News @ M-Media
Blog
  • ပြည်တွင်းဖြစ် ဒုံးကျည်သစ်တစ်ခုကို စမ်းသပ်အောင်မြင်ခဲ့ကြောင်း ပါကစ္စတန်လေတပ် ကြေငြာ
    ပြည်တွင်းဖြစ် ဒုံးကျည်သစ်တစ်ခုကို စမ်းသပ်အောင်မြင်ခဲ့ကြောင်း ပါကစ္စတန်လေတပ် ကြေငြာ
    မတ် ၁၃၊ ၂၀၁၉
    M-Media
    – ပြည်တွင်းဖြစ် extended-range ဒုံးကျည်သစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ပါကစ္စတန်လေတပ်က ထုတ်ပြန်ကြေငြာလိုက်ပြီး နိုင်ငံခြားကျူးကျော်မှု မှန်သမျှကို အင်အားအပြည့်နဲ့ တုန့်ပြန်သွားဖို့ သန္ဓိဌာန်ချထားကြောင်း ပြောကြားခဲ့ပါတယ်။
    ‘စမတ်လက်နက်’ လို့ အမည်ပေးထားတဲ့ အဲဒီဒုံးကျည်သစ်ဟာ ဝေဟင်က မြေပြင်ပစ် ဒုံးကျည်အမျိုးအစားမျိုး ဖြစ်ပြီး တရုတ်-ပါကစ္စတန် ဖက်ဆက်ထုတ်လုပ်ထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ် JF-17 Thunder မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
    အသေးစိတ်အချက်အလက်တွေကို ဖော်ပြခြင်း မရှိပေမယ့် ဒုံးကျည်စမ်းသပ်မှု ဗီဒီယိုအတိုတစ်ခုကိုတော့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
    အခုလို လက်နက်သစ်တစ်ခု ထုတ်လုပ်နိုင်မှုအတွက် ဂုဏ်ယူတယ်လို့ ပါကစ္စတန်လေတပ် စစ်ဦးစီးအရာရှိချုပ် မူဂျာဟစ် အန်ဝါရ် ခန်းက ပြောကြားခဲ့ပြီး ထုတ်လုပ်မှုမှာ ပါဝင်ခဲ့တဲ့ အင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်တွေကို ချီးကျူးခဲ့ပါတယ်။
    “ပါကစ္စတန်ဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ နိုင်ငံတစ်ခုပါ။ ဒါပေမယ့် ရန်သူက ကျူးကျော်လာရင်တော့ အင်အားအပြည့်နဲ့ တုန့်ပြန်သွားမှာ ဖြစ်ပါတယ်”
    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ဖေဖော်ဝါရီလအစောပိုင်းက အသေခံ ကားဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
    ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့က ဗုံးခွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အိန္ဒိယကတော့ ဒီကိစ္စမှာ ပါကစ္စတန် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွခဲ့ပါတယ်။
    Ref: RT
  • ဟဂ်ျနှင့် အွမ္မရာဟ်ဗီဇာကို သံရုံးသွားရန်မလိုဘဲ အွန်လိုင်းမှ လျှောက်ထားနိုင်တော့မည်
    ဟဂ်ျနှင့် အွမ္မရာဟ်ဗီဇာကို သံရုံးသွားရန်မလိုဘဲ အွန်လိုင်းမှ လျှောက်ထားနိုင်တော့မည်
    မတ် ၁၂၊ ၂၀၁၉
    M-Media
    Maqam Portal ၏ Home Page
    – ဆော်ဒီနိုင်ငံပြင်ပကနေ ဟဂ်ျနဲ့ အွမ္မရာဟ် ဘုရားဖူးခရီး လာရောက်ကြမယ့်သူတွေအနေနဲ့ အွန်လိုင်းကနေတစ်ဆင့် မိနစ်ပိုင်းအတွင်း ဗီဇာလျှောက်ထားနိုင်မယ့်စနစ်ကို စတင်တော့မယ်လို့ ဆော်ဒီအာရေဗျ ဟဂ်ျနဲ့ အွမ္မရာဟ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
