News @ M-Media

Blog

  • နယူးဇီလန် ဗလီနှစ်လုံး အကြမ်းဖက်ခံရမှု သေဆုံသူး ၄၉ ဦးအထိ ရှိလာ

    နယူးဇီလန် ဗလီနှစ်လုံး အကြမ်းဖက်ခံရမှု သေဆုံသူး ၄၉ ဦးအထိ ရှိလာ

    မတ် ၁၅၊ ၂၀၁၉
    M-Media

    အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဗလီကျောင်းတော်များပြ မြေပုံ

    – နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော်မှာ သေနတ်သမားတွေ ၀င်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၉ ဦးအထိ ရှိလာခဲ့ပြီး၊ ရဲတပ်ဖွဲ့ကတော့ အနည်းဆုံး လူ ၄ ဦးကို ဖမ်းဆီးထားပါတယ်။

    သောကြာနေ့ နေ့လည် ၀တ်ပြုဆုတောင်းနေစဉ်အတွင်း သေနတ်သမားတွေက ၀င်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က ဒီတိုက်ခိုက်မှုဟာ အသေအချာပြင်ဆင်ထားတဲ့ “အကြမ်းဖက်တိုက်ခိုက်မှု” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီနေ့ဟာ နယူးဇီလန်နိုင်ငံ မှောင်အတိကျတဲ့ နေ့တွေထဲကတစ်ခု ဖြစ်ပါတယ်”

    အကြမ်းဖက်ခံရတဲ့ ဗလီဝတ်ကျောင်းတော်တွေဟာ ခရိုက်ချက်မြို့လယ်ကောင်က အလ်-နူရ် ဗလီဝတ်ကျောင်းတော်နဲ့ မြို့ပြင်က လင်ဝုဒ်က ဗလီဝတ်ကျောင်းတော် ဖြစ်ပါတယ်။ အလ်-နူရ်ဗလီမှာ ၄၁ ဦးအထိ သေဆုံးခဲ့ပြီး လင်ဝုဒ်ဗလီမှာ ၇ ဦး၊ ဆေးရုံမှာ ၁ ဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့ပါတယ်။

    သေဆုံးသူတွေထဲမှာ ၀တ်ပြုဖို့လာရောက်တဲ့ အမျိုးသမီးတစ်ချို့နဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး သတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။

    လူဖြူအစွန်းရောက် အကြမ်းဖက်သမား

    အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ၄ ဦး ဖမ်းဆီးထားရာမှာ အမျိုးသမီးတစ်ဦး ပါဝင်တယ်လို့ နယူးဇီလန်ရဲတပ်ဖွဲ့က ပြောပါတယ်။

    သြစတေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်က တိုက်ခိုက်သူတွေထဲမှာ အနည်းဆုံးတစ်ဦးဟာ သြစတေးလျ နိုင်ငံသားဖြစ်ပြီး၊ တိုက်ခိုက်သူတွေဟာ ‘လက်ယာစွန်းရောက် အကြမ်းဖက်သမားတွေ’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သေနတ်သမားတစ်ဦးဟာ အကြမ်းဖက်တိုက်ခိုက်မှုကို Facebook မှာ တိုက်ရိုက်(Live) လွှင့်ခဲ့ပြီး၊ Instagram မှာလည်း ဒီအကြောင်းကို ရေးသားခဲ့ပါတယ်။ Facebook ကတော့ ဒီဗီဒီယိုကို ဖြုတ်ချခဲ့ပြီး၊ ဒီအဖြစ်အပျက်အပေါ် ချီးကျူးရေးသားမှုတွေကို ဖယ်ရှားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ ယူဆရသူတစ်ဦးက အခင်းမဖြစ်ပွားခင် ၈၇ မျက်နှာပါတဲ့ ကြေငြာချက်တစ်ခုကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပြီး အဲဒီအထဲမှာ ပြောင်းရွှေ့အခြေချမှုဆန့်ကျင်ရေး၊ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကို ရေးသားဖော်ပြထားပါတယ်။ အကြမ်းဖက်သမားတွေရဲ့ ကားတစ်စီးမှာ ဗုံးတွေတပ်ဆင်ထားတာကို တွေ့ခဲ့ရပြီး၊ ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ နယူးဇီလန် ရဲတပ်ဖွဲ့က ပြောပါတယ်။

