News @ M-Media
Blog
  • တစ်ပတ် ကြက်ဥ ၃ လုံးနှင့်အထက်စားလျှင် အရွယ်မတိုင်ခင်သေဆုံးမှုအန္တရာယ် ပိုမိုများပြား
    တစ်ပတ် ကြက်ဥ ၃ လုံးနှင့်အထက်စားလျှင် အရွယ်မတိုင်ခင်သေဆုံးမှုအန္တရာယ် ပိုမိုများပြား
    မတ် ၁၇၊ ၂၀၁၉
    M-Media
    – နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေကနေ ရရှိတဲ့ ကိုလက်စထရောဟာ ၃၀၀ မီလီဂရမ်ထက် ပိုမို များပြားမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ချေ၊ ရွယ်မလွန်ခင် သေဆုံးနိုင်ချေ ပိုမိုများပြားတဲ့အတွက် တစ်ပတ်ကို ကြက်ဥ ၃ လုံးထက် ပိုမစားဖို့ သုတေသနစာတမ်းတစ်ခုမှာ သတိပေးလိုက်ပါတယ်။
    သုတေသနကို ချီကာဂိုအခြေစိုက် ဆေးတက္ကသိုလ်တစ်ခုက ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရလဒ်ကို သောကြာနေ့က JAMA ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တာပါ။
    “ဥတွေ အထူးသဖြင့် ဥအနှစ်ဟာ အစားအသောက်ကနေရတဲ့ ကိုလက်စထရောရဲ့ အဓိကရင်းမြစ် ဖြစ်ပါတယ်” လို့ သုတေသနအဖွဲ့ကို ဦးဆောင်သူ ဗစ်တာကျုံးက ပြာကြားခဲ့ပါတယ်။
    အမေရိကန်အခြေစိုက် အဖွဲ့ ၃ ခုက လူပေါင်း ၂၉၀၀၀ ကျော်ကို ၁၇ နှစ်ခွဲကြာ လေ့လာမှုကနေ ရရှိခဲ့တဲ့ အချက်အလက်တွေကို ဗစ်တာကျုံးတို့အဖွဲ့က လေ့လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလအတွင်း နှလုံးရောဂါနဲ့ပတ်သက်တဲ့ အဖြစ်အပျက် ၅၄၀၀ ဖြစ်ပွားခဲ့ပြီး ၁၃၀၂ ခုက လေဖြတ်မှု၊ ၁၈၉၇ ခုက နှလုံးဖောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ နှလုံးရောဂါကြောင့်သေဆုံးမှုက ၁၁၃ ခု ရှိခဲ့ပြီး ၆၁၃၂ ဦးဟာ အခြားအကြောင်းအရင်းတွေကြောင့် သေဆုံးခဲ့ပါတယ်။
    အစားအသောက်ကနေရရှိတဲ့ ကိုလက်စထရော တစ်နေ့ကို ၃၀၀ မီလီဂရမ်ကနေ ကျော်လွန်မှုကြောင့် နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကို ၃.၂ ရာခိုင်နှုန်း၊ အချိန်မတိုင်ခင်သေဆုံးမှု အန္တရာယ်ကို ၄.၄ ရာခိုင်နှုန်း မြင့်တက်စေတာကို လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။
    တစ်နေ့ကို ကြက်ဥ တစ်လုံးနဲ့တစ်ဝက် စားမှုကြောင့် နှလုံးရောဂါ ဖြစ်ပွားနိုင်ချေဟာ ၁.၁ ရာခိုင်နှုန်း၊ အချိန်မတိုင်ခင် သေဆုံးနိုင်ခြေဟာ ၁.၉ ရာခိုင်နှုန်း မြင့်တက်လာနိုင်တယ်လို့ ဗစ်တာကျုံးတို့ရဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။
    ကြက်ဥစားသုံးမှုနဲ့ပတ်သက်ပြီး အရင်က သုတေသနတွေ လုပ်ဆောင်ခဲ့ပေမယ့် လေ့ကျင့်ခန်း မလုပ်တာ၊ ဆေးလိပ်သောက်တာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ စားသုံးတာလို ကျန်းမာရေးထိခိုက်နိုင်တဲ့ အကြောင်းအရင်းတစ်ခုအဖြစ် သတ်မှတ် လေ့လာခဲ့တာမျိုး မဟုတ်လို့ အရင်က ရလဒ်တွေနဲ့ အခုရလဒ်က ခြားနားနေတာလို့လည်း ကျုံးက ပြောပါတယ်။
