News @ M-Media
Blog
  • မြောက်ဦးရှိ စစ်ရှောင်ပြည်သူများ အကူအညီ လိုအပ်နေ
    မြောက်ဦးရှိ စစ်ရှောင်ပြည်သူများ အကူအညီ လိုအပ်နေ
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media
    မြောက်ဦးရှိ စစ်ရှောင်ပြည်သူများ
    – ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရွာသား ၄၀၀ ကျော်လောက်ဟာ အစားအစာနဲ့ အခြားအကူအညီတွေ လိုအပ်နေတယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောကြားလိုက်ပါတယ်။
    “မြို့ထဲက နေရာ ၃ ခုမှာ ရွာသား ၄၀၀ ကျော်လောက် ရှိပြီး ရိက္ခာနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အလျင်အမြန် လိုအပ်နေပါတယ်” လို့ မနေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ မြောက်ဦးလွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောကြားခဲ့ပါတယ်။
    လက်ရှိမှာ ဒုက္ခသည်တွေကို အနီးအနား ရွာသားတွေက ရိက္ခာတွေ ထောက်ပံ့ပေးနေပေမယ့် မလောက်ငှကြောင်း၊ သောက်သုံးရေနဲ့ ရွှေ့ပြောင်းသန့်စင်ခန်းမျိုးတွေ ကူညီပေးဖို့လိုကြောင်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “ဒုက္ခသည်အရေအတွက် မြင့်တက်လာတာကြောင့် ကျွန်တော်တို့ ရိက္ခာ မထောက်ပံ့နိုင်တော့ပါဘူး။ ယာယီစခန်းတွေကလည်း ပြည့်ကြပ်နေပါပြီ”
    ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်က မြောက်ဦးမှာ စတင်ခဲ့တဲ့ AA နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒုက္ခသည်အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး ကိုယ်ဝန်ဆောင်နဲ့ ရင်ခွင်ပိုက်ကလေးမိခင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
    တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကူအညီပေးရေးအဖွဲ့တွေကို ပြည်နယ်အစိုးရက ပိတ်ပင်ခဲ့ပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့တွေကိုသာ ကူညီခွင့် ပေးထားပါတယ်။
    Ref: mmtimes
    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းအား ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)
  • မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ဗီယက်နမ်သို့ ရောက်ရှိ
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ဗီယက်နမ်သို့ ရောက်ရှိ
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media
    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးဖို့အတွက် မြောက်ကိုရီးယားကနေ ရထားတဲ့ထွက်လာတဲ့ ခေါင်းဆောင် ကင်ဂျုံအွန်ဟာ ဒီကနေ့မနက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
    ကင်ဂျုံအွန်စီးလာတဲ့ရထားဟာ တရုတ်ကနေတစ်ဆင့် ဗီယက်နမ်နယ်စပ် ဒေါင်ဒန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မြို့တော်ဟနွိုင်းကို ကားနဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ ကင်ဂျုံအွန်ဟာ ကီလိုမီတာ ၄၀၀၀ ရှိတဲ့ခရီးကို ၂ ရက်ခွဲကြာ ရထားစီးခဲ့ရတာ ဖြစ်ပါတယ်။
    ကင်ဟာ အဘိုးဖြစ်သူ ကင်အီဆွန်နောက်ပိုင်း ပထမဆုံးအကြိမ် ဗီယက်နမ်ကို လာရောက်တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်ပြီး ဗီယက်နမ်ဂုဏ်ပြုတပ်ဖွဲ့က သူ့ကို ကြိုဆိုခဲ့ပါတယ်။ ကင်အီဆွန်ဟာ ၁၉၆၄ ခုနှစ်က ဗီယက်နမ်နိုင်ငံကို လာရောက်ခဲ့တာပါ။