    တိုက်ခိုက်သူတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို သိရှိရခြင်းမရှိသေးပါဘူး။ လူဖြူတွေဖြစ်တယ်ဆိုတာနဲ့ စစ်သားပုံစံဝတ်စုံ ၀တ်ထားတယ်ဆိုတာကိုပဲ သိရှိရသေးပြီး နယူးဇီလန်ဝန်ကြီးချုပ်က သူတို့တွေဟာ လုံခြုံရေး စောင့်ကြည့်စာရင်းထဲမှာ မပါဝင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera,CNN

  • ကလေးများအပေါ် လိင်စော်ကားမှုဖြင့် ဗာတီကန်မှ ထိပ်တန်း ခရစ်ယာန်ဘုန်းကြီး ထောင် ၆ နှစ်ကျ 

    ကလေးများအပေါ် လိင်စော်ကားမှုဖြင့် ဗာတီကန်မှ ထိပ်တန်း ခရစ်ယာန်ဘုန်းကြီး ထောင် ၆ နှစ်ကျ 

    မတ် ၁၃၊ ၂၀၁၉
    M-Media

    သြစတေးလျ ကာဒီနယ် ဂျော့ဂ်ျ ပဲလ်

    – တစ်ချိန်က ဗာတီကန်ရဲ့ ဘဏ္ဍာရေးအကြီးအကဲနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အကြံပေး ဖြစ်ခဲ့တဲ့ သြစတေးလျ ကာဒီနယ် ဂျော့ဂ်ျ ပဲလ်ဟာ ကက်သလစ်ဘုရားကျောင်းမှာ ကျူးလွန်ခဲ့တဲ့ ကလေးငယ်အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ဒီကနေ့မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံလိုက်ရပါတယ်။

    အသက် ၇၇ နှစ်အရွယ်ရှိတဲ့ ပဲလ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရားစွဲခံရတာဖြစ်ပြီး ၁၉၉၆ ခုနှစ်က မဲလ်ဘုန်းမြို့ ခရစ်ယာန်ကက်သလစ်ဘုရားကျောင်း St Patrick မှာ အရွယ်မရောက်သေးတဲ့ ယောက်ျားလေး ၂ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက် ၅ ခုအတွက် အပြစ်ရှိကြောင်း တွေ့ခဲ့ရတယ်လို့ ဂျူရီအဖွဲ့က
    ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဂျူရီအဖွဲ့အကြီးအကဲ တရားသူကြီး ပီတာကစ်က ပဲလ်ရဲ့လုပ်ရပ်ဟာ ကျူးလွန်ခံရတဲ့ ယောက်ျားလေးနှစ်ဦးရဲ့ ဘ၀အပေါ် သိသိသာသာ ရိုက်ခတ်မှုရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအထဲက တစ်ဦးဟာ မူးယစ်ဆေးစွဲပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

    ပဲလ်ဟာ ထောင်ဒဏ် အမြင့်ဆုံး နှစ် ၅၀ အထိ ချမှတ်နိုင်တဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

    ခရစ်ယာန်ကက်သလစ် သာသနာပိုင်အဖွဲ့ရဲ့ တတိယအမြင့်ဆုံးတာဝန်ကို ထမ်းဆောင်ခဲ့သူ ပဲလ်ဟာ ကက်သလစ်ဘုန်းကြီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ပြဿနာမှာ အရေးယူခံရတဲ့ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ပဲလ်ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ပြီးခဲ့တဲ့သြဂုတ်လမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့ကို ဗာတီကန် ဘဏ္ဍာစိုးရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

