News @ M-Media

Blog

  • အငြင်းပွား ကက်ရှ်မီးယားဒေသတွင် အိန္ဒိယနှင့် ပါကစ္စတန် အပြန်အလှန်ပစ်ခတ်မှုဖြစ်

    အငြင်းပွား ကက်ရှ်မီးယားဒေသတွင် အိန္ဒိယနှင့် ပါကစ္စတန် အပြန်အလှန်ပစ်ခတ်မှုဖြစ်

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၉
    M-Media

    ကက်ရှ်မီးယားဒေသမှ အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့များ

    – အိန္ဒိယနဲ့ ပါကစ္စတန် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ မနေ့က နှစ်ဖက်စစ်တပ် အပြန်အလှန် ဖြစ်ပွားမှုတွေကြောင့် ပါကစ္စတန်ဘက်က အရပ်သားတွေ သေဆုံးခဲ့သလို၊ အိန္ဒိယဘက်က စစ်သားတွေလည်း ဒဏ်ရာရခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေဟာ နယ်နမိတ် ထိန်းချုပ်မျဉ်း Line of Control နားမှာ ဖြစ်ပွားတာဖြစ်ပြီး ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားအခြမ်းက ကော့တ်လီခရိုင်မှာ အမျိုးသမီးတစ်ဦး၊ သူမရဲ့ ကလေးနှစ်ဦး အပါအ၀င် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    အိန္ဒိယမီဒီယာတွေက နှစ်ဖက် တိုက်ခိုက်မှုအတွင်း စစ်သား အနည်းဆုံး ၇ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြခဲ့ပါတယ်။

    အိန္ဒိယတိုက်လေယာဉ်တွေဟာ မနေ့က Line of Control ကိုကျော်ကာ ပါကစ္စတန်ဖက်ခြမ်းကို ၀င်ရောက် ဗုံးကြဲခဲ့ပါတယ်။ စစ်သွေးကြွစခန်းတွေကို ပစ်မှတ်ထားတဲ့ အဲဒီတိုက်ခိုက်မှုမှာ စစ်သွေးကြွတွေ တော်တော်များများ သေဆုံးခဲ့တယ်လို့ အိန္ဒိယက ထုတ်ပြန်ခဲ့ပြီး ပါကစ္စတန်ကတော့ ဒီဗုံးကြဲမှုကြောင့် လူသေဆုံးမှု၊ အဆောက်အဦး ထိခိုက်ပျက်ဆီးမှုတွေ မရှိဘူးလို့ ဆိုပါတယ်။

    အခုလအစောပိုင်းက အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ပြည်သူ့စစ် ၄၂ ဦး သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့ Jaish-e-Mohammed (JeM) က ဗုံးခွဲမှုဟာ သူတို့လက်ချက်လို့ ထုတ်ပြန်ခဲ့ပြီး အိန္ဒိယက ဒီကိစ္စမှာ ပါကစ္စတန် ပါဝင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပါကစ္စတန်ဖက်က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။

    မနေ့က အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ‘နမော်နမဲ့နိုင်ပြီး လုပ်ကြံဖန်တီးတဲ့’ တိုက်ခိုက်မှုမျိုးဖြစ်တယ်လို့ ပါကစ္စတန်ဖက်က တုန့်ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုပြီးတဲ့နောက် အိန္ဒိယနဲ့ ပါကစ္စတန်က ၀န်ကြီးချုပ်တွေဟာ ထိပ်တန်းအရာရှိတွေနဲ့ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းဟာ တိုင်းပြည်ရဲ့ နျူလက်နက်ကို ကိုင်တွယ်တဲ့ National Command Authority အဖွဲ့နဲ့ အစည်းအဝေးပြုလုပ်ဖို့လည်း ရှိနေပါတယ်။

    နျူလက်နက်တွေကို ပိုင်ဆိုင်ထားကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုအတွက် နှစ်ကြိမ်တိုင်တိုင် စစ်ပွဲဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေမှာလည်း အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    Ref: Aljazeera

  • မလေးရှားက ပြည်တွင်းဖြစ် ပထမဆုံး ‘ကားပျံ’ ကို ၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြမည်

    မလေးရှားက ပြည်တွင်းဖြစ် ပထမဆုံး ‘ကားပျံ’ ကို ၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြမည်

