News @ M-Media

Blog

  • ထရမ့်နှင့်တွေ့ရန် ဗီယက်နမ်သို့ ကင်ဂျုံအွန် ရထားဖြင့်လာမည်

    ထရမ့်နှင့်တွေ့ရန် ဗီယက်နမ်သို့ ကင်ဂျုံအွန် ရထားဖြင့်လာမည်

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၉
    M-Media

    – လာမယ့်တစ်ပတ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီးအစည်းအဝေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ ဒီကနေ့မှာ ရထားနဲ့ ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

    ဗီယက်နမ်နိုင်ငံကလည်း မြောက်ကိုရီးယားခေါင်းဆောင်ဟာ လာမယ့်ရက်အနည်းငယ်အတွင်း နိုင်ငံကို တရားဝင်အလည်အပတ် လာရောက်မယ်လို့ ဒီကနေ့မနက်မှာပဲ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ထရမ့်နဲ့ ကင်တို့ဟာ တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် လာမယ့်တစ်ပတ် ဗုဒ္ဓဟူးနေ့ ကြာသာပတေးနေ့တွေမှာ ဟနွိုင်းမှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပထမအကြိမ် ဆွေးနွေးမှုကို ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။

    ကင်ဂျုံအွန်ရဲ့ ခရီးစဉ်အသေးစိတ်ကို မထုတ်ပြန်ပေမယ့် ရထားနဲ့လာမယ့် ခရီးဟာ ၂ ရက်ခွဲ လောက် ကြာမြင့်မှာဖြစ်ပါတယ်။ ကင်ဟာ ရထားနဲ့ တရုတ်နိုင်ငံကို အရင်ဆုံးသွားမှာဖြစ်ပြီး အဲဒီကနေ ဗီယက်နိမ်နိုင်ငံနယ်စပ်ကို ရထားနဲ့ လာရောက်မှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲပြုလုပ်မယ့် ဟနွိုင်းမြို့ကို နယ်စပ်ကနေ ကားနဲ့ သွာရောက်ဖို့ ရှိနေပါတယ်။

    ခေါင်းဆောင်နှစ်ဦး ထိပ်သီးအစည်းအဝေးအတွက် ဟနွိုင်းမြို့က ကိုလိုနီခေတ်အဆောက်အဦး အစိုးရဧည့်ရိပ်သာ Government Guesthouse ကို လျာထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

    Ref: CNA

  • ၂၀၃၂ အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရရေး အင်ဒိုနီးရှား လျှောက်ထား

    ၂၀၃၂ အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရရေး အင်ဒိုနီးရှား လျှောက်ထား

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၉
    M-Media

    ဂျကာတာမြို့ မြင်ကွင်း

    – ၂၀၃၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေးအတွက် အင်ဒိုနီးရှားက လျှောက်ထားလိုက်ပြီး အိန္ဒိယ၊ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံနဲ့အတူ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့နှစ်က အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပါတယ်။ အိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေး သမ္မတ ဂျိုကို ၀ီဒိုဒိုရဲ့ လျှောက်ထားလွှာကို ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်က နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC ကို ပြီးခဲ့တဲ့တစ်ပတ်မှာ ပေးအပ်ခဲ့ပါတယ်။

    “အာရှအားကစားပြိုင်ပွဲနဲ့ ၂၀၁၈ မသန်စွမ်း အာရှအားကစားပြိုင်ပွဲတွေကို အင်ဒိုနီးရှားက အောင်မြင်စွမ်း ကျင်းပနိုင်စွမ်း ရှိတယ်ဆိုတာ IOC က မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒီလိုကျင်းပနိုင်တာဟာ ခိုင်မာတဲ့ ဖောင်ဒေးရှင်းဖြစ်တယ်လို့ ကျွန်တော်တို့ ခံယူပါတယ်” လို့ သံအမတ် မူလီယာမန် ဒီ ဟာဒဒ်က ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှား လူ့စွမ်းအားအရင်းအမြစ်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ၀န်ကြီးဌာနကလည်း အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး လျှောက်ထားမှုကို အတည်ပြုခဲ့ပါတယ်။

    အရှေ့တောင်အာရှရဲ့ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံသာ ၂၀၃၂ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရမယ်ဆိုရင် ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားတို့ ပြီးတဲ့နောက် အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရတဲ့ စတုတ္ထမြောက် အာရှနိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