    Air Force One လေယာဉ်နဲ့ လာရောက်မယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီကနေ့နှောင်းပိုင်းမှာ ဟနွိုင်းကို ရောက်လာဖို့ ရှိနေပါတယ်။ ကင်ဂျုံအွန်နဲ့ ‘အလွန်အပြုသဘောဆောင်မယ့်’ တွေ့ဆုံမှုမျိုးကို ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ ထရမ့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ခေါင်းဆောင်နှစ်ဦးဟာ ဖေဖော်ဝါရီ ၂၇၊ ၂၈ ရက်နေ့တွေမှာ နှစ်ရက်ကြာ ဆွေးနွေးကြမှာဖြစ်ပြီး တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လက ပထမအကြိမ် တွေ့ဆုံမှုမှာ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပေမယ့် သိသာတဲ့ လုပ်ဆောင်မှုမျိုး မတွေ့ရပါဘူး။
    မြောက်ကိုရီးယားဟာ နျူကို လုံးဝစွန့်လွှတ်မယ်ဆိုရင် စီးပွားရေးအင်အားကြီးနိုင်ငံမှာ ဖြစ်လာမှာဖြစ်ပြီး ဥက္ကဌကင်က ဆုံးဖြတ်ချက် ချရမှာဖြစ်တယ်လို့လည်း ထရမ့်က ပြောကြားထားပါတယ်။
    Ref: CNA
  • ၀ီဂါများ၏ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ပေးရန် တရုတ်ကို တူရကီ တောင်းဆို
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media
    – တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေအပေါ် တရုတ်အစိုးရက ညှင်းပမ်းနှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအတွက် စိုးရိမ်မိကြောင်း တူရကီက ပြောကြာလိုက်ပြီး ဘာသာရေးလွတ်လပ်လပ်ခွင့်ကို ကာကွယ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
    ၄ ပတ်တာကြာမြင့် ကုလ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည်အစည်းအဝေး ပထမနေ့ဖြစ်တဲ့ ဒီကနေ့မှာ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
    ရှင်ကျန်းပြည်နယ်မှာ တူရကီစကားပြောတဲ့ ၀ီဂါတွေနဲ့ အခြား မွတ်စလင် တစ်သန်းလောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲ ပိတ်လှောင်ထားတယ်လို့ ကုလ ကျွမ်းကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောကြားထားပါတယ်။ တရုတ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပြီး အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့အတွက် ပညာပေးမှု လုပ်ဆောင်တာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
    Mevlut Cavusoglu ရဲ့ ဒီကနေ့ မိန့်ခွန်းမှာ တရုတ်မှာရှိနေတဲ့ အကျဉ်းစခန်းတွေအကြောင်း တိုက်ရိုက် ထည့်သွင်းပြောကြားခြင်း မရှိပေမယ့် ရှင်ကျန်းမှာ ၀ီဂါတွေနဲ့ အခြားမွတ်စလင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတဲ့ သတင်းတွေဟာ စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ဆိုပါတယ်။
    အကြမ်းဖက်သမားတွေနဲ့ အပြစ်မဲ့သူတွေကို ခွဲခြားဆောင်ရွက်ဖို့ Cavusoglu က တရုတ်ကို တိုက်တွန်းခဲ့သလို၊ တရုတ် တစ်နိုင်ငံတည်း ပေါ်လစီကို ထောက်ခံတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ဘာသာရေးလွတ်လပ်ခွင့်အပါအ၀င် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးတွေကို လေးစားဖို့၊ ၀ီဂါနဲ့ အခြားမွတ်စလင်တွေရဲ့ ယဉ်ကျေးမှု အမှတ်သညာတွေကို အပြည့်အ၀ ကာကွယ်ပေးဖို့ တရုတ်အာဏာပိုင်တွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”
    လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံထဲမှာပါဝင်တဲ့ တရုတ်ဟာ တူရကီနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီမှတ်ချက်အတွက် ချက်ခြင်းတုန့်ပြန်မှု မလုပ်သေးပေမယ့် အစည်းအဝေးက ၄ ပတ် ကြာမြင့်မှာဖြစ်တာကြောင့် နောက်ပိုင်းမှာ တုန့်ပြန်လာနိုင်ပါတယ်။
    တရုတ်နိုင်ငံ လူဦးရေး သန်း ၁၄၀၀ မှာ ၀ီဂါလူမျိုးတွေက ၁၀ သန်းလောက်သာရှိပြီး ဗဟိုအစိုးရကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေမယ့် တရုတ်အစိုးရက ၀ီဂါတွေ ခွဲထွက်ရေး လှုပ်ရှားတယ်လို့ စွပ်စွဲကာ ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။
    Ref: Aljazeera
  • မြောက်ကိုရီးယားကိစ္စ ထရမ့်လေသံပြောင်း၊ ဒုံးကျည်စမ်းသပ်မှုရပ်ဆိုင်းလျှင် ရပြီဟုဆို
    မြောက်ကိုရီးယားကိစ္စ ထရမ့်လေသံပြောင်း၊ ဒုံးကျည်စမ်းသပ်မှုရပ်ဆိုင်းလျှင် ရပြီဟုဆို
    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media
    – မြောက်ကိုရီးယားအနေနဲ့ လက်နက်စမ်းသပ်မှုကို ရပ်ဆိုင်းထားမယ်ဆိုရင် မိမိက ပျော်ရွှင်မိမှာဖြစ်ပြီး နျူသဘောတူညီချက်ရရေး အလျင်စလို ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး၊ ဒါဟာ နျူစီမံကိန်း လုံးဝဖျက်သိမ်းရမယ်ဆိုတဲ့ အရင်ကရပ်တည်ချက်ထက် ပိုမိုပျော့ပြောင်းလာတာ ဖြစ်ပါတယ်။
    ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးနေ့တွေမှာ ဟနွိုင်းမြို့မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး တစ်နှစ်အတွင်း ခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ စင်ကာပူတွေ့ဆုံပွဲမှာ ကိုးရီးယားကျွန်းဆွယ်မှာ နျူကင်းစင်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောတူညီခဲ့ကြပေမယ့် ထင်သာမြင်သာတဲ့ လုပ်ဆောင်ချက်မျိုး မတွေ့ခဲ့ရပါဘူး။
    ဗီယက်နမ်ကို မထွက်ခွာခင် ထရမ့်က ကင်ဂျုံအွန်ရဲ့ မျက်လုံးထဲမှာ ယုံကြည်မှုကို မြင်တွေ့ခဲ့ရပြီး မိမိတို့အကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကျွန်တော် အလျင်စလိုလုပ်မှာ မဟုတ်ပါဘူး။ အလျင်စလိုလည်း မလုပ်ချင်ပါဘူး။ မြောက်ကိုရီးယားက လက်နက်မစမ်းသပ်တာပဲ လိုချင်တာပါ။ သူတို့ ဒီလို မစမ်းသပ်သမျှ ကျွန်တော်တို့ ကျေနပ်နေမှာပါ”
    မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၆ ကြိမ်မြောက် နျူစမ်းသပ်မှု ပြုလုပ်ခဲ့ပြီး၊ နိုဝင်ဘာလမှာ ဒုံးကျည် စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘာစမ်းသပ်မှုမှ မလုပ်တော့ပါဘူး။
    နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ဖို့ ကြိုးစားနေမှုကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ ဝေဖန်မှုတွေကို နားမယောင်ဖို့အတွက် ထရမ့်အစိုးရကို သတိပေးကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။
