်မှုအပြီး မြင်ကွင်း

    မေ ၈၊ ၂၀၁၉
    M-Media

    -ပါကစ္စတန်နိုင် ငံ လာဟိုးရ်မြို့က နာမည်ကျော် မွတ်စလင်သူတော်စဉ်တစ်ဦးရဲ့ ဂူဗိမာန်အပြင်ဘက်မှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    Data Darbar ဂူဗိမာန်အရှေ့က ရဲကားကို ပစ်မှတ်ထား ဗုံးခွဲခဲ့တာဖြစ်ပြီး သေဆုံးသူ ၈ ဦးမှာ ၅ ဦးက ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၅ ဦးက စိုးရိမ်ရတဲ့ အနေအထား ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ အာရစ်ဖ် နာဝဇ်က လက်လုပ်ဗုံးနဲ့ တိုက်ခိုက်တာ၊ ဒါမှမဟုတ် အသေခံဗုံးခွဲတာ ဖြစ်နိုင်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Data Darbar ဂူဗိမာန်ဟာ အိန္ဒိယတိုက်ငယ်မှာ ကြည်ညိုလေးစားခြင်းခံရတဲ့ ဆူဖီသူတော်စင် အဘူ ဟာဆန် အလီ ဟဂ်ျဗီရီရဲ့ ရုပ်ကလပ်ကို မြှုပ်နှံထားရာနေရာဖြစ်ပြီး ပါကစ္စတန်နိုင်ငံရဲ့ နာမည်ကျော် ဂူဗိမာန်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဗိမာန်ကို လာရောက်ကာ ဆူဖီသူတော်စဉ်ကို အမှီသဟဲပြု ဆုတောင်းသူတွေ နေ့စဉ်နဲ့အမျှ ရှိနေပြီး ရမ်ဇာန်ဥပုသ်လမှာ လာရောက်သူ အရေအတွက်ဟာ သိသိသာသာ မြင့်တက်လေ့ ရှိပါတယ်။

    ပါကစ္စတန်ဟာ ၂၀၀၇ ခုနှစ်ကတည်းက စတင်ကာ ‘ပါကစ္စတန်တာလီဘန်အဖွဲ့’ (TTP) ရဲ့ တိုက်ခိုက်မှုဒဏ်ကို အလူးအလဲ ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်အတွင်း စစ်ဆင်ရေးတွေ ဆက်တိုက် လုပ်ဆောင်အပြီးမှာတော့ TTP ရဲ့ တိုက်ခိုက်မှုတွေက သိသိသာသာ လျော့ကျခဲ့ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ IS အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို ပါကစ္စတန်က ထပ်မံ ခံစားလာခဲ့ရပါတယ်။ IS အဖွဲ့ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ သမိုင်းဝင်နေရာတွေ၊ အထွဋ်အမြတ်ထားရာ နေရာတွေ၊ နိုင်ငံအတွင်းက ဘာသာရေး လူနည်းစုတွေကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

    ဒီကနေ့မနက် Data Darbar ဂူဗိမာန်က တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်လဲဆိုတာကို မသိရသေးပါဘူး။

    ၂၀၁၀ ခုနှစ်ကလည်း Data Darbar ဂူဗိမာန်မှာ အသေခံတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၄၂ ဦး သေဆုံးကာ၊ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန်သမိုင်းတစ်လျှောက် ဆူဖီသူတော်စဉ်တွေရဲ့ ဂူဗိမာန်ကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ အဆိုးရွားဆုံး ဖြစ်ပါတယ်။

    Ref: Aljazeera

  • တရားမ၀င် နိုင်ငံခြားငါးဖမ်းသင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အင်ဒိုကြေငြာ

    တရားမ၀င် နိုင်ငံခြားငါးဖမ်းသင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အင်ဒိုကြေငြာ