    “တိုင်းပြည်ပြင်ပက လာရောက်ကြသူတွေအနေနဲ့ ဗီဇာရဖို့အတွက် ကုမ္ပဏီတွေ၊ အေးဂျင့်တွေနဲ့ ဆက်သွယ် ဆောင်ရွက်ရပါတယ်။ အဲဒီနိုင်ငံတွေက ဟဂ်ျနဲ့ အွမ္မရာဟ် ၀န်ဆောင်ခွင့်ရသူတွေကို အွန်လိုင်းကနေ ဗီဇာထုတ်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ဟဂ်ျနှင့် အွမ္မရာ အီလက်ထရောနစ်စနစ်ဆိုင်ရာ အကြီးအကဲ အဘ်ဒူရဟ်မန် ရှမ်က ပြောပါတယ်။
    ဟဂ်ျနဲ့ အွမ္မရာ သွားရောက်ရာမှာ ခရီးသွားအစီအစဉ်နဲ့ တည်းခိုနေထိုင်ရာနေရာတွေကို ကြိုတင်သိရှိ ဘိုကင်လုပ်နိုင်မယ့် ၀ဘ်ဆိုက်တစ်ခုကို ဆော်ဒီက ပြီးခဲ့တဲ့နှစ်မှာ စတင်စမ်းသပ် အသုံးပြုခဲ့ပြီး Maqam Portal လို့ ခေါ်ဆိုပါတယ်။
    အခုဆောင်ရွက်မယ့် အီလက်ထရောနစ်ဗီဇာစနစ်မှာ နိုင်ငံခြားသားတွေဟာ Portal ကို ၀င်ရောက်ပြီး ခရီးစဉ်အတွက် ၀န်ဆောင်မှု Package တွေကို ရွေးချယ်ကာ ဗီဇာပါ တစ်ပါတည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
    “အီလက်ထရောနစ်ဗီဇာ ထုတ်ပေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနတွေနဲ့ အနီးကပ် ဆောင်ရွက်နေပါတယ်။ လိုအပ်တဲ့ ဖောင်ဖြည့်တာတွေကို မိနစ်ပိုင်းအတွင်း လုပ်ဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်ကိုင်ကာ သံရုံးသွားရတာတွေ လိုအပ်တော့မှာ မဟုတ်ပါဘူး” လို့ ရှမ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အခုလို အီလက်ထရောနစ်ဗီဇာ ထုတ်ပေးမယ့်စနစ်ကြောင့် ဟဂ်ျနဲ့ အွမ္မရာဟ် ဘုရားဖူးလာရောက်သူအရေအတွက် မြင့်တက်လာမယ်လို့ ဆော်ဒီက မျှော်လင့်ထားပါတယ်။ အခုနှစ်အတွက် အွမ္မရာဟ်ဘုရားဖူးဗီဇာ ၄.၃၃ သန်းကို ဆော်ဒီက ထုတ်ပေးထားပြီး ဖြစ်ပါတယ်။
    အခုလို အီလက်ထရောနစ်ဗီဇာစနစ်ကြောင့် ဘုရားဖူးခရီးစဉ်ကို ပိုမိုချောမွေ့စေပြီး၊ ပြင်ဆင်ရတဲ့အချိန်ကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဆော်ဒီရဲ့ Vision 2030 စီမံကိန်းအရ အွမ္မရာဟ်ဘုရားဖူးသူ သန်း ၃၀ ကျော်လောက်ကို စွဲဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
    Maqam Portal ကို ဇန်န၀ါရီမှာ ထပ်မံ အဆင့်မြှင့်တင်ခဲ့ပြီး စတင်စမ်းသပ်တဲ့ ကာလအတွင်းမှာ လူ ၁.၁ သန်းလောက် အသုံးပြုခဲ့ပါတယ်။ လက်ရှိမှာ မက္ကာ၊ မဒီနာ ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံပေါင်း ၃၀ ကျော်အတွက် ၀န်ဆောင်မှုတွေကို Portal မှာ ကြည့်ရှု ရယူနိုင်ပါတယ်။
    ဟဂ်ျနဲ့ အွမ္မရာဟ် ခရီးစဉ်အတွက် အသေးစိတ်နဲ့ ဗီဇာလျှောက်ထားမှုကို https://eservices.haj.gov.sa/eservices3/pages/home.xhtml?dswid=5134 လင့်မှာ ကြည့်ရှု လုပ်ဆောင်နိုင်ပါတယ်။
    Ref: Arab News
  • ဘေးအန္တရာယ် စိုးရိမ်မှုကြောင့် Boeing 737 MAX လေယာဉ် အသုံးပြုမှုကို နိုင်ငံအများအပြားက ရပ်ဆိုင်း