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၉
    M-Media

    မလေးရှား၏ ပထမဆုံး ကားဘရန်း Proton

    – ပြည်တွင်းက နည်းပညာနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ နိုင်ငံရဲ့ ပထမဆုံး ‘ကားပျံ’ ကို အခုနှစ်အတွင်း ဈေးကွက်မှာ မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ မလေးရှား စွန့်ဦးတီထွင်မှုဆိုင်ရာ ၀န်ကြီး ဒါတွတ်ဆရီ ရဒ်ဇူအန် မိုဟာမက် ယူစွဖ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အဲဒီ ကားပျံဟာ အန္တရာယ်ကင်းပြီး သင့်လျော်တဲ့ အမြန်နှုန်းနဲ့ အနိမ့်ပျံသန်းနိုင်မှာဖြစ်ကြောင်း၊ လက်ရှိမှာ နမူနာတစ်စီးကို ထုတ်လုပ်ထားပြီးဖြစ်ကြောင်း ၀န်ကြီးက ပြောပါတယ်။

    “ကျွန်တော်တို့မှာ နည်းပညာရှိတဲ့အတွက် ဒီနှစ်အတွင်း အမှန်တကယ် ထုတ်ပြနိုင်မှာပါ။ ဘယ်လောက်မြန်မြန် ထုတ်ပြမလဲဆိုတာပါပဲ။ နမူနာကားအတွက် ရင်းဂစ် တစ်သန်းလောက် ကုန်ကျခဲ့ပါတယ်”

    ကားပျံထုတ်လုပ်ရေးစီမံကိန်းဟာ ပြည်သူတွေကို နည်းပညာအသစ်တွေအကြောင်း လှုံ့ဆော်ပေးမယ့် အစိုးရအစီအစဉ်တွေထဲက တစ်ခုဖြစ်ပြီး၊ လေကြောင်းနယ်ပယ်၊ ဒရုန်းနဲ့ လူမဲ့ယာဉ်တွေ၊ မော်တော်ယာဉ်ကဏ္ဍတွေမှာ တိုင်းပြည်အတွင်းက လုပ်နိုင်စွမ်းကို ထိထိရောက်ရောက် အသုံးပြုဖို့ ရည်ရွယ်ကြောင်းလည်း ၀န်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ကားပျံစီမံကိန်းဟာ ၀န်ကြီးချုပ် မဟာသီယာမိုဟာမက်ရဲ့ ပြည်တွင်းဖြစ် တတိယမြောက် ကားဘရန်းတစ်ခု ဖန်တီးရေးနဲ့ မသက်ဆိုင်ဘူးလို့ မိုဟာမက် ယူစွဖ်က ဆိုပါတယ်။ လက်ရှိမှာ Proton နဲ့ Produa တို့ဟာ မလေးရှားရဲ့ ပြည်တွင်းဖြစ် ကားဘရန်းတွေ ဖြစ်ပါတယ်။

    မလေးရှားဟာ ကုန်ပစ္စည်း လက်လီဖြန့်ချီသူတွေရဲ့ ငွေပေးချေမှု၊ ဈေးကွက်ချဲ့ထွင်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ အချက်အလက် သိမ်းဆည်းမှု စတာတွေကို ဒစ်ဂျစ်တယ်ပြောင်းမယ့် Growth Malaysia စီမံကိန်းကိုလည်း လုပ်ဆောင်နေပါတယ်။

    Ref: The Star

  • ယောဂနှင့် တရားထိုင်ခြင်းက အိပ်မရမှုပြဿနာကို ဖြေရှင်းနိုင်သည်ဟု အမေရိကန်သုတေသနတစ်ခု ဖော်ပြ

    ယောဂနှင့် တရားထိုင်ခြင်းက အိပ်မရမှုပြဿနာကို ဖြေရှင်းနိုင်သည်ဟု အမေရိကန်သုတေသနတစ်ခု ဖော်ပြ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media

    – အမေရိကန်နိုင်ငံမှာ အိပ်စက်မှုပြဿနာရှိတဲ့သူတွေ ထက်ဝက်နီးပါးလောက်ဟာ တရားထိုင်တာ၊ ယောဂကျင့်တာလို ကျင့်စဉ်တွေနဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာအောင် ဆောင်ရွက်လာကြတယ်လို့ ဆေးဘက်မဂ္ဂဇင်း Sleep Medicine က သုတေသန စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်း အရွယ်ရောက်ပြီးသူပေါင်း ၂၆၇၄၂ ဦးကို ကောက်ယူခဲ့တဲ့စစ်တမ်းအရ ၄၉ ရာခိုင် နှုန်းလောက်ဟာ အိပ်မရတဲ့ပြဿနာနဲ့ ကြုံတွေ့နေရတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    အဲဒီအထဲမှာ ၃၀ ရာခိုင်နှုန်းက သူတို့ဟာ ရုပ်-နာမ် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ကာ ဒီပြဿနာကို ဖြေရှင်းတယ်လို့ ပြောကြားခဲ့ပြီး၊ အိပ်စက်မှုပြဿနာမရှိတဲ့သူတွေရဲ့ ၁၈ ရာခိုင်နှုန်းလောက်လည်း ဒီလိုလေ့ကျင့်ခန်းတွေ လုပ်ဆောင်တာကို တွေ့ရပါတယ်။

    အိပ်မရတဲ့သူတွေ အများစု လုပ်ဆောင်တာက ယောဂကျင့်စဉ်ဖြစ်ပြီး၊ ဘာသာရေးဆိုင်ရာ တရားထိုင်မှု၊ ရိုးရိုးတရားထိုင်မှုတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

    အိုင်အိုဝါပြည်နယ် Maharishi တက္ကသိုလ်က ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ဆန်ဖို့ဒ် နီဒစ်ခ်ျက အိပ်မပျော်တဲ့ရောဂါကို ကုစားဖို့အတွက် အများဆုံးပြုလုပ်တဲ့ တရားထိုင်မှု နှစ်ခုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ တစ်ခုက ဂါထာမန္တန်တွေကို ရွတ်ဖတ်ရတဲ့ တရားထိုင်နည်းဖြစ်ပြီး နောက်တစ်ခုက လေ့ကျင့်ခန်းနဲ့ ယောဂကျင့်စဉ်ကို ပေါင်းစပ်ထားတဲ့ နည်းလမ်း ဖြစ်ပါတယ်။

    နီဒစ်ခ်ျက ဒီနည်းလမ်းနှစ်ခုစလုံးဟာ အိပ်စက်မှုအရည်အသွေးနဲ့ ပမာဏတွေကို ပိုမိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

    “နောက်ဆုံးတစ်ခုက အစားအသောက်ပုံစံကို ပြောင်းလဲပစ်တာ ဖြစ်ပါတယ်။ နေ့ခင်းဘက်မှာ အစာခြေစွမ်းအားဟာ ညဖက်ထက် ကောင်းတာကြောင့် နေ့လည်စာ များများစားတာမျိုးဟာ အာယုဝီဒ သဘောတရားအရ အိပ်စက်ခြင်းရဲ့ အရည်အသွေးအပေါ် သိသာတဲ့ သက်ရောက်မှု ရှိပါတယ်”

    အိပ်မပျော်တဲ့ဝေဒနာကို ခံစားရသူတွေဟာ ထိုက်ကျိကစားပြီး ကုစားတာမျိုးရှိပေမယ့် ပမာဏ အရမ်းနည်းတယ်လို့ Sleep Medicine က စာတမ်းမှာ ဖော်ပြထားပါတယ်။

    ၂၀၁၇ ခုနှစ်က လုပ်ခဲ့တဲ့ အဲဒီသုတေသနဟာ အိမ်မပျော်သူတွေကို ဘယ်လိုနည်းလမ်းနဲ့ ကုစားနိုင်မလဲဆိုတာကို ဖော်ထုတ်ဖို့ ရည်ရွယ်လုပ်ဆောင်တာ မဟုတ်ပေမယ့် ဒီဝေဒနာခံစားရသူတွေရဲ့ ကုစားမှုနည်းလမ်းတွေကို လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    Ref: Reuters

  • ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်စခန်းများကို ဗုံးကြဲခဲ့သည်ဟု အိန္ဒိယထုတ်ပြန်

    ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်စခန်းများကို ဗုံးကြဲခဲ့သည်ဟု အိန္ဒိယထုတ်ပြန်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media

    – ပါကစ္စတန်နိုင်ငံအတွင်းက အကြမ်းဖက်စခန်းတွေကို တိုက်လေယာဉ်တွေနဲ့ ၀င်ရောက်ဗုံးကြဲခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပြီး ပါကစ္စတန်ကလည်း ဒီကိစ္စဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

    နှစ်နိုင်ငံ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ နယ်ခြားထိန်းချုပ်စည်း Line of Control ကို ဖြတ်ကျော်ကာ အိန္ဒိယတိုက်လေယာဉ်တွေက ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

    “ဒီကနေ့မနက် အစောပိုင်းမှာ လေတပ်က LoC ကိုဖြတ်ပြီး အကြမ်းဖက်စခန်းတွေကို တိုက်ခိုက်ကာ လုံးဝ ဖျက်ဆီးပစ်ခဲ့ပါတယ်” လို့ စိုက်ပျိုးရေးဝန်ကြီး ဂါဂျန်ဒရာ ဆင်း ရှီခါဝပ်က ပြောကြားခဲ့ပါတယ်။

