News @ M-Media

Blog

  • အစ္စရေးရန်ကြောင့် ဆေး၀ါးပစ္စည်းများ နေရာရွှေ့လိုက်ရတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့

    အစ္စရေးရန်ကြောင့် ဆေး၀ါးပစ္စည်းများ နေရာရွှေ့လိုက်ရတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့

    ဒီဇင်ဘာ ၆၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – အစ္စရေး၏ တိုက်ခိုက်ဖျက်ဆီးမှုကို ခံထားရသည့် ဂါဇာမှ ဆေးရုံတစ်ခု)

    -ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ ဂါဇာမှာရှိတဲ့ သူတို့ရဲ့ ဆေး၀ါးပစ္စည်းဂိုထောင်ကို အစ္စရေးရန်ကြောင့် တစ်ခြားနေရာကို ရွှေ့လိုက်ရပါတယ်။ 

    ခန်ယူနစ်မြို့မှာရှိတဲ့ အဲဒီဆေး၀ါးဂိုထောင်ကို မရွှေ့ရင် ဖျက်ဆီးပစ်မယ်လို့ အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ခြိမ်းခြောက် အကြပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ 

    ဒီဂိုထောင်ဟာ ဂါဇာတောင်ပိုင်းက ဆေးရုံတွေကို ဆေး၀ါးပစ္စည်း ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ 

    ခန်ယူနစ်ထက်ပိုသေးတဲ့ ရာဖာမြို့ရွှေ့ခဲ့တာဖြစ်ပြီး အစ္စရေးရန်ကြောင့် အလျင်အမြန်လုပ်ဆောင်ခဲ့ရတဲ့အတွက် ဒုက္ခရောက်ခဲ့တယ်လို့ WHO က ထုတ်ပြန်ပါတယ်။ 

    ဒီလိုရွှေ့ပြောင်းမှုကြောင့် နယ်စည်းမခြား ဆရာ၀န်များအဖွဲ့နဲ့ ကုလရဲ့ ဆေးခန်းတွေကို ဆေး၀ါးပစ္စည်း အချိန်မီ မပို့ပေးနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ 

    “ဒီလိုရွှေ့ပြောင်းရမှုကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ခဲ့ပြီး တိုက်ခိုက်မှုတွေဖြစ်ပွားကာ၊ ၀န်ထမ်းမလုံမလောက် ဖြစ်နေတဲ့အချိန် ဂါဇာက ဆေးရုံတွေထံ ဆေး၀ါးပစ္စည်းတွေ ပေးအပ်နိုင်ရေး စိန်ခေါ်မှုတွေ ဆက်ရှိနေပါတယ်” လို့ WHO အကြီးအကဲ တက်ဒ်ရို့စ် အဒါနွမ်က ပြောကြားခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဂျီနိုဆိုက်ကျူးလွန်နေသည့် အစ္စရေးဟု ကာတာ ၀ေဖန်

    ဂျီနိုဆိုက်ကျူးလွန်နေသည့် အစ္စရေးဟု ကာတာ ၀ေဖန်

    ဒီဇင်ဘာ ၅၊ ၂၀၂၃

    M-Media 


    -ဒီကနေ့ စတင်ကျင်းပတဲ့ ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ GCC အစည်းအ၀ေးမှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီက အစ္စရေးကို ပြင်းပြင်းထန်ထန် ၀ေဖန်ပြောဆိုလိုက်ပါတယ်။ 

    အစည်းအ၀ေး အဖွင့်မိန့်ခွန်းမှာ အလ်သာနီက အစ္စရေးဟာ နိုင်ငံရေး၊ လူသားချင်း စာနာထောက်ထားမှု တန်ဖိုးတွေ၊ ကျင့်၀တ်တွေအားလုံးကို ချိုးဖောက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

    “အပြစ်မဲ့၊ လက်နက်မဲ့ အရပ်သားတွေကို အစီစဥ်ချပြီး၊ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတဲ့ အစ္စရေးရဲ့ စက်ဆုပ်ဖွယ်ရာ ရာဇ၀တ်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ခွင့်ပြုနေတာဟာ ဂုဏ်သိက္ခာမဲ့ရာ ကြပါတယ်။ အစ္စရေးဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်နေတာဖြစ်ပါတယ်” 