    ဘေးအန္တရာယ် စိုးရိမ်မှုကြောင့် Boeing 737 MAX လေယာဉ် အသုံးပြုမှုကို နိုင်ငံအများအပြားက ရပ်ဆိုင်း
    မတ် ၁၂၊ ၂၀၁၉
    M-Media
    တရုတ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း
    – တနင်္ဂနွေနေ့က အီသီယိုးပီးယား ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် အမျိုးအစားတူ Boeing 737 MAX လေယာဉ်တွေ အသုံးပြုမှု ခေတ္တရပ်ဆိုင်းတဲ့ လေကြောင်းလိုင်းတွေထဲမှာ အီသီယိုးပီးယားနဲ့ တရုတ်နိုင်ငံတို့အပြင် အင်ဒိုနီးရှားနဲ့ စင်ကာပူနဲ့ သြစတေးလျတို့လည်း ပါဝင်လာခဲ့ပါတယ်။
    စင်ကာပူအခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ SilkAir က သူတို့မှာရှိနေတဲ့ Boeing 737 MAX လေယာဉ် ၆ စီးကို မတ်လ ၁၂ ရက်နေ့ (ယနေ့) ကစပြီး ပြေးစွဲမှု ခေတ္တရပ်ဆိုင်းသွားမယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
    Ethiopian လေကြောင်းလိုင်းက ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦး လိုက်ပါသွားတဲ့ လေယာဉ်ဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီလေဆိပ်က ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ခဲ့တာဖြစ်ပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။ ဒါဟာ ၆ လအတွင်း ဒုတိယမြောက် Boeing 737 MAX လေယာဉ် ပျက်ကျမှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က Boeing 737 MAX လေယာဉ်ဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့ပါတယ်။
    စင်ကာပူ အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ CAAS က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ‘၅ လအတွင်း Boeing 737 MAX လေယာဉ်နှစ်စင်း ပျက်ကျခဲ့ပြီးနောက် ဒီလေယာဉ်တွေ စင်ကာပူကို ၀င်၊ ထွက်ပျံသန်းမှု ယာယီ ပိတ်ပင်လိုက်တယ်’ လို့ ဖော်ပြထားပါတယ်။ ဒီလို ပိတ်ပင်မှုအတွက် ခရီးသည်တွေ ထိခိုက်မှုအနည်းဆုံး ဖြစ်စေဖို့အတွက် ချန်ဂီလေဆိပ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း CAAS က ပြောပါတယ်။
    အီသီယိုးပီးယားအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံက ပထမဆုံးအဖြစ် Boeing 737 MAX အသုံးပြုမှုကို ရပ်ဆိုင်းထားဖို့ ပြည်တွင်းလေကြောင်းလိုင်းတွေကို တနင်္လာနေ့က အမိန့်ပေးခဲ့ပါတယ်။
    သြစတေးလျနိုင်ငံ အရပ်ဖက် လေကြောင်းအန္တရာယ်ကင်းရှင်းရေး အာဏာပိုင်အဖွဲ့ကလည်း ဘေးအန္တရာယ် ကင်းရှင်းဖို့နဲ့ အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ဖို့အတွက် Boeing 737 MAX လေယာဉ် အသုံးပြုမှုကို ယာယီ ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
