News @ M-Media
Blog
  • အကူအညီပိတ်ဆို့မှုနှင့်အတူ ဗင်နီဇွဲလား နိုင်ငံရေးမတည်ငြိမ်မှု ပိုမိုပြင်းထန်လာ
    အကူအညီပိတ်ဆို့မှုနှင့်အတူ ဗင်နီဇွဲလား နိုင်ငံရေးမတည်ငြိမ်မှု ပိုမိုပြင်းထန်လာ
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media
    ဆန္ဒပြနေသည့် ဗင်နီဇွဲလားပြည်သူတစ်ဦး
    – နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေကို သွားယူတဲ့ ပြည်သူတွေကို ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်မှုကြောင့် မနေ့က အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပြီး၊ သမ္မတ မာဒူရိုနဲ့ အနောက်နိုင်ငံတွေအကြား တင်းမာမှုတွေကလည်း ပိုမို မြင့်တက်လာပါတယ်။
    ငွေကြေးဖောင်းပွမှု၊ စီးပွားရေးအကြပ်အတည်းတွေကြောင့် အတိဒုက္ခရောက်နေကြတဲ့ ဗင်နီဇွဲလားပြည်သူတွေအတွက် ကုလနဲ့ အနောက်နိုင်ငံတွေက အကူအညီတွေ ပေးပို့ထားပေမယ့် သမ္မတ မာဒူရိုက နယ်စပ်တွေကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးကားတွေ ၀င်ရောက်နိုင်ခြင်း မရှိပါဘူး။
    မနေ့က နယ်စပ်မြို့ Santa Elena de Uairen မှာ ပြည်သူတစ်ချို့ဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘရာဇီးလ်ဖက်မှာရောက်နေတဲ့ အကူအညီတွေကို သွားယူဖို့ ကြိုးစားရာမှာ ဗင်နီဇွဲလား စစ်သားတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပါတယ်။
    မိမိကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေငြာထားပြီး အနောက်နိုင်ငံတွေက ထောက်ခံထားတဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုင်ဒိုက နိုင်ငံအတွင်း သိန်းသန်းချီတဲ့ ပြည်သူတွေဟာ အကူအညီတွေ လိုအပ်တဲ့အတွက် ကိုလံဘီယာနဲ့ ဘရာဇီးလ်နယ်စပ်မှာ ရောက်နေတဲ့ စားနပ်ရိက္ခာကားတွေ နိုင်ငံအတွင်း ၀င်ရောက်ဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ မာဒူရိုက ဒီအကူအညီပေးရေးဟာ သူ့ကိုဖြုတ်ချဖို့အတွက် အမေရိကန်ရဲ့ လှည့်ကွက်ဖြစ်တယ်လို့ ပြောထားတာပါ။
    ဂွိုင်ဒိုက ဗင်နီဇွဲလားစစ်တပ်အနေနဲ့ သူ့ကို သစ္စာခံဖို့လည်း တိုက်တွန်းထားပါတယ်။ နယ်စပ်မှာချထားတဲ့ စစ်သားတွေထဲက ၆၀ ကျော်လောက် ဘက်ပြောင်းလာကြတယ်လို့ ကိုလံဘီယာအာဏာပိုင်တွေက ပြောကြားထားပြီး အများစုက အောက်ခြေစစ်သားတွေ ဖြစ်ပါတယ်။
    အကူအညီတွေကို ၀င်ရောက်ခွင့်မပေးတဲ့အတွက် ဗင်နီဇွဲလားပြည်သူတွေက နယ်စပ်မြို့တွေမှာ ဆန္ဒပြမှုတွေ ပြုလုပ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ရှိနေပါတယ်။
    သမ္မတမာဒီရိုက ကိုလံဘီယာနိုင်ငံနဲ့ သံတမန်အဆက်အသွယ်ဖြတ်တောက်ကြောင်း စနေနေ့က ကြေငြာခဲ့ပြီး သံတမန်တွေ နိုင်ငံအတွင်းကနေ ချက်ခြင်းထွက်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