    ပဲလ်ဟာ ခရစ်ယာန်ကက်သလစ် သာသနာရဲ့ အဓိကရပ်တည်ချက်တွေဖြစ်တဲ့ လိင်တူလက်ထပ်မှု ဆန့်ကျင်ရေး၊ အမျိုးသမီးများ ရဟန်းဘ၀ခံယူမှု ဆန့်ကျင်ရေးတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

    ကျူးလွန်ခံရသူများ ဖွင့်ဟ

    “ကမ္ဘာတစ်ဝှမ်းမှာ ကလေးငယ်တွေအပေါ် ကျူးလွန်မှု စွဲချက်တွေနဲ့ တရားစွဲခံထားရတဲ့ ခရစ်ယာန်ဘုန်းကြီးပေါင်း ၇ ထောင်လောက် ရှိပါတယ်။ ဒီပြဿနာရဲ့ နောက်ဆက်တွဲအကျိုးတွေကို ဒီလူတွေ ခံစားဖို့အချိန် ကျပြီလို့ ကျွန်တော်ထင်ပါတယ်” လို့ တစ်ချိန်က ဒီလိုကိစ္စမျိုး ကျူးလွန်ခံခဲ့ရသူ ဂျွန်လောရင့်စ်က ပြောကြားခဲ့ပါတယ်။ သူဟာ ပဲလ်ကို အမိန့်ချမယ့် တရားရုံးမှာ လာရောက် ဆန္ဒပြသူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

    ကက်သလစ်ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရသူတွေအများစုနဲ့ ဖွဲ့စည်းထားတဲ့ Care Leavers Australiasia Network အဖွဲ့က ပဲလ်ရဲ့ပြစ်ဒဏ်ဟာ မလုံလောက်ပေမယ့်၊ သူ အကျဉ်းထောင်ကိုသွားရမှာကို ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန်ကက်သလစ်သာသနာအတွင်း ဘုန်းကြီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုနဲ့ပတ်သက်လို့ သြစတေးလျအစိုးရက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးရာမှာ ၁၉၅၀ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း သြစတေးလျက ကက်သလစ်ဘုန်းကြီးတွေရဲ့ ၇ ရာခိုင်နှုန်းလောက်ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုပေါင်းမြောက်များစွာ လုပ်ဆောင်ခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပြီး မိန်းကလေးတွေဆိုရင် အသက် ၁၁ နှစ်၊ ယောက်ျားလေးတွေဆိုရင် အသက် ၁၂ လောက်အထိ ငယ်ရွယ်သူတွေပါ ကျူးလွန်ခံရသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝှမ်းက ကက်သလစ် ကာဒီနယ်တွေကို ဖိတ်ခေါ်ကာ ဖေဖော်ဝါရီလက ဗာတီကန်မှာ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အမြစ်ပြတ် ဖြေရှင်းသွားမယ်လို့ ပုပ်ရဟန်းမင်းကြီးက ကတိပေးခဲ့ပါတယ်။

    Ref: Aljazeera

  • Boeing 737 Max 8 လေယာဉ် ပျံသန်းမှုပိတ်သည့် နိုင်ငံပေါင်း ၄၀ ကျော်လာ

    Boeing 737 Max 8 လေယာဉ် ပျံသန်းမှုပိတ်သည့် နိုင်ငံပေါင်း ၄၀ ကျော်လာ

    မတ် ၁၃၊ ၂၀၁၉
    M-Media

    Boeing 737 Max 8 လောယာဉ်

    – တနင်္ဂနွေနေ့က အီသီယိုးပီးယားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ Boeing 737 Max 8 အမျိုးအစားလေယာဉ်ကို ပိတ်ပင်တဲ့နိုင်ငံဟာ လက်ရှိအချိန်မှာ ၄၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    Ethiopian လေကြောင်းလိုင်းက အဲဒီလေယာဉ်ဟာ ကင်ညာကနေ အီသီယိုးပီးယားကိုအသွား ပျံတက်ပြီး ၆ မိနစ်အကြာမှာ ပျက်ကျသွားခဲပြီး လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၅၇ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။ ဒါဟာ ၅ လအတွင်း Boeing 737 Max အမျိုးအစားလေယာဉ် ဒုတိယမြောက် ပျက်ကျမှုဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က အမျိုးအစားတူ လေယာဉ်တစ်စင်း ပျက်ကျခဲ့ဖူးပါတယ်။