    လက်ရှိ Boeing 737 MAX အသုံးပြုမှုကို ယာယီရပ်ဆိုင်းထားတဲ့ နိုင်ငံတွေက အီသီယိုးပီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ သြစတေးလျနဲ့ စင်ကာပူတို့ ဖြစ်ကြပြီး အီတလီ၊ အိုမန်၊ တူရကီနဲ့ ရုရှားလေကြောင်းလိုင်းတွေက ပျက်ကျသွားတဲ့ လေယာဉ်ကိစ္စ စုံစမ်းမှုကို အနီးကပ် စောင့်ကြည့်နေကာ၊ ဘိုးအင်းကုမ္ပဏီနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
    အမေရိကန် အရပ်ဖက် လေကြောင်းအာဏာပိုင်တွေက ဘိုးအင်းအနေနဲ့ Boeing 737 MAX လေယာဉ်ရဲ့ အခြေအနေတွေကို ပိုမိုကောင်းမွန်အောင် မဆိုင်းမတွဆောင်ရွက်ဖို့ အမိန့်ပေးထားပါတယ်။
    Ref: Aljazeera
  • လူမျိုးစုံညီညွတ်ရေးကို လက်တွေ့ကျကျ လုပ်ဆောင်ရန် မလေးဘုရင်က အစိုးရကို တိုက်တွန်း
    လူမျိုးစုံညီညွတ်ရေးကို လက်တွေ့ကျကျ လုပ်ဆောင်ရန် မလေးဘုရင်က အစိုးရကို တိုက်တွန်း
    မတ် ၁၁၊ ၂၀၁၉
    M-Media
    – နိုင်ငံအတွင်း လူမျိုးစုံ ညီညွတ်ရေးအတွက် ဆောင်ပုဒ်တွေထက် လက်တွေ့ကျကျ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မလေးရှားဘုရင်က ဒီကနေ့ လွှတ်တော်မိန့်ခွန်းမှာ ပြောကြားလိုက်ပြီး အစိုးရအနေနဲ့ ပေါ်လစီတွေကို ချမှတ်ရာမှာ ပြည်သူတွေရဲ့အသံကို နားထောင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
    မလေးရှားဘုရင် ဆူလ်တန် အဘ်ဒူလာ ဆူလ်တန် အဟ်မဒ် ရှားဟာ ဇန်န၀ါရီ ၃၁ ရက်နေ့က နန်းတက်ခဲ့ပြီးတဲ့နောက် ဒီကနေ့ လွှတ်တော်မှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားတာပါ။
    “ညီညွတ်ရေး ဆော်သြ တိုက်တွန်းမှုဟာ ဆောင်ပုဒ်တွေနဲ့ပဲ ပြီးသွားလို့ မရပါဘူး။ စိတ်စေတနာမှန်တဲ့ ဆောင်ရွက်မှုမျိုး ရှိရပါမယ်”
    နိုင်ငံတော်ဘာသာဖြစ်တဲ့ အစ္စလာမ်သာသနာကို လူမျိုး ဘာသာမရွေး လူတိုင်းက သေသေချချာ သိရှိနားလည်ထားသင့်တယ်လို့လည်း အဟ်မဒ်ရှားက ဆိုပါတယ်။
    “အစ္စလာမ်သာသနာဟာ လူအုပ်စုတစ်ခုတည်းအတွက် ဖြစ်လာတဲ့ သာသနာ မဟုတ်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ ဘ၀နေနည်းဖြစ်ပြီး၊ ကမ္ဘာကြီးကို ကောင်းခြင်းတွေ သယ်ဆောင်လာပေးတဲ့ ဘာသာတရားပါ။ တိုင်းပြည်ရဲ့ ညီညွတ်မှု၊ သဟဇာတဖြစ်မှုကို ထိခိုက်စေတဲ့ အဖွဲ့တွေ၊ လုပ်ရပ်တွေအတွက် ထိထိရောက်ရောက် အရေးယူရပါမယ်”
    ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကစတင်ပြီး မလေးရှားနိုင်ငံမှာ လူမျိုး၊ ဘာသာအခြေခံ နိုင်ငံရေးလှုံ့ဆော်မှုတွေ ပြန်လည် ခေါင်းထောင်လာခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ UMNO ပါတီနဲ့ PAS ပါတီတို့က လက်ရှိ အာဏာရ Pakatan Harapan ပါတီဟာ မလေးလူမျိုးတွေရဲ့ အခွင့်အရေးနဲ့ အစ္စလာမ်သာသနာကို ရောင်းစားနေတယ်လို့ စွပ်စွဲထားပါတယ်။