    ကိုလိုရာဒိုဆေးတက္ကသိုလ်က သုတေသနပညာရှင် ဒေါက်တာ ရောဘတ် အိခ်ျ အက်ကဲလ်က ဥစားသုံးမှုနဲ့ နှလုံးရောဂါ ဆက်စပ်နေလားဆိုတဲ့ကိစ္စကို အရင်က အရေးမထားခဲ့ပေမယ့် အခုတွေ့ရှိမှုအသစ်က ဆရာဝန်တွေ၊ လူနာတွေ အားထားရမယ့် တွေ့ရှိချက်မျိုး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဥစားသုံးမှု၊ အသားငါးကရတဲ့ ကိုလက်စထရောတွေရဲ့ ဆိုးကျိုးတွေကို သိရှိလာရပေမယ့် ကိုလက်စထရောများတဲ့ အခြားအစားအသောက်တွေကို စားသုံးမှု လျှော့ချခြင်းရဲ့ အကျိုးသက်ရောက်မှုကို မေ့ပစ်လိုက်လို့ မရပါဘူး”
    သုတေသနလုပ်ခဲ့တဲ့ ဗစ်တာကျုံးနဲ့အဖွဲ့က ဒေါက်တာရောဘတ်ရဲ့ မှတ်ချက်ကို သဘောတူခဲ့ပြီး နေ့စဉ်အစားအသောက်အတွက် လမ်းညွှန်းချက်တွေပေးတဲ့အခါမှာ ဒီတွေ့ရှိမှုအသစ်ကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : CNN
  • နယူးဇီလန်ရှိ အကြမ်းဖက်ခံမွတ်စလင်များအတွက် အမေရိကန်ဂျူးအဖွဲ့က ရန်ပုံငွေရှာပေး
    နယူးဇီလန်ရှိ အကြမ်းဖက်ခံမွတ်စလင်များအတွက် အမေရိကန်ဂျူးအဖွဲ့က ရန်ပုံငွေရှာပေး
    မတ် ၁၇၊ ၂၀၁၉
    M-Media
    ၂၀၁၈ ခုနှစ် အောက်တိုဘာလက လူဖြူအစွန်းရောက်တစ်ဦး၏ အကြမ်းဖက်မှုကို ခံခဲ့ရသော Tree of Life ဂျးဘုရားကျောင်းနှင့် သေဆုံးသွားသူများအတွက် အောက်မေ့ဖွယ်မြင်ကွင်း
    – သောကြာနေ့က နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့ ဗလီနှစ်လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု ဂျူးလူ့အဖွဲ့အစည်းက ရန်ပုံငွေတွေ ကောက်ခံနေပါတယ်။
    ပင်ဆာလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဂျူးလူ့အဖွဲ့အစည်းဖြစ်ပြီး သူတို့ဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက လူဖြူအစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။ ပစ္စဘာ့ဂ်မြို့က Tree of Life ဂျူးဘုရားကျောင်းမှာ ၀တ်ပြုဆုတောင်းနေစဉ် လူဖြူအစွန်းရောက်တစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် ဂျူးလူမျိုး ၁၁ ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။
    အဲဒီအဖြစ်အပျက် ဖြစ်ပွားပြီးတဲ့နောက် အမေရိကန်နိုင်ငံတစ်ဝှမ်း မွတ်စလင်တွေဟာ Muslims Unite for Pittsburgh Synagogue ခေါင်းစဉ်နဲ့ ရန်ပုံငွေ ကန်ဒေါ်လာ ၂ သိန်းကို ၃ ရက်အတွင်း ရှာဖွေကာ ကျန်ရစ်သူ ဂျူးမိသားစုတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။
