News @ M-Media

Blog

  • တရုတ်ထောက်လှမ်းရေးက ဟွာဝေးကို ထောက်ပံ့နေသည်ဟု အမေရိကန် စွပ်စွဲ

    တရုတ်ထောက်လှမ်းရေးက ဟွာဝေးကို ထောက်ပံ့နေသည်ဟု အမေရိကန် စွပ်စွဲ

    ဧပြီ ၂၁၊ ၂၀၁၉
    M-Media

    – တရုတ် ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Huawei ဟာ တရုတ်အစိုးရ ထောက်လှမ်းရေးရဲ့ အထောက်အပံ့ကို ရယူထားတယ်လို့ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA က စွပ်စွဲခဲ့ကြောင်း Times သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    တရုတ် အမျိုးသား လုံခြုံရေးကော်မရှင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ တရုတ်အစိုးရထောက်လှမ်းရေးရဲ့ အခြားဌာတစ်ခု စုစုပေါင်း အဖွဲ့ ၃ ဖွဲ့ထံကနေ Huawei က ငွေကြေး အထောက်အပံ့ ရယူနေတယ်လို့ CIA က ပြောပါတယ်။ Huawei ကို တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားတယ်ဆိုတဲ့ သတင်းကို အခုနှစ်အစောပိုင်းတုန်းကလည်း CIA က ဗြိတိန်၊ သြစတေးလျ၊ ကနေဒါနဲ့ နယူးဇီလန်တို့အပါအ၀င် Five-Eyes ထောက်လှမ်းရေးသတင်းဖလှယ်တဲ့ အဖွဲ့ကို မျှဝေခဲ့ပါတယ်။

    Huawei ကတော့ ဒီစွပ်စွဲတွေကို ငြင်းဆိုထားပါတယ်။

    “အထောက်အထားမဲ့ တရားလက်လွတ်စွပ်စွဲချက်တွေအတွက် Huawei က မှတ်ချက်မပေးချင်ပါဘူး” လို့ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Huawei ကုမ္ပဏီထုတ် ဆက်သွယ်ရေး ပစ္စည်းတွေကို တရုတ်အစိုးရ ထောက်လှမ်းရေးအတွက် အသုံးပြုနိုင်တယ်လို့ အမေရိကန်အစိုးရက စိုးရိမ်နေတာပါ။ အမေရိကန် အာဏာပိုင်တွေက Huawei ဟာ ပိတ်ဆို့မှုတွေကို ချိုးဖောက်နေလားဆိုတာကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ကုမ္ပဏီကို တည်ထောင်သူရဲ့သမီးဖြစ်ပြီး လက်ရှိမှာ ဘဏ္ဍာရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မန်ဝမ်ကျိုးကို ကနေဒါက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခဲ့ပြီး ဘဏ်လုပ်ငန်း မသမာမှု၊ ပိတ်ဆို့မှုတွေကို ချိုးဖောက်ကာ အီရန်နဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေအတွက် တရားစွဲဆိုထားပါတယ်။

    သူမက စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ဖခင်ဖြစ်သူကလည်း ဒီဖမ်းဆီးမှုမှာ နိုင်ငံရေးလှုံ့ဆော်မှု ပါဝင်တယ်လို့ ပြောကြားထားပါတယ်။

    Ref : Reuters

  • ဆူဒန်အာဏာရှင်ဟောင်း ဘရှီးရ်၏အိမ်တွင် ငွေသား သန်းချီ တွေ့ရှိ

    ဆူဒန်အာဏာရှင်ဟောင်း ဘရှီးရ်၏အိမ်တွင် ငွေသား သန်းချီ တွေ့ရှိ

    ဧပြီ ၂၁၊ ၂၀၁၉
    M-Media

    ဆူဒန်အာဏာရှင်ဟောင်း အိုမာရ် အလ်-ဘရှီးရ်

    – ပြီးခဲ့တဲ့တစ်ပတ်မှာ စစ်တပ်ရဲ့ ဖြုတ်ချမှုကို ခံခဲ့ရတဲ့ ဆူဒန်အာဏာရှင်ဟောင်း အိုမာရ် အလ်-ဘရှီးရ်ရဲ့ နေအိမ်မှာ ငွေသားမျိုးစုံ ကန်ဒေါ်လာ ၇ သန်းဖိုးလောက် တွေ့ရှိခဲ့ရပြီး ငွေကြေးခ၀ါချမှုနဲ့ တရားစွဲဆို ခံထားရပါတယ်။