    မနေ့ညပိုင်း ထောက်ခံသူတွေကိုပြောကြားတဲ့မိန့်ခွန်းမှာ သမ္မတမာဒူရိုကို ဖြုတ်ချရေး နည်းလမ်းအားလုံးကို စဉ်စားထားကြောင်း တနင်္လာနေ့ ဘိုဂိုတာမှာ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ တွေ့ဆုံဖို့ရှိကြောင်း အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုင်ဒိုက ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • အစ္စလာမ်ဘာသာကို စော်ကားမှု ၃ ခုအတွက် မလေးရှား စုံစမ်းစစ်ဆေးနေ
    အစ္စလာမ်ဘာသာကို စော်ကားမှု ၃ ခုအတွက် မလေးရှား စုံစမ်းစစ်ဆေးနေ
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media
    မလေးရှားရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးအရာရှိချုပ် တန်ဆရီ မိုဟာမက် ဖူဇီ ဟာရွန်
    – အစ္စလာမ်သာသနာ၊ တမန်တော် မုဟမ္မဒ်နဲ့ ကြင်ယာတော် အာအေရှာဟ် သခင်မတို့ကို ဆိုရှယ်မီဒီယာမှာ စော်ကားရေးသားခဲ့တဲ့ အမှု ၃ ခုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မလေးရှားရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးအရာရှိချုပ် တန်ဆရီ မိုဟာမက် ဖူဇီ ဟာရွန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ဒီလို ဘာသာရေးစော်ကားမှုနဲ့ပတ်သက်ပြီး ဖူစင်ဝေဆိုသူနဲ့ ဆာကာရ် တာနီဆန်ဆိုသူတွေကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
    ဖူစင်ဝေဟာ တမန်တော် မုဟမ္မဒ်နဲ့ ကြင်ယာတော် အာအေရှာဟ်သခင်မတို့ကို လှောင်ပြောင်တဲ့ ကာတွန်းကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တာဖြစ်ပြီး တာနီဆန်က အစ္စလာမ်ဘာသာဝင်တွေနဲ့ တမန်တော်တို့ကို စော်ကားရေးသားခဲ့တာ ဖြစ်ပါတယ်။
    စစ်ဆေးရေးအရာရှိချုပ် ဟာရွန်က တနင်္ဂနွေနေ့မနက် ၉ နာရီအထိ ဖူနဲ့ပတ်သက်ပြီး တိုင်ကြားမှုပေါင်း ၄၇၈ ရရှိခဲ့ကြောင်း အသက် ၆၈ နှစ်အရွယ် ဖူကို ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖမ်းဆီးခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် ၂၀ ရက်နေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
    အသက် ၂၁ နှစ်အရွယ် ဆာကာရ် တာနီဆန်နဲ့ပတ်သက်လို့ တိုင်ကြားမှု ၁၁ ခုရှိခဲ့ပြီး သူ့ကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
    ဟာရွန်က ဘာသာစုံလူမျိုးစုံရှိတဲ့ မလေးရှားမှာ စည်းလုံးညီညွတ်မှု ပြိုကွဲစေမယ့် အကြောင်းအရာတွေကို ရေးသားဖြန့်ဖြူးတာမျိုး မပြုလုပ်ဖို့အတွက် ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။
    မလေးရှားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ ဘာသာရေးစော်ကားမှု နောက်ထပ်တစ်ခုက Sally Yen ဆိုသူ Facebook အကောင့်ရဲ့ အစ္စလာမ်နဲ့ တမန်တော်တို့ကို စော်ကားရေးသာမှု ဖြစ်ပါတယ်။ Sally Yen အကောင့်ရဲ့ စော်ကားရေးသားမှုနဲ့ ပတ်သက်ပြီး ၂၀၁၃ ခုနှစ်ကစလို့ ရဲတပ်ဖွဲ့က တိုင်ကြားမှု ၁၆ ခု ရရှိခဲ့ပေမယ့် ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆးမှုကို ပိတ်ပစ်ခဲ့ပါတယ်။
    ဟာရွန်က Sally Yen ရဲ့ပို့စ်တွေက ပြန်လည်ဝေမျှမှုတွေ ရှိနေပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားမှု ၂ ခုလည်း ထပ်ရှိလာတာကြောင့် ဒီကိစ္စကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: The Star