    နိုင်ငံတကာ အိုလံပစ်ကော်မတီဟာ ၂၀၃၂ ခုနှစ်အတွက် အိမ်ရှင်နိုင်ငံကို ၂၀၂၅ ခုနှစ်မှာ ရွေးချယ်မှာ ဖြစ်ပါတယ်။

    ၂၀၂၀ အိုလံပစ်ကို တိုကျိုမှာကျင်းပမှာဖြစ်ပြီး ၂၀၂၄ အိုလံပစ်ကို ပဲရစ်နဲ့ ၂၀၂၈ အိုလံပစ်ကို လော့စ်အိန်ဂျလိစ်တို့မှ အသီးသီး ကျင်းပမှာ ဖြစ်ပါတယ်။

    Ref: CNA

  • အမေရိကန်တွင် အမုန်းဝါဒဖြန့်အဖွဲ့အရေအတွက် စံချိန်တင်မြင့်တက်

    အမေရိကန်တွင် အမုန်းဝါဒဖြန့်အဖွဲ့အရေအတွက် စံချိန်တင်မြင့်တက်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉
    M-Media

    ၂၀၁၈ ခုနှစ်က ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာဂ့်မြို့ရှိ Tree of Life ဂျူးဘုရားကျောင်းတွင် လူဖြူအစွန်းရောက်တစ်ဦး၏ ၀င်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်အနား မြင်ကွင်း

    – ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်မှာ အမုန်းဆောင်အုပ်စုတွေ စံချိန်တင် မြင့်တက်လာသလို အမုန်းအခြေခံ တိုက်ခိုက်မှုတွေလည်း စံချိန် ဖြစ်ပွားလာတယ်လို့ အစွန်းရောက် လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ အမေရိကန်အခြေစိုက် Southern Poverty Law Center (SPLC) အဖွဲ့က ပြောကြာလိုက်ပါတယ်။

    ၂၀၁၇ ခုနှစ်မှာ နိုင်ငံအတွင်း လှုပ်ရှားနေတဲ့ အမုန်းဆောင်အဖွဲ့ ၉၅၄ ဖွဲ့ရှိရာကနေ ၂၀၁၈ ခုနှစ်မှာတော့ ၁၀၂၀ အထိ မြင့်တက်လာတယ်လို့ SPLC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ SPLC အဖွဲ့ဟာ ၁၉၇၁ ခုနှစ်ကတည်းက အစွန်းရောက်၊ အမုန်းဆောင်အဖွဲ့တွေကို လေ့လာစောင့်ကြည့်နေတာ ဖြစ်ပါတယ်။

    အမုန်းတရားတွေ ဒီလိုမြင့်တက်လာမှုမှာ ထရမ့်ရဲ့ ပြောင်းရွှေ့အခြေချမှုဆန့်ကျင်ရေး စကားတွေနဲ့ ပေါ်လစီတွေက အကြောင်းအရင်း တစ်ရပ်အနေနဲ့ ပါဝင်ပြီး ဒီစကားတွေကို အမုန်းဝါဒီတွေက အသုံးချနေကြတာ ဖြစ်ပါတယ်။

    လက်ယာအုပ်စုတွေရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၁၈ ခုနှစ်အတွင်း သေဆုံးသူဟာ အနည်းဆုံး ၄၀ ရှိခဲ့တယ်လို့ SPLC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အမေရိကန်မှာ အမုန်းဝါဒီအုပ်စုတွေ အများဆုံးရှိခဲ့တဲ့ခုနှစ်ဟာ နိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဘာရက်အိုဘားမားကို ဆန့်ကျင်တဲ့ ၂၀၁၁ ခုနှစ်ကဖြစ်ပြီး ၁၀၁၈ ဖွဲ့ ရှိခဲ့ပါတယ်။