    မြို့တော်ခါတွန်က ဘရှီးရ်ရဲ့နေအိမ်ကို စစ်ထောက်လှမ်းရေး တာဝန်ရှိသူတွေ ၀င်ရောက်ရှာဖွေရာမှာ ငွေသား ယူရို ၆ သန်း၊ ကန်ဒေါ်လာ ၃၅၁၀၀၀ နဲ့ ဆူဒန်ပေါင် ၅ သန်း ကို တွေ့ခဲ့ရပြီး စုစုပေါင်းတန်ဖိုးဟာ ကန်ဒေါ်လာ ၇ သန်းဖိုး ရှိပါတယ်။

    တရားရေးဌာန ရင်းမြစ်တစ်ခုက ဘရှီးရ်ကို ငွေကြေးခ၀ါချမှု၊ နိုင်ငံခြားငွေ တရားမ၀င်ကိုင်ဆောင်မှုတွေနဲ့ တရားစွဲဆိုထားပြီး ရှေ့နေချုပ်ကလည်း ဒီကိစ္စကို အလျင်အမြန် စစ်ဆေးဖို့ အမိန့်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆူဒန်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ အုပ်စိုးလာခဲ့တဲ့ အာဏာရှင်ဘရှီးရ် ဆင်းပေးဖို့ လူထုက လနဲ့ချီ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဧပြီလ ၁၁ ရက်နေ့မှာ ဆူဒန်စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့ပါတယ်။ ဒါပေမယ့် အသစ်တက်လာတဲ့ စစ်ကောင်စီကို ပြည်သူက မနှစ်မြို့တဲ့အတွက် စစ်ကောင်စီခေါင်းဆောင်က လူထုနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

    ဧပြီ ၁ ရက်နေ့နောက်ပိုင်းမှာ တိုင်းပြည်အတွင်း ပြုလုပ်ခဲ့တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စစ်ဆေးကာ သံသယရှိတဲ့ ငွေကြေးတွေကို သိမ်းဆည်းထားဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့တစ်ပတ်မှာ ဗဟိုဘဏ်ကို အမိန့်ပေးခဲ့ပါတယ်။

    Ref: Arab News

  • ဗုံးခွဲမှုများအတွက် လူ ၇ ဦးကို ဖမ်းဆီးထားကြောင်း သီရိလင်္ကာ ထုတ်ပြန်

    ဗုံးခွဲမှုများအတွက် လူ ၇ ဦးကို ဖမ်းဆီးထားကြောင်း သီရိလင်္ကာ ထုတ်ပြန်

    ဧပြီ ၂၁၊ ၂၀၁၉
    M-Media
    ဗုံးခွဲခံရသည့် ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှ ယရှုခရစ်တော် ရုပ်တု
     
    – ဒီကနေ့ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုတွေနဲ့ပတ်သက်ပြီး သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားတယ်လို့ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
     
    ခရစ်ယာန်ဘုရားကျောင်း ၃ ခု၊ ဟိုတယ် ၃ ခုနဲ့ အခြားနေရာနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး လူ ၁၈၀ ကျော် သေဆုံးခဲ့ပြီး ၅၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ အစိုးရဟာ နိုင်ငံတစ်ဝှမ်း ညမထွက်ရ အမိန့် ထုတ်ပြန်ထားသလို ဆိုရှယ်မီဒီယာအားလုံးကိုလည်း ပိတ်ထားလိုက်ပါတယ်။
     
    မနက်ပိုင်းက ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက် နေ့လည်ပိုင်းမှာ နောက်ထပ် ပေါက်ကွဲမှု ၂ ခုထပ်မံဖြစ်ပွားခဲ့ပါတယ်။ အဲဒီအထဲက ၈ ခုမြောက်ပေါက်ကွဲမှုဟာ ကိုလံဘိုဆင်ခြေဖုံးက အိမ်တစ်အိမ်မှာ သံသယရှိသူတွေကို ၀င်ရောက်ဖမ်းဆီးစဉ် လူတစ်ဦးက အသေခံဗုံးခွဲခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ရဲရင်းမြစ်တစ်ခုက AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
     
    တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာ မသိရသေးပါဘူး။
     
  • အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးစားမှုကို တားဆီးနိုင်ခဲ့ဟု ဆော်ဒီထုတ်ပြန်

    အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးစားမှုကို တားဆီးနိုင်ခဲ့ဟု ဆော်ဒီထုတ်ပြန်

    ဧပြီ ၂၁၊ ၂၀၁၉
    M-Media

    မြို့တော်ရီယာ့ဒ် မြင်ကွင်း

    – နိုင်ငံအလယ်ပိုင်းက ရဲစခန်းတစ်ခုကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ဟန့်တားရှင်းလင်းနိုင်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဆော်ဒီအာရဗျက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    မြို့တော်ရီယာ့ဒ်ကနေ ကီလိုမီတာ ၂၅၀ ဝေးတဲ့မြို့ငယ်လေး ဇူလ်ဖီက ရဲစခန်းကို လက်နက်ကိုင် ၄ ဦးက ၀င်ရောက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ Al-Aarbiya သတင်းဌာနက ဒီလူလေးဦးဟာ စက်သေနတ်တွေ၊ ဗုံးတွေနဲ့ ဓာတ်ဆီဗုံးတွေကို သယ်ဆောင်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သေနတ်သမားတွေကို အသေပစ်ခတ် ဟန့်တားခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သူပုန်ထခဲ့တဲ့ အလ်ကိုင်းဒါးအဖွဲ့ဝင်တွေကို ဆော်ဒီအာဏာပိုင်တွေက နှိမ်နှင်းပြီးနောက်ပိုင်း ရဲစခန်းတွေနဲ့ လုံခြုံရေးဂိတ်တွေကို လက်နက်ကိုင်တွေက ၀င်ရောက်တိုက်ခိုက်ဖို့ ကြိုးစားမှု ဆော်ဒီမှာ မကြာခဏ ဖြစ်ပွားခဲ့တာပါ။

    ပြီးခဲ့တဲ့နှစ်ကလည်း ဆော်ဒီလုံခြုံရေးတပ်ဖွဲ့ဟာ ရီယာ့ဒ်နဲ့ သိပ်မဝေးတဲ့ ဘူရိုင်ဒါဒေသက လုံခြုံရေးဂိတ်တစ်ခုကို တိုက်ခိုက်ဖို့ကြိုးစားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်း တာအစ်ဖ်မြို့မှာလည်း အလားတူတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။

    ဒီကနေ့အဖြစ်အပျက်နဲ့ပတ်သက်လို့ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

    Ref: Aljazeera

  • သီရိလင်္ကာတွင် ခရစ်ယာန်ဘုရားကျောင်းနှင့် ဟိုတယ် ၆ ခု ဗုံးခွဲခံရ၊ ၁၅၀ ကျော် သေဆုံး

    သီရိလင်္ကာတွင် ခရစ်ယာန်ဘုရားကျောင်းနှင့် ဟိုတယ် ၆ ခု ဗုံးခွဲခံရ၊ ၁၅၀ ကျော် သေဆုံး

    ဧပြီ ၂၁၊ ၂၀၁၉
    M-Media

    – သီရိလင်္ကာနိုင်ငံက ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုမှာ ဒီကနေ့မနက်ပိုင်းက ဗုံးကွဲမှု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၅၆ ဦးသေဆုံးကာ ၄၀၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    မြို့တော်ကိုလံဘိုက စိန့်အန်ထော်နီ ကက်သလစ်ဘုရားကျောင်းမှာ ပထမဆုံး ဗုံးပေါက်ကွဲတာဖြစ်ပြီး နောက်ထပ် နာရီဝက်အတွင်း အခြားနေရာ ၅ ခုမှာ ထပ်မံ ဗုံးကွဲခဲ့တာ ဖြစ်ပါတယ်။ ဗုံးခွဲခံရတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေဟာ နီဂွမ်ဘိုမြို့က စိန့်စီဘက်စတီယန် ဘုရားကျောင်း၊ နိုင်ငံအရှေ့ပိုင်း ဘက်တီကာလိုအာမြို့က ဘုရားကျောင်းတို့ ဖြစ်ပါတယ်။

    ဗုံးပေါက်ကွဲတဲ့ ဟိုတယ်တွေက မြို့တော်ကိုလံဘိုရဲ့ အချက်အခြာနေရာတွေမှာရှိတဲ့ Cinnamon Grand၊ Kingsbury နဲ့ Shangri-La ဟိုတယ်တို့ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်လည်းဆိုတာ မသိရသေးပါဘူး။