    အီသီယိုးပီးယားကလေယာဉ် ပျက်ကျပြီးတဲ့နောက် Boeing 737 Max လေယာဉ်ရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုတွေအပေါ် သံသယတွေ မြင့်တက်လာတာကြောင့် ကမ္ဘာ့နိုင်ငံတွေက ဒီလေယာဉ် အသုံးပြုမှုကို ရပ်ဆိုင်းတာတွေ ပြုလုပ်လာပါတယ်။

    ဥရောပသမဂ္ဂက သူတို့အနေနဲ့ Boeing 737 Max လေယာဉ်ပျံသန်းမှုကို ရပ်ဆိုင်းထားမယ်လို့ မနေ့က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေငြာချက်ထွက်မလာခင်ကတည်းက သြစတြီးယား၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ အိုက်စလက်၊ အိုင်ယာလန်၊ ယူကေ၊ နယ်သာလန်တို့လို အဖွဲ့ဝင်နိုင်ငံတွေ၊ သြစတေးလျ၊ မလေးရှား၊ စင်ကာပူ၊ အိုမန်၊ တူရကီနိုင်ငံတို့က သူတို့နိုင်ငံ အခြေစိုက် လေကြောင်းလိုင်းတွေမှာ ဒီလေယာဉ် မပျံသန်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

    တစ်ချို့နိုင်ငံတွေက Max 8 အမျိုးအစားကိုသာ ပျံသန်းခွင့်ပိတ်ပေမယ့်၊ နိုင်ငံတစ်ချို့က 737 Max မော်ဒယ်အောက်က အမျိုးအစား အားလုံးကို ပျံသန်းခွင့် ပိတ်ထားပါတယ်။

    Boeing 737 Max လေယာဉ်ပျံသန်းမှု ရပ်ဆိုင်းတဲ့ နိုင်ငံတွေထဲမှာ တရုတ်က အစောဆုံးဖြစ်ပြီး အီသီယိုးပီးယားအဖြစ်အပျက် ဖြစ်ပွားပြီး နောက်တစ်ရက်အကြာမှာပဲ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ Boeing 737 Max 8 လေယာဉ်တွေကို အများဆုံးအသုံးပြုတဲ့နိုင်ငံတွေထဲမှာ တရုတ်လည်းပါဝင်ပြီး ၉၇ စင်း ရှိနေပါတယ်။

    နိုင်ငံကြီးတွေထဲမှာ ကနေဒါနဲ့ အမေရိကန်တို့ကသာ Boeing 737 Max လေယာဉ်တွေကို ဆက်လက်အသုံးပြုနေတာ ဖြစ်ပါတယ်။

    အီသီယိုးပီးယားနဲ့ အင်ဒိုနီးရှားက Boeing 737 Max 8 လေယာဉ် ပျက်ကျမှုတွေဟာ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားမျိုး မရှိပေမယ့် လေယာဉ်အမျိုးအစားတူညီမှု၊ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျမှု စတဲ့ တူညီနေတဲ့ အချက်တွေကြောင့် စိုးရိမ်မှုတွေ ရှိလာခဲ့ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို ပျံသန်းခွင့် ယာယီရပ်ဆိုင်းရတာ ဖြစ်ပါတယ်။

    အမေရိကန်အာဏာပိုင်တွေကတော့ Boeing 737 Max 8 လေယာဉ်တွေကို ပြန်လည်စစ်ဆေးဖို့ ဘိုးအင်းကုမ္ပဏီကို အမိန့်ပေးထားပါတယ်။