  • ၂၀၁၈ ခုနှစ်အတွင်း အာဖဂန်တွင် အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်
    ၂၀၁၈ ခုနှစ်အတွင်း အာဖဂန်တွင် အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media
    ဒဏ်ရာရခဲ့သည့် အာဖဂန်တစ်ဦး ဆေးကုသမှု ခံယူနေစဉ်
    – အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း အရပ်သားသေဆုံးမှု အရေအတွက်ဟာ အမေရိကန်က ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တစ်နှစ်အတွင်း စံချိန်တင်ပမာဏာ ဖြစ်လာခဲ့တယ်လို့ ဒီကနေ့ ကုလက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ၂၀၁၇ ခုနှစ်က အာဖဂန်မှာ အရပ်သားသေဆုံးမှုထက် ၁၁ ရာခိုင်နှုန်း တိုးကာ ၃၈၀၄ ဦး ရှိခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၉၂၇ ဦး ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဒဏ်ရာရသူကတော့ ၇၁၈၉ ဦး ရှိခဲ့ပါတယ်။ တိုင်းပြည်အတွင်း ပဋိပက္ခ ရပ်တန့်ရေးအတွက် အမေရိကန်နဲ့ တာလီဘန်တို့ တနင်္လာနေ့မှာ နောက်တစ်ဆင့်ဆွေးနွေးမှု ပြုလုပ်ဖို့ ရှိနေတဲ့အချိန် ကုလက အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အာဖဂန်မှာ အရပ်သား အနည်းဆုံး ၃၂၀၀၀ လောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူက ၆ သောင်းရှိတယ်လို့လည်း ကုလက ပြောပါတယ်။ တာလီဘန်အဖွဲ့ရဲ့ မဟာမိတ်တွေ၊ IS အကြမ်းဖက်အဖွဲ့တွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာလည်း ၂၀၁၈ ခုနှစ်မှာ မြင့်တက်လာခဲ့ပါတယ်။
    ၂၀၁၈ ခုနှစ်အတွင်း အရပ်သားသေဆုံးမှုရဲ့ ၆၃ ရာခိုင်နှုန်းက အာဖဂန်အစိုးရကိုဆန့်ကျင်တဲ့ အဖွဲ့တွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး၊ အမေရိကန်နဲ့ အာဖဂန်တပ်ဖွဲ့တွေရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ကလည်း ပြီးခဲ့တဲ့နှစ်မှာ မြင့်တက်ခဲ့ပါတယ်။
    “လူသားတွေခံစားနေရတဲ့ ဒီဖြစ်ရပ်ဆိုးတွေ၊ ကံမကောင်း အကြောင်းမလှမှုတွေကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။ အရပ်သားတွေ သေဆုံးမှု၊ ထိခိုက်ကျိုးပဲ့မှုတွေကို ရပ်တန့်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက တိုက်ခိုက်မှု ရပ်တန့်ခြင်းပဲ ဖြစ်ပါတယ်” လို့ အာဖဂန်နစ္စတန်ဆိုင်ရာ ကုလကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ တာဒါမီချီ ယာမာမိုတိုက ပြောကြားခဲ့ပါတယ်။
    အရပ်သားတွေ ထိခိုက်ခံစားရတာ လက်ခံနိုင်စရာကိစ္စမျိုး လုံးဝ မဟုတ်ဘဲ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တင်းမာမှုတွေ ထပ်မံမြင့်တက်မလာရေး ထိထိရောက်ရောက် ဆောင်ရွက်ဖို့လည်း ယာမာမိုတိုက တိုက်တွန်းဆော်သြခဲ့ပါတယ်။
    Ref: Aljazeera
  • ဘုန်းကြီးများ လိင်ကျူးလွန်မှုကို အမြစ်ဖြတ်တိုက်ထုတ်မည်ဟု ပုပ်ရဟန်းမင်းပြော
    ဘုန်းကြီးများ လိင်ကျူးလွန်မှုကို အမြစ်ဖြတ်တိုက်ထုတ်မည်ဟု ပုပ်ရဟန်းမင်းပြော
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media