    ပါလက်စတိုင်းတွေကိုတော့ အလ်သာနီက ချီးကျူးပြောဆိုခဲ့ပါတယ်။ ပါလက်စတိုင်းတွေဟာ သူတို့ရဲ့ တရားသော ကြိုးပမ်းမှုအပေါ် မမှိတ်မသုန် ရပ်တည်နေနိုင်တာကို ချီးကျူးရမှာဖြစ်ပြီး၊ ရေရှည်တည်တံ့မယ့် ပြည့်၀တဲ့ အပစ်ရပ်ရေး ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ကာတာခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    GCC အစည်းအ၀ေးကို ပင်လယ်ကွေ့နိုင်ငံက ခေါင်းဆောင်တွေအပြင် တူရကီသမ္မတ အာဒိုဂန်လည်း တက်ရောက်နေပါတယ်။  

    Ref: Aljazeera 

  • ဂါဇာတွင် ဂျာနယ်လစ် ၆၃ ဦးကို သတ်ဖြတ်ထားသည့် အစ္စရေး

    ဂါဇာတွင် ဂျာနယ်လစ် ၆၃ ဦးကို သတ်ဖြတ်ထားသည့် အစ္စရေး

    ဒီဇင်ဘာ ၅၊ ၂၀၂၃


    M-Media 

    -အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ဂျာနယ်လစ်ဟာ စုစုပေါင်း ၆၃ ဦး ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

    ပါလက်စတိုင်းဂျာနယ်လစ် ၅၆ ဦး၊ အစ္စရေး ဂျာနယ်လစ် ၄ ဦးနဲ့ လက်ဘနွန်ဂျာနယ်လစ် ၃ ဦးတို့ ဖြစ်ပါတယ်။ 

    နောက်ဆုံး အသတ်ခံရတဲ့ ဂျာနယ်လစ်တွေက Al-Quds TV က ဟာဆန် ဖာဂျာရက်လာ၊ Al-Majedat မီဒီယာက ရှီမာ အလ်ဂါဇာတို့ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ အသတ်ခံခဲ့ရတာပါ။ 

    ရှီမာအလ်ဂါဇာနဲ့ သူမရဲ့ မိသာစုတစ်ခုလုံးကို အစ္စရေးက သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ 

    ဂျာနယ်လစ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Committee to Protect Journalists က အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချပြောဆိုခဲ့ပါတယ်။ 

    “နာကျင်၀မ်းနည်းဖွယ်ကောင်းတဲ့ ဒီပဋိပက္ခမှာ ဒေသတွင်း ဂျာနယ်လစ်တွေဟာ စွန့်လွှတ်စွန့်စားပြီး သတင်းယူ ဖော်ပြနေကြတာဖြစ်ပါတယ်။ အထူးသဖြင့် ဂါဇာက ဂျာနယ်လစ်တွေဟာ အသက်တွေ စတေးခဲ့ကြ၊ ဆက်လက် စတေးနေကြရကာ၊ မကြုံစဖူး သတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုတွေကိုလည်း ခံနေကြရပါတယ်”

    Ref: Aljazeera 

  • အစ္စရေး၏ ရာဇ၀တ်မှုကို နိုင်ငံတကာက စုံစမ်းစစ်ဆေးရန် ကာတာ တိုက်တွန်း

    အစ္စရေး၏ ရာဇ၀တ်မှုကို နိုင်ငံတကာက စုံစမ်းစစ်ဆေးရန် ကာတာ တိုက်တွန်း

    ဒီဇင်ဘာ ၄၊ ၂၀၂၃

    M-Media 


    -ဂါဇာမှာ အစ္စရေးက ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စုံစမ်းစစ်ဆေးဖို့ အစ္စရေးနဲ့ ဟားမက်စ်တို့အကြား အပစ်ရပ်ရေး အဓိကညှိနှိုင်းပေးနေတဲ့ ကာတာနိုင်ငံက တောင်းဆိုလိုက်ပါတယ်။ 

    အလ်ဂျာဇီးရားသတင်းဌာနနဲ့ မနေ့က အင်တာဗျူးမှာ ကာတာ ၀န်ကြီးချုပ် ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ်ရဟ်မန် ဘင် ဂျာဆင် အလ်သာနီက အစ္စရေးရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ၀ေဖန်ပြောဆိုခဲ့ပါတယ်။ 