    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဖက်အခြမ်းမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က အသေခံကားဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အိန္ဒိယပြည်သူ့စစ် အနည်းဆုံး ၄၂ ဦး သေဆုံးပြီးတဲ့နောက် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    ပါကစ္စတန်အခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ခုက တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ပြောကြားခဲ့ပြီး ဒီကိစ္စမှာ ပါကစ္စတန် လက်ချက်လည်းပါတယ်လို့ အိန္ဒိယဖက်က စွပ်စွဲခဲ့ပါတယ်။

    ဒီကနေ့မနက် အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပါကစ္စတန်ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ လေပိုင်နက် ကျူးကျော်ဝင်ရောက်လာတဲ့ အိန္ဒိယတိုက်လေယာဉ်ဟာ မိမိတို့ တိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားဖို့ တက်သွားတဲ့အချိန်မှာ အိန္ဒိယပိုင်နက်အခြမ်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိဘူးလို့လည်း ပါကစ္စတန်က ပြောပါတယ်။

    “ပါကစ္စတန်လေတပ်ရဲ့ အချိန်မီ ထိထိရောက်ရောက် တုန့်ပြန်မှုကို ကြုံတွေ့ခဲ့ရတာကြောင့် ပြန်ပြေးတဲ့အချိန် ဗုံးတွေကို ဘာလာကော့ဒေသအနီး အလျင်စလို ကြဲချခဲ့ရပါတယ်။ ထိခိုက်သေဆုံးမှု၊ ပျက်ဆီးမှု မရှိပါဘူး” လို့ ပါကစ္စတန် ဗိုလ်ချုပ်ကြီး အာဆစ်ဖ် ဂဖူးရ်က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အီရန်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ ရုတ်တရက်နှုတ်ထွက်

    အီရန်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ ရုတ်တရက်နှုတ်ထွက်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်

    – အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က သူ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်တယ်လို့ မနေ့က ကြေငြာလိုက်ပြီး နျူသဘောတူညီချက်နဲ့ပတ်သက်လို့ နိုင်ငံအတွင်းက သဘောထားတင်းမာသူတွေ ဝေဖန်မှု မြင့်တက်လာတဲ့အချိန် ဒီလိုနှုတ်ထွက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    “ပြီးခဲ့တဲ့နှစ်တွေမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဆောင်ရွက်စဉ် ချို့ယွင်းချက်ရှိခဲ့တာတွေ အားလုံးအတွက် ကျွန်တော် တောင်းပန်ပါတယ်။ အီရန်နိုင်ငံနဲ့ အီရန်တာဝန်ရှိသူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ Instagram စာမျက်နှာမှာ ဇာရစ်ဖ်က ရေးသားခဲ့ပါတယ်။

    ဘာ့ကြောင့် ရာထူးကနေ နှုတ်ထွက်ရလဲဆိုတာ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိဘဲ ဒီလိုနှုတ်ထွက်မှုကို သမ္မတ ဟာဆန် ရူဟာနီက လက်ခံမှ အတည်ဖြစ်မှာ ဖြစ်ပါတယ်။

    ဇာရစ်ဖ်ဟာ ၂၀၁၃ ခုနှ် သြဂုတ်လမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂ နှစ်အကြာ ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ နျူသဘောတူညီချက် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရလဒ်အားဖြင့် အီရန်အပေါ် ပိတ်ဆို့မှုတွေကို အနောက်နိုင်ငံတွေက ဖယ်ရှားပေးခဲ့ပါတယ်။

    ဒါပေမယ့် အမေရိကန်က ပြီးခဲ့တဲ့နှစ်မေလမှာ စာချုပ်ကနေ နှုတ်ထွက်ကာ ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တဲ့နောက်ပိုင်း အီရန်နိုင်ငံရေးနယ်ပယ်က သဘောထား တင်းမာသူတွေဟာ သမ္မတ ဟာဆန်ရူဟာနီနဲ့ ဇာရစ်ဖ်တို့အပေါ် ဝေဖန်မှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့ပါတယ်။

    တစ်ကျော့ပြန်ပိတ်ဆို့မှုတွေကြောင့် အီရန်နိုင်ငံရဲ့စီးပွားရေး ဆိုးရွားလာတာကလည်း ရူဟာနီအစိုးရကို အထိနာစေခဲ့ပြီး ရာထူးကနေ ဖယ်ရှားဖို့ တောင်းဆိုမှုတွေအထိ ဖြစ်လာခဲ့ပါတယ်။

    ဇာရစ်ဖ် ဒီလိုနှုတ်ထွက်သွားဟာ ပြုပြင်ပြောင်းလဲရေးသမား ရူဟာနီအတွက် ထိုးနှက်မှု ဖြစ်လာမှာဖြစ်ပြီး အီရန်ရဲ့ သံခင်းတမန်ခင်း နယ်ပယ်ကိုပါ ထိခိုက်စေလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

    Ref: Aljazeera