    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
    – ကက်သလစ်ဘုန်းကြီးအချို့က ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အသင်းတော်က ဆက်လက် ဖုံးကွယ်သွားမှာ မဟုတ်ဘဲ ဒီကိစ္စကို အမြစ်ပြတ် တိုက်ဖျက်သွားမယ်လို့ ခရစ်ယာန် ကက်သလစ်ဘာသာရဲ့ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ပုပ်ရဟန်းမင်းကြီးဟာ အသင်းတော်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို တိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်ဝှမ်းက ကက်သလစ်ဂိုဏ်းအုပ်တွေကို ခေါ်ယူပြီး ဗာတီကန်မှာ ကြာသာပတေးနေ့ကတည်းက အစည်းအဝေး လုပ်နေတာ ဖြစ်ပါတယ်။
    “ကျူးလွန်မှုတွေကို အရင်တုန်းကလိုမျိုး ဖုံးကွယ်ပေးတာ၊ မသိချင်ယောင်ဆောင်ပေးတာမျိုး လုပ်မှာ မဟုတ်တော့ပါဘူး။ ဒီလို ဖုံးကွယ်ပေးတာဟာ အကုသိုလ် ပြန့်ပွားဖို့ အားပေးရာရောက်ပြီး၊ ပြဿနာကို ထပ်ပိုးပေးလိုက်သလိုလည်း ဖြစ်ပါတယ်” လို့ အစည်းအဝေး အပိတ်မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ကျူးလွန်တာဟာ စက်ဆုပ်ဖွယ်ရာကောင်းပြီး ကမ္ဘာမြေပေါ်က ဖယ်ရှားပစ်ရမယ့် ကိစ္စမျိုးဖြစ်ကြောင်း၊ ဒီကိစ္စတွေ အမြစ်ပြတ်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ဖရန်စစ်က ဆိုပါတယ်။
    ကမ္ဘာတစ်ဝှမ်းက ကက်သလစ်ဂိုဏ်းအုပ်တွေနဲ့ အဆင့်မြင့် ခရစ်ယာန်ခေါင်းဆောင် ၂၀၀ လောက် တက်ရောက်တဲ့ ညီလာခံ ဖွင့်ပွဲနေ့မှာ အသင်းတော်အတွင်း ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို တိုက်ဖျက်ရေး အချက် ၂၁ ချက်ပါ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ပုပ်ရဟန်းမင်းက ချပြခဲ့ပါတယ်။
    အနာဂတ်မှာ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာမယ်ဆိုရင် အဆုံးစွန်ဆုံး စုံစမ်းဖော်ထုတ်သွားမယ်လို့ ပုပ်ရဟန်းမင်းကြီးက ဒီကနေ့မှာ ပြောကြားခဲ့ပေမယ့် အွန်လိုင်း ကလေးညစ်ညမ်းကား ကိစ္စနဲ့ပတ်သက်လို့ ဗာတီကန်ရဲ့ စည်းကမ်းဥပဒေတွေကို တင်းကြပ်မယ်ဆိုတာကလွဲလို့ တစ်ခြား အသေးစိတ် ကတိက၀တ်တွေ၊ လုပ်ဆောင်မယ့် အစီအစဉ်တွေ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
    ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဟာ ရုပ်ပွားဆင်းတု ကိုးကွယ်မှုဓလေ့မှာ ရှိခဲ့တဲ့ လူသားကို ယစ်ပူဇော်တာနဲ့ အတူတူပဲလို့ ဖရန်စစ်က နှိုင်းယှဉ်ခဲ့ပြီး ကျူးလွန်သူတွေကို ‘ဘုရားသခင်ရဲ့ အမျက်တော်’ နဲ့အတူ တုန့်ပြန်သွားမယ်လို့ သန္ဓိဌာန်ပြုထားကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ခရစ်ယာန် ကက်သလစ်ဘုန်းကြီးအချို့ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့ပြီး အသင်းတော် အာဏာပိုင်တွေကလည်း ဒီကိစ္စတွေကို ဖုံးကွယ်ပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် သြစတေးလျ၊ ချီလီ၊ ဂျာမနီနဲ့ အမေရိကန်နိုင်ငံတွေမှာ အစိုးရအာဏာပိုင်တွေက ဒီကိစ္စတွေကို စုံစမ်းကာ လူသိရှင်ကြား ဖော်ထုတ်ခဲ့ပါတယ်။
