News @ M-Media

Blog

  • နျူကင်းစင်ရေးဆောင်ရွက်ရန် အသင့်ရှိသည်ဟု ကင်ဂျုံအွန်ပြော

    နျူကင်းစင်ရေးဆောင်ရွက်ရန် အသင့်ရှိသည်ဟု ကင်ဂျုံအွန်ပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉
    M-Media

    – ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး သဘောတူဖို့ မရှိဘူးဆိုရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဗီယက်နမ်မှာ လာတွေ့မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး နျူကင်းစင်ရေး ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

    မြို့တော် ဟနွိုင်းကို ရောက်ရှိနေတဲ့ ကင်ဂျုံအွန်နဲ့ ထရမ့်တို့ရဲ့ ၂ ရက်တာ ဆွေးနွေးမှုဟာ ဒီကနေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

    ‘နျူကင်းစင်ရေးဆောင်ရွက်ဖို့ အစီအစဉ်မရှိဘူးဆိုရင် ဗီယက်နမ်လာမှာ မဟုတ်ဘူး’ ဆိုတဲ့ စကားဟာ ကင်ဂျုံအွန်ထံက ကြားရသမျှအဖြေထဲမှာ အကောင်းဆုံးဖြစ်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    နျူကင်းရှင်းရေး ထိထိရောက်ရောက် ဆောင်ရွက်မလားလို့ မေးမြန်းရာမှာ ကင်ဂျုံအွန်က ‘ဒီကိစ္စကိုပဲ ဆွေးနွေးနေတာဖြစ်တယ်’ လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ မြို့တော် ပြုံးယမ်မှာ အမေရိကန်ဆက်သွယ်ရေး လာရောက်ဖွင့်လှစ်မယ်ဆိုရင်လည်း လက်ခံသွားဖို့ရှိတယ်လို့ ကင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆက်ဆံရေးရုံးဟာ သံရုံးထက် တစ်ဆင့်နိမ့်ပေမယ့် အရင်က ရန်ဘက်ဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ပုံမှန်ဆက်ဆံရေး တည်ဆောက်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

    ထရမ့်ကလည်း ဆက်ဆံရေးရုံးဖွင့်မယ့် အယူအဆဟာ ကောင်းမွန်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ဆောင်ရွက်ဖို့ နည်းလမ်းနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား သဘောထား မတူညီမှုတွေ ရှိနေပါတယ်။ ထရမ့်ကတော့ ဒီကိစ္စကို အလျင်စလို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

    တစ်ဦးချင်းတွေ့ဆုံမှု၊ အဖွဲ့လိုက်တွေ့ဆုံမှုတွေအပြီးမှာ ခေါင်းဆောင်နှစ်ဦးဟာ ကြေငြာချက်တစ်ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်ဖို့ ရှိပါတယ်။ ဒီကနေ့ညနေ ဗီယက်နမ်ကမပြန်ခင် ထရမ့်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ချင်းပြည်နယ်၏ ပထမဆုံး လေဆိပ်ကို ၂၀၂၀ တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ

    ချင်းပြည်နယ်၏ ပထမဆုံး လေဆိပ်ကို ၂၀၂၀ တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉
    M-Media

    ရန်ကုန်လေဆိပ်မြင်ကွင်း

    – ချင်းပြည်နယ်ရဲ့ အဓိကလေဆိပ်တစ်ခုဖြစ်လာမယ့် ဖလမ်းမြို့က Surbung လေဆိပ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ အရပ်ဖက်လေကြောင်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွဋ်အောင်က ပြောကြားလိုပါတယ်။

    ငွေကျပ် ဘီလီယံ ၃၀ လောက် ကုန်ကျမယ့် ဒီလေဆိပ်ကို ၂၀၁၆-၁၇ မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ ၂၀၂၁-၂၂ မှာ ပြီးစီးဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လမှာ နိုင်ငံတော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့က ၂၀၂၀ စက်တင်ဘာလမှ စတင်အသုံးပြုနိုင်ရေး ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