    မြောက်ကိုရီးယားအနေနဲ့ နျူလုပ်ငန်းကို အားလုံး စွန့်လွှတ်မှ ပိတ်ဆို့မှုတွေ ဖယ်ရှားမယ်လို့ ထရမ့်က အရင်တုန်းက ပြောကြားခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ လေသံပြောင်းသွားခဲ့ပြီး အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုမျိုး မြင်ရမယ်ဆိုရင် ပိတ်ဆို့မှု ဖယ်ရှားပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ နျူကို စွန့်လွှတ်လိုက်မယ်ဆိုရင် မြောက်ကိုရီးယားဟာ စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်းက ထရမ့်က ဆိုပါတယ်။
    Ref: CNA
  • လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည့် ဆုတစ်ခုကို ယူအေအီး ချီးမြှင့်မည်
    လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည့် ဆုတစ်ခုကို ယူအေအီး ချီးမြှင့်မည်
    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media
    – လူငယ်တွေရဲ့ ကျွမ်းကျင်မှုတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို အားပေးမြှင့်တင်ဖို့အတွက် လူငယ်စွမ်းဆောင်ရည်ဆုတစ်ခုကို ချီးမြှင့်သွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အဓိကပတိကောင်စီဝင် စော်ဘွား ရှိခ် ဒေါက်တာ ဆူလ်တန် ဘင် မိုဟာမက် အလ် ကာစီမီက ကြေငြာလိုက်ပါတယ်။
    ဆုကို Sheikh Sultan Award for Celebrating the Spirit of Youth လို့ အမည်ပေးထားပြီး စေတနာ့ဝန်ထမ်း လှုပ်ရှားမှု၊ စွန့်စားမှု၊ ကျွမ်းကျင်မှု၊ ၀ါသနာ စတဲ့ အချက်လေးချက်နဲ့ သုံးသပ်ကာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ယူအေအီး နိုင်ငံအတွင်း နေထိုင်တဲ့ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အရွယ် မည်သည့်နိုင်ငံသားမဆို ဒီဆုကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
    “ရှာဂျာပြည်နယ်မှာတင်မဟုတ်ဘဲ ယူအေအီးနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ သားတွေ၊ သမီးတွေကို ပံ့ပိုးအားပေးမယ့် အရေးပါတဲ့ ဆုတစ်ခု ချီးမြှင့်သွားမယ်လို့ ကြေငြာလိုပါတ်။ ဒီဆုရဲ့ ရည်ရွယ်ချက်ဟာ လူငယ်တွေကို ထူးချွန်းအောင်၊ ဖန်တီးနိုင်စွမ်းရှိလာအောင်၊ လူမှုဘ၀ နယ်ပယ်အားလုံးမှာ တိုးတက်မှုရအောင် တိုက်တွန်းအားပေးဖို့ ဖြစ်ပါတယ်” လို့ ရှာဂျာပြည်နယ်ရဲ့ စော်ဘွားလည်းဖြစ်တဲ့ အလ် ကာစီမီက ပြောကြားခဲ့ပါတယ်။
    လူငယ်တွေဟာ ကမ္ဘာကြီးရဲ့ အနာဂတ်ဖြစ်ပြီး သားငယ်၊ သမီးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးဖို့ဟာ မိမိတို့ လူကြီးတွေရဲ့တာဝန် ဖြစ်တယ်လို့လည်း ရှိခ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ဆုကို ရွေ၊ ငွေ၊ ကြေး ၃ ဆင့် ခွဲထားပြီး နယ်ပယ် ၄ ခုစလုံးမှာ ပြည့်စုံအောင် လုပ်ဆောင်နိုင်တဲ့သူတွေက ရွှေတံဆိပ် ရရှိမှာ ဖြစ်ပါတယ်။ Sheikh Sultan Award for Celebrating the Spirit of Youth ဆုကို အနာဂတ်မှာ နိုင်ငံတကာအဆင့် ဆုတစ်ခုဖြစ်အောင် ဆောင်ရွက်ဖို့လည်း အလ် ကာစီမီက ဆန္ဒရှိနေပါတယ်။
    “ခြွင်းချက်မထားဘဲ ဘယ်နယ်ပယ်မှာမဆို ထူးချွန်းသူတွေကို ပံ့ပိုး ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။ ယူအေအီးက လူငယ်တွေ သင်ယူမှုခရီးလမ်းတစ်လျှောက် သူတို့အားထုတ်နိုင်သလောက် ပေါက်မြောက်နိုင်တယ်ဆိုတာမျိုး သိလာစေဖို့ လမ်းကြောင်းအသစ်တွေ ဖောက်ပေးတဲ့ပုံစံမျိုး စဉ်းစားဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ရှိခ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ref: Khaleej Times