    နယူးဇီလန် ခရိုက်ချက်မြို့က ဗလီ ၂ လုံးမှာ သောကြာနေ့က အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ‘ဂရိတ်တား ပစ္စဘာ့ဂ် ဂျူးအသင်း’ က သေဆုံးသွားသူတွေရဲ့ မိသားစုတွေအတွက် ရန်ပုံငွေတွေ ရှာဖွေကောက်ခံပေးနေပါတယ်။ အသင်းရဲ့ သောကြာနေ့ကြငြာချက်မှာ ပြီးခဲ့တဲ့နှစ်က မွတ်စလင်တွေရဲ့ စာနာမှုအတွက် ပြန်လည်ကျေးဇူးဆပ်ဖို့ ဒီလို ကောက်ခံရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
    “ဘာသာရေးလူနည်းစုတစ်ခုဖြစ်တဲ့ ကျွန်တော်တို့ဟာ ဒီလို ကြောက်မက်ဖွယ်ရာ ထိခိုက်မှုမျိုးနဲ့ မစိမ်းပါဘူး။ ဒီလို တစ်စောက်ကန်း အမုန်းဆောင်လုပ်ရပ်အတွက် ကြေကွဲဝမ်းရပါတယ်။ ဒဏ်ရာရသူတွေ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့၊ ဒီအတိတ်ဆိုးတွေကနေ လွတ်မြောက်ပြီး ဘုရားသခင်ရဲ့ကောင်းချီးကို ခံစားနိုင်ပါစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်” လို့ ပစ္စဘာ့ဂ်ဂျူးအသင်းရဲ့ အကြီးအကဲ မာရီလ် အိုင်စ်မန်က ပြောကြားခဲ့ပါတယ်။
    ခရိုက်ချက်မြို့လယ်ကောင်က အလ်-နူရ် ဗလီဝတ်ကျောင်းတော်နဲ့ မြို့ပြင်က လင်ဝုဒ်ဗလီဝတ်ကျောင်းတော်တွေမှာ သေနတ်သမားတစ်ဦးရဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွက် နယူးဇီလန်ရဲတပ်ဖွဲ့က လူ ၄ ယောက်ကို ဖမ်းထားပြီး အကြမ်းဖက်မှုမှာ အဓိကသံသယရှိသူဖြစ်တဲ့ သေနတ်သမား အသက် ၂၈ နှစ်အရွယ် သြစတေးလျနိုင်ငံသားကို လူသတ်မှုနဲ့ မနေ့က စွဲချက်တင်ခဲ့ပါတယ်။
    Ref: Time
  • အကြမ်းဖက်ခံရသော်လည်း တိုင်းပြည်အပေါ် သစ္စာမပျက်ဟု ခရိုက်ချက် ဗလီဆရာပြော
    အကြမ်းဖက်ခံရသော်လည်း တိုင်းပြည်အပေါ် သစ္စာမပျက်ဟု ခရိုက်ချက် ဗလီဆရာပြော
    မတ် ၁၆၊ ၂၀၁၉
    M-Media
    အကြမ်းဖက်ခံရသည့် အလ်-နူရ် ဗလီဝတ်ကျောင်းတော်
    – နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ရပေမယ့် တိုင်းပြည်အပေါ် သစ္စာပျက်မှာမဟုတ်ဘဲ မိမိတို့ ယုံကြည်ရာအတိုင်း ဆက်လက် ကျင့်သုံးသွားမယ်လို့ အကြမ်းဖက်ခံဗလီက ရှေ့ဆောင်အီမာမ်က ပြောကြားလိုက်ပါတယ်။
    မနေ့က ခရိုက်ချက်မြို့လယ်ကောင်က အလ်-နူရီဗလီဝတ်ကျောင်းတော်နဲ့ မြို့ပြင်က လင်ဝုဒ်ဗလီဝတ်ကျောင်းတော်တို့မှာ သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဉ်အတွင်း သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်ခဲ့ပြီး အနည်းဆုံး ၄၉ ဦးသေဆုံးကာ ၂၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
    “တိုင်းပြည်ကို ဆက်လက်သစ္စာစောင့်သိသွားမှာပါ။ အစွန်းရောက်တွေဟာ ကျွန်တော်တို့ရဲ့ သက်ဝင်မှုကို ဘယ်တော့မှ ဖျက်လိုဖျက်ဆီး လုပ်လို့ရမှာ မဟုတ်ပါဘူး” လို့ အလ်-နူရီ ဗလီက ရှေ့ဆောင်အီမာမ် အီဘရာဟင် အဘ်ဒူလ် ဟာလင်မ်က ပြောကြားခဲ့ပါတယ်။
    နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က ဒီပစ်ခတ်မှုဟာ အကြမ်းဖက်မှုဖြစ်ပြီး၊ တိုင်းပြည် မှောင်အတိကျတဲ့ နေ့တွေထဲကတစ်နေ့ ဖြစ်တယ်လို့ မနေ့ကမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ဟာလင်မ်က ဒီလိုတိုက်ခိုက်မှု ကြုံတွေ့ခဲ့ပေမယ့် ပြည်သူအများစုဟာ မိမိတို့ကို နှစ်သိမ့်အားပေး၊ ကူညီဖေးမကြတဲ့အတွက် နယူးဇီလန်မွတ်စလင်တွေဟာ နွေးထွေးမှုကို ခံစားရတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဒီအကြမ်းဖက်တိုက်ခိုက်မှုအတွက် အမျိုးသမီးတစ်ဦး အပါအ၀င် လူ ၄ ဦးကို နယူးဇီလန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အဓိကသံသယရှိသူ အသက် ၂၈ နှစ်အရွယ် သေနတ်သမား ဘရန်တန် တာရန်ကို လူသတ်မှုနဲ့ ဒီကနေ့မှာ ရုံးထုတ်ခဲ့ပါတယ်။ တာရန်ဟာ အော်တိုလက်နက်တွေ အပါအ၀င် သေနတ် ၅ လက်ကို တရားဝင် ကိုင်ဆောင်ထားပါတယ်။
    ဖမ်းဆီးထားသူအားလုံးဟာ ရာဇ၀တ်မှုကျူးလွန်မှုမှတ်တမ်း မရှိဘဲ၊ ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်စာရင်းထဲမှာလည်း မပါဝင်ပါဘူး။
    နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က နိုင်ငံအတွင်း မွတ်စလင်လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။
    “ရှင်တို့ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ကိုးကွယ်ခွင့်ရရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို လွတ်လပ်စွာ ဖော်ပြခွင့်ရရေး ဆောင်ရွက်ပေးရမှာ ကျွန်မအလုပ် ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
    ဒီလို ကြေကွဲဝမ်းနည်းရမှုကြောင့် ပိုမိုစည်းလုံးကြမယ်လို့လည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “၀မ်းနည်းမှုကြောင့် ကျွန်မတို့ စည်းလုံးလာတယ်။ နယူးဇီလန်က ရှင်တို့ကို ချစ်တယ်၊ အားပေးထောက်ခံတယ်ဆိုတာ နိုင်ငံသားတွေကိုယ်စား ကျွန်မ ပြောလိုပါတယ်။ ဒီအကြမ်းဖက်မှုဟာ နယူးဇီလန်ရဲ့ သရုပ်သကန် မဟုတ်ပါဘူး”
    Ref : Aljazeera
  • အကြမ်းဖက်ခံရသည့် မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း နယူးဇီလန်ပြည်သူများ ပြသ
    အကြမ်းဖက်ခံရသည့် မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း နယူးဇီလန်ပြည်သူများ ပြသ
    မတ် ၁၆၊ ၂၀၁၉
    M-Media
    – သောကြာနေ့က ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီဝတ်ကျောင်းတော်နှစ်ခုမှာ အကြမ်းဖက်သက်ဖြတ်ခံလိုက်ရသူတွေအတွက် ၀မ်းနည်းဖွယ် အထိမ်းအမှတ်တွေ၊ ကျန်ရစ်သူ မိသားစုနဲ့ နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်တွေကို နှစ်သိမ့်အားပေးတဲ့ လှုပ်ရှားမှုတွေကို နယူးဇီလန်ပြည်သူတွေက ဆောင်ရွက်နေကြပါတယ်။