    အစ္စရေးဟာ ဂါဇာမှာ ရာဇ၀တ်မှုတွေကို ကျူးလွန်နေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး အလျင်အမြန်လုပ်သင့်တယ်လို့ အလ်သာနီက ဆိုပါတယ်။ 

    ကာတာရဲ့ ကြား၀င်စေ့စပ်မှုကြောင့် အစ္စရေးနဲ့ ဟားမက်စ်တို့အကြား ပြီးခဲ့တဲ့တစ်ပတ်က ၇ ရက်တာ အပစ်ရပ်စဲခဲ့ကြပြီး ဟားမက်စ်ဖက်က ဓားစားခံ ၈၀၊ အစ္စရေးဖက်က ဓားစားခံ ၂၄၀ အသီးသီး ပြန်လွှတ်ပေးခဲ့ကြပါတယ်။ 

    အပစ်ရပ်ရေးဟာ သောကြာနေ့မှာ အဆုံးသတ်ခဲ့ပြီး အစ္စရေးက သူတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ပြန်ခေါ်ကာ ဂါဇာမှာ တိုက်ခိုက်မှုတွေ ပြန်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၇၀၀ လောက် အသတ်ခံခဲ့ရပါတယ်။ 

    အလ်သာနီကတော့ အစ္စရေးနဲ့ ဟားမက်စ်တို့အကြား အပစ်ရပ်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • တရုတ်တွင် ဖြစ်ပွားနေသည့် အဆုတ်ရောင်ရောဂါ ပြန့်နှံလာမည်ကို အမေရိကန် စိုးရိမ်နေ

    တရုတ်တွင် ဖြစ်ပွားနေသည့် အဆုတ်ရောင်ရောဂါ ပြန့်နှံလာမည်ကို အမေရိကန် စိုးရိမ်နေ

    ဒီဇင်ဘာ ၂၊ ၂၀၂၃

    M-Media 


    -တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ အဆုတ်ရောင်ရောဂါ (နမိုးနီးယား) တစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေပြီး အမေရိကန် လွှတ်တော်အမတ်တစ်ချို့က ကိုဗစ်လို ကမ္ဘာတစ်၀ှမ်း ပြန့်နှံ့လာမှာကို စိုးရိမ်နေကြပါတယ်။ 

    ‘အဆုတ်ဖြူရောဂါ’ လို့ အမည်ပေးထားတဲ့ အဲဒီ နမိုးနီးယားဟာ ကလေးငယ်တွေမှာ အဓိက ဖြစ်ပွားနေတာပါ။ တရုတ်အစိုးရကတော့ ဒီကိစ္စကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ 

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တရုတ်မှာ ဒီရောဂါ ကူးစက်ပြန့်နှံ့နေတာကို သိရှိထားပြီး တရုတ်အစိုးရထံ အချက်အလက်တွေလည်း တောင်းထားတယ်လို့ ထုတ်ပြန်ပါတယ်။ 

    အမေရိကန်နိုင်ငံရေးသမားတွေက ဒီကိစ္စကို စောစောစီးစီး ကိုင်တွယ်ဆောင်ရွက်ဖို့ ဘိုင်ဒန်အစိုးရကို တောင်းဆိုလာကြပါတယ်။ 

    အတိုက်အခံ ရီပက်ဘလစ်ကန် အမတ် ၅ ဦးက တရုတ်နိုင်ငံကလူတွေကို အမေရိကန်နိုင်ငံထဲ ၀င်ရောက်ခွင့်ပိတ်ပင်ဖို့ ဒီဇင်ဘာ ၁ ရက်နေ့မှာ သမ္မတဘိုင်ဒန်ကို တောင်းဆိုခဲ့ပါတယ်။ ရောဂါအကြောင်း တိတိကျကျ သိရှိတဲ့အချိန်အထိ ဒီလို ပိတ်ပင်ထားဖို့ လိုအပ်တယ်လို့လည်း လွှတ်တော်အမတ်တွေက ပြောပါတယ်။ 

    ကမ္ဘာကြီးကို ၂ နှစ်ကျော်လောက် နှိပ်စက်ခဲ့တဲ့ ကိုဗစ်ရောဂါ ပြန့်နှံ့မှုမှာ တရုတ်အစိုးရရဲ့ သတင်းအချက်အလက် ထိန်ချန်ထားမှုက တစ်စိတ်တစ်ပိုင်း ပါ၀င်ခဲ့တာဖြစ်ပါတယ်။ 

    Ref: Reuters