    လက်ရှိ Boeing 737 Max 8 လေယာဉ်ကို ပျံသန်းမှု ပိတ်ပင်ထားတဲ့ နိုင်ငံတွေထဲက တစ်ချို့ကတော့ သြစတေးလျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိုက်စလန်၊ အိုင်ယာလန်၊ အီတလီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယူးဇီလန်၊ နယ်သာလန်၊ အိုမန်၊ ပိုလန်၊ စင်ကာပူ၊ တူရကီ၊ ယူအေအီးနဲ့ ယူကေတို့ ဖြစ်ပါတယ်။

    Ref: CNN

  • အင်္ဂါဂြိုဟ်ကို ပထမဆုံးခြေချမည့် လူသားမှာ အမျိုးသမီးဖြစ်နိုင်သည်ဟု နာဆာပြော

    အင်္ဂါဂြိုဟ်ကို ပထမဆုံးခြေချမည့် လူသားမှာ အမျိုးသမီးဖြစ်နိုင်သည်ဟု နာဆာပြော

    မတ် ၁၃၊ ၂၀၁၉
    M-Media

    – အင်္ဂါဂြိုဟ်ကို ပထမဆုံး ခြေချမယ့်သူဟာ အမျိုးသမီးတစ်ဦး ဖြစ်နိုင်တယ်လို့ အမေရိကန်အာကာသအေဂျင်စီ ‘နာဆာ’ ရဲ့ အကြီးအကဲ ဂျင်မ် ဘရီဒန်စတိုင်းက ပြောကြားလိုက်ပါတယ်။

    “လကမ္ဘာကို နောက်တစ်ခေါက်သွားမယ့် လူသားဟာ အမျိုးသမီး ဖြစ်လာနိုင်သလို၊ အင်္ဂါဂြိုဟ်ကို ပထမဆုံးခြေချမယ့် လူသားကလည်း အမျိုးသမီး ဖြစ်နိုင်ပါတယ်” လို့ ဘရီဒန်စတိုင်းက CNN သတင်းဌာနရဲ့ Science Friday ရေဒီယိုအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

    အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် အမျိုးသမီးတွေဟာ နာဆာရဲ့ အနာဂတ်စီမံကိန်းတွေမှာ ရှေ့တန်းကနေ ပါဝင်နေတယ်လို့လည်း သူက ဆိုပါတယ်။

    အခုလနှောင်းပိုင်းမှာ အမျိုးသမီးအာကာသယာဉ်မှူးတွေ ပထမဆုံး အာကာသမှာလမ်းလျှောက်မယ့် အစီအစဉ်ကို နာဆာက စီစဉ်ထားပါတယ်။ ဒီအစီအစဉ်မှာ အမျိုးသမီး အာကာသယာဉ်မှူးတွေဖြစ်ကြတဲ့ အန်နီ မက်ကလိန်း၊ ခရစ္စတီးနား ကို့ခ်ျတို့ ပါဝင်မှာ ဖြစ်ပြီး လမ်းလျှောက်ချိန် ၇ နာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။

    “ဒီရက်တွေဟာ အင်မတန်ကြီးကျယ်တဲ့နေ့ရက်တွေ ဖြစ်မှာပါ။ ဒီလနှောင်းပိုင်းမှာ အမျိုးသမီး အာကာသယာဉ်မှူးတွေ ပထမဆုံး လမ်းလျှောက်ကြမှာ ဖြစ်ပါတယ်။ ဒီလဟာ နာဆာရဲ့ ‘အမျိုးသမီးများလ’ ပါ”

    မက်ကလိန်းနဲ့ ကို့ခ်ျတို့ဟာ ၂၀၁၃ ခုနှစ် အာကာသယာဉ်မှူးသင်တန်းဆင်းတွေဖြစ်ပြီး သင်တန်းတက်ရောက်သူ ထက်ဝက်လောက်က အမျိုးသမီးတွေ ဖြစ်ပါတယ်။ မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ flight director သင်တန်းမှာလည်း ၅၀ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်တယ်လို့ နာဆာအကြီးအကဲက ပြောပါတယ်။