    ညွှန်ကြားရေးမှူး ဦးရဲထွဋ်အောင်က လတ်တလောဘက်ဂျက် ငွေကျပ် ၅ ဘီလီယံသာရှိသေးပြီး သတ်မှတ်ရက်အတွင်း ပြီးစီးဖို့ဆိုရင် နောက်ထပ် ၁၀ ဘီလီယံလောက် လိုအပ်ကြောင်း၊ ဒီအတွက် ၀န်းကြီးဌာနကို တင်ပြတောင်းခံထားကြောင်း ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ လေယာဉ်ပြေးလမ်း၊ လေယာဉ်ဆိုက်ကပ်ရာနေရာနဲ့ သက်ဆိုင်ရာ အဆောက်အဦးတွေကို ဆောက်လုပ်နေပြီး၊ လေကြောင်း ထိန်သိမ်းရေးစနစ်၊ ကိရိယာ တန်ဆာပလာတွေ၊ ပြေးလမ်းမီး စတာတွေအတွက် ဘက်ဂျက်လိုနေတယ်လို့ ညွှန်ကြားရေးမှူးက ပြောပါတယ်။

    Surbung လေဆိပ်ကို ဖလမ်းမြို့က ၁၂၈၉ ဧကရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်နေတာဖြစ်ပြီး ပြေးလမ်းက မီတာ ၂၀၀၀ ရှည်လျားမှာ ဖြစ်ပါတယ်။

    နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တွေထဲမှာပါတဲ့ ချင်းပြည်နယ်မှာ မြို့နယ် ၉ ခုရှိပြီး လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြည်သူတွေဟာ ပြည်နယ်အတွင်း သွားလာဖို့ မလွယ်ကူဘဲ မိုးတွင်းမှာဆိုရင် ရေကြီးမှုတွေ၊ မြေပြိုမှုတွေကြောင့် တစ်ချို့ဒေသကလူတွေ လုံးဝ ခရီးသွားလို့ မရပါဘူး။ နိုင်ငံအတွင်း အခြားနေရာတွေနဲ့ နိုင်ငံရပ်ခြားသွားမယ်ဆိုရင် အနီးစပ်ဆုံး လေယာဉ်ကွင်းရှိတဲ့ ကလေးမြို့ကို သွားရပါတယ်။

    ချင်းပြည်နယ်မှာ နှလုံးသားပုံစံ နာမည်ကျော် ရိဒ်ရေကန်နဲ့ နတ်မတောင် အမျိုးသားပန်းခြံလည်း ရှိတဲ့အတွက် ဖလမ်းမြို့က လေဆိပ် ပြီးစီးသွားရင် ခရီးသွားတွေ ပိုမိုမြင့်တက်လာဖို့ မျှော်လင့်နေပါတယ်။

    Ref: mmtimes

  • နတ်ဘုရားနှင့် ဗေဒင်ယတြာတို့ကို မယုံကြည်ရန် တရုတ်ကွန်မြူနစ်ပါတီက ပါတီဝင်များကို ညွှန်ကြား

    နတ်ဘုရားနှင့် ဗေဒင်ယတြာတို့ကို မယုံကြည်ရန် တရုတ်ကွန်မြူနစ်ပါတီက ပါတီဝင်များကို ညွှန်ကြား

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉
    M-Media

    – ကားလ်မက်စ်နဲ့ လီနင်တို့ရဲ့ အတွေးအခေါ် အယူအဆအတိုင်း လိုက်နာကျင့်သုံးကြဖို့၊ နတ်ဘုရားတွေ၊ ဗေဒင်ယတြာတွေကို မယုံကြည်ကြဖို့နဲ့ လစ်ဘရယ်ဝါဒကို မကျင့်သုံးကြဖို့ အာဏာရ တရုတ်ကွန်မြူနစ်ပါတီက ပါတီဝင်တွေကို သတိပေးလိုက်ပြီး ပါတီစည်းကမ်း ပိုမိုတင်းကြပ်မှု တစ်ခုလည်း ဖြစ်ပါတယ်။

    တရုတ်နိုင်ငံဟာ မူအရ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံထားပေမယ့် ကွန်မြူနစ်ပါတီဝင်တွေကတော့ ဘာသာမဲ့ဖြစ်ရပြီး ဗေဒင်ကိန်းခန်းအပါအ၀င် သဘာဝလွန်စွမ်းအားတွေကို မယုံကြည်ဖို့ တားမြစ် ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ပိုင်းတစ်ချို့ဟာ ဒီလို ယုံကြည်မှုမျိုးတွေ ရှိတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