    ဆူလ်တန် အဟ်မဒ်ရှားက အစိုးရအနေနဲ့ မူဝါဒတွေ ချမှတ်တဲ့အခါ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒီကနေ့ခေတ် ပြည်သူတွေဟာ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုတည်းသာ လိုချင်တာမျိုး မဟုတ်တော့ပါဘူး။ သန့်ရှင်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့အစိုးရ၊ တာဝန်ခံမှုရှိတဲ့၊ ဥပဒေစိုးမိုးအောင်ဆောင်ရွက်ပြီး တိုင်းပြည်ကို မြှင့်တင်ပေးတဲ့ အစိုးရမျိုးကိုလည်း လိုချင်ကြပါတယ်”
    လက်ရှိ အစိုးရက ဆောင်ရွက်နေတဲ့ နိုင်ငံလုံးဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေး စီမံကိန်းကို ဘုရင်က ချီးကျူးခဲ့သလို၊ အကျိုးကျေးဇူးကို ချက်ခြင်းခံစားရမှာ မဟုတ်ပေမယ့် အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် ယုံကြည်မှုထားကြဖို့၊ လက်တွေ့ကျတာတွေကိုသာ တောင်းဆိုပြီး မိမိကိုယ်တိုင်လည်း တိုးတက်အောင် ကြိုးစားကြဖို့ မလေးရှားပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
    Ref: CNA
  • တာလီဘန်ခေါင်းဆောင် မူလာ အိုမာရ် အမေရိကန် စစ်စခန်းရှေ့တွင်ပင် နေထိုင်သေဆုံးခဲ့
    တာလီဘန်ခေါင်းဆောင် မူလာ အိုမာရ် အမေရိကန် စစ်စခန်းရှေ့တွင်ပင် နေထိုင်သေဆုံးခဲ့
    မတ် ၁၁၊ ၂၀၁၉
    M-Media
    တာလီဘန်ခေါင်းဆောင် မူလာ အိုမာရ်
    – တာလီဘန်အဖွဲ့ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး ခေါင်းဆောင်လည်းဖြစ်တဲ့ မူလာ အိုမာရ်ဟာ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေကို အာဖဂန်နစ္စတန်က အမေရိကန် စစ်စခန်းနားမှာပဲ ကုန်ဆုံးခဲ့တယ်လို့ ဒက်ခ်ျဂျာနယ်လစ်တစ်ဦးက ဖွင့်ချလိုက်ပါတယ်။
    ၁၉၈၀ ပြည့်နှစ်တွေက ဆိုဗီယက်ရဲ့ ကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ အာဖဂန် မူဂျာဟစ်ဒင်တွေနဲ့ သွားပေါင်းပြီးတဲ့နောက် အိုမာရ်ဟာ သြဇာအာဏာ ရှိလာခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ တာလီဘန်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ၂ နှစ်အတွင်း မြို့တော် ကဘူးလ်အပါအ၀င် နယ်မြေတော်တော်များများကို သိမ်းပိုက်ခဲ့ပါတယ်။
    ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက် ဘင်လာဒင်ကို လက်ခံပေးထားတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်က အာဖဂန်ကို ၀င်တိုက်ခဲ့ပြီး မူလာ အိုမာရ်ရဲ့ ဦးခေါင်းကို ဆုငွေ ကန်ဒေါ်လာ ၁၀ သန်း ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အိုမာရ်ဟာ ၂၀၁၃ ခုနှစ် ကွယ်လွန်ချိန်အထိ အမေရိကန်ရဲ့ ဖမ်းဆီးခြင်းကို မခံခဲ့ရပါဘူး။