    မေ ၅၊ ၂၀၁၉
    M-Media

    -မိမိတို့ရေပိုင်နက်မှာရှိနေတဲ့ တရားမ၀င် ငါးဖမ်းသင်္ဘောတွေကို နှစ်မြှုပ်သွားတော့မယ်လို့ အင်ဒိုနီးရှားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပြီး တောင်တရုတ်ပင်လယ်အနီးမှာ အင်ဒိုရေတပ်ကို ဗီယက်နမ်ကမ်းခြေစောင့်တပ်ဖွဲ့က နှောက်ယှက်ခဲ့ပြီးတဲ့နောက် ဒီတုန့်ပြန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ဗီယက်နမ်၊ မလေးရှားနဲ့ တရုတ်နိုင်ငံတွေက အပါအ၀င် တရားမ၀င် နိုင်ငံခြား ငါးဖမ်းသင်္ဘော ၅၁ စီးလောက် ရှိနေပြီး လာမယ့် သီတင်းနှစ်ပတ်အတွင်း နှစ်မြှုပ်သွားမယ်လို့ အင်ဒိုအာဏာပိုင်တွေက ပြောပါတယ်။ စနေနေ့က ကလီမန်တန်ပြည်နယ်မှာ ငါးဖမ်းသင်္ဘော တစ်ဒါဇင်ကျော်ကို နှစ်မြှုပ်ခဲ့ပါတယ်။

    အင်ဒိုနီးရှား ငါးလုပ်ငန်းဝန်ကြီး ဆူဆီ ပူဂျီယက်စ်တူတီက မိမိတို့နိုင်ငံဟာ တရားမ၀င် ငါးဖမ်းလုပ်ငန်းတွေကို ပြတ်ပြတ်သားသား နှိမ်နှင်းတယ်ဆိုတာ အိမ်နီးချင်းနိုင်ငံတွေကို သတိပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့မှာ တစ်ခြားနည်းလမ်းမရှိဘူး။ နှစ်မြှုပ်ပစ်တာက ကျွန်မတို့တိုင်းပြည်အတွင်း အသင့်လျော်ဆုံး နည်းလမ်းပါ။ ဒါပေမယ့် တစ်ခြားနိုင်ငံတွေအတွက်တော့ ကြောက်စရာ ဖြစ်နေမှာပေါ့”

    နိုင်ငံရဲ့ ဥပဒေတွေအားနည်းမှုကြောင့် နိုင်ငံခြားငါးဖမ်းသင်္ဘောတွေဟာ အင်ဒိုနီးရှားရေပိုင်နက်မှာ ၀င်ရောက် ငါးဖမ်းမှုတွေ ရှိနေပြီး တိုင်းပြည်ရဲ့စီးပွားရေး အကြီးအကျယ် ဆုံးရှုံးနေတယ်လို့လည်း ၀န်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် သမ္မတ ဂျိုကို ၀ီဒိုဒို အာဏာရပြီးနောက်ပိုင်း အင်ဒိုနီးရှားဟာ တရားမ၀င် နိုင်ငံခြားငါးဖမ်းသင်္ဘောတွေကို နှစ်မြှုပ်ခဲ့ပြီး တစ်ဝက်ကျော်ကျော်လောက်က ဗီယက်နမ်ငါးဖမ်းသင်္ဘောတွေ ဖြစ်ပါတယ်။

    ဒီလိုနှစ်မြှုပ်မှုကို အင်ဒိုနီးရှားက လနဲ့ချီ ရပ်ဆိုင်းထားခဲ့ပေမယ့် ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ဗီယက်နမ်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ အင်ဒိုနီးရှားရေတပ်တို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှားရေတပ်က တရားမ၀င် ငါးဖမ်းသင်္ဘောတစ်စီးကို ဖမ်းဆီးဖို့ကြိုးစားစဉ်မှာ ဗီယက်နမ် ကမ်းခြေစောင့် မော်တော်ဘုတ်တစ်စင်းက ၀င်ရောက်နှောက်ယှက်ခဲ့တာပါ။

    အင်ဒိုနီးရှား ငါးဖမ်လုပ်ငန်းဝန်ကြီး ဆူဆီ ပူဂျီယက်စ်တူတီက မိမိတို့အနေနဲ့ ပြတ်ပြတ်သားသားအရေးမယူရင် ဒီလို အတင့်ရဲမှုတွေ ပိုမိုဖြစ်လာမှာဖြစ်ပြီး၊ တစ်ချိန်ကျရင် အခုထပ်ဆိုးတဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမယ့်အတွက် အရေးယူရတာ ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: CNA