    ကွန်မြူနစ်ပါတီရဲ့ အခန်းကဏ္ဍနဲ့ ခေါင်းဆောင်ပိုင်းကို ပိုမို အားကောင်းအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး မနေ့က နိုင်ငံပိုင်သတင်းဌာန Xinhua ရဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ မက်စ်ဝါဒသာလျှင် တရုတ်နိုင်ငံနဲ့ ပါတီကို လမ်းပြပေးမယ့် အယူအဆဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    “မက်စ်ဝါဒနဲ့ လီနင်ဝါဒတို့ကို မယုံကြည်ဘဲ နတ်ဘုရား၊ ဗေဒင်ယတြာတွေကို ယုံကြည်တာ၊ အမှန်တရားကို မယုံကြည်ဘဲ ငွေကိုသာလျှင် ဦးထိပ်ထားတာမျိုးကို လုံးဝ တားမြစ်ပါတယ်။ မက်စ်ဝါဒကို ပုံဖျက်မှု၊ တစ်လွဲဖွင့်ဆိုမှုနဲ့ ငြင်းဆိုမှု ပုံစံအားလုံးကိုလည်း လုံးဝ ဆန့်ကျင် ကွက်ကွက်ပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    မနှစ်က ဂျာမန် ဒဿနပညာရျင် ကားလ်မက်စ်ရဲ့ နှစ် ၂၀၀ ပြည့်အခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က မက်စ်ဝါဒရဲ့နိုင်ငံရေးသီအိုရီတွေအတိုင်း ကွန်မြူနစ်ပါတီက လိုက်နာဆောင်ရွက်တာဟာ လုံးဝ မှန်ကန်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ခေတ်သစ် တရုတ်နိုင်ငံကို တည်ထောင်သူ မော်စီတုံးဟာ ၁၉၄၉ ခုနှစ် တော်လှန်ရေးပြီးတဲ့နောက်ပိုင်း ဗေဒင်နက္ခတ် ဟောပြောမှု၊ သဘာဝလွန်စွမ်းအားတွေကို ယုံကြည်မှု စတာတွေကို ပိတ်ပင်ခဲ့ပေမယ့် စီးပွားရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်တွေ နောက်ပိုင်းမှာ ဒီအယူဝါဒတွေက တစ်ကျော့ ပြန်ခေါင်းထောင်လာခဲ့ပါတယ်။

    ရှီကျင့်ဖျင် အာဏာရပြီး ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှာ ခြစားမှုတိုက်ဖျက်ရေးကို စတင်ခဲ့ပြီးတဲ့နောက် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းက လူတစ်ချို့ဟာ ဗေဒင်ယတြာတွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိခဲ့ပါတယ်။

    တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ လုံခြုံရေးအကြီးအကဲဟောင်း ကျိုးယုံခန်း ဗေဒင်သွားမေးတဲ့ကိစ္စဟာ နာမည်ကျော်ခဲ့ပြီး ဗေဒင်ဆရာကို နိုင်ငံတော်လျှို့ဝှက်ချက်တွေ ဖွင့်ပြောခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ်။

    မနေ့က ထုတ်ပြန်တဲ့ ပါတီရဲ့ ကြေငြာချက်မှာ လူပုဂ္ဂိုလ်ကိုးကွယ်မှု၊ လစ်ဘရယ်ဝါဒ၊ အာဏာခွဲဝေပေးမှု၊ သီးခြားအဖွဲ့အစည်းတွေ ဖွဲ့စည်းမှု စတာတွေကို မပြုလုပ်၊ မကျင့်သုံးကြဖို့ သတိပေးထားပြီး ပါတီဝင်တွေဟာ ပါတီရဲ့ မူဝါဒအတိုင်း သွားရမယ်လို့ ဖော်ပြထားပါတယ်။

    Ref: CNA

  • တင်းမာမှုမြင့်တက်လာပြီးနောက် ဆွေးနွေးညှိနှိုင်းရန် အိန္ဒိယကို ပါကစ္စတန် ကမ်းလှမ်း

    တင်းမာမှုမြင့်တက်လာပြီးနောက် ဆွေးနွေးညှိနှိုင်းရန် အိန္ဒိယကို ပါကစ္စတန် ကမ်းလှမ်း

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉
    M-Media

    – တိုက်လေယာဉ်တွေကို အပြန်အလှန် ပစ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယကို တိုက်တွန်းလိုက်ပါတယ်။

    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အခုလအစောပိုင်းက ပြည်သူ့စစ်ယာဉ်တန်းကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြင့်တက်လာတဲ့ နှစ်နိုင်ငံတင်းမာမှုဟာ ဒီကနေ့မှာ တိုက်လေယာဉ်တွေ အပြန်အလှန် ပစ်ချမှုနဲ့အတူ အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။

    ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပစ်ချနိုင်ခဲ့ပြီး လေယာဉ်မှူးနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရာဗက်ရှ်ကူးမားက သူတို့ရဲ့ လေယာဉ်မှူးတစ်ဦး ပျောက်ဆုံးနေတယ်လို့ အတည်ပြုခဲ့ပြီး နိုင်ငံအတွင်း စစ်တပ်ပစ်မှတ်တွေကို လာရောက်တိုက်ခိုက်တဲ့ ပါကစ္စတန်တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    အိန္ဒိယ ကက်ရှ်မီးယားအခြမ်းက ရဲတပ်ဖွဲ့က လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးနှစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပြီး၊ လေယာဉ်ဟာ ပါကစ္စတန်ရဲ့ ပစ်ချမှုကြောင့် ပျက်ကျတာလားဆိုတာ အတည်မပြုခဲ့ပါဘူး။

    ဒီအဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဆွေးနွေးဖို့အတွက် အိန္ဒိယကို ကမ်းလှမ်းခဲ့ပါတယ်။

    “စစ်ပွဲဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတာ သမိုင်းက သက်သေခံနေပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ လက်နက်တွေနဲ့ ဒီအကျိုးမရှိတာကို လုပ်မလားလို့ မေးခွန်းထုတ်လိုပါတယ်။ ဆွေးနွေးပွဲစားပွဲဝိုင်းကို လာရောက်ဖို့အတွက် အိန္ဒိယကို ထပ်မံဖိတ်ခေါ်လိုပါတယ်”

    အိန္ဒိယပြည်သူ့စစ် ၄၂ ဦး သေဆုံးခဲ့တဲ့ အသေခံကားဗုံးခွဲမှုဟာ သူတို့လက်ချက်လို့ ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့ Jaish-e-Mohammed က ပြောကြားခဲ့ပါတယ်။ အိန္ဒိယကတော့ ဒီကိစ္စမှာ ပါကစ္စတန်လက်ချက်မကင်းဘူးလို့စွပ်စွဲထားပါတယ်။

    အင်မရန်းခန်းက ဒီဗုံးခွဲမှုအတွက် စုံးစမ်းစစ်ဆေးရေးမှာ ပူးပေါင်းပါဝင်ဖို့ အဆင်သင့်ရှိနေတယ်လို့ ဒီကနေ့မှာ ထပ်မံပြောကြားခဲ့ပါတယ်။

    အင်္ဂါနေ့မနက်ပိုင်းမှာ အိန္ဒိယတိုက်လေယာဉ်တွေဟာ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဖက်ကို ၀င်ရောက်ကာ ဗုံးကြဲခဲ့ပါတယ်။ ဒီစစ်ဆင်ရေးမှာ စစ်သွေးကြွတွေ အများအပြားကို သုတ်သင်နိုင်ခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောကြားခဲ့ပေမယ့် ပါကစ္စတန်ကတော့ သူတို့ တိုက်လေယာဉ်တွေ ကြားဖြတ်ဟန့်တားမှုကို ရှောင်ကွင်းရင်း အိန္ဒိယလေယာဉ်တွေဟာ လူသူမရှိတဲ့ နေရာတွေကို ဗုံးတွေချခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    အိန္ဒိယရဲ့ ဒီလုပ်ရပ်ကို တုန့်ပြန်တယ်လို့ဆိုကာ ပါကစ္စတန်က အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားက ကွင်းပြင်တွေကို ဗုံးသွားကြဲခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂ ကြိမ်က ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်တယ်ဆိုတဲ့ အငြင်းပွားမှုကြောင့် ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကုလ၏ ယီမင်အကူအညီပေးရေး ရန်ပုံငွေပွဲတွင် ကန်ဒေါ်လာ ၂.၆ ဘီလီယံ ရရှိ

    ကုလ၏ ယီမင်အကူအညီပေးရေး ရန်ပုံငွေပွဲတွင် ကန်ဒေါ်လာ ၂.၆ ဘီလီယံ ရရှိ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၉
    M-Media

    – ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ယီမင်နိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့အတွက် ကုလရဲ့ မနေ့က ရန်ပုံငွေရှာဖွေပွဲမှာ ကန်ဒေါ်လာ ၂.၆ ဘီလီယံ ရရှိခဲ့ပါတယ်။