    အဲဒီအကြမ်းဖက်မှုကြောင့် စုစုပေါင်း ၄၉ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
    နယူးဇီလန်ပြည်သူတွေက ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဒီအကြမ်းဖက်မှုဟာ နိုင်ငံကို ကိုယ်စားမပြုဘဲ လူဖြူအစွန်းရောက်တစ်ချို့ရဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ရေးသားပြောဆိုနေကြပါတယ်။
    အကြမ်းဖက်မှုမှာ အဓိက သံသယရှိသူဖြစ်တဲ့ သြစတေးလျနိုင်ငံသား သေနတ်သမား အသက် ၂၈ နှစ်အရွယ် ဘရန်တန်တားရန့်ကို လူသတ်မှုနဲ့ စွဲချက်တင်ထားပြီး ဒီကနေ့မှာ ရုံးထုတ်ခဲ့ပါတယ်။
    Photo credit – CNN
  • ဗလီအကြမ်းဖက်ခံရမှု ၀မ်းနည်းခြင်းအဖြစ် နယူးဇီလန်က နိုင်ငံတော်အလံကို တိုင်တစ်ဝက်လျှော့ချ လွှင့်ထူ
    ဗလီအကြမ်းဖက်ခံရမှု ၀မ်းနည်းခြင်းအဖြစ် နယူးဇီလန်က နိုင်ငံတော်အလံကို တိုင်တစ်ဝက်လျှော့ချ လွှင့်ထူ
    မတ် ၁၅၊ ၂၀၁၉
    M-Media
    နယူးဇီလန်လွှတ်တော်ရှေ့တွင် နိုင်ငံတော်အလံ တိုင်တစ်ဝက် လျှောချ လွှင့်ထူထားမှု
    – ဒီကနေ့ ခရိုက်ချက်မြို့က ဗလီနှစ်လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုကို ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နယူးဇီလန်နိုင်ငံက အစိုးရအဆောက်အဦးမှာ နိုင်ငံတော်အလံကို တစ်ဝက်လျှော့ချ  လွှင့်ထူထားပါတယ်။
    ခရိုက်ချက်မြို့ပေါ်က အလ်-နူရ်ဗလီနဲ့ မြို့ပြင်က လင်ဝုဒ်ဗလီမှာ သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဉ်အတွင်း သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အနည်းဆုံး ၄၉ ဦးသေဆုံးက ၂၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
    နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က ဒီတိုက်ခိုက်မှုဟာ အသေအချာပြင်ဆင်ထားတဲ့ “အကြမ်းဖက်တိုက်ခိုက်မှု” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သြစတေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်က သေနတ်သမားတွေထဲမှာ သြစတေးလျနိုင်ငံသားတစ်ဦး ပါဝင်ပြီး၊ သူတို့တွေဟာ လူဖြူအစွန်းရောက် အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ သမုတ်ခဲ့ပါတယ်။
    သောကြာနေ့ညနေပိုင်းမှာတော့ ၀ယ်လင်တန်က လွှတ်တော်အဆောက်အဦးရှေ့မှာရှိတဲ့ နယူးဇီလန်အလံကို ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်တစ်ဝက်ချ လွှင့်ထူထားပါတယ်။
    သြစတေးလျဝန်ကြီးချုပ် မော်ရစ်ဆန်ကလည်း အကြမ်းဖက်သတ်ဖြတ်ခံရသူတွေအတွက် ၀မ်းနည်းမှုအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံ တစ်ဝက်လျှော့ချလွှင့်ထူဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။
    “ငြိမ်းချမ်းရေးနဲ့ အမြစ်မဲ့မှုတွေကို အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေက ခိုးယူသွားတဲ့ ဒီလို အမှောင်ကာလအတွင်း သြစတေးလျ နိုင်ငံသားတွေဟာ နယူးဇီလန် နိုင်ငံသားတွေနဲ့အတူ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ နယူးဇီလန်လိုပဲ သြစတေးလျဟာ ဘာသာစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ လူမျိုးပေါင်းစုံ နေထိုင်တဲ့တိုင်းပြည် ဖြစ်ပါတယ်။ အစွန်းရောက်တွေ၊ အကြမ်းဖက်သမားတွေကို ပေါက်ဖွားစေတဲ့ အမုန်းတရားတွေ၊ သည်းမခံနိုင်မှုတွေအတွက် ကျွန်တော်တို့ နှစ်နိုင်ငံစလုံးမှာ လုံးဝ နေရာမရှိပါဘူး” လို့ မော်ရစ်ဆန်က ပြောကြားခဲ့ပါတယ်။
    တိုက်ခိုက်မှုအတွက် အမျိုးသမီးတစ်ဦးအပါအ၀င် လူ ၄ ဦးကို ဖမ်းဆီးထားပြီး တစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ နယူးဇီလန်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
    ကမ္ဘာခေါင်းဆောင်များ ၀မ်းနည်း
    နယူးဇီလန်အပါအ၀င် ဗြိတိသျှ ဓနသဟာယ နိုင်ငံတွေရဲ့ ဦးသျှောင်ဖြစ်တဲ့ ဗြိတိသျှဘုရင်မကြီး အဲလိစဘက် ၂ က ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်အတွက် အလွန်အမင်း ၀မ်းနည်းမိတယ်လို့ ပြောကြားခဲ့ပါတယ်။
    “သေဆုံးသွားသူတွေရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရတယ်လို့ ကျွန်မနဲ့ မင်းသား ဖိလစ်တို့က ပြောကြားလိုပါတယ်။ ဒဏ်ရာရသူတွေကို ကူညီစောင့်ရှောက်ပေးကြတဲ့ အရေးပေါ်အဖွဲ့သားတွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုလည်း လေးစား ချီးကျူးမိပါတယ်။ ဒီလို ဆိုးရွားတဲ့ကာလမှာ နယူးဇီလန်သားတွေအတွက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်”
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြောက်မက်ဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    “ဗလီတွေမှာ ဒီလို ကြောက်မက်ဖွယ်ရာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကြုံတွေခဲ့ရတဲ့ နယူးဇီလန်သားတွေကို အလွန်စာနာမိပြီး၊ အကောင်းဆုံးဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အပြစ်မဲ့သူ ၄၉ ဦးရဲ့ အသက်တွေ အလဟသ ဆုံးရှုံးခဲ့ပြီး အများအပြားလည်း ဒဏ်ရာရခဲ့ပါတယ်။ လုပ်နိုင်တာတွေကို လုပ်ပေးဖို့အတွက် အမေရိကန်ဟာ နယူးဇီလန်နိုင်ငံနဲ့အတူ ရှိနေပါတယ်။ အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ”
    Ref : CNN