    ဘုရားကျောင်းတွေမှာ ၀တ်ပြုဆုတောင်းနေချိန် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၅၆ ဦးသေဆုံးကာ ၄၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရိလင်္ကာ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား ၃၅ ဦး ပါဝင်ပါတယ်။

    သမ္မတ မိုင်သရီပါလာ ဆရီဆီနာက တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာကို စုံစမ်းစစ်ဆေးဖို့အတွက် ရဲအထူးတပ်ဖွဲ့နဲ့ စစ်တပ်တို့ကို အမိန့်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ် ရာနီးလ် ၀စ်ကရီမီဆင်ဟီဟာ အစိုးရ၀န်ကြီးတွေ၊ စစ်တပ်အရာရှိတွေနဲ့ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

    “ကျွန်တော်တို့ပြည်သူတွေအပေါ် ဒီကနေ့ ဒီလိုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပါတယ်။ ဒီလို ဆိုးဝါးတဲ့အချိန်မှာ စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်ရှိကြဖို့အတွက် သီရိလင်္ကာပြည်သူတွေကို ကျွန်တော် တိုက်တွန်းပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေ၊ ကောလဟာလတွေကို ဖြန့်ဝေတာမျိုး မလုပ်ကြပါနဲ့။ အခြေအနေကို ထိန်းသိမ်းဖို့အတွက် အစိုးရဟာ မြန်မြန်ဆန်ဆန် ဆောင်ရွက်နေပါတယ်” လို့ ၀န်ကြီးချုပ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    လက်ရှိမှာ လေဆိပ်အပါအ၀င် မြို့တော်ကိုလံဘိုနဲ့ နိုင်ငံတစ်ဝှမ်းက အဓိကနေရာတွေမှာ လုံခြုံရေးကို မြှင့်တင်ထားပြီး မြို့တော်ကိုလံဘိုမှာ ညနေ ၆ နာရီနောက်ပိုင်း ညမထွက်ရအမိန့်လည်း ထုတ်ပြန်လိုက်ပါတယ်။

    ခွဲထွက်ရေးလိုလားတဲ့ တမီလ်ကျားသူပုန်တွေ အားကောင်းစဉ်က ကိုလံဘိုမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပေါ်ဖူးပြီး ၂၀၀၉ ခုနှစ် အစိုးရက ကျားသူပုန်တွေကို အမြစ်ပြတ်ချေမှုန်းပြီးနောက်ပိုင်း ဒီလို အဖြစ်အပျက်မျိုး ထပ်ဖြစ်မလာတော့ပါဘူး။

    ခရစ်ယာန်တွေ ဖိနှိပ်ခံရ

    သီရိလင်္ကာနိုင်ငံရဲ့ လူဦးရေ သန်း ၇၀ မှာ ၇၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်ဦးရေက ၇.၆ ရာခိုင်နှုန်း ရှိတယ်လို့ ၂၀၁၂ ခုနှစ် သန်းခေါင်းစာရင်းကောက်ယူမှုအရ သိရပါတယ်။

    ခရစ်ယာန်အုပ်စုတွေက သူတို့ဟာ အစွန်းရောက် ဗုဒ္ဓဘာသာဘုန်းကြီးတွေဦးဆောင်တဲ့ အမျိုးသားရေးအဖွဲ့ BBS ရဲ့ တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့နှစ်တွေမှာ ပိုမိုခံစားလာရတယ်လို့ ပြောကြားထားပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း ခရစ်ယာန်တွေကို ဦးတည်တဲ့ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနဲ့ ခွဲခြားဆက်ဆံမှု စုစုပေါင်း ၈၆ ခု ဖြစ်ပွားခဲ့တယ်လို့ သိရိလင်္ကာ ဧ၀ံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ NCEASL က ပြောပါတယ်။

    သီရိလင်္ကာက လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာမှာ သီရိလင်္ကာ အာဏာပိုင်တွေကခရစ်ယာန်တွေရဲ့ ၀တ်ပြုဆုတောင်းမှုကို ခွင့်ပြုချက်မဲ့ ပြုလုပ်တယ်လို့ဆိုကာ လာရောက်တားမြစ်မှုတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ၀တ်ပြုရာနေရာတွေကို ပိတ်ပစ်ဖို့ ပုံမှန်လိုလို ဆောင်ရွက်နေတယ်လို့လည်း အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အစီရင်ခံစာမှာ ထည့်သွင်း ရေးသားထားပါတယ်။

    Ref: Reuters