    နာဆာမှာ အမျိုးသမီးတွေ ပထမဆုံး အမှုထမ်းတာဟာ ၁၉၇၈ ခုနှစ်မှာဖြစ်ပြီး အမျိုးသမီး အာကာသယာဉ်မှူး ၆ ဦး ဖြစ်ပါတယ်။ လက်ရှိ နာဆာမှာ တာဝန်ထမ်းဆောင်နေတဲ့ အာကာသယာဉ်မှူးတွေရဲ့ ၃၄ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပါတယ်။

    Ref: CNN

  • ရေနံတင်ပို့မှုကို အစ္စရေးက နှောက်ယှက်လျှင် ပြင်းပြင်းထန်ထန် တုန့်ပြန်မည်ဟု အီရန်ပြော

    ရေနံတင်ပို့မှုကို အစ္စရေးက နှောက်ယှက်လျှင် ပြင်းပြင်းထန်ထန် တုန့်ပြန်မည်ဟု အီရန်ပြော

    မတ် ၁၃၊ ၂၀၁၉
    M-Media

    အီရန်၏ ရေနံတင်သင်္ဘောတစ်စီး

    – အစ္စရေးက မိမိတို့ရဲ့ ရေနံတင်သင်္ဘောတွေကို နှောက်ယှက်လာမယ်ဆိုရင် ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

    အီရန်ဟာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ရှောင်ကွင်းကာ ရေနံ မှောင်ခိုတင်ပို့မှုတွေ လုပ်ဆောင်နေပြီး အဲဒီအတွက် အရေးယူမှု လုပ်ဆောင်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြီးခဲ့တဲ့တစ်ပတ် ရေတပ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

    အစ္စရေးက ၀င်ရှုပ်လာရင် ရင်ဆိုင်နိုင်တဲ့ စစ်ရေးစွမ်းရည် အီရန်မှာ အပြည့်ရှိပြီး နိုင်ငံတကာအသိုင်းကလည်း ဒီလိုကိစ္စတွေကို လက်မခံသင့်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး အမီရ် ဟာတာမီက ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန IRNA က ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဟာတာမီက အစ္စရေးအနေနဲ့ ဒီလိုလုပ်ရပ်မျိုး လုပ်ဆောင်မယ်ဆိုရင် ပင်လယ်ဓားပြလုပ်ငန်းအဖြစ် သတ်မှတ်မှာဖြစ်ပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ရေနံတင်ပို့မှုမှာ ဖြစ်လာနိုင်တဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ကာကွယ်ဖို့ စွမ်းဆောင်ရည်တွေ အီရန်စစ်တပ်မှာ အပြည့်အ၀ ရှိနေပါတယ်”

    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ပါ အချက်အလက်တွေကို အီရန်က လိုက်နာမှု မရှိဘူးလို့ စွပ်စွဲကာ အမေရိကန်က ပြီးခဲ့တဲ့နှစ်မှာ စာချုပ်ကနေ နှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လုပ်ခဲ့ပါတယ်။ အီရန်ဟာ ဒီပိတ်ဆို့မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ရှောင်လွှဲပြီး ရေကြောင်းကနေ ရေနံတင်ပို့မှုတွေ လုပ်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    လက်ရှိမှာ အီရန်ရေတပ်ဟာ အိန္ဒိယသမုဒ္ဒရာနဲ့ အေဒင်ပင်လယ်ကွေ့အထိ အင်အားဖြန့်ကျက်ကာ သူတို့ရဲ့ ရေနံတင်သင်္ဘောတွေကို ပင်လယ်ဓားပြရန်ကနေ ကာကွယ်နိုင်အောင် လုပ်ဆောင်ထားပါတယ်။ အီရန်ဟာ ကမ္ဘာ့အကြီးဆုံး ရေနံတင်သင်္ဘောတွေရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    Ref: Aljazeera