    SPLC ရဲ့ သုတေသနစီမံကိန်း ဒါရိုက်တာ ဟိုက်ဒီ ဘီရစ်ခ်ျက မက္ကဆီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ရမယ်ဆိုတဲ့ ပြောကြားမှုကို လူဖြူအစွန်းရောက်ဝါဒ ၀ဘ်ဆိုက်တစ်ခုမှာ ပထမဆုံး တွေ့ခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ သမ္မတထရမ့်ရဲ့ ရွေးကောက်ပွဲကတိက၀တ် ဖြစ်လာကြောင်း၊ အဲဒီအချိန်ကစလို့ နိုင်ငံအတွင်း အမုန်းဆောင် အဖွဲ့အစည်း အရေအတွက် မြင့်တက်လာတာ ဖြစ်တယ်လို့ ပြောကြာခဲ့ပါတယ်။

    အမေရိကန်ထောက်လှမ်းရေးအဖွဲ့ FBI က နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ၃ နှစ်တာကာလအတွင်း အမုန်းဆောင် ရာဇ၀တ်မှုတွေဟာ ၃၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ်ကန ၂၀၁၄ ခုနှစ်အထိ ၁၂ ရာခိုင်နှုန်း ကျဆင်းနေရာကနေ ရုတ်တရက် မြင့်တက်လာတာ ဖြစ်ပါတယ်။

    SPLC ရဲ့ အစီရင်ခံစာမှာတော့ သမ္မတထရမ့်ဟာ အစွန်းရောက်ဝါဒအထွက် အိမ်ဖြူတော်တံးခါးကို ဖွင့်ပေးလိုက်ကြောင်း၊ ထရမ့်အစိုးရကခန့်တဲ့ အစိုးရ အရာရှိတွေဟာလည်း မွတ်လစင်တွေ၊ ပြောင်းရွှေ့အခြေချသူတွေ၊ ဒုက္ခသည်တွေနဲ့ လိင်တူချစ်သူတွေအပေါ် ရန်လိုတဲ့အဖွဲတွေနဲ့ ဆက်စပ်နေကြောင်း ဖော်ပြထားပါတယ်။

    ထရမ့်လက်ထက်မှာ လူဖြူအမျိုးသားရေးအဖွဲ့တွေလည်း သိသိသာသာ မြင့်တက်လာပြီး ၂၀၁၇ ခုနှစ်က အဖွဲ့ ၁၀၀ ရှိရာကနေ ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ကာ ၂၀၁၈ ခုနှစ် ၁၄၈ အဖွဲ့အထိ ရှိလာတယ်လို့ SPLC က ပြောပါတယ်။ လူမည်းအမျိုးသားရေးအဖွဲ့ကတော့ ၁၃ ရာခိုင်နှုန်းမြင့်တက်ကာ ၂၆၄ ဖွဲ့ ဖြစ်လာပါတယ်။

    မွတ်စလင်ဆန့်ကျင်ရေးအဖွဲ့အရေအတွက်က ကျဆင်းသွားပြီး ၂၀၁၇ ခုနှစ်က ၁၁၄ ဖွဲ့ ရှိရာကနေ ၂၀၁၈ ခုနှစ်မှာတော့ အဖွဲ့ ၁၀၀ သာ ရှိပါတော့တယ်။ ဒါပေမယ့် မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ အမုန်းအခြေခံ ရာဇ၀တ်မှုတွေကတော့ ၂၀၁၈ ခုနှစ်မှာ ပိုမို မြင့်တက်လာတယ်လို့ SPCL ရဲ့ စီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အမေရိကန်က အမုန်းဆောင်အဖွဲ့တွေဟာ IS အကြမ်းဖက်အဖွဲ့အတိုင်း အွန်လိုင်းဝါဒဖြန့်ပေ့ခ်ျတွေကနေ လူသစ်စုဆောင်းနေတယ်လို့လည်း SPCL က ထောက်ပြခဲ့ပါတယ်။

    မိန်းမမုန်းအဖွဲ့လည်း မြင့်တက်

    အမျိုးသမီးမုန်းတီးရေးလှုပ်ရှားမှုတွေ အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကြောင့် SPCL ဟာ ၂၀၁၈ ခုနှစ်က အမုန်းဆောင်အဖွဲ့စာရင်းထဲမှာ အမျိုးသမီးမုန်းတီးရေးအဖွဲ့ သတ်မှတ်ချက်တစ်ခုကို ထည့်သွင်းခဲ့ပါတယ်။

    SPLC ရဲ့ သုတေသနစီမံကိန်း ဒါရိုက်တာ ဟိုက်ဒီ ဘီရစ်ခ်ျက အမျိုးသမီးမုန်းတီးရေးအဖွဲ့တွေဟာ ပုန်းလျှိုးကွယ်လျှိုး ရှိနေပေမယ့် ၂၀၁၈ ခုနှစ်အတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ လုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလမှာ အကြမ်းဖက်မှုနဲ့ အိမ်တွင်း အစွန်းရောက်ဝါဒတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    လက်ရှိသမ္မတထရမ့်ရဲ့ လှုံ့ဆော်မှု၊ တရားဝင်ဖြစ်အောင် ဖန်တီးပေးမှုကြောင့် အမုန်းဆောင်အဖွဲ့တွေဟာ ပိုမိုကျယ်ပြန့်လာကြောင်း၊ ဒီအဖွဲ့တွေကြောင့် အရင်က အကြမ်းဖက်မှုတွေ ဖြစ်ခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲကာလ နီးကပ်လာတာနဲ့အမျှ စိုးရိမ်မှုတွေ မြင့်တက်လာဖွယ် ရှိနေကြောင်း SPLC ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

    Ref: Aljazeera

  • IS ၏ နောက်ဆုံးစခန်းကို ချေမှုန်းရေး အရပ်သားများ ကယ်ထုတ်ရမှုကြောင့် နှောင့်နှေး

    IS ၏ နောက်ဆုံးစခန်းကို ချေမှုန်းရေး အရပ်သားများ ကယ်ထုတ်ရမှုကြောင့် နှောင့်နှေး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉
    M-Media

    – IS အကြမ်းဖက်အဖွဲ့ရဲ့ ဆီးရီးယားက နောက်ဆုံးခြေကုပ်ကို ရှင်းလင်းရေးဟာ အရပ်သားတွေ ကယ်ထုတ်ရမှုကြောင့် ကြန့်ကြာနေပြီး အရပ်သားတွေကို ကုန်သွားတာနဲ့ ထိုစစ် စတင်မယ်လို့ စစ်ဆင်ရေးကို ဦးစီးနေတဲ့ Syrian Democratic Forces (SDF) အဖွဲ့က ပြောပါတယ်။

    ယူဖရေးတီးမြစ်တစ်လျှောက်က IS ခြေကုပ်ဒေသတွေကို တစ်ဖြည်းဖြည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ SDF အဖွဲ့ဟာ ဆီးရီးယားအရှေ့ပိုင်း အီရတ်နယ်စပ် ဘဂ်ဟုဇ်ရွာကို ၀ိုင်းထားပြီး ဖြစ်ပါတယ်။ ဒီရွာဟာ IS အဖွဲ့ရဲ့နောက်ဆုံးခြေကုပ်ဖြစ်ပြီး နိုင်ငံခြားသားအများစုအပါအ၀င် တိုက်ခိုက်ရေးသမား ၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

    SDF အဖွဲ့ကို ကာ့ဒ်တပ်ဖွဲ့ YPG က ဦးဆောင်တာဖြစ်ပြီး အမေရိကန်က ကျောထောက်နောက်ခံပြုတာ ဖြစ်ပါတယ်။

    နောက်ဆုံး စစ်ဆင်ရေး ဆောင်ရွက်ဖို့အတွက် SDF ဟာ လက်ရှိ ဘဂ်ဟုဇ်ရွာက အရပ်သားတွေကို ကယ်ထုတ်ပေးနေပါတယ်။ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ မွတ်စတာဖာ ဘာလီက အရပ်သားတွေ ကုန်တာနဲ့ ထိုးစစ် စတင်သွားမယ်လို့ ပြောပါတယ်။

    ၈ နှစ်တာကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားစစ်ပွဲဟာ ဒီစစ်ဆင်ရေးပြီးရင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမယ်လို့ မျှော်လင့်မှုတွေလည်း ရှိနေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်တွေ အားလုံးကို ပြန်ခေါ်သွားမယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပေမယ့် မနေ့က အိမ်ဖြူတော်ကနေထုတ်ပြန်တဲ့ ကြေငြာချက်မှာ စစ်သား ၂၀၀ ဆက်လက်ထားရှိမယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၁၄ ခုနှစ်က အီရတ်နဲ့ ဆီးရီးယားတို့က နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့တဲ့ IS အကြမ်းဖက်အဖွဲ့ကို အီရတ်နိုင်ငံက ၂၀၁၇ ခုနှစ်မှာ အပြီးတိုင်ချေမှုန်းနိုင်ခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယက တိုက်ခိုက်လျှင် ပြန်လည်တုန့်ပြန်ရန် စစ်တပ်ကို ပါကစ္စတန်ဝန်ကြီးချုပ် အမိန့်ပေး

    အိန္ဒိယက တိုက်ခိုက်လျှင် ပြန်လည်တုန့်ပြန်ရန် စစ်တပ်ကို ပါကစ္စတန်ဝန်ကြီးချုပ် အမိန့်ပေး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉
    M-Media

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း

    – အိမ်နီးချင်း အိန္ဒိယနိုင်ငံက တိုက်ခိုက်တာတွေ လုပ်လာမယ်ဆိုရင် ပြန်လည် လက်တုန့်ပြန်ဖို့အတွက် စစ်တပ်ကို ခွင့်ပြုချက် ပေးထားပြီးဖြစ်တယ်လို့ ပါကစ္စတန်အစိုးရက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် အိန္ဒိယကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသေခံ ကားဗုံးခွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အိန္ဒိယနဲ့ ပါကစ္စတန်အကြား တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အိန္ဒိယစစ်သား ၄၂ ဦး သေဆုံးခဲ့ပြီး ၁၉၈၉ ခုနှစ် ကက်ရှ်မီးယားသူပုန်ထမှု စတင်ကတည်းက အဆိုးဝါးဆုံ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

    ပါကစ္စတန်အခြေစိုက် Jaish-e-Mohammed (JeM) အဖွဲ့က တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ထုတ်ပြန်ပါတယ်။ အိန္ဒိယက ဒီကိစ္စမှာ ပါကစ္စတန်လည်း ပါဝင်နေတယ်လို့ စွပ်စွဲပြီး ထိထိရောက်ရောက် တုန့်ပြန်မယ်လို့ ပြောကြားထားပါတယ်။

    မနေ့က ပါကစ္စတန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့တစ်ပတ် အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ မိမိတို့ ပါဝင်ပတ်သက်ခြင်းမရှိဘဲ၊ လူမျိုးစုတွေက စီစဉ်လုပ်ဆောင်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ၀န်ကြီးချုပ် အင်မရန်းခန်းနဲ့ ပါကစ္စတန်အမျိုးသား လုံခြုံရေးကော်မတီတို့ အစည်းအဝေးလုပ်ပြီနောက်ပိုင်းမှာ ဒီကြေငြာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    အိန္ဒိယက တိုက်ခိုက်လာရင် ပြန်လည်တုန့်ပြန်ဖို့ ၀န်ကြီးချုပ်က စစ်တပ်ကို ခွင့်ပြုချက်ပေးခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးမှုမှာ ကူညီဖို့ရှိပြီး ပါကစ္စတန်မြေကို အသုံးပြုပြီး အိန္ဒိယမှာ တိုက်ခိုက်မှုလုပ်တဲ့ဘယ်သူ့ကိုမဆို အရေးယူသွားမှာဖြစ်ကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အကြမ်းဖက်ဝါဒအပါအ၀င် ပြဿနာအားလုံးကို ဆွေးနွေးဖို့အတွက်လည်း ပါကစ္စတန်က အိန္ဒိယကို ကမ်းလှမ်းခဲ့ပါတယ်။

    နျူလက်နက်တွေ ပိုင်ဆိုင်ထားကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုကိစ္စအတွက် နှစ် ၇၀ လောက် အငြင်းပွားနေကြတာဖြစ်ပြီး စစ်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

    အိန္ဒိယက သူတို့ထိန်းချုပ်ထားတဲ့ ဒေသက သူပုန်တွေကို ပါကစ္စတန်က ခိုလှုံခွင့်ပေးထားပြီး တိုက်ခိုက်မှုတွေကို ကူညီပေးနေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ ပါကစ္စတန်က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အိန္ဒိယက ကက်ရှ်မီးယားကို စစ်အင်အားသုံးပြီး သိမ်းပိုက်တဲ့အတွက် သူပုန်ထမှု ဖြစ်လာတာလို့ တုန့်ပြန့်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်မှာ အိန္ဒိယဟာ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသနဲ့ ကုန်သွယ်မှု၊ ဘတ်စ်ကားပြေးဆွဲမှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: Aljazeera