    အမေရိကန်တာဝန်ရှိသူတွေနဲ့ CIA က အိုမာရ်ဟာ ပါကစ္စတန်မှာ ပုန်းအောင်းနေတယ်လို့ ထင်ကြပေမယ့် အမှန်တော့ အမေရိကန်စစ်စခန်းအရှေ့မှာတင် နေထိုင်သွားတာဖြစ်တယ်လို့ ဒက်ခ်ျ ဂျာနယ်လစ် ဘက်တီ ဒမ်က အိုမာရ်ရဲ့ သက်တော်စောင့်တစ်ယောက်ရဲ့ ပြောကြားမှုကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။
    ဒီအကြောင်းကို ဘက်တီရဲ့ မကြာခင်ထွက်မယ့် စာအုပ်မှာ ထည့်သွင်း ရေးသားထားပါတယ်။
    အိုမာရ်ဟာ အမေရိကန်ဝင်လာပြီးတဲ့နောက် ပထမ ၄ နှစ်မှာ ဇဘူလ်ပြည်နယ်က သာမန်အိမ်တစ်လုံးမှာ နေထိုင်ခဲ့ပြီး အဲဒီအိမ်ဟာ အမေရိကန် ရှေ့တန်းစစ်စခန်းနဲ့ တစ်နာရီလောက် လမ်းလျှောက်ရတဲ့ အကွာအဝေးမှာ ရှိပါတယ်။ တစ်ခါက အဲဒီအိမ်ကို အမေရိကန်စစ်သားတွေ ၀င်ရောက်စီးနင်းတဲ့အခါ အိုမာရ်ဟာ တံခါးဝှက်မှာပုန်းပြီး လွတ်မြောက်သွားခဲ့တယ်လို့ သက်တော်စောင့်က ပြောပါတယ်။ နောက်ထပ်ရှေ့တန်းစစ်စခန်းတစ်ခုကို အိမ်နဲ့ သိပ်မဝေးတဲ့နေရာမှာ ထပ်ဆောက်တဲ့အခါ အိုမာရ်ဟာ နောက်ထပ်တစ်နေရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
    အိုမာရ်ရဲ့ သက်တောင်စောင့်က အဲဒီ ပြောင်းရွှေ့ခဲ့တဲ့နေရာဟာ ဝေးလံတဲ့ ဆူဝါရီခရိုင်မှာ ဖြစ်ပေမယ့် အမေရိကန် ရှေ့တန်းစစ်စခန်း Wolverine ရဲ့ အရှေ့လေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
    ဆူဝါရီမှာ အိုမာရ်တစ်ယောက် ၈ နှစ်တာနေထိုင်ကာ တာလီဘန်ရဲ့ အယူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေ ပေးခဲ့ပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ သိပ်မလုပ်ခဲ့ကြောင်း၊ အိမ်တွင်းမှာသာ နေထိုင်နေပြီး အမေရိကန် ကျူးကျော်တာကို မကျေပ်နပ်တဲ့သူတွေ လှူဒါန်းတာတွေနဲ့ စားသောက်နေထိုင်ခဲ့ကြောင်း သက်တောင်စောင့်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အမေရိကန်လေယာဉ်တွေ၊ ဒရုန်းတွေရဲ့ ထောက်လှမ်းကို ခံရမှာစိုးတဲ့အတွက် အပြင်မထွက်တဲ့ မူလာအိုမာရ်ဟာ ၂၀၁၃ ခုနှစ်မှာ နေမကောင်းဖြစ်ခဲ့ပြီး ဆေးကုသမှုခံယူဖို့ ငြင်းဆန်ခဲ့တာကြောင့် အဲဒီနှစ် ဧပြီလ ၂၃ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ တာလီဘန်က အိုမာရ်သေဆုံးမှုကို ၂ နှစ်ကြာပြီးမှ လက်ခံခဲ့ပါတယ်။
    အာဖဂန်မှာ ၁၀ နှစ်ကျော်ကြာ နေထိုင်သတင်းယူခဲ့တဲ့ ဒက်ခ်ျဂျာနလစ် ဘက်တီ ဒမ်က ဒက်ခ်ျဘာသာစကားနဲ့ ရေးသားပြီး အင်္ဂလိပ်ဘာသာပြန်နဲ့ မကြာခင်ထွက်လာတော့မယ့် ဒီစာအုပ်ပါ အကြောင်းအရာတွေဟာ မူလာ အိုမာရ်ရဲ့ တည်နေရာနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က ထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲနေပါတယ်။ ဘက်တီဒမ်က အမေရိကန်တွေဟာ စစ်ယူနီဖောင်းကြောင့် သတင်းမှန် အနည်းငယ်ကိုသာ ရရှိကြောင်း သူကတော့ သာမန်အရပ်သားလို သွားရောက်တဲ့အတွက် ရတဲ့သတင်းတွေက ကွဲပြားသွားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: RT