    ပုပ်ရဟန်းမင်းကြီးကတော့ ကလေးငယ်တွေအပေါ် လိင်စိတ်တိမ်းညွှတ်တဲ့ ဘုန်းကြီးတွေဟာ ‘မာရ်နတ်ရဲ့ ဘက်တော်သားတွေ’ လို့ သမုတ်ခဲ့ပါတယ်။
    Ref: Aljazeera
  • တရုတ်နှင့်ပတ်သက်သည့် ဆော်ဒီအိမ်ရှေ့မင်းသား၏ရပ်တည်ချက် ဝေဖန်ခံရ
    တရုတ်နှင့်ပတ်သက်သည့် ဆော်ဒီအိမ်ရှေ့မင်းသား၏ရပ်တည်ချက် ဝေဖန်ခံရ
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၉
    M-Media
    – တရုတ်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ အစွန်းရောက်မှု လျှော့ချရေးလုပ်ငန်းတွေကို ထောက်ခံတယ်လို့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပြီး ဒါဟာ ၀ီဂါမွတ်စလင်အတွေအပေါ် တရုတ်ရဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေကို ဆော်ဒီက အားပေးအားမြှောက်ပြုရာ ရောက်တယ်လို့ ဝေဖန်မှုတွေလည်း ပေါ်ထွက်လာပါတယ်။
    အာရှခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင် ဆလ်မန်ဟာ သောကြာနေ့က ဘေဂျင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အိမ်ရှေ့မင်းသားဟာ တရုတ်ကို မလာခင် ပါကစ္စတန်ကို သွားရောက်ခဲ့ပြီး နောက်ပိုင်းမှာ အိန္ဒိယကို သွားရောက်ဖို့လည်း ရှိပါတယ်။
    ရှီနဲ့ တွေ့ဆုံမှုအတွင်း ဘင် ဆလ်မန်က တရုတ်နဲ့ ဆော်ဒီတို့အကြား ပြဿနာကင်းတဲ့ ဆက်ဆံရေးအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး တရုတ်သမ္မတကလည်း အစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်လို့ Xinhua သတင်းဌာနက ဖော်ပြပါတယ်။
    တရုတ်နိုင်ငံမှာ ကိုယ်ပိုင်ကာကွယ်ပိုင်ခွင့်၊ အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ အစွန်းရောက်မှုလျှော့ချရေး လုပ်ဆောင်ပိုင်ခွင့်တွေ ရှိတယ်ဆိုတာကို ဆော်ဒီက အလေးထားကြောင်း အိမ်ရှေ့မင်းသားက ရှီကျင့်ဖျင်ကို ပြောကြားခဲ့ပါတယ်။
    ဝေဖန်ခံရ
    နိုင်ငံအနောက်ပိုင်းက တူရကီစကားပြော ၀ီဂါမွတ်စလင်တွေကို တရုတ်က တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းထားတာ၊ ဖိနှိပ်ချုပ်ချယ်တာတွေ လုပ်ဆောင်နေတယ်လို့ ကုလနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောကြားမှု၊ ကမ္ဘာ့မီဒီယာတွေက ဖော်ထုတ်တင်ပြမှုကြောင့် တရုတ်ဟာ ဖိအားတွေရဲ့ ရင်ဆိုင်နေရတာပါ။
    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အခုရပ်တည်ချက်ကို တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ပြီး ဗြိတိန်က မွတ်စလင်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်က်ဒက် ဗာစီက ဘင် ဆလ်မန်ရဲ့ ဒီပြောကြားမှုဟာ စက်ဆုပ်ဖွယ်ရာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    ဂျာမနီအခြေစိုက် ကမ္ဘာ့ဝီဂါကွန်ဂရက်ကလည်း မင်းသားဟာ ၀ီဂါတွေ ဖမ်းဆီးထိန်းသိမ်းခံရမှုကို စိုးရိမ်ကြောင်း ပြောကြားရမယ့်အစား တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ အလိုတူအလိုပါအဖြစ် ပါဝင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera