News @ M-Media
Blog
  • အမေရိကန်တွင် ခရီးသည်တင်လေယာဉ်တစ်စီး မြစ်ထဲထိုးကျ
    အမေရိကန်တွင် ခရီးသည်တင်လေယာဉ်တစ်စီး မြစ်ထဲထိုးကျ
    မေ ၄၊ ၂၀၁၉
    M-Media
    -အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ခရီးသည်တင်လေယာဉ်တစ်စင်း ပြေးလမ်းချော်ကာ မြစ်ထဲထိုးကျမှု ဖြစ်ပွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ သေဆုံး၊ ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
    ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၄၃ ဦးကို တင်ဆောင်လာတဲ့ ဘိုးအင်း 737 လေယာဉ်ဟာ ကျူးဘားက ဂွာတာနာမို ရေတပ်အခြေစိုက်စခန်းကနေ ပျံသန်းလာပြီး ဖလော်ရီဒါပြည်နယ် ဂျက်ဆန်ဗီးလ်က လေတပ်စခန်းလေယာဉ်ကွင်းမှာ ဆင်းသက်စဉ် ပြေးလမ်းချော်ပြီး စိန့်ဂျွန်းမြစ်ထဲ ထိုးကျခဲ့တာ ဖြစ်ပါတယ်။
    လေယာဉ်ဟာ ရေတိမ်ပိုင်းကို ကျဆင်းခဲ့တဲ့အတွက် ရေမမြုပ်ခဲဘဲ ခရီးသည်တွေကိုလည်း မရိန်းတပ်ဖွဲ့တစ်ခုက ကယ်တယ်ခဲ့တယ်လို့ ဂျက်ဆန်ဗီးလ်အုပ်ချုပ်ရေးမှူးရုံးရဲ့ Twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးသူတွေ မရှိခဲ့ဘဲ၊ အသေးစားဒဏ်ရာရသူတစ်ချို့သာ ရှိခဲ့ပါတယ်။
    ဘာ့ကြောင့် ဒီလိုဖြစ်ပွားရတယ်ဆိုတဲ့တာကို အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
    ဂျက်ဆန်ဗီးလ် မီးသတ်ဌာနနဲ့ အမေရိကန် ရေတပ်တို့ကလည်း ဒီအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း သူတို့အဖွဲ့ဝင်တွေ သွားရောက်ကယ်ဆယ်မှုတွေ လုပ်နေတယ်လို့ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera
  • ၀ီဂါမွတ်စလင်များ ဖိနှိပ်ခံရမှုအတွက် အမေရိကန်က တရုတ်ကို အပြင်းထန်ဆုံးအသုံးအနှုန်းဖြင့် ရှုတ်ချ
    မေ ၄၊ ၂၀၁၉
    M-Media
    -နိုင်ငံအနောက်ပိုင်း ရှန်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေကို တရုတ်က အကျဉ်းစခန်းတွေထဲမှာ ထိန်းသိမ်းထားတယ်လို့ အမေရိကန်က ပြောကြားလိုက်ပြီး အရေအတွက်ဟာ သတင်းတွေမှာ ဖော်ပြထားတာထက် ပိုများနေတယ်လို့ ဆိုပါတယ်။
    ကုန်သွယ်ရေးအပါအ၀င် ကိစ္စတစ်ချို့နဲ့ပတ်သက်ပြီး နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဒီလိုဝေဖန်ရှုတ်ချမှုမျိုး ပေါ်ထွက်လာတာပါ။
    မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အာရှရေးရာပေါ်လစီအကြီးအကဲ ရန်ဒဲလ် ရှရီဗာက တရုတ်အစိုးရဟာ ၀ီဂါမွတ်စလင်တွေကို ‘အကျဉ်းစခန်းတွေ’ ထဲမှာ အစုလိုက်အပြုံလိုက် ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။ နာဇီတွေက ဂျူးတွေကို ပိတ်လှောင်ထားတဲ့ ‘အကျဉ်းစခန်း’ ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းခဲ့တာဟာ ၀ီဂါကိစ္စနဲ့ပတ်သက်ပြီး တရုတ်အပေါ် အမေရိကန်ရဲ့ ရှုတ်ချမှုတွေထဲမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။
    “တရုတ်ကွန်မြူနစ်ပါတီဟာ လုံခြုံရေးတပ်ဖွဲ့တွေကိုသုံးပြီး တရုတ်မွတ်စလင်တွေကို အကျဉ်းစခန်းတွေထဲမှာ အစုလိုက်အပြုံလိုက် အကျဉ်းချထားတာပါ”
    သတင်းတွေက ၀ီဂါတစ်သန်းလောက် ပိတ်လှောင်ခံထားရတယ်လို့ ရေးသားကြပေမယ့် တစ်ကယ်တမ်းမှာ ၃ သန်းလောက် ရှိတယ်လို့ ရှရီဗာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဘာ့ကြောင့် ‘အကျဉ်းစခန်း’ ဆိုတဲ့ စကားလုံးကို သုံးနှုန်းရသလဲလို့ မေးမြန်းရာမှာ ၀ီဂါ ၁၀ သန်းလောက်ရှိရာမှာ ၃ သန်းလောက်က ဖမ်းဆီးခံထားရတဲ့အတွက် သုံးနှုန်းရတာဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
    အမေရိကန်ရဲ့ ဒီမှတ်ချက်အတွက် တရုတ်ဖက်က တုန့်ပြန်တာမျိုး မရှိသေးပါဘူး။
    ရှင်ကျန်းပြည်နယ်မှာ ၀ီဂါမွတ်စလင်တွေ ဖိနှိပ်ချုပ်ချယ်ခံနေရတယ်ဆိုတဲ့ သတင်းတွေကို တရုတ်အစိုးရက အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ အကျဉ်းစခန်းတွေမှာ ပိတ်လှောင်ထားတယ်ဆိုတာလည်း မဟုတ်ဘဲ၊ အဆောင်သဘောမျိုးသာဖြစ်ကြောင်း၊ ၀ီဂါတွေကို အစွန်းရောက်တိုက်ဖျက်ရေးဆောင်ရွက်ကာ အသက်မွေးဝမ်းကြောင်းပညာ သင်ကြေားပေးနေတာဖြစ်ကြောင်း
    အရင်က တုန့်ပြန်ပြောဆိုထားပါတယ်။
    နာဇီခေတ်ကို ပြန်မြင်နေရ
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက တရုတ်ရဲ့ ဒီလုပ်ရပ်တွေဟာ နာဇီဂျာမနီလက်ထက် ‘၁၉၃၀ ပြည့်နှစ်တွေ’ နဲ့ သွားတူနေတယ်လို့ ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
    တရုတ်ကွန်မြူနစ်အစိုးရဟာ ရှင်ကျန်းပြည်နယ်မှာ ၀ီဂါတွေရဲ့ ဘာသာရေးလိုက်နာကျင့်သုံးမှုနဲ့ ယဉ်ကျေးမှုတွေကို နည်းလမ်းမျိုးစုံနဲ့ တားဆီးပိတ်ပင်နေတယ်လို့ အမေရိကန်က အရင်ကလည်း ပြောကြားခဲ့ဖူးပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပုံစံအမျိုးမျိုးနဲ့ ရှိနေတယ်လို့ အထောက်အထားတွေ စုဆောင်းကာ ဖော်ပြခဲ့ကြပါတယ်။
    Ref: Reuters
  • တစ်ကျော့ပြန် အီဘိုလာကြောင့် ကွန်ဂိုတွင် သေဆုံးသူ တစ်ထောင်ကျော်ပြီ
    တစ်ကျော့ပြန် အီဘိုလာကြောင့် ကွန်ဂိုတွင် သေဆုံးသူ တစ်ထောင်ကျော်ပြီ
    မေ ၄၊ ၂၀၁၉
    M-Media
    -တစ်ကျော့ပြန်ဖြစ်ပွားတဲ့ အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ တစ်ထောင်ကျော်ရှိပြီလို့ အာဖရိကတိုက် ကွန်ဂိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
    ကွန်ဂိုမှာပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက အီဘိုလာ တစ်ကျော့ပြန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
    ရောဂါကူးစက်နေသူတွေထဲက ၁၄ ဦး သောကြာနေ့မှာ ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁၀၀၈ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်နေသူ ၁၄၅၀ က တစ်ထောင်ကျော် သေဆုံးခဲ့တာပါ။
    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကုန်ဆုံးခဲ့တဲ့ သီတင်းတစ်ပတ်တာ ကာလအတွင်း အီဘိုလာ နောက်ထပ် ကူးစက်မှု အရေအတွက်ဟာ ၁၂၆ ဦးအထိ ရှိလာတာကြောင့် သောကြာနေ့မနက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးခဲ့ပါတယ်။
    ကွန်ဂိုကျန်းမာရေးန်ဝကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီဘိုလာကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လက်နက်ကိုင်တွေက တိုက်ခိုက်တာ၊ ကုသမှုကို နှောက်ယှက်တာကြောင့် ကူးစက်သူ အရေအတွက် တိုးမြင့်လာရခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ကွန်ဂိုမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ အီဘိုလာကာကွယ်ဆေး လိုက်လံထိုးနှံပေးနေပြီး ယနေ့အချိန်အထိ လူ တစ်သိန်းတစ်သောင်းနီးပါး ကာကွယ်ဆေး ထိုးထားပါတယ်။ ကာကွယ်ဆေးဟာ စမ်းသပ်ဆဲအဆင့်မှာသာ ရှိပေမယ့် ၉၇.၅ ရာခိုင်နှုန်းလောက် အောင်မြင်မယ်လို့ မျှော်လင့်ထားပါတယ်။
    အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဂီရီ၊ ဆီရာလီယိုနီနဲ့ လိုက်ဘေးရီးယားတို့မှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အီဘိုလာကူးစက်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁၃၀၀ လောက် သေဆုံးခဲ့ပါတယ်။ ဒါဟာ သမိုင်းတစ်လျှောက် အာဖရိကမှာ အီဘိုလာကြောင့်သေဆုံးမှု ဒုတိယမြောက်အများဆုံး ဖြစ်ပါတယ်။
    Ref: Aljazeera
  • ဘာရိန်းနှင့် ယူအေအီးကို အမေရိကန်က ဒေါ်လာ သန်း ၆၀၀၀ ဖိုး လက်နက်ရောင်းမည်
    ဘာရိန်းနှင့် ယူအေအီးကို အမေရိကန်က ဒေါ်လာ သန်း ၆၀၀၀ ဖိုး လက်နက်ရောင်းမည်
    ပက်ထရီယော့ ဒုံးခွင်းစနစ်
    မေ ၄၊ ၂၀၁၉
    M-Media
    -ဘာရိန်းနဲ့ ယူအေအီးနိုင်ငံတွေကို ကန်ဒေါ်လာ ၆ ဘီလီယံဖိုး လက်နက်ရောင်းဖို့အတွက် အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
    Patriot ဒုံးခွင်းစနစ်နဲ့ ဆက်စပ်ပစ္စည်းအပါအ၀င် ဘာရိန်းက လက်နက် ဒေါ်လာ သန်း ၂၅၀၀ နီးပါးဖို့ ၀ယ်ယူမှာပါ။ ဘာရိန်းက ၀ယ်ယူမယ့် လက်နက်တွေထဲမှာ Patriot ဒုံးခွင်းစနစ်မှာ အသုံးပြုလို့ရပြီး လေယာဉ်နဲ့ ခရုဇ်ဒုံးကျည်တွေကို ပစ်ချလို့ရတဲ့ MIM-104E ပဲ့ထိန်းဒုံးကျည်၊ 32 AIM-9X ဒုံးကျ၊ည်၊ 20 AGM-84 Block II Harpoon ဒုံးကျည်၊ F16 တိုက်လေယာဉ်တွေအတွက် အဆင့်မြှင့်တင်ရေးပစ္စည်းတွေနဲ့ အခြားလက်နက်ခဲယမ်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
    ယူအေအီးကတော့ Patriot ဒုံးခွင်းစနစ်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဒေါ်လာ သန်း ၂၇၀၀ ကျော်ဖိုး ၀ယ်ယူမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ ဒီရောင်းချမှုကို အတည်ပြုပေးဖို့အတွက် လွှတ်တော်ကို တင်ထားပါတယ်။
    ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း ဆော်ဒီကို THAAD ဒုံးခွင်းစနစ် ရောင်းချဖို့အတွက် အမေရိကန်က သဘောတူခဲ့ပါတယ်။
    Ref: Alarabiya