    ဟူသီသူပုန်တွေနဲ့ အစိုးရတို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ယီမင်ဟာ ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ရင်ဆိုင်နေရတာပါ။ စစ်ပွဲကြောင့် ယီမင်မှာ အငတ်ဘေးလည်း ဆိုက်နေပြီး အသက် ၅ နှစ်အောက် ကလေးငယ် ၈ သောင်းလောက် ငတ်မွတ်ခေါင်းပါးမှုကြောင့်
    သေဆုံးခဲ့ပါတယ်။

    အနောက်နိုင်ငံတွေရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ ယီမင်အစိုးရဖက်ကနေ ၀င်တိုက်ပေးနေတဲ့ ဆော်ဒီနဲ့ ယူအေအီးနိုင်ငံတို့ဟာ မနေ့က ရန်ပုံငွေပွဲမှာ
    ကန်ဒေါ်လာ သန်း ၅၀၀ စီထည့်ဝင်မယ်လို့ ကတိပြုခဲ့ပြီး အများဆုံးထည့်ဝင်တာလည်း ဖြစ်ပါတယ်။ ဟူသီသူပုန်တွေကို အီရန်က ကျောထောက်နောက်ခံပြုတာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ်အတွင်း ယီမင်နိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် Humanitarian Response Plan အစီအစဉ်ကို ချမှတ်ထားပြီး အဲဒီအတွက် ကန်ဒေါ်လာ ၄ ဘီလီယံလောက် လိုအပ်နေတာ ဖြစ်ပါတယ်။ မနေ့က ရန်ပုံငွေပွဲမှာ ၂.၆ ဘီလီယံသာ ရရှိခဲ့ပါတယ်။

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆော်ဒီ၊ ယူအေအီးတို့ရဲ့ ကူညီမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး၊ စစ်ပွဲပါဝင်မှုအတွက် ဝေဖန်တာမျိုးတော့ မလုပ်ခဲ့ပါဘူး။ စစ်ပွဲမှာ ပါဝင်နေတဲ့သူတွေ ငြိမ်းချမ်းရေး မရဘဲနဲ့ ယီမင်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ ဂူတာရက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဟူသီသူပုန်အဖွဲ့နဲ့ ယီမင်အစိုးရတို့ ဒီဇင်ဘာလက စတော့ဟုမ်းမှာ အပစ်ရပ်ရေး၊ အကျဉ်းသားလဲလှယ်ရေး၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး သဘောတူညီချက်တစ်ချို့ ရခဲ့ပေမယ့် အကောင်အထည် မဖော်နိုင်ပါဘူး။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ အကူအညီပေးရသူ ၁၀ သန်း ရှိရာကနေ အခုအချိန်မှာ ၁၂ သန်း ရှိလာခဲ့ပြီး မနေ့က ရန်ပုံငွေပွဲမှာ ရရှိတဲ့ ငွေကြေးကြောင့် အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ၊ ကျန်းမာရေစောင့်ရှောက်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    ယီမင်ပြည်သူ ၂၄ သန်းမှာ ၈၀ ရာခိုင်နှုန်းလောက်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ကာကွယ်ပေးမှုတွေ လိုအပ်နေတယ်လို့ ကုလတာဝန်ရှိသူတွေက မနေ့က ရန်ပုံငွေရှာဖွေပွဲမှာ ပြောကြားခဲ့ပါတယ်။ ယီမင်မှာ လူ သန်း ၂၀ လောက်ဟာ စားနပ်ရိက္ခာ ပြတ်တောက်နေပြီး အဲဒီအထဲက ၁၀ သန်းလောက်ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ့် အခြေအနေ ရှိနေတယ်လို့လည်း ကုလက သတိပေးထားပါတယ်။

    UNICEF က ယီမင်မှာ တိုက်ခိုက်မှုတွေ၊ အခြား ဆက်စပ်အကြောင်းအရင်းတွေကြောင့် နေ့စဉ် ကလေးငယ် ၈ ဦး သေဆုံးနေပြီး ၃ သိန်း ၆ သောင်းလောက်ဟာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အလွန်အမင်း အဟာရချို့တဲ့မှုကို ခံစားနေရကြောင်း ထုတ်ပြန်ထားပါတယ်။ လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ မရှိတဲ့အတွက် ကာကွယ်နိုင်တဲ့ ရောဂါတွေကြောင့် ယီမင်မှာ ၁၀ မိနစ်တိုင်း ကလေးငယ်တစ်ဦး သေဆုံးနေပါတယ်။

    Ref: Aljazeera